ဗြိတိသျှခေတ်ဦး ရခိုင်ပြည် - မောင်ထင်

ယခုကျွန်တော်တင်ပြသော ဆောင်းပါးမှာ လွန်ခဲ့သောနှစ်ပေါင်း တစ်ရာ့အစိတ်ခန့်က ရခိုင်ပြည် တောင်ပိုင်း ဒေသ တို့၌ ရှိနေသော စီးပွားရေးအခြေပင်ဖြစ်ပါသည်။ ကျွန်တော်ကိုးကားသော အမှတ် အသားမှာ လွန်ခဲ့ သော နှစ်ပေါင်းအစိတ်ကျော်ခန့်က ထုတ်ဝေသည့် မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ် စာစောင်မှရ သော အမှတ်အသားများဖြစ်ပါသည်။

၁၈၂၄ ခု၊ မတ်လ (၅)ရက်နေ့တွင် အင်္ဂလိပ်တို့သည် ရှပူရီကျွန်းခေါ် ရှင်မဖြူကျွန်းကိစ္စကို အကြောင်းပြ၍ မြန်မာပြည်၌ ပထမဦးစွာသော နယ်ချဲ့စစ်ကို ဆင်ခဲ့ကြသည်။ ထိုအင်္ဂလိပ် မြန်မာပထမစစ်ပွဲတွင် စစ်သူကြီး မဟာဗန္ဓုလသည် အင်္ဂလိပ်နယ်ချဲ့သမားများအား ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့သည်။ သို့သော် မြန်မာတို့၏ ဓါးသည် အင်္ဂလိပ်တို့၏ ရိုင်ဖယ်သေနတ်ကို မတော်လှန်နိုင်လေ။ ထို့ကြောင့် စစ်သူကြီး မဟာဗန္ဓုလ ကျဆုံး ပြီးနောက် ၁၈၂၆ ခု၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် အင်္ဂလိပ်မြန်မာ ရန္တပိုစာချုပ် ချုပ်ဆိုကြလေ သည်။

ထိုစစ်ပြေငြိမ်းရေး စာချုပ်အရ ရခိုင်တိုင်းနှင့် တနင်္သာရီတိုင်းတို့ကို အင်္ဂလိပ်လက်သို့ အပ်ခဲ့ရလေသည်။ သို့နှင့်ပင် အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေးသည် ရခိုင်ပြည်ကို ဦးစွာပထမ ရောက်လာခဲ့လေသည်။ ထိုစဉ်က ရခိုင်ရေးရာတို့ကို စစ်တကောင်းမြို့မှ ဌာနချုပ်အဖြစ်ဖြင့် အုပ်ချုပ်ခဲ့လေသည်။

ရခိုင်ပြည်၏ အုပ်ချုပ်ရေးကို စတင်သည့်အချိန်က ဗြိတိသျှတို့တွင် အမြောက်တင်သင်္ဘော လေးစင်းအပါ အ၀င် သင်္ဘောမျိုးစုံဆယ်စင်းနှင့် သင်္ဘောသား(၁၅၇)ယောက်ရှိသည်။ ဤကား (၁၈၂၇)ခု၊ မေလ စာရင်း အရဖြစ်သည်။ (၁၈၂၉)ခု၊ မေလသို့ရောက်သော် သင်္ဘောနှစ်စင်းတိုးလာသည်။ ဗြိတိသျှတို့ ခန့်အပ်သော ကော်မရှင်နာ (၀န့်ရှင်တော်)မင်းကြီးသည် မိုင်(၂၀၀)ရှည်လျားသော ရခိုင်ကမ်းရိုးတန်း၏ အုပ်ချုပ်ရေးနှင့် လုံခြုံရေးကို အဆိုပါ သင်္ဘောကြီးငယ်တို့ဖြင့် စီမံစောင့်ကြပ်လေသည်။

ယခုကျွန်တော်ပြဆိုလိုသော အုပ်ချုပ်ရေးနှင့် စီးပွားရေးတို့မှာ ယခု သံတွဲနှင့် ကျောက်ဖြူဟုခေါ်သော ခရိုင် နှစ်ခု၏ စီးပွားရေးစစ်တမ်းများ ဖြစ်ပါသည်။ ကျွန်တော်ထံရှိသော ကိုးကားရန်အချက်အလက်တို့မှာ မစုံလင် သဖြင့် စစ်တွေခရိုင်ကို ချန်လှပ်ခဲ့ရပေသည်။ သို့သော် အရင်းကိုစစ်လိုက်လျှင် စစ်တွေခရိုင်၏ တိုးတက်မှု သည် အရင်းခံဖြစ်သောကြောင့် သုတေသီ ပုဂ္ဂိုလ်များသည် ရှာဖွေစူးစမ်းမှုကို ဆက်လက်ပြုကြရန် ကျွန် တော် တိုက်တွန်းလိုက်ရပါသည်။

