ရခိုင်ရိုးရာပုံပြင်များ အဆက်

ရခိုင်ဒဏ္ဍာရီ ပုံဝတ္ထုများ၌ "ကလူတတ်ပွဲတော်" ကင်းပပြီးလျှင် ပုံဝတ္ထုအနိုင်အထ ပြောဟောလေ့ရှိခဲ့ကြောင်း ကိုလည်း တွေ့ရပေသည်။

ထိုပုံပြင်အရ ရခိုင်လူမျိုးတို့၏ ၀တ္ထုပြောဟောမှု၌ ရှေးဒဏ္ဍာရီ ခေတ်ကပင် ရှိခဲ့ကြောင်း အထောက်အထား လည်း ဖြစ်ပေသည်။

ရှေးအခါက ရက္ခပူရပြည်သျှင် ရခိုင်မင်းတစ်ပါး ရှိလေသည်။ ထိုမင်းသည် နှစ်စဉ်မပြတ် နန်းတော်ရင်ပြင်၌ ည လသာသာအချိန်မှာ ပုံဝတ္ထုဟောပြောပွဲများ ပြုလုပ်လေ့ရှိသည်။ ထိုပွဲကို "ကလူတတ်ပွဲတော်" (ကာနူ တတ်ပွဲလည်းဟူ)ဟု ခေါ်ဆိုသည်။ ထိုကလူတတ်ပွဲတော်သို့ ဘုရင်၏ အမိန့်အရ အနယ်နယ် အရပ်ရပ်မှ ၀တ္ထုပြောတတ်သော ကလူတတ်များ လာရောက် ပြောဟောကြရလေသည်။

ဘုရင်မင်းသည် နှစ်စဉ်အတိုင်း ကလူတတ်များ၏ ပြောဟောခြင်းကို ညပေါင်းများစွာ နာကြားရသဖြင့် ရိုးနေ ပြီဖြစ်သည်။ ထို့ကြောင့် ဆန်း သစ်လိုသော အကြံတစ်ခုဖြစ်ပြီး နောင်နှစ်များကို ပြိုင်ပွဲကျင်းပရန် ဆုံးဖြတ် လိုက်သည်။ ပွဲတော်နေ့ ရောက် သောအခါ တက်ရောက်လာကြသော ကလူတတ်များကို ၀တ္ထုအရှည်ဆုံးနှင့် အတိုဆုံးပြောနိုင်သူကို ဆုချီး မြှင့်ရန် ကြေညာလိုက်သည်။

ထိုအခါ မိမိတို့ တတ်စွမ်းနိုင်သလောက် ပြိုင်ပွဲဝင်ကြသည်။ ထိုပြိုင်ပွဲတွင် ကြိုတင်စီစဉ် သင်ကြား လွှတ် လိုက်သော ဆရာတော်တစ်ပါး၏ တပည့် ညီအစ်ကို နှစ်ယောက်သည်လည်း ပါဝင်ယှဉ်ပြိုင် ခဲ့ကြလေ သည်။ ညီအစ်ကိုနှစ်ယောက်မှာအကြီးဖြစ်သူက "တရုံးရုံး အပျံမစဲးသော အရှည်ဆုံးဝတ္ထု"ကိုမဆုံးတမ်းရက်ရှိသရွေ့ ပြောဟောလေသည်။ ညီအငယ်က "မြို့သစ်ချောင်းမှ (အချို့ ကုလားတန်မြစ်ဖျားမှ) မျှောလာသော ၀ါးလုံး တစ်လုံးသည် ကစ္ဆပနဒီ မြစ်မ၌ (ကစ္ဆပနဒီ မြစ်ဝ၌) ပါးမိလေရာ ကျောက်တစ်လုံးနှင့် ထိမိ၍ ထုရိုက်ခံရ သဖြင့် (၀ါးထု) (၀ထု-ရခိုင်အသံထွက်) ဖြစ်သွားကြောင်းဖြင့် ခဏချင်း အာဝဇ္ဇာန်းနှောကာ ပြောသွားသည်။ ထို့ကြောင့် ၄င်းညီအစ်ကိုနှစ်ယောက်တို့အား ဘုရင်မင်းက သဘောကျ၍ အတော်ဆုံး ၀တ္ထုပြောတတ်သော ကလူတတ်ဘွဲ့တံဆိပ်ပါ ဆုကို ချီးမြှင့်၍ ဆုလာဘ်များစွာ ပေးသနားလိုက်လေသတည်း။"

ထို့ပြင် ပုံပြင်ပြောလျှင် ဆုံးတုံးအောင် ပြောရသည်။ ဆုံးတုံးအောင်မပြောက နတ်ကျိန်စာ သင့်ခြင်းခံရသည် ဟူ၏။ ဤဓလေ့နှင့် ပတ်သက်ပြီးလျှင် "နတ်ကျိန်စာခံ ပုံဝတ္ထု" အကျယ်လာသည်။ အစ်ကိုမင်းသားက ညီ ငယ်အား ညအိပ်ခါနီးတွင် ၀တ္ထုပြောပြရာ ၀တ္ထုမဆုံးမီ အိပ်ပျော်သွားခဲ့ရသည်။ ထိုအခါ ၀တ္ထုနားထောင် နေကြသော နတ်တို့က ဆုံးအောင်မပြောရလေသလားဟု စိတ်ဆိုးလျက် ကျန်စာတိုက်လေသဖြင့် ကျိန်စာ သင့်ခံရလေသည်။ (အစာစားတိုင်း စူးအပ်ပါလေသည် ဟူ၏) ထို့နောက်မှ ညီငယ်က အိပ်မက်မြင်မက်၍ ၀တ္ထုကိုဆုံးအောင် ပြောစေမှပင် ထိုကျိန်စာ ပြေလေကြောင့်ဖြင့် ဆိုသည်။ ထိုအခါမှစ၍ ၀တ္ထုကိုဆုံးအောင် ပြောရသည်။ "မဆုံးနိုင်က နတ်သား၊ နတ်သမီးတို့ ဆက်ပြောပါလေ"ဟု ဆိုလေ့ရှိသည်။ ဆုံးသော်တိုင်ပင် "အကျွန့်ဝတ္ထု ဆုံးပါပြီ၊ မဆုံးသေးဟု ထင်ကလည်း နတ်သား နတ်သမီးများ ဆက်ပြောပါလေ"ဟု နတ်သား နတ်သမီးတို့အား လွဲအပ်ရကြောင်း ဓလေ့တစ်ခုလည်း ဖြစ်ရှိလာခဲ့ရပါသည်။

နတ်မြစ်-စန်းအောင်

(အရှင်စက္ကိန္ဒ- ရခိုင်ယဉ်ကျေးမှုများ အမှတ်(၆) မှ-)

No comments:

Post a Comment