ကျောက်ဖြူမှသည် အိမ်ဖြူတော်ဆီသို့ - မောင်ခိုင်အောင် (စစ်တွေ)


ရခိုင်အမျိုးသားညီလာခံကို ကျောက်ဖြူမြို့တွင် ဧပြီ ၂၇ မှ မေ ၁ ရက်နေ့အထိ ကျင်းပခဲ့သည်။ ညီလာ ခံ ဖြစ်မြောက်ရေးအတွက် (၂)နှစ်ကြာ ကြိုးပမ်းခဲ့ရပြီး ရခိုင်နိုင်ငံရေး အင်အားစုပေါင်းစုံနှင့် ရခိုင်ပြည်သူတို့ ၏ အမျိုးသားတွေ့ဆုံပွဲကြီး ဖြစ်လာခဲ့သည်။ မြန်မာပြည်အနှံ့မှ ရခိုင်လက်နက်ကိုင် အင်အားစုများ နိုင်ငံတ ကာရောက် ရခိုင်သမိုင်းပညာရှင်များ လာရောက်နိုင်ခဲ့သည်။

ကုန်လွန်ခဲ့သည့် နှစ်များအတွင်း ဘာသာရေးဆန်သည့် ပဋိပက္ခများ ဖြစ်ပွားခဲ့မှု၊ ညီလာခံမကျင်းပမီ တစ်လ အလိုတွင် စစ်တွေမြို့၌ NGO, INGO များအပေါ် ဆန့်ကျင်တိုက်ခိုက်မှုတို့ကြောင့် ညီလာခံအပေါ် စိုး ရိမ်ကြောင့် ကြမှုများသည် ပြည်တွင်း တာဝန်ရှိသူများနှင့် နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်းများထဲ တွင် ဖြစ်ပေါ်နေ ခဲ့သည်။ ဆွေးနွေးပွဲအစီအစဉ်နှင့် အကြောင်းအရာများသည် စိတ်ဝင်စားစရာ ဖြစ်နေသည်။

ရခိုင်တို့သည် နာကျင်ဒဏ်ရာရနေသော သားကောင်များ ဖြစ်နေသည်။ ကြောင့်ကြစိုးရိမ်မှု လွန်ကဲကာ စိတ်လှုပ်ရှားလွယ်သော အဆင့်သို့ ရောက်နေသည်။ သယံဇာတ ကြွယ်ဝပါလျက် ဆင်းရဲနွမ်းပါးပြီး မဖွံ့ဖြိုးရ သည့် အထဲတွင် နိုင်ငံတကာ စာမျက်နှာ၌ အရုပ်ဆိုး အကျဉ်းတန်ကာ အပစ်ပယ်ခံ ဘက်လိုက်မှုဒဏ်ကို ခံနေရသည်ဟု ရိုးသားစွာ ခံစားနေကြရသည်။ ထို့ကြောင့် ညီလာခံတွင် အစွန်းရောက် အယူအဆ များဖြင့် ပေါက်ကွဲကာ ဖရိုဖရဲ ရုပ်ဆင်းပျက်သွားမည်ကို ညီလာခံ တာဝန်ရှိသူများ စိုးရိမ်ခဲ့သည်။ အစိုးရ သစ်နှင့် ဗမာများအပေါ်မုန်းတီးဆန့်ကျင်စိတ်၊ ဘင်္ဂါလီများအပေါ် ဒေါသစိတ်မှ မူဆလင် မုန်းတီးဆန့်ကျင်ရေး စိတ်၊ မူဆလင် ဘင်္ဂါလီများ ရခိုင်မြေတွင် လုံးဝမရှိစေလို၊ မမြင်စေလိုသော စိတ်တို့သည် ရယ်ဒီကယ် ဆန်လွန်းပြီး အန္တရာယ်ကြီးသော အစွန်းရောက် အယူအဆများသို့ ဦးတည်သွားနိုင်သည်။

ညီလာခံတွင် ရခိုင်လူထု ညီညွတ်ခဲ့သည်။ စည်းကမ်းရှိခဲ့သည်။ ငြိမ်းချမ်းရေးကို မြတ်နိုးကြောင်း ကမ္ဘာ သို့ ကြေညာခဲ့သည်။ "လုံခြုံငြိမ်းချမ်းဖွံ့ဖြိုးရန် ရခိုင်အမျိုးသား ညီလာခံ"ဆိုသော ဆောင်ပုဒ်အတိုင်း လက်တွေ့ကျကျ ရှေ့သို့ ခရီးဆက်နိုင်ခဲ့သည်။

ရခိုင်ညီလာခံ စတင်သောနေ့တွင် သမ္မတ အိုဘားမားသည် မူဆလင် (၆၁%)ရှိသော မလေးရှား သို့ ရောက်နေသည်။ ကွာလာလမ်ပူ၌ အာဆီယန်လူငယ်များနှင့် တွေ့ဆုံပွဲတွင် သူသည် သတင်းစကား တစ်ခုကို ကမ္ဘာသို့ ထုတ်ပြန်ခဲ့သည်။

"မူဆလင်အဖွဲ့တွေကို ဖိနှိပ်နေရင် မြန်မာ့ဒီမိုကရေစီ မအောင်မြင်နိုင်ဘူး"ဟူ၍ ဖြစ်၏။ အမေရိကသည် ဆူပါ ပါဝါနံပါတ်တစ်၊ ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်နေသော ချန်ပီယံ။ ထို့ကြောင့် သမ္မတသည် ဒီမိုကရေစီ၏ စကြာဝတေးမင်းပင် ဖြစ်သည်။ သူ့စကားသည် မိုးကြိုးသွား၊ စစ်သံ၊ စစ်မိန့်ပမာ ဖြစ် သည်။ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်ရောက်လာပြီး ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ မိန့်ခွန်းတွင် ရိုဟင်ဂျာပြဿနာကို ပွဲထုတ်လာခဲ့သည်။ မြန်မာ့ဒီမိုကရေစီရေးတွင် ကြီးမားခက်ခဲသော စိတ်ခေါ်မှုများနှင့် အခက်အခဲများစွာ ရှိနေသည့်အထဲ မူဆလင်ပြဿနာကို ခဏခဏ ရှေးတန်းတင်နေသည်မှာ အဘယ်ကြောင့် နည်း။

အစိုးရသစ်လက်ထက်တွင် မူဆလင်ပြဿနာသည် သီတာထွေးမှ စခဲ့သည်။ သို့သော် သမိုင်းရေခံမြေခံတွင် ဗြိတိသျှတို့၏ ကိုလိုနီဆိုးမွေ၊ လွတ်လပ်ရေးရပြီးနောက် အုပ်ချုပ်သူအဆက်ဆက်တို့၏ သမိုင်းအမြင် အားနည်းမှု၊ နိုင်ငံရေးအမြတ်ထုတ် ကလိန်ကျမှု၊ အကင့်ပျက် ခြစားမှု၊ ပြောင်းလဲလာသော ပထ၀ီနိုင်ငံရေး၊ အားလုံး ပတ်သက် ဆက်စပ်နေသည်။

မြန်မာ့နွေဦးတွင် အမြစ်တွယ်နေဆဲ စစ်အာဏာရှင်စနစ်၏ ရေသောက်မြစ်ပြဿနာကို မည်သို့ ဖြေရှင်းမည် နည်း။ ဆုံးရှုံးနေသော တိုင်းရင်းသားအခွင့်အရေး ပြဿနာများကို မည်သို့ ဖြေရှင်းမည်နည်း။ ပြည်တွင်းစစ် နိဂုံး ချုပ်ရေးနှင့် ငြိမ်းချမ်းရေးကို မည်သို့ တည်ဆောက်ရမည်နည်း။ အကျင့်ပျက်၍ ရက်စက်လွန်းသော ဗျူရိုကရေစီယန္တရားမှ အာဏာပိုင်များကို မည်သို့ ဖယ်ရှားရမည်နည်း။ ပြည်သူများ ဆင်းရဲမွဲတေမှု၊ ကျန်း မာရေး၊ ပညာရေးပြဿနာ စသော စသော ပြဿနာများထက် ရိုဟင်ဂျာမူဆလင် ပြဿနာက ရှေ့တန်းရောက်နေ သည်။