(၁၈၆၈)ခုနှစ် တ၀ိုက်လောက်တွင် မစ္စတာမတ္တရေး ဆိုသူသည် သံတွဲခရိုင် အရေးပိုင် လုပ်ခဲ့ဘူးသည်။ ၎င်း ၏ အစီရင်ခံစားများကို ကိုးကား၍ ဖော်ပြသော် အောက်ပါအတိုင်းဖြစ်သည်။

(၁၈၃၁)ခုနှစ်တွင် သံတွဲခရိုင်၌ စပါးစိုက်ပျိုးသော ဧရိယာသည် ဧက(၃၀၀)မျှပင် မပြည့်ဟု အဆိုရှိသည်။ ၁၈၂၉-၃၀ အတွင်း၌ ထိုခရိုင်လူဦးရေ (၁၅၁၉၅)မျှသာရှိ၏။ ၁၈၆၇-၆၈ခုနှစ်ကား လူဦးရေ (၄၅၁၇၆)ယောက်သို့ တိုးလာခဲ့ပြီး ၁၈၃၄-၃၅တွင် သံတွဲခရိုင်၌ လယ်မြေတို့ကို ဧကနှင့်တိုင်းထွာ၍ အစိုးရက ကြေး တိုင်စိုက်ပြီဖြစ်ရာ လယ်မြေဧကပေါင်း (၁၁၀၈၈)ရှိလာပြီဟု ဆိုပေသည်။ ၁၈၆၇-၆၈ ၌ကား လယ်မြေဧက သည် (၃၀၈၄၃)ဖြစ်လာသောကြောင့် (၃၄)နှစ်အတွင်း မြေခွန်တော်မှာ (၅၉၀၆၇/ိ)မှသည် (၁၀၃၂၅၃/ိ)အထိ ရခဲ့လေသည်။

လယ်ယာတိုး၍ လုပ်သဖြင့် ကြီးပွားလာသည် မှန်သော်လည်း ဆေးစိုက်ပျိုးသော ဧရိယာမှာ ၁၈၃၀-၃၁ ခုနှစ်၌ (၃၅၄၉) ဧကရှိခဲ့ရာမှ ၁၈၆၇-၆၈တွင် ဧက(၁၄၈၀)သို့ လျှောကျလာခဲ့သည်။ ထို့ထက်ပို၍ ထိခိုက် လာသော လုပ်ငန်းတရပ်မှာ ပိုးမွေးမြူရေးလုပ်ငန်းတရပ်ဖြစ်သည်။ ရှေးခေတ်က သံတွဲမြို့သည် သံတွဲပိုးလုံ ချည်လုပ်ငန်း၌ အလွန်ထင်ရှားကျော်ဇောသည်။ သို့သော် ပိုးစာပင်စိုက်သော ဧရိယာမှာ (၁၆၉) ဧကမှ (၂၄)ဧကသို့ လျှော့ကျလာခဲ့ပြီး၊ စစ်ကြီးမဖြစ်မီက ပိုးအနည်းငယ်ထွက်သေးသည်။ ယခုအခါ သံတွဲခရိုင်၌ ပိုးလုပ်ငန်း ကွယ်ပျောက်စပြုပြီ။

ကျွဲနွားစာရင်းမှာ ၁၈၂၉-၃၀ တွင် ကျွဲကောင်ရေ (၂၇၉၀)ရှိ၍၈ နွားထီး၊နွားမကောင်ရေ (၄၂)ကောင် ရှိသည်ဟု ဆိုသည်။ ထွန်တုံး(၇၁၁)တုံး၊ လှေ(၃၇၃)စင်း ဟူ၍လည်း စာရင်း၌တွေ့ရသည်။ သို့သော် မြန်မာ နိုင်ငံကဲ့သို့ လှည်းမရှိချေ။ ၁၈၆၇-၆၈သို့ ရောက်သောအခါ ကျွဲကောင်ရေ (၁၈၇၅၃)၊ နွားထီး နွားမ ကောင်ရေ (၆၀၂၅)၊ ထွန်တုံး (၄၂၆၄)၊ လှေ (၇၈၇) ဟူ၍ စာရင်းတွေ့ရသည်။ လှည်းကို သံတွဲခရိုင်၌ (၁၈၃၀)ခုနှစ် ကျော်လွန်ပြီးမှသာ လူတို့အသုံးများလာသည်ဟု ဆိုရန်ရှိသည်။

