ယီးယင်-ယီးလေ-ယီးလား

ယီးယင့်-ယီးလေ-ယီးလား တေးသံများကို လူတိုင်းကြားဖူးကြပေမည်။ ပုခက်လွဲတေးသံ၊ လှေလှော်တေးသံ အားလှော်တေးသံ(၀ါ) အားဖြည့်တေးသံများ ဖြစ်ကြသည်။ ယီးဆိုသောစကားမှာ ပါဠိဘာသာ "ဧဟိ"မှ ဆင်း သက်လာသည်ဟု ဆိုကြသည်။ အဓိပ္ပါယ်မှာ "လာလော့"ဟု အနက်ရသည်။ ပုခက်လွှဲပြီး မိမိထံပြန်လာ စေခြင်း၊ လှေတက်ညီညီ လှော်ခတ်ပြီး ပန်းတိုင်သတို့အရောက် သယ်ဆောင်ခေါ်ယူခြင်း၊ ထိုထက်ကြီးမား သော အရာဝတ္ထုမျိုးကို မိမိလိုရာသို့အရောက် သယ်ဆောင်ခေါ်ယူခြင်း သဘောပင်ဖြစ်သည်။

ယီးဆိုသော ဝေါဟာရကို ရှေးခေတ် (ဧယီး) (ဧယီး)ဟူ၍ အသံထွက်ကြသည်။ ရွတ်ဆိုသော ဗဟုဝဏ္ဏအက္ခ ရာအဖြစ် "ချီ"(ထီး)ဟူ၍ အသံထွက်ကြသည်။ အားလုံးသော ကဗျာများကို တေးသံအဖြစ် ရွတ်ဆိုသောအခါ "ယီးယင်" "ယီးလေး" "ယီးလား" သံစဉ်များကို အချီအချ အပိုဒ်တို့၌ ထည့်သွင်းရွတ်ဆိုလေ့ ရှိကြပေသည်။

ယီးယင်

ပုခက်လွဲသော လက်ပိုင်ရှင်မိခင်တိုင်း၏ နှလုံးသားယိုစိမ့် ပွင့်အန်ထွက်လာသော သံစဉ်တစ်ခု ဖြစ်သည်။ ဤသံစဉ်မှာ သန္တာကမ်းခြေအနှံ ရိုးမတွင် ယနေ့တိုင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။ ရင်သွေးငယ်၏ မျက်လွှာ ကို မေတ္တာတေးသံဖြင့် ဖြည်းညှင်းစွာ မှေးစက်စေသော ကလေးချော့သံလည်း ဖြစ်သည်။ ပုခက်လွှဲတေးသံ များမှာ ရခိုင်မြေပေါ်၌ သီကျူး၍ပင် မကုန်ခမ်းနိုင်တော့ပေ။

"ယီးယင်၊ ယီယင်ယီး ယင့်ယင် ယင်ယင်လဲ့ ယီ ယီးလဲ့ယီး ဖခင်ရင်သွီး အမိမွီးကေ၊ သမီးလှယေ၊ ပုခက်ချေ မှာ သိပ်ပါယင့်လေ။ သမီး သမီး ချစ်သမီး၊ သမီးဖခင်ကို လင်ပြင်မှာ၊ လင့်စင်ကိုစီး၊ စပါးတီးလို့  သမီးရတနာ လှဖို့ရာကို ၀ယ်ပျာပီးရေ၊ သမီးလှယေ ဇူဝေေ၀ ဇူးဇူး ယီး ယင့်ယင် ယီး။"

လူ့အလွှာ၊ လူ့ဘာသာ၊ လူ့စရိုက်အလိုက် ခေတ်အဆက်ဆက် မိမိတို့၏ လူနေမှုများကို အခြေပြုကာ မိမိ ရင်သွေးငယ်များကို ချော့သိပ်ခဲ့ကြပေသည်။ ဆင်းရဲသား တောင်သူလယ်သမား အလွှာမှသည် မင်းစိုးရာဇာ အဆုံး၊ အပြုံးမျက်နှာကိုယ်စီဖြင့် ရင်ကိုဖွင့်ကာ တေးသံပင့်ခဲ့ကြသည်။

မြောက်ဦးခေတ် သက္ကရာဇ် ၈၃၂-ခုနှစ်တွင် ဘစောဖြူမင်းကြီးသည် မိမိ၏ သမီးရတနာ စောရွှေကြာကို "ဧယီးခြင်း" ပိုဒ်ရေ(၃၈)ပိုဒ်ဖြင့် ယီးယင်လွှဲခဲ့ပေသည်။ ယင်း၏နိဒါန်းအပိုဒ်မှာ အောက်ပါအတိုင်းဖြစ်သည်။