စစ်အာဏာရှင်စနစ်အောက်တွင် မူဆလင်ကို မဆိုထားနှင့် ရဟန်းသံဃာမကျန်၊ ဆွေရင်းမျိုးရင်းပမာများ သည်လည်း အမှုန့်ကြိတ်နင်းချေခံခဲ့ရသည်။ ကရင်၊ ရှမ်း၊ မွန်၊ ရခိုင်တို့သည် ကျွန်တစ်ပိုင်း ဖြစ်ခဲ့ရသည်။ သို့သော် ရိုဟင်ဂျာမူဆလင်များသည်သာ အဖိနှိပ်အခံရဆုံး၊ ကံအဆိုးဆုံးသူများဟု အိမ်ဖြူတော်နှင့် ဥရောပ အသိုင်းအ၀ိုင်းမှ ပုံဖော်လာခဲ့သည်။ ရခိုင်တို့သည် ဘယ်လိုသမိုင်းနှင့် ဘယ်လိုလူသားတွေလဲ။ အိုဘားမား မသိ၊ အိမ်ဖြူတော် မသိ၊ သူတို့သိသည်မှာ မူဆလင် ရိုဟင်ဂျာ။

သမ္မတအိုဘားမား၏ အာရှခရီးစဉ်အတွင်း လန်ဒန်စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံကျောင်းမှာ ကွန်ဖရင့်ငယ်တစ် ခု ပြုလုပ်ခဲ့သည်။ "မြန်မာ့ ရိုဟင်ဂျာများအပေါ် နိုင်ငံတော်က ကြီးမှူးသော ချေမှုန်းသတ်သင်ရေး ဆယ်စုနှစ် များ"ခေါင်းစဉ်နှင့် ဖြစ်သည်။ ကျောက်ဖြူညီလာခံ၏ ဒုတိယနေ့၊ ဧပြီ (၂၈)တွင် သူတို့၏ သတင်းထုတ်ပြန် ချက် ထွက်ပေါ်လာခဲ့သည်။

ကွန်ဖရင့် သဘာပတိက မြန်မာလူမျိုး ဒေါက်တာဇာနည်၊ ဦးဆောင်ဆွေးနွေးသူက ကုလသမဂ္ဂ၏ လူ့အခွင့် အရေး ကိုယ်စားလှယ်တော်ကြီး သောမတ် ကွန်တားနား ဖြစ်သည်။ ရိုဟင်ဂျာများအပေါ် ညှင်းပမ်း သတ်ဖြတ်မှုများသည် နိုင်ငံတကာ ဥပဒေအရ မျိုးတုန်းသတ်ဖြတ်မှု မြောက်/မမြောက်ကိစ္စအား ဆွေးနွေးခဲ့ ကြသည်။ မျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ပညာရှင်များ တက်ရောက်ခဲ့ကြသည်။

"မျိုးတုန်းသတ်ဖြတ်မှု လက္ခဏာတွေကို တွေ့ရတယ်။ ဒါဟာ လူသားထုတစ်ရပ်လုံးကို ဆန့်ကျင်တဲ့ ရာဇ၀တ် မှုပဲ"ဟု ကွန်တားနား ပြောခဲ့သည်။

"ကျွန်တော့်ရဲ့ သုံးနှစ်တာ သုတေသန လုပ်ရပ်တွေအရ ဒါဟာ ဖြည်းဖြည်းချင်း တောက်လောင်နေတဲ့ မျိုးတုန်းသတ်ဖြတ်မှု ဖြစ်တယ်"ဟု ဒေါက်တာဇာနည် ပြောဆိုခဲ့သည်။

ရိုဟင်ဂျာများသည် လက်ထပ်ထိမ်းမြားမှု၊ သားသမီး မွေးဖွားမှုကိစ္စများတွင် ဆိုးဝါးစွာ ကန့်သတ်ချုပ်ချယ် ခံနေရသည်။ တိုင်းရင်းသားဖြစ်မှု၊ နိုင်ငံသားဖြစ်မှုများ ငြင်းပယ်ခံနေရပြီး၊ တရားဥပဒေရှေ့မှောက်တွင် သူတို့သည် လူသားများကဲ့သို့ အသိအမှတ်ပြု မခံရဟု သဘောထား ထုတ်ပြန်ခဲ့သည်။ လူမျိုးပေါင်း (၁၃၀)ကျော် ရှိသည့်အထဲတွင် သူတို့တစ်ခုတည်း အပေါ်မှာသာလျှင် အဓမ္မလူဦးရေ ထိန်းချုပ်မှု ပေါ်လစီကို ကျင့်သုံးနေသည်။ သူတို့ အများစုမှာ လူ့အခြေခံ လိုအပ်ချက်ဖြစ်သော စားစရာနှင့် ဆေးဝါးများ မရရှိ ကြ။ မြန်မာအစိုးရနှင့် ပြည်သူ (Myanmar Govt and People)တွေဟာ သူတို့ ပျက်သုဉ်းအောင် လုပ်နေကြ သည်ဟုလည်း ပါဝင်သည်။

ဗြိတိသျှ ရိုဟင်ဂျာအဖွဲ့ (BROUK)ခေါင်းဆောင် ဦးထွန်းခင်က အစိုးရလက်နက်ကိုင်တပ်ဖွဲ့များနှင့် ဒေသ ခံအစွန်းရောက်များကြောင့် ရိုဟင်ဂျာများအတွက် နောက်ထပ်ရ၀မ်ဒါမဖြစ်စေဖို့ ကမ္ဘာကြီးကို မေတ္တာရပ်ခံ ခဲ့သည်။

မြန်မာပြည်သူများကိုပါ ရာဇ၀တ်သားအဖြစ် တရားခံအဖြစ် ဆွဲထည့်လိုက်ခြင်းအတွက် မိုက်မဲမှုတွင် ကမ်းကုန်အောင် ထူးချွန်သူဟု ဒေါက်တာဇာနည်အား မှတ်ချက်ပြုပါသည်။ ပြည်တွင်း၌ ဖွဲ့စည်းပုံ ပြောင်း လဲရေး လှုပ်ရှားမှုများ၊ လိပ်ခဲတည်းလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ မအောင်မြင်သော ပြုပြင်ပြောင်း လဲရေးများ၊ လယ်သိမ်း ယာသိမ်း ထွန်တုံးတိုက်ပွဲများ၊ အလုပ်သမားသပိတ်များနှင့် ဒီမိုကရေစီခြေလှမ်း စရုံ ရှိသေးသော နိုင်ငံငယ်လေးကို ရိုဟင်ဂျာဆိုသော တင်းပုတ်ဆိုးကြီးနှင့် ရိုက်သတ်ဖို့ ကြိုးစားနေသည်။ အမေ ရိကနှင့် ဗြိတိန်က အဘယ်ကြောင့် ပါဝင်နေရသနည်း။ စင်စစ် ရိုဟင်ဂျာဆိုသည်မှာ ပထမအင်္ဂလိပ်မြန်မာ စစ်ပွဲနှင့် ရခိုင်ကိုသိမ်းပြီးနောက် ဗြိတိသျှတို့ပေးခဲ့သော အမွေဆိုးနှင့် သူတို့မွှေးခဲ့သော မီးပင်ဖြစ်သည်။