ရခိုင်ပြည်ကို ဗြိတိသျှတို့ သိမ်းပိုက်သောအခါ ရမ်းဗြဲ၊ အမ်းနှင့် မာန်အောင်ကျွန်းရှိ မြို့ဟောင်းဟူ၍ မြို့ကြီး သုံးမြို့ ရှိသည်။ ရမ်းဗြဲမှာ မြန်မာမင်းလက်အောက်တွင် အဆင့်အတန်းအားဖြင့် ရခိုင်တပြည်လုံးအတွက် ဒုတိယအရေးကြီးဆုံးသော မြို့ဝန်ရုံးစိုက်သည်။ အမ်းမြို့နှင့် မြို့ဟောင်း၌လည်း မြန်မာမြို့ဝန်တစ်ဦးစီ ရုံးထိုင် ကြသည်။

ထိုခေတ်က စီးပွားရေးစနစ်မှာ ကုန်ဖလှယ်သော စနစ်ဖြစ်သည်။ ထို့ကြောင့် ငွေကြေးဟူ၍ များစွာ မကြွယ် ၀ကြချေ။ မသုံးစွဲကြချေ။ လူတစ်ကိုယ်လျှင် ငွေ ၃၀ ကျပ်ကိုင်၍ သုံးစွဲနိုင်သည်ကို များစွာမတွေ့ရချေ။ သို့သော် ဆန်၊ဆား၊ငါး၊ငပိ၊ ကြက်ငှက်၊ ဟင်းသီးဟင်းရွက်တို့မှာ ဖောဖောသီသီ ရှိကြသည်။ လက်ယက္ကန်း နှင့် အိမ်တွင်းရက်လုံချည်ထမီများ ပေါများသည်။ မိမိတို့လိုရာ အဆင်ကို မဲနယ်အမျိုးမျိုးဖြင့် ဆိုးယူကြ သည်။

ဇိမ်ခံပစ္စည်းဟူ၍ ဆိုရလောက်အောင် ဆေးလိပ်သောက်ခြင်း၊ ခေါင်ရေသောက်ခြင်းလောက်သာ ရှိသည်။ ဘိန်း၊ ဘင်း၊ ကဇော်၊ အရက်ဟူသော အဖျက်အဆီးများ မရှိသေးချေ။ ရမ်းဗြဲသည် ကာလကတ္တား ဆိပ်ကမ်းနှင့် ဆက်၍ ထုတ်ကုန်သွင်းကုန် လုပ်ငန်းကို လုပ်ခဲ့သည်။ ရမ်းဗြဲမှ ဆင်စွယ်၊ ပျားဖယောင်းနှင့် ကျွဲချိုများကို ကာလကတ္တားသို့ တင်ပို့သည်။ ကာလကတ္တားမှ ကွမ်းသီး၊ ကွမ်းယာဆေး၊ အင်္ဂလိပ်ရက် အထည်အလိပ်များ တင်သွင်းသည်။ ၎င်းပစ္စည်းများကို အမ်းတောင်ကြားလမ်းနှင့် မအီတောင်ကြားလမ်းမှ ကုန်းကြောင်းခရီးဖြင့် တင်သွင်းသည်လည်းရှိသည်။

အမ်းတောင်ကြားလမ်းမှာ ယခုတိုင် အသုံးဝင်လျက်ရှိသည်။ မအီမြစ်ဖျားသို့ တက်သွားရသော မအီ တောင် ကြားလမ်းမှာ ထိုဒေသရှီ ရွာသားများသာလျှင် ကောင်းစွာ ကျွမ်းကျင်သော လမ်းဖြစ်သည်။ ထိုတောင်ကြား လမ်းများမှ မြန်မာပြည်မသို့ အများဆုံးတင်ပို့သော ကုန်များမှာ ငပိဖြစ်သည်။ ငပိကို မြန်မာဝါနှင့် ဖလှယ် ကြသည်။ ငပိကုန်ကူးရာ၌ ယခုအခါ တောင်ကုတ်လမ်းမှလည်း သယ်ယူကြသကဲ့သို့ မဟုတ်ဘဲ လူကိုယ် တိုင် နိုင်သမျှ တထမ်းစီထမ်း၍ ရောင်းချကြရသည်။

