သရေစည်သူ ဦးရွှေမြ

၁၈၊ ဖေဖော်ဝါရီ ၁၉၁၀ ပြည့်နှစ်တွင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ အဖ ဦးအောင်ကျော်ဇံ၊ အမိ ဒေါ်ပု တို့မှ မွေးဖွားခဲ့သည်။ အလယ်ကျွန်းကျေးရွာ၊ မူလတန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၂၀ ပြည့်နှစ်တွင် စစ်တွေမြို့ အစိုးရ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် အထက်တန်းကျောင်းနှင့် ၁၉၂၁-၂၆ ခုနှစ်တွင် စစ်တွေမြို့၊ အမျိုးသားအထက်တန်းကျောင်း၊ ၁၉၂၆ ခုနှစ် ရန်ကန်ုတက္ကသိုလ် ဥပစာတန်း၊ ပထမနှစ်၊ ဒုတိယနှစ် စာမေးပွဲများကို သမိုင်းဘာသာရပ် ပထမဆု၊ ၀ိဇ္ဇာတန်း ပထမနှစ် စာမေးပွဲ စီးပွားရေးဘာသာဆု ပထမဆုရရှိပြီး စီးပွားရေးဘာသာ ၀ိဇ္ဇာဂုဏ်ထူးတန်း တက်ရောက်ခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် ၀ိဇ္ဇာဂုဏ်ထူးတန်း စာမေးပွဲအောင်မြင်ပြီး စီးပွားရေးဘာသာရပ်ဆိုင်ရာ တက္ကသိုလ် ရွှေတံဆိပ်ဆု ရရှိခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပသော အိန္ဒိယအစိုးရ ပဋိညာဉ် ၀န်ထမ်း (အိုင်-စီ-အက်စ်) စာမေးပွဲအောင်မြင်ခဲ့ပြီး အောက်စဖို့ဒ်တက္ကသိုလ်သို့ တက်ရောက်ခွင့် ရရှိခဲ့ သည်။ ၁၉၃၄ ခုနှစ်တွင် အိုင်-စီ-အက်စ် အစမ်းခန့်များအတွက် ဗြိတိသျှအစိုးရ ပဋိညာဉ် ၀န်ထမ်း တိုင်းမင်းကြီးများက ကျင်းပသော စာမေးပွဲကို ဥပဒေဘာသာရပ်၊ စီးပွားရေးဘာသာရပ်၊ သမိုင်းဘာသာရပ် တို့ဖြင့် ဖြေဆိုအောင်မြင်ခဲ့သည်။