ဤဘင်္ဂလီများသည် မြန်မာပြည် ရခိုင်မြေထဲတွင် ရာစုချီနေလာသော လူသားများဖြစ်သည်။ ဆင်းရဲလွန်း၊ ပညာရေးနိမ့်လွန်းသည်။ တိုင်းရင်းသားပြည်သူများ အားလုံးကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများ ခံခဲ့ရ သည်။ သူတို့၏ ခံစားခွင့်များနှင့် ဂုဏ်သိက္ခာအတွက် ဒီမိုကရေစီ မြတ်နိုးသူတိုင်းတွင် တာဝန်ရှိသည်။ အများစုမှာ မြန်မာစကားမတတ်၊ ပညာရေးမရှိ၊ သတင်းစာမသိ၊ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဒေါ်စုကို မသိ၊ အိန္ဒြာကျော်ဇင်၊ ပြေတီဦး မသိ၊ နေတိုး မသိ၊ ရခိုင်စာပေယဉ်ကျေးမှုနှင့် စိမ်းလွန်းသည်။ ယခုမှ ချစ်ကြောင်းပြနေ သည့် OIC သည် ဟိုးလွန်ခဲ့သော ဆယ်စုနှစ်များစွာ ကတည်းက ခေတ်မီ ပညာရေး၊ ကျန်းမာရေးတို့အတွက် အများကြီး ကူညီခဲ့သင့်သည်။ သူတို့မျိုးဆက်များသည် မဒရာဇီကျောင်းနှင့် ကွန် ဆာဗေးတစ် ရယ်ဒီကယ် ဗလီဆရာများအောက်တွင် ကြီးပြင်းလာခဲ့ရသည့် ချောင်ပိတ်ခံ လူ့အဖွဲ့အ စည်း ဖြစ်ခဲ့ရသည်။ ထိုလူသားများကို ခုတုံးလုပ်ပြီး သတင်းမီဒီယာ တိုက်ကွက်များ၊ ကွန်ဖရင့်များ လုပ်၊ လော်ဘိများလုပ်၊ ကွန်ကရက်အတွင်း ကြာနာမှုများလုပ်၊ အစိုးရ၏ ပျော့ညံ့ချက်အမှားများကို ပုံကြီးချဲ့ သည်။ နိုင်ငံရေး ထိုးစစ်လုပ်သည်။ အနောက်ဘက် တံခါးတွင် စစ်ရေးအရ လှုပ်ရှားလာသည်။ မည်သည့် ရည်မှန်းချက်နှင့် ဤဗျူဟာများကို ခင်းလာသနည်း။

ရခိုင်တို့သည် ဘင်္ဂါလီတို့အား ရန်စကျူးကျော် သတ်ဖြတ်ခဲ့ပါသလား။ ဗုဒ္ဓဘာသာ ရခိုင်တွေဟာ စိတ်ကောင်း လွန်းလို့၊ ရိုးလွန်း အ,လွန်းလို့ အာရပ်ပုံပြင်ထဲက သဲကန္တာရ ကုလားအုပ်ဗျူဟာကို ခံလိုက်ရသည်။ မလုံခြုံမှုများနှင့် စိုးရိမ်ကြောင့်ကြမှုများ ကြီးထွားလာကြသည်။ လယ်ဆုံး၊ ရွာဆုံး၊ လူဦးရေ တစစ ၀ါးမျိုခံနေရသော အဖြစ်မှသည် နယ်ဆုံး လူပြုန်းသော ဘ၀သို့ မရောက်စေရပါဟု မည်သူအာမခံမည်နည်း။ အိမ်ဖြူတော်လား။ ကုလသမဂ္ဂလား။ "သမိုင်းကို လေ့လာရကောင်းမှန်း မသိ၊ သမိုင်းသင်ခန်းစာကို မသိနားမလည်တဲ့ လူမျိုးဟာ ကြမ္မာငင်နေတဲ့လူမျိုးပဲ"လို့ ဂျော့စန်တာယာနာ ပြောဖူးသည်။ ရခိုင်တို့သည် ကြမ္မာငင်နေသော လူမျိုးလား။

ရခိုင်တို့သည် ကိုယ့်ဘ၀ ကိုယ့်အခြေအနေကို သိနားလည်သည်။ သူတို့နှင့်အပြိုင် တည်ရှိလာခဲ့သော မူဆလင်များကို တစ်စုံတစ်ရာ နားလည်သည်။ နှစ်များ ရာချီနေလာခဲ့ကြပြီ ဖြစ်သည်။ ပြဿနာက ရေရေရာရာ မသိဘဲနှင့် အဝေးမှ ဖိအားပေးနေသော နိုင်ငံကြီးများ၊ အဖွဲ့အစည်းကြီးများ ဖြစ်သည်။ အမေရိကန် သံတမန် များကို အာပေါက်မတတ် ပြောဖူး၊ ရှင်းပြဖူးကြပြီ။ သူတို့မှာ သုတေသီများ ရှိကြသည်။ သို့သော် ကျွန်တော် တို့ စိုးရိမ်သောကများကို ထည့်သွင်းမစဉ်းစား၊ ကျွန်တော်တို့ကို နားလည်မပေး၊ စာနာမထားဆိုတာ ထင်ရှားလာခဲ့သည်။

မေလ (၁၅)ရက်နေ့တွင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုလက်ကျန်များကို သက်တမ်းတစ်နှစ်တိုးရန် သမ္မတအိုဘားမားက ကွန်ကရက်ကို အကြောင်းကြားသည်။ မထူးဆန်းပါ။ အံ့သြဖို့ကောင်းသည်မှာ အဓိက အကြောင်းရင်းဖြစ်သည်။

"မူဆလင်များနှင့် ပတ်သက်သော ရခိုင်အရေးသည် အမေရိက၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံရေးဝါဒကို အကြီးအကျယ် ခြိမ်းခြောက်နေသည်"ဟု ညွှန်းသည်။ နောက်တစ်ချက်က တပ်မတော်သည် စီးပွားရေး၊ နိုင် ငံရေးမှာ ဆက်လက်ပါဝင်နေမှု ဖြစ်သည်။

မြန်မာ့နိုင်ငံရေးတွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်နေသော တပ်မတော်ကို လက်တွေ့ကျကျ ဖြည်းဖြည်း ချင်း ဆုတ်ခွာရန် ပြည်သူများ၊ နိုင်ငံရေးအင်အားစုများ မျှော်လင့်နေကြသည်။ ဖွဲ့စည်းပုံ ပြောင်းရမည်။ တပ် မတော်ဘက်မှ သဘောထားကြီးရမည်။ အချိန်ယူရမည်။ ပေးရမည်။ ဤကိစ္စကို ထားပါတော့။ ရခိုင်ကိစ္စက အမေရိက၏ အမျိုးသားလုံခြုံရေးကို မည်သို့မည်ပုံ ခြိမ်းခြောက်နေပါသနည်း။

အိုဘားမား၏ သဘောထားကို ဖတ်ရသော အမေရိကနှင့် ဥရောပ ကမ္ဘာတစ်ဝှမ်းမှ လူပေါင်းများစွာတို့သည် ရခိုင်ကို မည်သို့ နားလည်သွားကြမည်နည်း။ လုံခြုံရေးကို ထိခိုက်တယ်ဆိုလျှင် မြောက်ကိုးရီးယားကဲ့သို့ လား။ အယ်ကိုင်ဒါ တာလီဘန်များကဲ့သို့ သွေးဆာနေသော စစ်သွေးကြွ ဗုဒ္ဓဘာသာတွေလားဟု စဉ်းစား သွားနိုင်သည်။ တစ်ခါမှ မကြားဖူး၊ ထူးဆန်းသော "ရခိုင်"ဆိုသည့် နေရာတစ်ခုက မဟာအင်အားကြီး အမေ ရိကရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေသည်ဆိုသော သမ္မတ၏ စကားသည် ကျိုးကြောင်းဆက်စပ်မှုကင်းမဲ့ပြီး ဆင်ခြင်တုံတရား ခေါင်းပါးလွန်းပါသည်။ မောဟပါပဲ။ လက်ရှိအစိုးရမှာ ကောင်းသည့်အရာများ ရှိသ လို ထောက်ပြစရာ ညံ့ကွက်ဆိုးကွက်များ တစ်ပုံတစ်ပင် ရှိသည်။ စီးပွားရေး ပိတ်ဆို့ရန် အကြောင်းပြချက် သည်မျှပင် ရှားပါးရပါသလား။ လူ့အခွင့်အရေးကို ထောင်ပြပြီး စီးပွားရေးအကျိုးတူ မူဆလင်ကမ္ဘာကို မျက်နှာချို သွေးလိုက်ခြင်းသာ ဖြစ်ပါသည်။ သေနတ်မဆိုထားနှင့် လက်နက်ဆို၍ သားငါးလှီးရန် ဓါး ကိုတောင် ကောင်းကောင်းသွေးမထားသော ရခိုင်တို့၊ လျှပ်စစ်မီးမရှိ၊ မမြင်ဖူးသော ရခိုင်ပြည်သူ အများစု သည် အနုမြူစွမ်းအားရှင် အမေရိကအား မည်သို့ ခြိမ်းခြောက်မည်နည်း။ သူပြောချင်သည်မှာ ထိုရခိုင် များသည် မြန်မာစစ်တပ်နှင့် ပူးပေါင်းကာ မူဆလင် ရိုဟင်ဂျာများကို မျိုးတုန်းသတ်ဖြတ်လိမ့်မည်။ ဧပြီ ၂၈ ရက်နေ့က လန်ဒန်၌ ကွန်တားနားပြောခဲ့သည်နှင့် အတူတူပင် ဖြစ်သည်။