မာန်အောင်ကျွန်းနှင့် ရမ်းဗြဲကျွန်းတို့တွင် ဗြိတိသျှ စစ်ပါရီတပ်များ တပ်စွဲချထားရာ ၎င်းတို့တပ်၏ ဌာနချုပ် မှာ သံတွဲမြို့ဖြစ်လေသည်။ အင်ကူကျွန်းကို ယခုကာလအခေါ် မည်သို့ခေါ်သည်မသိ၊ ရမ်းဗြဲနှင့် သံတွဲတို့ ကား ယခုစစ်တွေမြို့ကဲ့သို့ ခရိုင်ဌာနချုပ်မြို့များ ဖြစ်လေသည်။ မူလက ရမ်းဗြဲ၊ သံတွဲနှင့် စစ်တွေအရေးပိုင် တို့သည် ရခိုင်တိုင်း ၀န့်ရှင်တော်မင်းကြီး၏လက်အောက်၌ အမှုထ်းရသည်။ နောင်သောအခါ ၎င်းတို့ အပေါ်၌ ဆူပရင့်တင်ဒင့် ခေါ် အရာရှိက အုပ်ချုပ်ရသည်။ ထိုအရာရှိကို စစ်တကောင်းမြို့ရှိ အခွန်တော် မင်းကြီးက အုပ်ချုပ်သည်။

ထိုစဉ်က သုံးစွဲသော ကြေးငွေမှာ ဘင်္ဂလားအစိုးရထုတ်သော ကျပ်သုံးဒင်္ဂါးဖြစ်သည်။ မြန်မာနိုင်ငံထုတ် ကျပ်သုံးဒင်္ဂါးများကိုလည်း သုံးစွဲကြသည်။ သို့သော် မြန်မာသုံ ဒင်္ဂါးမှာ တန်ဘိုး တဖြည်းဖြည်း ဆုတ်ယုတ် လာခဲ့ရာ ဘင်္ဂလားငွေတစ်ကျပ်ကို မြန်မာငေါ နှစ်ကျပ်လိုက်ရသည်ဟု အဆိုရှိပေသည်။ သို့သော် ထိုခရိုင် များမှာ အလွန်ဆင်းရဲသော ခရိုင်များဖြစ်ရကား၊ ဘင်္ဂလားအစိုးရသည် အခွန်တော်ငွေအစား ဆားကိုပေး ရန် လက်ခံရသည်။ အစိုးရကိုယ်တိုင်က ဆားချက်လုပ်ငန်းကို အားပေးခဲ့ရသည်။ အခွန်တော်အဖြစ် ဆားကို သွင်းသောအခါ ကျောက်ဖြူရှိ ဆားဂိုဒေါင်ရုံတွင် လက်ခံရသည်။

အမ်းခရိုင်သည် ကျန်းမာရေး၌ အထူးညံ့ဖျင်းသော ခရိုင်ဖြစ်သည်။ ထို့ကြောင့် ၎င်းခရိုင်ကို ၁၈၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်နေ့တွင် ရမ်းဗြဲခရိုင်နှင့် ပေါင်းလိုက်ပြီးသော်၊ ခရိုင်ဌာနချုပ် (အရေးပိုင် ရုံးစိုက်ရာ ဌာနကို) ကျောက်ဖြူသို့ ရွှေ့လိုက်ရလေသည်။ ရမ်းဗြဲ၌ တရားသူကြီးတစ်ဦး ခန့်ထားသည်။ ၁၈၆၂ ခုနှစ် တွင် ကျောက်ဖြူ၌ ရဲအဖွဲ့ စနစ်သစ်တစ်မျိုးပြောင်းသည်။ ထိုစံနစ်မှာ စစ်ပုလိပ်သဘောမှ မြို့ပြအုပ်ချုပ်ရေး ဆိုင်ရာ ပုလိပ်သဘောသို့ သက်ဝင်လာသည့် စံနစ်ဖြစ်ဟန်တူလေသည်။ ၁၈၆၃ ခုနှစ်၌ကား ရမ်းဗြဲ၊ အမ်း နှင့် မာန်အောင်ကျွန်းတို့အတွက် တတိယတန်း ရာဇ၀တ်အာဏာရ မြို့အုပ်နှင့် စစ်ကဲတို့ကို ပို၍ အုပ်ချုပ်စေ သည်။ ကျောက်ဖြူ၌ကား ဒုတိယတန်းအာဏာရ ရာဇ၀တ်တရားသူကြီးက အရေးပိုင်လက်အောက်၌နေ၍ အုပ်ချုပ်ရသည်။

