ရှေးအခါကရွာတစ်ရွာတွင်မိသားစုတစ်စုနေထိုင်လာခဲ့ကြလေ၏။မိဘနှစ်ဦးနှင့်သားသမီးနှစ်ဦးဖြစ်ပြီး လေးဦး သားနေခဲ့ကြလေရာ မကြာမီ မိခင်သေဆုံးသွားသဖြင့် သုံးဦးသာ ကျန်ရစ်ကြလေ၏။ ဖခင်သည် အိမ်ထောင် အသစ်တစ်ယောက်ရှာဖွေလျက် တည်ထောင်နေခဲ့လေ၏။
မိခင်အနှောင်းနှင့်သားသမီးနှစ်ဦးတို့သည် အတူနေလာခဲ့ရလေ၏။ သားသမီးတို့ကား မိခင်ရင်းကဲ့သို့ ချစ်ခင် လေးမြတ်ခဲ့ကြလေ၏။ သို့သော် မိထွေးဖြစ်သူကား ခင်မင်မြတ်နိုးမှုမရှိဘဲ မနာလိုမှုပင်ဖြစ်လာခဲ့လေ၏။ ထို့ကြောင့်လင်ပါသားနှင့်သမီးငယ်တို့အား မမြင်ချင်ရာကား အပြစ်ရှာခဲ့လေတော့၏။
လင်ဖြစ်သူသည် နေ့လည်တွင် အိမ်၌မရှိ။အလုပ်ထွက်လုပ်နေလေ၏။ ညနေကျမှ အိမ်သို့ပြန်ရောက်၍ သား နှင့်သမီးမယားကိုပါ တွေ့ဆုံရ၏။ညနေစာစားပြီး၍ သားသမီးများအိပ်ပျော်သွားသောအခါ မယားဖြစ် သူက လင်အားမြည်တမ်းပူဆာလေ၏။“ငါ့ကိုပစ်မည်လား၊ သားသမီးကိုပဲပစ်မည်လား” ဟုပြောလေ၏။
ညနေတိုင်းပြောဖန်များဆူပူခံရခြင်းကြောင့် လင်ဖြစ်သူမှာ “မိုးလင်းပါစေ၊ပစ်ချေမည်”ဟုကတိပေးခဲ့လေ၏။ သားနှင့်သမီးတို့လည်း မိထွေး၏စကားကို ဖခင်နားဝင်လေပြီဟု ရိပ်စားမိလာခဲ့ကြလေ၏။ ထို့ကြောင့်ကြံစ ရာ မတတ်ရာကား ကျောက်ခဲလုံးများကို ကောက်ယူစုရုံးထားရှိခဲ့ကြလေ၏။
နောက်တစ်နေ့ နံနက်မိုးလင်းချိန်ရောက်လာလေ၏။စောစီးစွာ ထမင်းဟင်းချက်ပြုတ်ပြီး စားသောက်ခဲ့ ကြ လေ၏။ ထမင်းစားပြီးလျှင်ဖခင်သည် သားနှင့်သမီးကိုခေါ်လေ၏။“ ထင်းခွေရန်တောသို့သွားကြအံ့” ဟုဆို၍ လိမ်လည်လှည့်ဖျားလေ၏။ သားနှင့်သမီးတို့လည်းဖခင်လိမ်လည်ခြင်းကိုရိပ်စားမိကြလေ၏။ ထို့ကြောင့် ကြို တင် ကောက်ထားရှိသော ကျောက်ခဲလုံးများကို ယူ၍ နောက်ကလိုက်ပါသွားခဲ့ကြလေ၏။
တောလမ်းခရီး၌အမှတ်အသားအဖြစ်တစ်ခုစီချ၍ သွားခဲ့ကြလေ ၏။ တောကြီးတောင်ကြီးများ ကို ကျော်ဖြတ် ၍ရောက်သွားကြလေ၏။ ခရီးအတော် သွားရောက်လေသော် ဖခင်ဖြစ်သူက “သားသမီးတို့၊ ဤအနားတွင် ခေတ္တကျန်ရစ်ကြ”ဟုဆို၍ ထားခဲ့လေ၏။ထို့နောက်မိမိသည် အိမ်သို့ သားသမီးမသိ စဉ် ပြန် လာခဲ့လေ၏။