အမေရိက၏ နိုင်ငံခြားရေး ပေါ်လစီတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို စံနှုန်းထားသည်။ သို့သော် နိုင်ငံ တစ်ခုချင်း ပြဿနာတစ်ခုချင်းကို ကိုင်တွယ်ရာ၌ ရှေ့နောက်မညီမှု၊ ယုတ္တိဗေဒကင်းမဲ့မှုများကို နေရာတိုင်း တွင် နှိုင်းယှဉ်တွေ့ရှိနိုင်သည်။

မြန်မာနိုင်ငံကို စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကိုပင် ပိတ်ပင်ဟန့်တားရန် ကြိုးစားခဲ့ကြသည်။ ထိုစဉ်က စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ သရဖူဆောင်းခဲ့သည် ဆိုခြင်းမှာ ငြင်းမရသော အမှန်တရား။ သို့သော် ဤသို့နိုင်ငံတိုင်းကို လုပ်ခဲ့သလား။ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ တရုတ်ကို မည်သို့ ဆက်ဆံခဲ့သလဲ။ အရှေ့အလယ်ပိုင်းမှာ ဆိုးဝါးလွန်း တဲ့နိုင်ငံများ အဘယ်ကြောင့် ကင်းလွတ်ခွင့်ရနေကြသလဲ။

လူ့အခွင့်အရေးစံကိုသာ ကိုင်ထားတယ်ဆိုလျှင် တရုတ် အမေရိကန် ဆက်ဆံရေး ပြိုဆင်းသွားလိမ့်မည်။ လူ့အခွင့်အရေးက တစ်ဘက်၊ ဈေးကွက်နှင့် အမျိုးသားစီးပွားရေးက တစ်ဘက်၊ နှစ်ခုမျှပြီး ကစားနေရ သည်။ နိုင်ငံရေးဆိုသည်မှာ အကျိုးစီးပွားအတွက် ကစားဝိုင်းဖြစ်နေသည်။ ထို့ကြောင့် စံနှုန်းများဆိုသည်မှာ တစ်ခါတစ်ခါ ဟန်ဆောင်ပန်ဆောင် သံတမန် အပြုံးလောက်သာ ရှိသည်။

လူ့အခွင့်အရေး သုညနိုင်ငံများ အရှေ့အလယ်ပိုင်းမှာ ရှိသည်။ ချာရီယာ ဥပဒေပင် ကြီးစိုးနေကြသည်။ သို့သော် အမေရိကန် သေနင်္ဂဗျူဟာ မိတ်ဆွေများ၊ စီးပွားရေးရောင်းရင်းကြီးများ၊ လက်နက်ကုန်သည်ကြီးများ ၏ ဖောက်သည်ကြီးများ၊ သည်တော့ အိမ်ဖြူတော် နှာစေးနေသည်။ စုံလုံးကန်းနေသည်။

ဆီးရီးယားမှာ၊ အီရတ်မှာ၊ အာဖဂန်မှာ လောင်မီးထနေသည်။ အိမ်ဖြူတော်က အာရှကိုလှည့်ပြီး မဟာမိတ် များနှင့် တွေ့သည်။ ပစိဖိတ်မှာ ပဋိပက္ခကြီးလာသည်။ တရုတ်-ဗီယက်နမ်တို့ ရန်ထဖြစ်ကြသည်။ ဗြိတိသျှ တို့ ရွှေခေတ်သည် အတ္တလန်တိန်။ အမေရိကအတွက် ပစိဖိတ်။ စစ်အေးကာလအလွန် ရွှေခေတ်ထဲမှာပင် အာဖဂန်စစ်ပွဲမှ အယ်ကိုင်ဒါနှင့် တာလီဘန်တို့ မွေးဖွားလာခဲ့သည်။ အစွန်းရောက် မူဆလင်တွေ ခေါင်းထောင်လာသည်။ ခေါင်းကိုင်ဖခင်ကြီး ဘယ်သူလဲ။ ကိုယ်မွေးတဲ့မျောက် ကိုယ့် ကို ပြန်ခြောက်နေပြီ။ ဆိုရှယ်လစ်နှင့် ကွန်မြူနစ်များထက် အဆပေါင်းများစွာ ဆိုးဝါးတယ်ဆိုခြင်းကို တရုတ်နှင့် အာဖဂန်တို့ကို ယှဉ်ကြည့်ပါလေ။ ယခု နိုင်ဂျီးရီးယားမှာ ဘိုကိုဟာရမ်အဖွဲ့ ပေါ်လာပြီ။ ကျောင်း သူကလေးများကို ပြန်ပေးဆွဲခြင်းမဟုတ်၊ လူ့အဖွဲ့အစည်းကို ပြန်ပေးဆွဲခြင်း၊ ကမ္ဘာကြီးကို ပြန်ပေး ဆွဲခြင်း ဖြစ်သည်။ ထိုကိစ္စနှင့် နှိုင်းယှဉ်လျှင် ရခိုင်ကိစ္စက အလွန် သေးမွှားလွန်းသည်။

ရခိုင်မှာ ထမင်းငတ်သေနေသော ဘင်္ဂါလီမူဆလင် မရှိ၊ ရခိုင်သတ်၍ သေနေသော မူဆလင် တစ်လတွင် တစ်ယောက်မရှိ။ ဒါကိုတောင်မှ လူမျိုးတုန်း သတ်ဖြတ်မှုဟု သံတမန် အသိုင်းအ၀ိုင်းထဲ မီဒီယာထဲ တဂျီဂျီအော်နေသည်မှာ မည်သည့် ရည်ရွယ်ချက်နည်း။

ယဉ်ကျေးတဲ့ မူဆလင်ကမ္ဘာကို ချွေးသိပ်ဖို့ မည်သို့မျှ ကင်းကင်းနေ၍ မရသော OIC ကို မျက်နှာချိုသွေး ဖို့အတွက် အိမ်ဖြူတော်ဟာ ရခိုင်ကို ကျားစာ ချကျွေးနေတာလား။

သမ္မတ အိုဘားမား၏ စီးပွားရေးပိတ်ဆို့မှု အကြောင်းပြချက်ကို အမေရိကန်ပြန် မြန်မာမိတ်ဆွေ တစ်ဦးနှင့် ဆွေးနွေးကြည့်ရာ သူက အရမ်း စကော်လာ ဆန်နေသည်။ အမေရိကန်သည် လူ့အခွင့်အရေး ကို ဦးထိပ်ထားသည့်အတွက် ဘာကြောင့် ဤသို့ဆုံးဖြတ်ရသည်ကို သူတို့ဘက်မှဝင်၍ စဉ်းစားကြည့်ရန် အကြံပေးသည်။ အဲဒီအမေရိကန်တွေက ရခိုင်တွေဘက်က ၀င်စဉ်းစားဖို့ကော အရေးမကြီးဘူးလားဟု မိတ်ဆွေကြီး ကိုကျော်ဝင်းက ပြောသည်။ အရေးကြီးသည်မှာ အရှိတရားကို သိမြင်ဖို့ လိုသည်။

