ရခိုင်သူမြတ်သည်မင်းထီးဘုရင်လက်ထက်(အေဒီ-၁၂၈၃) မြန်မာသက္ကရာဇ်(၆၄၅)တွင်ထင်ရှားသော ရဟန်း ပညာရှိတစ်ဦီးဖြစ်သည်။ သက္ကရာဇ်(၆၈၈)ခုနှစ်တွင် မင်းသျှင်စောသည်မစ္ဆဂီရိသရက်မြို့ကိုတည်၍နေသည်။ သက်လူမျိုးတို့ အုပ်စိုးသော ကြောင့် သက်မင်းသျှင်စောဟု တွင်သည်။ ၄င်းတွင် စောစုံ၊ စောဖြူ၊ စောတူ ဟူ၍သားတော်သုံးပါးရှိသည်။ သက်တို့သည် အင်အား ကောင်းလာသောအခါ ရခိုင်ရိုးမတောင်စဉ် တောင် တန်းရှိကျေးရွာများကိုသွားရောက်တိုက်ခိုက်လေရာ ရခိုင်ဘုရင် မင်းထီးသည် အမတ်ကြီးရာဇစည်သူသင်္ကြန် ကို စေလွှတ်၍ သရက်မြို့ကိုသိမ်းခိုင်းသည်။
သက္ကရာဇ်(၆၉၅)ခုတွင် အမတ်ကြီးသည် စစ်သည်ဗိုလ်ပါအများနှင့် ရခိုင်ရုးမကိုကျော်ဖြတ်၍ သက်မင်းသျှင် စောအားသားတော်၊သမီးတော်၊ မိဖုရား၊မောင်းမနှင့်တကွရခိုင်သို့ခေါ်ဆောင်ခဲ့လေသည်။ ရခိုင်ဘုရင်မင်းထီး သည်လည်း သက်မင်းသျှင် စောအား ကောင်းစွာချီးမြှင့်မြှောက်စားထားသည်။ ထိုအခါ မင်းသျှင်စောသည် သူ၏သားတော်များအား ပိဋကတ်ဗေဒင်အရာ ကျွမ်းကျင်တတ် မြောက်သော ရခိုင်သူမြတ်ဆရာတော်ထံ အပ်နှံ့သင်ကြားစေလေသည်။
မင်းသုံးပါးလုံးလည်း ပိဋကတ်၊ ဗေဒင်သင်၍ တတ်လေလျှင် ဆရာသူမြတ်သည် ဤသို့ အိပ်မက်မြင်မက် သည်။ နောင်တော်ကြီး စောစုံသည် စမုန်မြစ်ရေကိုသောက်၍ ကုန်သည်ဟုမက်သည်။ ညီလတ်စောဖြူသည် ဖိုးဦး မော်ရေကို လည်းကောင်း၊ ညီတော် အငယ်စောတူသည် အ၀ရေကို သောက်၍ ကုန်သည်ဟုလည်း ကောင်း မြင် မက်သည်။ဆရာသူမြတ်လည်း မင်းသုံးပါးကိုခေါ်၍အမောင်တို့စစ်ကိုင်း ပင်းယသို့သွား၍ နေကြ လေ၊မင်းချည်း ဖြစ်လိမ့်ဟု မိန့်သည်။ ညီနောင်သုံးပါးတို့လည်း သက္ကရာဇ် (၇၀၅) ခုတွင် အရှေ့ပြည်သို့သွား ကြလေသည်။စစ်ကိုင်းပင်းယသို့ရောင်လျှင် စောစုံသည်မြင်းစိုင်းမြို့ကိုစားရ၏။ စောဖြူ သည်ပြည်မြို့ကို စား ရသည်။ စော တူသည် အမြင့်မြို့ကို တရဖျားစောကဲအမည်ဖြင့် စားရသည်။ နောင်အခါ အမြင့်စားတရဖျား စောကဲသည် အင်းဝမြို့တွင်"မင်းကြီးစွာ စောကဲ" အမည်ဖြင့်မင်းဖြစ်လေသည်။ မင်းဖြစ်၍ တစ်ဆယ့်ခြောက် နှစ်ကြာမြင့်သော အခါ မင်းကြီးသည် မိမိငယ် ဆရာရခိုင်သူမြတ်အား သတိရ၍ နေပြည်တော် သို့ပင့်ဆောင် ကာ "မဟာသင်္ဃ ရာဇာ"ဟူသော ဘွဲ့တံဆိပ်ကပ်လှူပူဇော်ပြီး ကိုးကွယ်တော်မူသည်။