နေမွန်းတိမ်းလာသောအခါ သမီးငယ်က အိမ်ပြန်ရန်ဖခင်အားအသံပြုခေါ်လေ၏။ ထိုအခါ မောင်ဖြစ်သူ က နှမငယ်အား“ဖခင်မပေါ်လာသည်ကိုထောက်လျှင် ငါတို့အားပစ်ထားခဲ့ချေပြီ”ဟု ပြောလေ၏။“သို့သော်လည်း ငါတို့လမ်းမှာကျောက်ခဲလုံးများအမှတ်ပြုချထား ရစ်ခဲ့သည်မဟုတ်လော၊ ကျော်ခဲစုကိုရှာ၍ လာလမ်း အတိုင်း ပြန်ကြအံ့” ဟုဆိုကာ မောင်နှမနှစ်ဦးတို့ ပြန်လာခဲ့ကြလေ၏။ ကျောက်ခဲစုအတိုင်းခရီးစစ်၍ ပြန်ခဲ့ရာ မိုးချုပ်မှ ရွာရောက်ကြလေ၏။
အိမ်သို့ဝင်ကြလေလျှင် အိမ်ပေါ်သို့မတက်ရဲကြဘဲ အိမ်အောက်မှာ နေခဲ့ကြလေ၏။ သူတို့ရောက်နေချိန်တွင် ဖခင်လင်မယားတို့ထမင်းစားလျက်ရှိနေကြ၏။ ထို့ကြောင့်ပါလာသော အင်္ကျီထည်ကိုချွတ်၍ စားကြွင်းများကို ခံထားခဲ့ကြလေ၏။
ကျလာသမျှသော ထမင်းစေ့များ၊ငါးရိုးများကို ခွဲဝေလျက်စားသောက်ခဲ့ကြလေ၏။ဖခင်သည်သားနှင့်သမီးတို့ ရောက်နေသည်ကို မြင်လေ၏။
ထိုအခါ သားငါးများကို“ဆံပင်ပါသည်”ဟု ပရိယာယ်ဖြင့်ပြောကာ ချပေးလေ၏။ ထိုသို့ချပေးသည်ကို မယား ကမယုံသင်္ကာဖြင့် အောက်သို့ ချောင်းမြောင်းကြည့်လေ၏။ သားနှင့်သမီးကိုမြင်လေလျှင် အိမ်ပေါ်သို့ ခေါ် တင်လေသည်။ ထို့နောက်ထမင်းချက်၍ ကျွေးမွေးခဲ့လေ၏။
သားသမီးတို့အိပ်ပျော်လေသော် လင်ဖြစ်သူအား မြည်တွန်တောက်တီးပြန်လေ၏။ မိုးလင်းလျှင်ပင် ပစ်ချေ အံ့ဟု ၀န်ခံမှ ဆူပူမှုအေးငြိမ်းရလေသည်။မိုးသောက်သောအခါ ထမင်းဟင်းချက်ပြုတ်စားသောက် ကြလေ ၏။ပြီးလျှင်သားနှင့်သမီးကို တစ်ဖန်ခေါ်လေ၏။ ထို့ပြင်ခွေးတစ်ကောင်ကိုလည်းခေါ်ယူ ၍ တောသို့ထွက်ခွာ ခဲ့ကြ၏။
တောသို့ရောက်လျှင် “အဖေဟို အနားသို့ ခဏသွားမည်”ဟုလိမ်လည်၍ ရှောင်ရှားခဲ့လေသည်။
ထို့နောက်နောက်ကလိုက်ပါလာသောခွေးကိုလည်လှီးလေ၏။ ခွေးမှထွက်လာသောသွေးဖြင့်လုံချည်ကိုသုတ် လိမ်းထားခဲ့ကာ အိမ်သို့ပြန်သွားခဲ့လေသည်။ သားသမီးတို့က ဖခင်အားအိမ်ပြန်ရန်ခေါ်ကြည့်ရာ မရှိတော့ သဖြင့် ပစ်ထားခဲ့မှန်း သိရှိကြလေတော့၏။