ကျွန်တော်တို့ ရခိုင်များသည် မြန်မာ့သမိုင်းတွင် စစ်ရှုံးသောလူမျိုး၊ အပစ်ပယ်ခံလူမျိုး၊ တိုင်းရင်းသား အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့လူမျိုး၊ ကျွန်တစ်ပိုင်းလူမျိုး၊ ဗမာကို ကြောက်ရာကနေ ကုလားကိုကြောက်ရ၊ အခု ဒီမိုကရေစီ အမေရိကန်ကို ကြောက်ရမယ့်ကိန်း ဆိုက်လာသည်။

ဤကိစ္စသည် ရခိုင်အရေးသက်သက် မဟုတ်တော့ချေ။ ကျွန်တော်တို့ကို စာနာသည့် ဘ၀တူဖိနှိပ်ခံ တိုင်းရင်းသားပြည်သူများ၏ နားလည်မှုကို ကျွန်တော်တို့ မျှော်လင့်သည်။ ဗမာဒီမိုကရက်တစ်များသည် ကျွန်တော်တို့၏ မိတ်ဆွေ၊ ရဲဘော်များ ဖြစ်သည်။ တပ်မတော်သား၊ နိုင်ငံရေးသမား၊ ပညာရှင်၊ စီးပွားရေး လုပ်ငန်းရှင် အားလုံးကို ရည်ညွှန်းပါသည်။

ကျောက်ဖြူညီလာခံတွင် လုံခြုံငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်သော ရခိုင်လူ့အဖွဲ့အစည့် ပေါ်ထွက်လာရေးကို ဦးတည်လျက် ကျွန်တော်တို့ စုရုံးခဲ့ကြသည်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ တန်းတူချစ်ကြည်စည်းလုံးသော ဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်ရန် ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြသည်။ ဤပြည်ထောင်စုထဲတွင် တန်းတူရေး၊ တရားမျှတမှုနှင့် လွတ်လပ်ခွင့်တို့သည် ဖူးပွင့်နေရမည်။ ဟိန္ဒူ၊ ခရစ်ယာန်၊ မူဆလင် ဘာသာ မျိုးစုံ လူသားတို့သည် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နှင့် လူ့အခွင့်အရေး ပြည့်ဝစွာ ခံစားစေရမည်။ ဤသည်တို့ကို အိမ်ဖြူတော် သိသင့်သည်။ ရခိုင်တို့သည် ရန်လိုသော သွေးဆိုးသော လူမျိုးမဟုတ်၊ ငြိမ်း ချမ်းရေးကို မြတ်နိုးသော ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ လူ့အခွင့်အရေး အောင်လံထောင်ကာ မူဆလင် ကမ္ဘာကို မျက်နှာချိုသွေးပြ၊ ရိုဟင်ဂျာလှုပ်ရှားမှုကို လက်ခံကာ ပြတ်ပြတ်သားသား ရပ်တည်ပြနေသော အိမ်ဖြူတော်၏ ပေါ်လစီသည် ရခိုင်ဒေသ၏ ငြိမ်းချမ်းရေးကို အထောက်အကူမပြုနိုင်။ ပြာဖုံးနေသော မီးကျီ ရဲရဲဖြစ်လာအောင် လေမှုတ်ပေးနေသလို ဖြစ်နေသည်။

ကွန်ကရက်မှ စီးပွားရေးပိတ်ဆို့မှု သက်တမ်းမတိုးမီ နှစ်ရက်က အနောက်ဖက်နယ်စပ်တွင် ရိုဟင်ဂျာ သွေး စည်းညီညွတ်ရေးအဖွဲ့မှ ၀င်တိုက်၍ မြန်မာလက်နက်ကိုင်တချို့ ထိခိုက်ကျဆုံးခဲ့ရသည်။ ပိတ်ဆို့ ပြီး နောက်နေ့များတွင်လည်း ဆက်ဖြစ်နေသည်။

ရခိုင်တို့သည် အတူနေလာသော ဘင်္ဂါလီများနှင့် ပေါက်ကွဲစရာ ပြဿနာမရှိပါ။ ရိုဟင်ဂျာဆိုသော စကားလုံး၏ နောက်ကွယ်မှ နိုင်ငံရေးအနက်ဆောင်မှုကို စိုးရိမ်နေသည်။ ဖြတ်သန်းခဲ့သော သမိုင်း၏ သင်ခန်းစာများအရ ဖြစ်သည်။ ၁၉၈၂ နိုင်ငံသားဥပဒေ၊ သူတို့၏ နိုင်ငံသားဖြစ်မှု၊ လူ့အခွင့်အရေးနှင့် သူတို့၏ ဆုံးရှုံးနေသော လွတ်လပ်ခွင့်များ ကျွန်တော်တို့ မပိတ်ပင်ပါ။ သူတို့ လူသားပီပီ ခံစားခွင့် ရကြပါစေ။

သို့သော် အမေရိကန်၊ EU နှင့် ကုလသမဂ္ဂ သံတမန်ကြီးများက ရိုဟင်ဂျာမှ ရိုဟင်ဂျာ တစ်ဂျာမှ မလျှော့။ တိုင်းရင်းသား သတ်မှတ်ရေးသည် သူတို့ တာဝန်ကြီးတစ်ခုပမာ ဖြစ်နေသည်။

မြန်မာနိုင်ငံ၏ ခေါင်းဆောင်များ၊ သမိုင်းဆရာများက ဆုံးဖြတ်ပြီးသား ကိစ္စတစ်ခုအပေါ် ဖိအားပေး ၀င်စွက်နေကြသည်ဆိုလျှင် "ရိုဟင်ဂျာ"အသိအမှတ်ပြုမှု နောက်ဆက်တွဲ ပေါ်ထွက်လာမည် သေ ချာသော နိုင်ငံရေး အရှုပ်အရှင်းများ၊ ထိတ်လန့်စရာ စိတ်ခေါ်မှုများကို ဘန်ကီမွန်း တာဝန်ယူနိုင်မှာလား၊ အိုဘားမားနဲ့ အိမ်ဖြူတော် တာဝန်ယူနိုင်မှာလား။ အမေရိက၊ ဥရောပနဲ့ အာရှမူဆလင် အသိုင်းအ၀ိုင်းမှာ ရခိုင်ဆိုတာ လူ့အခွင့်အရေးကို တန်ဖိုးမထား၊ မူဆလင်တွေကို လူမျိုးတုန်းသတ်ဖြတ်ဖို့ ကြိုးစားနေသော ဗုဒ္ဓဘာသာများဟု မှတ်ထင်သွားကြပြီ။ အိမ်ဖြူတော်နှင့် ကုလသမဂ္ဂ မည်သို့ ဖြေရှင်းမည်နည်း။ တာဝန်မရှိဘူးလား။

မေလ ၁၉ ရက်နေ့ထုတ် "နယူးယောက်တိုင်းမ်" သတင်းစာကြီး၏ သဘောထားအမြင်ကဏ္ဍတွင် ဆောင်း ပါးတစ်ပုဒ် ပါလာသည်။ ဤသတင်းစာသည် နိုင်ငံတကာတွင် အလွန်သြဇာကြီးသည်။ ဆောင်းပါးအမည်က "The Buddhist Bigots" ဗုဒ္ဓဘာသာ တစ်ဇောက်ကန်းများ။ ဆောင်းပါး အစတွင် ဗုဒ္ဓဘာသာသည် နူး ညံ့သိမ်မွေ့သော ငြိမ်းချမ်းရေး အနှစ်သာရရှိသော ဘာသာတစ်ခုအဖြစ် ချီးမွန်းထားသည်။ (တခြားဘာ သာတွေထက် ပိုမြတ်သလိုလို စပြီးမြှောက်တယ်)။ နောက်ပိတ်မှာတော့ အယ်ကိုင်ဒါလို၊ တာလီဘန်လို ဗုဒ္ဓဘာသာ ဖြစ်သွားခဲ့ရ။ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ဘယ်လိုငြိမ်းချမ်းရေးဆုရှင်လဲ။ မူဆလင်တွေ ဘက်က မရပ်တည်လို့၊ အရှက်မဲ့သည်ဟု ရေးသားထားသည်။ သူတို့ရေးပြောသမျှ အမှန်။ အလွန် အားကောင်းသော ပါဝါအပျော့က သူတို့လက်ထဲမှာ၊ ကျွန်တော်တို့က လူရာမ၀င်၊ ကျွန်တော်တို့အသံက အိမ်ထဲမှာတင် ပျောက်သွားရသော ကိန်းဆိုက်နေသည်။