ဧယီး ယင်ယင် ဧယီး။       ။ဧယီး ယင် ဧယီး ယင်၊ ဧယီး ယင့်ယင်၊ ယင်ယင်လေး ဧယီး၊ ဧယီး၊ လေးဧယီး၊ ဧယီး ယင်ယင်၊ ဧယီး၊ မင်းကြီး မင်းလှ မင်းဓမ္မလျှင် ဧယင်ကျော်ဟိုး၊ လျှံဟိန်းကြိုးလျက်၊ တန်ခိုးပြောထူ၊ အစောဖြူဟု၊ ပြည်သူသခင်၊ ငါ့အရှင်မှာ၊ သံသာနှီးတောင်း၊ ဘ၀ဟောင်းက၊ အကြောင်းသင့်စွ၊ ရင်နှိုက်ရ သား၊ မိဘမျက်ဖျော်၊ သမီးတော်ကို၊ ချီးငေါ်နှစ်သိမ့်၊ ခြိမ့်ခြိမ့်ညံညံ၊ ကဗျာသံဖြင့်၊ ကျံကျံရင့်ကျူး၊ ဧယီးယင် ထူးဖြင့်၊ ပျံ့ပျိုးသာသာ၊ ဆိုစိမ့်ငှာလျှင်၊ စီကာပတ်ကုံး၊ နိဒါန်းဆုံးကို၊ ပန်းကုံးအသွင်၊ ဖွဲ့စီရင်၍၊ အသျှင်ရွှီနား၊ နားကြားစီရန်၊ အကျွန်ပဏ္ဍိ၊ က၀ိခေါ်ဆို၊ မင်းညိုဘဒူ၊ အသျှင့်လူလျှင်၊ တမူတသီး၊ ဆက်သွင်းပီးသည်၊ ပြည် သူ့ထိပ်သီး၊ ရှင်မင်းကြီး။

ဧယီး ယင်ယင် ဧယီး၊ ထိပ်သီး မောက်တော်၊ ဟုတ်တည့်သြော်၊ မင်းမော်စီတ၊ မင်းမော်စီတ၊ သမီးလျကို၊ ချိုမြသံညောင်း၊ ယိုင်ချင်းကောင်းဖြင့်၊ မောင်းမများစွာ၊ ယိုစိမ့်ငှာလျှင်၊ ရွီးကာတည့်စီပီး၊ ယိုင်းယင်ဧယီး၊ ဧယီး ယင်ယင် ဧယီး။

ဤဧယီးခြင်း(၀ါ) ယီးယင်ခြင်းကို သက္ကရာဇ် ၈၃၂-ခုနှစ်၊ ဘစောဖြူမင်းလက်ထက်၊ စာဆိုဘားဒူမင်းညိုက ရေးသားစီကုံးခဲ့ပေသည်။ ၄င်း၏မူရင်းစာမူမှ ကူးယူသော စိတ်တင်စား ဦးရွှေသဲ၏မယား မိန်းရံ၏ စာမူတွင် အချီအချပိုဒ်တို့၌ "ဧယီးယင်" ချီပြီး ဧယီးဖြင့်ချထားသည်ကို တွေ့ရပေသည်။ ရခိုင်မင်းသမီး ဧယီးချင်း(၀ါ) စောရွှေကြာ၏  ဧယီးယင်ခြင်း (ယီးယင်ခြင်း)မှာ ပုခက်လွဲတေးသံတစ်ခုဖြစ်၍ "ယီးယင်"၏ မူရင်းဝေါဟာရ ဖြစ်သော "ဧယီးယင်"ဖြင့် ချီပြီး "ဧယီးယင်"ဖြင့် ချထားသည်မှာ အလွန်ပင် သဘာဝကျပါသည်။

ယီးယင်၏ ဆင့်ပွားအတက် အဓိပ္ပါယ်တစ်ခုမှာ ရခိုင်အခေါ် "ယိုင်းမီဒန်း" (ပုခက်)ပင်ဖြစ်သည်။ ရခိုင်စကား "ယိုင်း" "ဒန်း"တို့ကို "ယီးယင်"ဟူ၍ ရခိုင်ဒေသ၌ ယနေ့တိုင် ချစ်စနိုးခေါ်ဝေါ် သုံးစွဲနေခဲ့ကြသည်။ ရခိုင် မင်းသမီး ဧယီးချင်းတစ်ပုဒ်လုံးတို့ကို ဆန်းစစ်ကြည့်ပါကလည်း "ဧယီးယင်"ဖြင့် အစချီပြီး "ဧယီးယင်"ဖြင့် ချမှ သာလျှင် ရခိုင်နည်း ရခိုင်ဟန် ရခိုင်လေသံဖြင့် ပီပြင်နေသည်များကို တွေ့ရပေသည်။