ထိုမဟာသင်္ဃရာဇာ တံဆိပ်မနာမံကို ခံယူတော်မူသော ရခိုင်သူမြတ်သည် မင်းသုံးပါးကို စာပေပို့ချစဉ် အခါ က လောကသာရပျို့ကို စီကုံးကာ မင်းသားတို့အားသင်ကြားပေးလေသည်။
လောကသာရပျို့မှာ အမျိုးလေးပါးကိုဆုံးမသောအခန်းများပါရှိ၍ ငယ်ရွယ်သူများအား ဗလငါးတန်ပြည့်ဝ စေ ရေးအတွက် ဆိုဆုံးမရန်လွန်စွာအဖိုးတန်ပေသည်။ နိုင်ငံတော်အစိုးရက ကျောင်းသင်ဘာသာရပ်အဖြစ် ပြ ဌာန်းခွင့်ပြုထားရာ ပေါပေါ များများတွေ့ရ၍ အထူးဖော်ပြရန်လိုမည်မဟုတ်ပေ။
ယခုဖော်ပြလိုသောလောကသာရပျို့မှာ ရခိုင်ပြည်မြောက်ပိုင်းသွားလာရေးခက်ခဲသောဒေသများတွင် အစဉ် အဆက် နှစ် ပရိစ္ဆဒ ကြာမြင့်စွာ သိမ်းဆည်းခဲ့လာကြသော ပေပရပိုက်များတွင် မှတ်တမ်းတင်ထားသည့် လောကသာရပျို့ပင်ဖြစ်သည်။ ရှေးရိုးရခိုင်စဉ် ဆက်ဘုန်းတော်ကြီးကျောင်းတွင် သင်အံခဲ့ရသော ပျို့ကဗျာ ဖြစ်သည်။ ရခိုင်ကျောက်စာအရေးအသား ဒင်္ဂါးစာအရေးအသားဖြစ် သော ရက္ခ၀ဏ္ဏအက္ခရာဖြင့် ရေးသား ထားသည်။"ပရပုတ်" ဟုခေါ်ဆိုသည့် ဤစာမူကို ၄င်း၏ လက်သုံးစာမူဖြစ်သည်ဟု ပိုင်ရှင်ကျောင်းဒကာကြီး ကဆိုသည်။"လောကသာရဖျား"ဟုအဖုံးတွင်ရေးသားထားသည်။ "က" အချပ်ပျောက်ဆုံးနေ၍ "ကာ" မှ "ကဲ" အားလုံး(၁၃)မျက်နှာပါရှိသည်။ အဖုံးတွင်ပါရှိသည့်"လောကသာရဖျား"ဟုဆိုသည်မှာ လောကသာရ"ပထမ ပိုင်း၏အဆုံး" ကိုဆိုလိုဟန် တူပါသည်။ရခိုင်ရှေ့ဟောင်းကျမ်းတို့တွင် ပထမပိုင်းစာအစကို "အရင်း" ဟုခေါ် ၍အဆုံးကို"အဖျား" ဟုခေါ်သည်။ အမျိုးလေးပါးကို ဆုံးမသော အခန်းလေးပါး သာရှိပါသည်။ ဝေါဟာရများ စီစစ်လေ့လာခြင်းမပြုရသေးပါ။ "က"အချပ်တွင်"ကြားပိမ့် သူမြတ်" အစချီ အပိုဒ်နှင့် "အသက်ရှည်စွာ"အစ အပိုဒ်တို့ ပျောက်ဆုံး နေပါသည်။ ဒုတိယအပိုဒ်မှ အဆုံးစာကြောင်းတစ်ကြောင်း "ကာ" ချပ်ထိပ်တွင် တွေ့ရ သည်။ နောင်အလျဉ်းသင့်က ဖေါ်ပြပါမည်။
ထွန်းရွှေခိုင်(မဟာဝိဇ္ဇာ)
ရခိုင်စာဆိုတော်များ စာအုပ်မှကူးယူ ဖော်ပြသည်။
No comments:
Post a Comment