ကျောက်ဖြူမြို့၌ ၁၈၂၉ ခုနှစ်မှ ၁၈၅၉ ခုနှစ်အထိ ဆန်တိုမင်တပ်မြေ ဖြစ်ခဲ့သည်။ ထို့နောက် စစ်တပ်ကို ကျောက်ဖြူ၌မထားတော့ချေ။ ၁၈၄၁ ခုနှစ်၌ကား အင်္ဂလိပ်တို့နှင့် ပဏာမစားသော သာယာဝတီမင်းကို အကြောင်းပြု၍ အင်္ဂလိပ်မြန်မာစစ် ဖြစ်ရတော့မည်သို့ ရှိသောအခါ ကျောက်ဖြူသို့ ဘင်္ဂလားခြေလျင်တပ် နှင့် ဥရောပတိုက်သား လက်နက်ကိုင်တပ်တို့ကို ထပ်မံဖြည့်စွက်ချထားသည်။

၁၈၅၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် အင်္ဂလိပ်မြန်မာ ဒုတိယစစ်ဖြစ်၍ အိန္ဒိယဘုရင်ခံက ပဲခူးခရိုင် ကို သိမ်းပိုက်လိုက်သည်။ ၎င်းဒုတိယစစ်တွင် ကျောက်ဖြူ၌ဖွဲ့စည်းသော ရခိုင်ပြည်လက်နက်ကိုင်တပ်သည် မြန်မာပြည်တောင်ပိုင်း ပဲခူးကို ချီတက်တိုက်ခိုက်ရသည်။ ၁၈၅၅ ခုနှစ်ရောက်မှ ထိုတပ်ကို မြန်မာပြည်မှ ပြန်သိမ်းပြီး ကျောက်ဖြူတွင် ငွေတိုက်နှင့် ထောင်စောင့်ရှောက်ရေးအတွက် ချထားလေသည်။ ထို့အရင်က သံတွဲမှာည ရေတပ်စခန်းငယ် ဖြစ်ခဲ့သည်။ သို့သော် နောင်အခါတွင် သံတွဲမှရေတပ်ကိုပါ ကျောက်ဖြူသို့ ပြောင်းရွှေ့ထားလေသည်။ ၁၈၃၉ ခုနှစ်၌ ကျောက်ဖြူရေတပ်ကို မြို့ပြဆိုင်ရာ ရေကြောင်းသယ်ယူ ပို့ဆောင် ရေးအဖွဲ့အဖြစ်သို့ ပြောင်းလိုက်သည်။ ယခင်က ကျောက်ဖြူအရေးပိုင်လုပ်ခဲ့ဘူးသော စာရေးဆရာ မောရစ္စကောလပ်သည် ကျောက်ဖြူ၌ ရေတပ်စခန်းပြန်ဖွင့်လျှင် သင့်တော်လိမ့်မည်ဟု သူ၏မှတ်တမ်းတွင် ဖော်ပြခဲ့ဘူးသည်။

၁၈၃၉ ခုနှစ်တွင် ကျောက်ဖြူ၌ ဆားလုပ်ငန်းကို အကြီးအကျယ်လုပ်ကြသည်။ ကျောက်ဖြူရှိဆားကို စစ်တ ကောင်းသို့ လည်းကောင်း၊ ပုသိမ်သို့လည်းကောင်း၊ ရန်ကုန်သို့လည်းကောင်း ပို့ရသည်။ သို့သော် စစ်တ ကောင်း၌ ရခိုင်ဆားများ ပိုလျှံ၍လာသည်။ ထို့ကြောင့် စစ်တကောင်းက ဆားမ၀ယ်တော့ချေ။ မြန်မာ ပြည်မ၌လည်း ရခိုင်ဆားကို များများစားစား ၀ယ်ယူသုံးစွဲသည် မဟုတ်။ ထို့ကြောင့် ၁၈၆၃ ခုနှစ်တွင် ကျောက်ဖြူ ဆားလုပ်ငန်းသည် ပျက်စီးခဲ့ရလေသည်။ ဆားလုပ်ငန်းမရှိသောအခါ ဆားသမားများသည် စစ်တွေခရိုင်သို့ ကူးပြောင်း၍ လယ်မြေများ တည်ထွင်ခုတ်လာကြသည်။ ဤနည်းဖြင့် စစ်တွေခရိုင်၏ လယ်ယာလုပ်ငန်းသည် ပိုမိတွင်ကျယ်လာခဲ့သည်။ ဆန်စပါးလုပ်ငန်း လှိုင်လာသောအခါ မဒရပ်မှ ပင်လယ် ကူးသင်္ဘောများသည် စစ်တွေ၊ ကျောက်ဖြူတို့သို့ ဆိုက်ကပ်လာကြလေသည်။