"ဧယီး ဧယီး ပျံပျူး၊ ရိုက်ကာကျူးပိမ့်၊ ပေါ်ဦးကမ္ဘာ၊ ငါးကြာပွင့်လင်း၊ ရောက်မြိုက်ဥာဏ်ဖြူ၊ ငါးဆူရှင်နည်း၊ ပွင့်မည်ချဉ်းတွင်၊ စိတ်တည်းမရောက်၊ လေးပါးနောက်ဝယ်၊ ငါးတောက်ထောင်တာ၊ သာသနာတွင်၊ ငါးစင်း အမြတ်၊ န၀တတ်ရီကျ၊ ငါးရာရသား၊ ဂစ္ဆပနဒီ၊ ဤသည်သာမွန်၊ ရှိဆီပြုပ္ပါ၊ အာကာမှီတိုင်း၊ တောင်ပြိုင်း ပြိုင်းနှင့်၊ ဆိုင်းဆိုင်းမဏ္ဍိုင်၊ ရခိုင်ညွန့်ဖူး၊ မွန်ကြယ်မြူးသို့၊ မြောက်ဦးရွှီနန်း၊ တည်လတ်ထွန်းထည်၊ ဤဇမ္ဗူ ကျွန်း၊ ထူးတည့်လေ။ ထူးတည့်မှောက်တော်၊ ဟုတ်ထည့်သြော်၊ ကျော်သဲတတို၊ ဇမ္ဗူဒီပါ၊ ကျွန်းလုံးခသည်၊ မင်းတြားတည့်ရင်သွီး၊ မှောက်တော်ထီး ယီးလဲ့ယင်ယင်ဧယီး။         ။

ဖော်ပြပါ ပုခက်လွှဲတေးသံတို့မှာ မိမိတို့၏ ဘ၀မှန်ကို အရိုးခံအတိုင်း ဖွဲ့နွဲ့ထားကြသည်တို့ကို တွေ့ရသည်။ တောင်သူလယ်သမားတို့၏လက်ဖြင့် လွှဲသော ယီးယင်သံမှာ ထီးဟန်၊နန်းဟန် ဆန်နေပေသည်။

ယီးလေ

အားနှင့် မာန်နှင့် တသွေးတည်း တက်ခတ်သံနှင့် အပြိုင် ပေါ်ထွက်လာသော အသံဖြစ်သည်။ ပန်းတိုင် အ ရောက် တက်ညီလက်ညီ ချီတက်လှော်ခတ်ကြရန် တပ်လှန့်သံတစ်ခုလည်း ဖြစ်သည်။ အနိုင်မခံ အရှုံးမပေး ဇွဲလုံ့လ အပြည့်ပါသော ကြွေးကြော်သံလည်း ဖြစ်သည်။

"ယီးလေးလေး ယီးလေးလေး ယီလာလာလာ ယီးယီးအောင် မင်္ဂလံ အသံပြုလို့၊ အောင်လံယူဖို့လာရေခါ၊ ငရို့ရွာမှာ များစွာဟိယက် လူလူချင့်ပြိုင်ဆိုစေ၊ နင်ရို့ကိုယ်ကို ငါရို့မကြောက် လှီလှီချင်း အခြီဘာ၊ နင်ရို့ ရွာကို ဇာလဲမကြောက် ကျာလာလာလာ့ယီး ယီးလေးလေး ယီးလေးလေး"

"ယီးလေး"ဆိုသော တေးသံကို တက်ချသံ၊ တက်ခတ်သံနှင့်အညီ စည်းဝါးကိုက်ညီ သီဆိုပြီး မိမိတို့ တွေ့ရာ မြင်ရာများကို သံချပ်အဖြစ် ဖန်တီး၍ဖြစ်စေ၊ တစ်ဘက်နှင့်တစ်ဘက် အပြိုင်အဆိုင်ဖြစ်စေ၊ တစ်ခြား ယသော် ဓရာငိုချင်းအံ၊ တောထွက်အံ စသည့် အဏ္ဏ၀ါချင်းများကို သီဆိုရန်ဖြစ်စေ၊ ဗျည်း၃၃လုံး ဟန်စိလေ ဟန်စွ လေ စသည်တို့ကိုဖြစ်စေ သီဆိုလေ့ ရှိကြလေသည်။