ထိုအခါ ၄င်းတို့လည်းပြန်လာခဲ့ကြလေရာသွေးစွန်းနေသောလုံချည်ကိုတွေ့ကြလေ၏။ နှမငယ်က “အဖေကို ကျားကိုက်သွားလေပြီ”ဟုပြောလေ၏။မောင်ကြီးကပစ်ထားခဲ့မှန်းသိ၍ မပြောဘဲနေခဲ့လေ၏။
မောင်နှမနှစ်ဦးတို့သည်ဝမ်းနည်းစွာဖြင့်ပြန်လာခဲ့ကြရာ ချိုးငှက်တစ်ကောင်ကိုတွေ့ကြလေ၏။ ထိုအခါ ပါ လာသောလောက်လေးခွဖြင့် ထိုချိုးငှက်ကို ပစ်သတ်ကြလေ၏။ ထို့နောက်ချိုးကိုရင်ခွဲကြလေသော် စပါးစေ့ များကို တွေ့ရှိရလေ၏။ထိုစပါးစေ့ကို ပျိုးထောင်လေလျှင် အပင်ကောင်းစွာပေါက်ရောက်လေ၏။ မျိုးစပါးများ တစ်နှစ်ထက်တစ်နှစ်တိုးပွားစွာရရှိခဲ့လေ၏။ ထိုစပါးကို အရင်းအနှီးပြု၍မုန့်လုပ်ရောင်းချ စားသောက်ခဲ့ကြ လေ၏။ ထိုစပါးများကိုချိုးရင်ကွဲစပါးဟုခေါ်ခဲ့ကြလေ၏။ စပွားလာခြင်းကြောင့် စပွားမည်ခဲ့ရာမှ နောက် တွင် စပါးဟု ဖြစ်လာခဲ့ရသည်ဆို၏။ ထိုမောင်နှမတို့သည် ငွေကြေးအတော်အသင့် ဖြစ်လာသောအခါ ရွာငယ် တစ်ရွာသို့ ပြောင်းရွှေ့၍ နေခဲ့လေ၏။ထိုရွာတွင်ကာလကြာစွာနေထိုင်လုပ်ကိုင်စားလာလေသော် ငွေကြေး ချမ်းသာခြင်းသို့ရောက်ခဲ့ရလေ၏။ ထိုသူတို့မောင်နှမသတင်းသည်တစ်စတစ်စမိဘနှစ်ပါးတို့ထံပေါက်ရောက် ကြားသိခဲ့ရလေသည်။
မိဘနှစ်ပါးသည် ဆင်းရဲသောအဖြစ်သို့ ရောက်ရှိနေကြလေ၏။ ထို့ကြောင့် သားသမီးထံမှ စပါးများချေးရန် လာရောက်လေ၏။ မိဘတို့ရောက်ကြလေလျှင် ဆင်းရဲနေကြောင်းကိုပြောပြလေ၏။ စပါးဆန်ရေအထောက် အကူရလို၍ ချေးငှားစေသည်ဟုဆို၏။
ထိုအခါ သားနှင့်သမီးတို့က မိမိတို့အားရက်စက်ခဲ့သည်ကို ပြန်ပြောင်းပြောပြလေ၏။ မိဘတို့အားစိတ် နာ ကြည်းမှုရှိခဲ့ခြင်းတို့ကို မကျေချမ်းဘဲရှိခဲ့လေ၏။ ထို့ကြောင့် စပါးလည်းမချေးငှားဘဲအရှက်တကွဲဖြစ်ကာ ပြန်ခဲ့ ရလေသတည်း။
အရှင်စက္ကိန္ဒ (ရခိုင်တံခွန်ပုံပြင်များ)
No comments:
Post a Comment