ရခိုင်သည် သမိုင်းအစဉ်အလာရှိသော လူမျိုး၊ သူတို့မြေတွင် ထေရ၀ါဒ သာသနာထွန်းကားခဲ့သည်။ သူတို့၏ ဒုတိယသမိုင်းခေတ် ဝေသာလီတွင် မဟာယန၊ ထေရ၀ါဒနှင့် ဟိန္ဒူဝါဒတို့ အပြိုင် ရှိနေခဲ့သည်။ နေရာ အနှံ့တွင် ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များ ရှိသည်။ တောင်ထွဋ် တောင်ထိပ်များတွင် စေတီများရှိသည်။ ရိုဟင်ဂျာများကတော့ သူတို့ ဘိုးဘေး ဇူဇာနယ်မြေဟုပြော၊ ဝေသာလီ သက္ကဋကျောက်စာတွင် ရိုဟင်ဂျာ စကားများ ပါသည်ဟုပြော၊ မဟာမုနိကုန်းကို မိုဟာမက်ကုန်းဟုပြော၊ လိမ်ရဲရဲသာ လိမ်၊ နည်းမျိုးစုံနှင့် လိမ်၊ လိမ်ဖန်များလျှင် အမှားသည် အမှန်ဖြစ်လာသည်ဆိုသော ဟစ်တလာ လောဂျစ်ကို သုံးကြသည်။

ရခိုင်တွင် ပင်လယ်ပြာကြီးရှိသည်။ ရိုးမတောင်တန်း ရှိသည်။ သယံဇာတ ပေါသည်။ (ပြည်သူများ မခံစားရခြင်းသည ကိစ္စတစ်ရပ်) ထိုဒေသသည် ဆင်းရဲမွဲတေပြီး စက်မှုလက်မှု မဖွံ့ဖြိုး။ ဆယ်စုနှစ်များစွာ ကံဆိုးမိုးမှောင် ကျနေခဲ့သည်။ ယနေ့ ဒီမိုကရေစီ ခြေလှန်းစရုံရှိသေး၊ မီးလောင်မြေဖြစ်ဖို့ တာစူနေပြီ။ ဘယ်သူတွေက ဖန်တီးနေသလဲ၊ သွေးထိုးနေသလဲ၊ မည်သည့် ရခိုင်မှ ဤအဖြစ်မျိုး ကြုံလိုမည် မဟုတ်ပေ။

မေ(၂၈)ထုတ် နယူးယောက်တိုင်းမ် သတင်းစာတွင် ပို၍ လက်သံပြောင်သော ဆောင်းပါး ပါလာပြန်သည်။ ပင်တိုင်ဆောင်းပါးရှင် Nicholas Kristof ၏ "တုန်လှုပ်ခြောက်ချားစရာ မြန်မာ့အပါ့သိုက်ဝါဒ"။ သူသည် ပူလစ်ဇာဆုရှင် နာမည်ကြီး ဂျာနယ်လစ်။

အသက်(၂၃)နှစ် အရွယ် မူဆလင်မိန်းကလေး မိနူရာဘာဂင်သည် ဆရာဝန်မပါဘဲ သူမ၏ သားဦးကို မွေး ဖွားဖို့ ပင်ပန်းခက်ခဲစွာ ကြိုးစားနေရသည်။ ဆေးဝါးမရှိ၊ အားကိုးစရာမရှိ။ ဤသို့ စလာသော ဇာတ်လမ်း ရှင်ကဲ့သို့ ရိုဟင်ဂျာမှား ရခိုင်ပြည်နယ်တွင် တစ်သန်းကျော်ရှိသည်။ အဆုပ်နာရောဂါနှင့် သေသွားရသော ဘစိန်လည်း ပါသည်။ မီးဖွားစဉ် သွေးလွန်၍ ကလေးငယ်ဆုံးသွားရသောအခါ မီနူရာ၏ ခင်ပွန်းက "ရိုဟင်ဂျာ ဖြစ်ရတဲ့အတွက် ငါတို့ဆေးဝါးကုသမှုမရဘူး၊ အဖေတစ်ယောက်ရဲ့ဘ၀ကို ငါမရလိုက်တော့ ဘူး"ဟု ခါးသီးစွာပြောဆိုသည်။

ဆောင်းပါးရှင်က အမေရိက၏ ပြောဆိုမှုများသည် ပျော့ညံ့လွန်းသည်။ ဥရောပနှင့် အာရှသည် အခြား နည်းရှာရန် ကြိုးစားခဲ့ပြီး အမေရိကသည် ဂျပန်၊ ဗြိတိန်၊ မလေးရှားတို့နှင့်တွဲပြီး မြန်မာကို ဖိအားပေးရမည်။ သူ၏ နိုင်ငံခြားရေးပေါ်လစီ ရွေးချယ်မှုလုပ်ငန်းများတွင် အကန့်အသတ်ရှိပြီး စစ်ရေးအရ ၀င်ဖက်မှုများ ရလာဒ်ဆိုးသည်ကို အိုဘားမား သိရှိလာပြီ။ သို့သော် အပြည့်အ၀မသုံးသေးသော နိုင်ငံရေးအရင်းစွမ်းအား (Political Capital) သူ့မှာရှိသည်ဟု ရေးသည်။ မည်သည်ကို ဆိုလိုသနည်း။ ဘာတွေကို လုပ်မည်နည်း။

တက္ကသိုလ်ကျောင်းသားတစ်ဦးဘ၀တွင် တောင်အာဖရိက၏ အသားရောင်ခွဲခြားရေးဝါဒကို အိုဘားမား ဆန့်ကျင်ခဲ့သည်။ ထို့ထက် ပိုမို ထိတ်လန့်တုန်လှုပ်စရာဝါဒကို သမ္မတတစ်ဦးအနေနှင့် ရင်ဆိုင်သင့်သည် ဟု ရေးသည်။ မြန်မာသည် တောင်အာဖရိကထက် ဆိုးဝါးနေပါပေါ့လား။

မြန်မာသည် အမေရိက၏ ရင်းနှီးမြှုပ်နှံမှုများ ရှာဖွေနေသည်။ ရိုဟင်ဂျာများကို လူလိုမဆက်ဆံလျှင် တစ်ပြားတစ်ချပ်မှ ရမည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောရမည်ဟု ပူလစ်ဇာဆုရှင်က နိဂုံးချုပ် ထားသည်။

ဒီမိုကရေစီနိုင်ငံကြီးမှ ထက်မြက်သည့် ဂျာနယ်လစ်တစ်ဦး ဤမျှ အမြင်တိမ်မည်ဟု မထင်မှတ်ခဲ့ပါ။ မောဟ များ ဖုံးလွှမ်းနေသည်ဟုသာ တွေးမိသည်။