လောင်းပြိုင်ပွဲ (လှေပြိုင်ပွဲ)ကို ရခိုင်ပြည်၌ တော်သလင်းလတွင် ရခိုင်ရာသီပွဲတော်အဖြစ်ဖြင့် ကျင်းပခဲ့ကြ သည်။ ရခိုင်စာဆိုပညာရှိ သုခမိန် မဟာပညာကျော်၏ ၁၂-ရာသီ ဧကပိုဒ်ရတုပေမူ တော်သလင်းလဘွဲ့တွင် "မှတ်သားမြဲသွင်း၊ တော်သလင်းဝယ်၊ နေမင်းဝင်က၊ မူလနက္ခတ်၊ ရုံးမှတ်ဒေ၀၊ နတ်မိမ္မတိ၊ မွှေးပျရမာ၊ သန်းခေါင်ခါကို၊ ပြုပ္ပပရပိုဒ်၊။" ခုအချိန်၌လည်း ဘုရားပွဲတော်များတွင် လှေပြိုင်ပွဲကို ရိုးရာပွဲတော် တစ်ရပ် အဖြစ်ဖြင့် တခမ်းတနား ကျင်းပဆဲ ရှိပေသေးသည်။

ယီးယား

အားတင်းသံ၊ အားလှောက်သံ၊ အားပြည့်သံတို့ကို ကြားရသူတိုင်း သွေးကြွလာပြီး ကိုယ်တိုင်ကိုယ်ကျ ပါဝင် ဆွဲငင် တွန်းပို့ချင်စိတ်များ တရွရွဖြစ်လာကြသည်။ ၀ိုင်းဝန်း ကြည့်နေရာမှပင် သိက္ခာမဆည်နိုင်တော့ဘဲ ခါး တောင်းကျိုက်ကာ ပါဝင်ဆွဲင်မိတော့သည်။

"ယီးလား-ယီးလား (တလန်) ဆုံးပင်းတန်နန့်၊ တလန်ပျံပျူး၊ တဆုံးခူးကေ- ဆုံခုယူကာ၊ လိုရာကို ပါလာရေ လေ-ပါလာရေ၊ ပါရေ ပါရေ ပါရေ ယီးလား ပါရေးရာလေပါရေ ယီးလား၊ ပါရေလေ ယောက်ဖ ယီးလား"

နာခြင်းကျင်ခြင်း ပွန်းပဲ့ခြင်းကိုပင် မသိနိုင်တော့၊ စိတ်အားတက်ကြွကာ ကမ္ဘာကြီးကိုပင် ဆွဲငင်တွန်းပို့နိုင် သည့် ခွန်အားမျိုးရောက်လာသည်ဟု ထင်နေမိတော့သည်။ တစ်ယောက်ယောက်က အသံအနိမ့်အမြင့်၊ အတက်အကျ၊ သံနေသံထားဖြင့် တိုင်ပေးပြီး တစ်ပါဒဆုံးတိုင်း ဆုံးတိုင်း အားလုံးက "ယီးလား"ဆိုသော အသံနှင့်အတူ ဟစ်အော်ကြသည်ကို ရခိုင်စကားဖြင့် "ဗဒေါကြော်သည်"ဟု ခေါ်သည်။ တိုင်ပေးသော ပုဂ္ဂိုလ် မှာ အာဝဇ္ဇန်းရွှင်သလောက် မိမိမြင်ရာကြုံရာတို့ကို ထည့်သွင်းသီကျူးတတ်ကြသည်။

ရှေးအခါက ကြီးမားသော ဘုရားဆင်တုတော်ကြီးများကို ပင့်ဆောင်ခြင်း၊ ကျောက်ရုပ်ကြီးများကို ပြောင်းရွှေ့ ခြင်း၊ စေတီပုထိုးများ တည်ဆောက်ရန် ကျောက်တုံးကြီးများ သယ်ဆောင်ခြင်းတို့၌ "ယီးလား" တေးကဗျာ ဖြင့် သီဆိုကာ တက်ညီလက်ညီ ဆောင်ရွက်ခဲ့ကြသည်။ ယခုအချိန်၌လည်း ရခိုင်သင်္ကြန်အတွင်း လောင်း (လှေ)ကို မဏ္ဍပ်သို့ သယ်ဆောင်လာသောအခါ တစ်ချို့သော ဒေသများ၌ ယနေ့တိုင် အသုံးပြုနေဆဲ ဖြစ် သည်။

"ယီးယင်-ယီးလေး- ယီးလား" တေးသံများကား ယနေ့တိုင် မရိုးနိုင်သေး။ နောင်တွင်လည်း ရိုးမတွင် အစဉ် ပဲ့တင်ထပ်နေကြမည်သာတည်း။

ဦးဦးသာထွန်း

စစ်တွေကောလိပ်မဂ္ဂဇင်း ၁၉၈၃-၈၄

(၁) ၁၉၈၁-၈၂၊ စစ်တွေကောလိပ်မဂ္ဂဇင်း။
(၂) ဓည၀တီမဂ္ဂဇင်း၊ ၁၉၅၂-၅၂ ။

(ဦးဦးသာထွန်း ရခိုင်-မြန်မာ ပဏ္ဍိတ် - ရခိုင်တန်ဆောင်ဆောင်းပါးများ မှ-)

No comments:

Post a Comment