အင်္ဂလိပ်ဝင်မလာမီက ရခိုင်ပြည်တွင် ဆန်စပါးဈေးမှာ စပါး (၁၀၀)လျှင် (၂/ိ)ဈေးမျှသာရှိသည်။ (ရခိုင်ပြည် စပါးတစ်တင်းသည် မြန်မာပြည်စပါး တစ်တင်းခွဲနှင့် အကြမ်းဖျင်း ညီမျှသည်) အင်္ဂလိပ် အုပ်ချုပ်ရေး လက်အောက်တွင် စပါးဈေးမှာ (၁၃)ကျပ်၊ (၁၄)ကျပ်အထိ တက်လာသည်။ အင်္ဂလိပ်ဝင်လာ၍ စပါးဈေး ကောင်းသလောက် အင်္ဂလိပ်နှင့်အတူ ဘင်္ဂလားမှ ဘိန်းတို့လည်း ရခိုင်ပြည်သို့ လှိုင်လှိုင်ကြီး ၀င်လာခဲ့ သည်။ ကျောက်ဖြူအရေးပိုင် မစ္စတာဟိုင်း၏ အစီရင်ခံစာအရမှာ အသက် (၁၇)နှစ်နှင့် (၃၅)နှစ်အကြား ရခိုင်လူငယ် လူရွယ်တို့၏ လူဦးရေတ၀က်ခန့်မှာ ဘိန်းစွဲလာကြလေသည်။ အချို့ဒေသတို့၌ မိန်းမပင်လျှင် ဘိန်းစွဲလာသည်ဟု မစ္စတာဟိုင်းက ဆိုသည်။

ဗြိတိသျှအစိုးရတို့ သိမ်းပိုက်စက ရိုးသားဖြောင့်မတ်၍ လုံ့လ၀ီရိယရှိသော ရခိုင်အမျိုးသားတို့မှာ ယခုအခါ ဘိန်းစားနှင့် ဘိန်းရှုသမားများ ဖြစ်ကုန်ပါပြီဟု မစ္စတာဟိုင်းက သူ၏ အစီရင်ခံစာတွင် ညည်းတွား၍ မှတ်ချက်ချခဲ့ပေသည်။

အစိုးရဘိန်းဆိုင်မှာ ကျောက်ဖြူ၌တစ်ဆိုင်၊ ရမ်းဗြဲ၌တစ်ဆိုင် ရှိသည်။ သို့သော် စစ်တွေမှလှည့်၍ စစ်တ ကောင်းမှ ခိုးသွင်းသော ဘိန်းများလည်း ရောက်ရှိလာတတ်သည်။

ဗြိတိသျှနယ်ချဲ့၏ အစေခံ ဟိုင်းသည်ပင်လျှင် ဘိန်းကိုစိတ်ပျက်သည်။ ထို့ကြောင့် မစ္စတာဟိုင်းက ဘိန်းစား များကို အစိုးရလခစားအဖြစ် လက်မခံဘဲ ရမ်းဗြဲမြို့ရှိကျောင်းကို ကြေးငွေလုံလောက်စွာ အစိုးရက ထောက် ပံ့ရန် အကြံပေးသည်။ ဤအချက်ကိုထောက်သော် ရှေးက ဘိန်းစားများကိုပင် အစိုးရက အလုပ်ထဲ၌ လက် မခံခဲ့သော သာဓကတရပ်ရှိလေသည်ဟု တွေးမိသည်။

မောင်ထင်

ရခိုင်တန်ဆောင် အတွဲ(၁)၊အမှတ်(၄)-

No comments:

Post a Comment