၁၉၈၈ မှ စခဲ့သော အမှောင်ခေတ်၏ အဆိုးဝါးဆုံး နှစ်ကာလများ၊ အိမ်ဖြူတော်၏ စီးပွားရေးဒဏ်ခတ် မှု၊ နိုင်ငံတကာနှင့် အဆက်အသွယ် ပြတ်တောက်မှု စသည်တို့၏ ရလာဒ်တစ်ခုအဖြစ် တရုတ်မြန်မာ ဆက်ဆံရေးသစ် ပေါ်ထွက်လာခဲ့သည်။ တရုတ်အစိုးရသည် မြန်မာစစ်အစိုးရ၏ ကျေးဇူးရှင်။ မြန်မာ့ဒီမိုက ရက်များအတွက်တော့ ကယ်တင်ရှင်လောင်းသည် အိမ်ဖြူတော်။ အာဏာရှင်ဗိုလ်နေ၀င်း၏ ဆိုရှယ်လစ် အစိုးရကို ကွန်မြူနစ် ဆန့်ကျင်ရေး ပြင်းထန်သည့်အတွက် အိမ်ဖြူတော်၊ အင်္ဂလန်နှင့် အနောက်ဂျာမနီတို့က သဘောကျခဲ့ကြသည်။ ကွန်မြနစ်တော်လှန်ရေးကိုတော့ တရုတ်ပါတီမှ ထောက်ပံ့အားပေးခဲ့သည်။ ထိုကာ လများတွင် လူ့အခွင့်အရေးကို လေးစားပါ။ သဘာဝပတ်ဝန်းကျင်ကို လေးစားပါဆိုသော ဆောင်ပုဒ်များ သည် အိမ်ဖြူတော် အဘိဓါန်တွင် မရှိပေ။ ဓာတုဆေးရည်ဖြန်းသောကြောင့် ပင်စည်တုံးလုံးဖြစ်သွားသော ဟိုချီမင်းလမ်းမ၏ ရွက်ပြုန်းတောအုပ်များ၊ B52 ဗုံးကြဲလေယာဉ်များကြောင့် ပေါ်ထွန်းလာသော ရေတွင်းရေ ကန်များနှင့် အင်ဒိုချိုင်းနား စစ်ပွဲသမိုင်းက သက်သေ ပြသွားခဲ့ပါပြီ။ အိမ်ဖြူတော်ရော။ တိန်အန်မင်ပါ မြန်မာ တိုင်းရင်းသား ပြည်သူများကို ချစ်ခင်လေးစားပါသည် ဆိုခြင်းမှာ မရယ်ရသော နိုင်ငံရေးဟာသပင် ဖြစ်မည်။ တိန်အန်မင်ကို ဦးညွှတ်ရင်း လမ်းပျောက်သွားရသော ပစ္စည်းမဲ့တော်လှန်ရေးမှ ဘော်ရှီဗစ် ရဲဘော်များ၊ အိမ်ဖြူတော်ကို ရှိခိုးကန်တော့ရင်း သူတောင်းစားဖြစ်သွားခဲ့ရသော တော်လှန်သည့် ဒီမိုကရက်တစ်များ၊ ရွှေ လီ၊ ချင်းမိုင်၊ မဲဆောက်မှာ ရှာစရာမလို၊ ရန်ကုန် မန္တလေးမြို့ကြီးတွေမှာ ရောက်နေပါပြီ။ ပြည်သူများမှာ လည်း ဖွတ်ကျောပြာစု အမှောင်ထုထဲမှ ရုန်းမထွက်နိုင်သေး။ တော်လှန်ရေးကြီးက ကမ်းမမြင်၊ လမ်းမမြင်။ ပါဝါကြီးများက အကျိုးစီးပွားအတွက် ဂိမ်းများကို တစ်ခုပြီးတစ်ခု ကစားနေကြဆဲ။ ကံဆိုးမိုးမှောင် ကျနေသော နိုင်ငံ၏ ပြည်သူများသည် စတေးခံသားကောင်များ ဖြစ်ပေးနေရဦးမည်လား။

ကမ္ဘာ့နိုင်ငံရေးတွင် သမုဒ္ဒရာများ၏ အခန်းကဏ္ဍသည် အရေးပါသည်။ ၁၉ ရာစုတွင် အတ္တလန်တိတ်၊ ၂၀ ရာစုတွင် ပစိဖိတ်၊ ၂၁ ရာစုတွင်ကား နေရာဟောင်းများ နောက်သို့ ရောက်သွားသည်။ ကမ္ဘာကို လွှမ်းမိုး ပိုင်စိုးလိုသော စူပါနိုင်ငံသည် သမုဒ္ဒရာကို ပိုင်စိုးနိုင်ရမည်။ သမုဒ္ဒရာကို မပိုင်ဘဲ ယနေ့ကမ္ဘာကြီးကို စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအရ လွှမ်းမိုးရန် လုံးဝမဖြစ်နိုင်။ အိန္ဒိယသမုဒ္ဒရာ၏ အခန်းကဏ္ဍကို ယနေ့ ပထ၀ီနိုင်ငံရေး၏ အဆုံးအဖြတ်ရေပြင်အဖြစ် သေနင်္ဂဗျူဟာ ပညာရှင်များက အသိအမှတ်ပြုခဲ့ကြပြီ။ အမေရိ ကသည် နံပါတ်(၁)နေရာကို ထိန်းထားရန် အိန္ဒိယသမုဒ္ဒရာကို ပိုင်စိုးရမည်။ သို့သော် ထိုရေပြင်သည် အမေရိကနှင့် အဝေးကြီး။ ဆာဟာရ အဖျားကနေ အင်ဒိုနီးရှားကျွန်းစုတွေအထိ ရှယ်လျားကျယ်ပြောပြီး အာရေဗီယပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော် နှစ်ခုရှိသော ထိုသမုဒ္ဒရာကြီးအတွက် မဟာနိုင်ငံကြီးများ ဗျူဟာ ခင်းနေကြပြီ။ မဟာဗျူဟာကစားပွဲတွင် တရုတ်နှင့် အိန္ဒိယအတွက် အိမ်ကွင်းသဖွယ် ဖြစ်နေသည်။ အိန္ဒိယနိုင်ငံနှင့် အိန္ဒိယသမုဒ္ဒရာဆိုသည်မှာ အမျိုးဆက်ပြီးသား။ တရုတ်တို့အတွက်ကား မြန်မာ စစ်အာဏာ ရှင်တို့အပေါ် အိမ်ဖြူတော်၏ ဟိုကိုင်သည်ကိုင် ယောင်ချာချာ ပေါ်လစီကြောင့် ဘင်္ဂလားပင်လယ်အော် ကို မေတ္တာလက်ဆောင် အချောင်ရလိုက်လေသည်။ တရုတ်သည် အမေရိကကို ကျော်တက်ရန် နည်းမျိုးစုံ ကြိုးပမ်းနေသော စူပါအာရှဆိုသည်ကို ပညာရှင်တိုင်း လက်ခံပြီးသား ဖြစ်သည်။ တချို့က ၂၀၅၀ တွင် အပြတ်ဖြတ်သွားလိမ့်မည်ဟု ဟောကိန်းထုတ်ကြသည်။ တရုတ်နိုင်ငံတော်တွင်လည်း သိမ်မွေ့သော ပဋိပက္ခများစွာနှင့်။

ယနေ့ပထ၀ီနိုင်ငံရေးတွင် စွမ်းအင်သည် ထိပ်ဆုံးတန်းမှ ပြဿနာ ဖြစ်သည်။ အိန္ဒိယနှင့် တရုတ်တို့အတွက် စွမ်းအင်ပြဿနာနှင့် ထိန်းချုပ်ရေး ပွိုင့်များသည် အိန္ဒိယသမုဒ္ဒရာအတွင်း ဟောမုတ်ရေလက်ကြားနှင့် မလက္ကာရေလက်ကြားတို့ ဖြစ်သည်။ တရုတ်တို့သည် မြန်မာနိုင်ငံကိုဖြတ်ကာ ဘင်္ဂလားပင်လယ်အော် ထွက်ပေါက်ကို ရရှိထားသောကြောင့် သမုဒ္ဒရာနှစ်စင်းကို တံတားထိုးနိုင်ရန် အခွင့်အလမ်းသာခဲ့ ပြီ။ ကျောက်ဖြူ-ကူမင်း သဘာဝဓါတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရေနံလှောင်ကန်ကြီးများ၊ တရုတ်ပြည်သို့ ရေနံပိုက်လိုင်းများ၊ အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူ တရုတ်ပြည် ရထားလမ်းတို့သည် အိန္ဒိယသမုဒ္ဒရာကို လွှမ်းမိုးရန် အခြေခံအုဋ်မြစ်များ ဖြစ်သည်။ တစ်ဘက်တွင် အိန္ဒိယ၏  အရှေ့မျှော် ၀ါဒအရ ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်းကြီးတစ်ခုသည် စစ်တွေဆိပ်ကမ်းကို ဗဟိုပြုကာ မကြာ မီ ပေါ်ထွက်လာတော့မည်။

၂၀၁၂ ခုနှစ်တွင် အိုဘားမားသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဒီမိုကရေစီ သတင်းစကားကို လက်ဆောင်ပါးသည်။ သူ့ခရီးစဉ်တွင် တရုတ်ဂြိုဟ်ပတ်စက်ဝိုင်းတွင်းမှ မြန်မာနိုင်ငံကိုဆွဲထုတ်ဖို့ တရုတ်ကို စတင်ထိန်းချုပ်ဖို့ သဘောထားများပါမည် သေချာသည်။ ဘင်္ဂလားပင်လယ်အော်ထဲ၌ အမေရိကန် တို့ ခြေလှမ်းနောက်ကျသွားခဲ့ပြီ။ သို့သော် ပေါ်လစီမိန့်ခွန်းထဲတွင် "ရိုဟင်ဂျာ"ဆိုသည်ကို ပြောဖြစ်အောင် ထည့်ပြောသည်။ သူ့အတွက် လူ့အခွင့်အရေးနှင့် ရိုဟင်ဂျာကို တွန်းတင်ပေးရ၊  အရှေ့အယ်ပိုင်း မူဆလင်ကမ္ဘာကို မျက်နှာချိုသွေးရ၊ မြန်မာ့နွေဦးကို အားပေးလိုက်၊ ဖိအားပေးလိုက်နှင့် နှစ်မျက်နှာလုပ်နေရ၊ တရုတ်ကို ထိန်းချုပ်ဖို့ ကြိုးစားရနှင့် စမ်းတ၀ါးဝါး အဆင့်မှာ ရောက်နေသည်။ အမေရိက၏ ရင်းနှီးမြှုပ်နှံမှုက ၁% သာရှိသော မြန်မာနိုင်ငံတွင် ဖျာခင်းသူက ခင်းနေကြပြီ။ အမေရိကန်တို့မှာ ဖျာခင်းချင်တာက ဖျပ်ဖျပ်လူး၊ ၀င်ခင်းဖို့ကလည်း ခက်ခက်ဆိုသည့် အခြေအနေမျိုး ရောက်နေသည်။

အမေ၇ိကအတွက် အကျပ်ဆိုက်ကာလမှာ တရုတ်အတွက် သမုဒ္ဒရာအိပ်မက်သည် တဖြည်းဖြည်း ပီပြင် လာသည်။ ဘင်္ဂလားပင်လယ်အော်တွင် အခြေကျတော့မည်။ ရခိုင်သည် တရုတ်တို့၏ အခြေစိုက် စခန်း ဖြစ်လာတော့မည်။ အိန္ဒိယသမုဒ္ဒရာကို လက်လွှတ်လိုက်ရလျှင် မဝေးသော အနာဂတ်၌ ရာဇပလ္လင် နံပါတ်တစ်မှ ဆင်းပေးရန် ပြင်ဆင်ပေတော့။

အမေရိကသည် ရိုဟင်ဂျာအရေးတွင် အဘယ်ကြောင့် ရှေ့တန်းမှ ရပ်တည်နေသနည်း။ လူ့အခွင့်အရေး သည် သူတို့၏ စံနှုန်း၊ မူဆလင်ကမ္ဘာနှင့် OIC သည် သူတို့၏ အစားထိုးမရနိုင်သော မိတ်ဆွေကြီး များ ဖြစ်သည်။ ရခိုင်ဒေသတွင် တရုတ်တို့ အခိုင်အမာ ခြေကုပ်စခန်း တည်ဆောက်သွားနိုင်မှုသည်လည်း ပါဝင်နိုင်သည်။ ရခိုင်ဒေသ တည်ငြိမ်မှုသည် တရုတ်တို့အတွက် အခွင့်အလမ်းသာစေပြီး တရုတ်ကို ထိန်းချုပ်မည့် ပေါ်လစီအတွက် အားနည်းချက် ဖြစ်နေသည်။ တရုတ်အသာစီးရနေသော ဒေသတွင် မတည် ငြိမ်မှုများ ရှိနေစေဖို့ နိုင်ငံတကာ လက်မဲကြီးက ၀င်ကစားနေတာလား။ ဒီကစားပွဲမှာ ကုလားလက် မည်းတွေ၊ နောက်ကြောင်းပြန်လှည့်ချင်တဲ့ ဗမာလက်မည်းတွေက ပျော်ရွှင်ကျေနပ်စွာ ၀င်ကနေကြတာ လား။ အိမ်ဖြူတော်က မြန်မာ့နွေဦးကို ရိုဟင်ဂျာတစ်သန်းနဲ့ လောင်းကြေးထပ်နေတာလား။ ကမ္ဘာ့ ပထ၀ီနိုင် ငံရေး ကစားပွဲကြီးမှာ ရခိုင်ဒေသဟာ မီးလောင်မြေ ဖြစ်ပေးရမှာလား။ ရခိုင်သုံးသန်းဟာ နယ်ရုပ်တွေလို စတေးခံ ပေးရမှာလား။

ကျွန်တော်တို့နိုင်ငံမှာ နာကျင်ဆုံးရှုံး စတေးရမှု များပြားလွန်းသော ခါးသီးဆိုးဝါးလွန်းသော ပြည်တွင်းစစ်ကြီး ကို နိဂုံးချုပ်စေလိုပါသည်။ တန်းတူသော ချစ်ကြည်စည်းလုံးသော ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်း လာရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြပါသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရှင်သန်ဖူးပွင့်မှု ကို တွေ့မြင်ခံစားလိုပါသည်။

နိုင်ငံခေါင်းဆောင်များ၊ ဒီမိုကရေစီမြတ်နိုးသော တပ်မတော်ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင် များ၊ ဗမာခေါင်းဆောင်များ တိုင်းရင်းသားပြည်သူအားလုံးကို...

ကျွန်တော်တို့ ရခိုင်များ၏ ရင်ထဲတွင် တငွေ့ငွေ့လောင်နေသော သောက ဗျာပါဒများကို စာနာပေးကြပါ။ နားလည်ပေးကြပါလို့ လေးစားအားကိုး ပန်ကြားအပ်ပါသည်။

ရခိုင်ပြည်သူများ၏ အရှိတရားကို နားလည်ဖို့ ကြိုးစားပါ။


လူသားချင်း စာနာသော အကူအညီ၊ ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီများကို သန့်ရှင်းသော စိတ်စေတနာဖြင့် ကူညီကြပါ။

မြန်မာ့နွေဦး၏ စိမ်းမြသော ရွက်နုရွက်သစ်များသည် သင်တို့၏ ဓာတုဆေးဝါးများကြောင့် မကြွေစေ လို။ မြန်မာ့နွေဦးကို ရေစင်ဖြန်းပါ။ ပျော်ရွှင်ခံစားပါဟု အိမ်ဖြူတော်အား မေတ္တာရပ်ခံပါသည်။

ငြိမ်းချမ်းရေးသည် ဓမ္မ
မိုးဦး ၂၀၁၄

မောင်ခိုင်အောင် (စစ်တွေ)

ကမ်ဘာရာစာတမ်း (၂၀၁၃)
Democratization in Myanmar and Destiny of Arakan
မောင်ခိုင်အောင် (စစ်တွေ) စာအုပ်မှ -


No comments:

Post a Comment