Showing posts with label ရိုးရာကဏ္ဍ. Show all posts
Showing posts with label ရိုးရာကဏ္ဍ. Show all posts

မခင်ပု (သို့မဟုတ်) "လူတစ်ယောက် ဘ၀နှစ်ခု"

၁၉၆၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတွင် ရွှေတံဆိပ် (၄)ခု ပိုင်ရှင်

မခင်ပုကို ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် သရွဲ (မယ်ဇလီကိုင်း) ကျေးရွာ၌ အဘဦးငချိန်၊ အမိ ဒေါ်ပသိမ်တို့မှ (၁၃၁၅)ခု နတ်တော်လဆန်း(၈)ရက် (၁၄-၁၂-၁၉၅၃) တနင်္လာနေ့တွင် မခင်ပုကို မွေးဖွားခဲ့သည်။ မွေးချင်း ခုနစ်ယောက်အနက် ငယ်စဉ်ကပင် ခုံပေါက်ပြေးလွှားကစားခြင်းကို ၀ါသနာထုံခဲ့သည်။ မိဘများ ကျောက်ဖြူ မြို့သို့ ပြောင်းရွှေ့လာသောအခါ ကျောက်ဖြူမြို့တွင် အစိုးရ အခြေခံပညာအထက် တန်းကျောင်း၌ ပညာသင် ကြားခဲ့သည်။

ရထားဆွဲပွဲ

စာဆိုဥက္ကာပျံ၏ (၁၂)လရာသီဘွဲ့တွင် "ကုံရာသီတပို့တွဲသည်၊ လွမ်းဖွယ်ပင် ပျော်ရွင် လူ့ရပ်မြေ ရထားငယ် တာသဘင်၊ နှစ်စဉ်ငင်ကေ၊ သောင်းခွင်ရို့ပြည်ထက်"ဟူ၍ ရထားပွဲတော် အကြောင်းကို စပ်ဆိုခဲ့သည်။ ရထားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း (၁၄)ရက်မှ လပြည့်ကျော်(၁)ရက်နေ့အထိ ကျင်းပလေ့ရှိသည်။ ရထားဆွဲပွဲကို ညနေ(၉)နာရီမှ စတင်ပြီး သန်းခေါင်ကျော်အထိ အပြန်အလှန် ဆွဲလေ့ရှိကြသည်။ ရထားဆွဲ ပွဲနားချိန်တွင် အကျွေးအမွေး အတီးအမှုတ်တို့ဖြင့် ကခုန်ကာ တပျော်တပါး စည်ကားစွာ ကျင်းပကြသည်။ တနည်းအားဖြင့် ရထားဆွဲပွဲသည် ရွာလုံးကျွတ်၊ မြို့လုံးကျွတ်ပါဝင်ရသော ပျော်ပွဲရွှင်ပွဲကြီးဖြစ်၍ စည်းလုံး မှုနှင့် စုပေါင်းခြင်းသဘာဝကို ဖော်ပြသည့် ပွဲတော်လည်းဖြစ်သည်။ ရထားကို ပြည်သူအများ ရွာဟုန်ရွာလုံး ကျွတ် ဆွဲကြရသဖြင့် အထူးခိုင်ခံ့အောင် ပြုလုပ်ရသည်။

ဒိုးကစားခြင်း

ရခိုင်ရိုးရာ ဒိုးကစားခြင်းကို ရခိုင်အမျိုးသမီးငယ်များ၊ အပျိုအရွယ်များက အထူးနှစ်သက်ကြသည်။ လသာသောညများတွင်လည်းကောင်း၊ နေ့လည်နေ့ခင်း အားလပ်ချိန်များတွင်လည်းကောင်း အုပ်စုဖွဲ့ကာ တစ်ဘက်နှင့်တစ်ဘက် ယှဉ်ပြိုင်ကစားကြသည်။ အသက်အရွယ်ကြီးပြီး အတွေ့အကြုံရှိသည့် အမျိုးသမီးကို အုပ်စုခေါင်းဆောင် (ဂေါင်လူကြီး) အဖြစ် ထားကြသည်။ ကျန်းမာရေးအတွက်သာမက အချင်းချင်း စည်းလုံး ညီညွတ်ရေးကိုလည်း ဖြစ်ပေါ်စေသည်။ ဒိုးကစားခြင်းကို ပထမဆုံး "ညှို့မေ"ဖြင့် စ,ရသည်။

ညှို့မေ။    ။ မိမိ၏ပစ်ဒိုးကို လက်ဖြင့်လှိမ့်၍ လွှတ်ပြီး သတ်မှတ်သော စည်းကို မကျော်မီ မိမိပစ်၍ ထိနိုင် မည့် နေရာတွင် ဖမ်း၍ ထောင်ဒိုးအား ထိအောင်ပစ်ရသည်။

နှစ်သစ်ကူးသင်္ကြန်ပွဲတော်

ရခိုင်တို့သည် ဆယ့်နှစ်ရာသီပွဲတော်များအနက် နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို အနှစ်သာရရှိရှိ တမူထူးခြား စွာ ကျင်းပကြသည်။ သင်္ကြန်မကျမီ ရက်အနည်းငယ်ခန့်ကပင် သက်ဆိုင်ရာ ရပ်ကွက်အသီးသီးမှ ရပ်ကွက် လူကြီးများသည် သင်္ကြန်ပွဲတော် စည်ကားစွာဖြစ်မြောက်ရေးအတွက် တိုင်ပင်ဆွေးနွေးခြင်း၊ ဘုရားရေ သပ္ပါယ်ရန် အလှူငွေများ ကောက်ခံခြင်း ပြုလုပ်ကြသည်။ သင်္ကြန်အကြိုနေ့တွင် ရပ်ကွက်တိုင်း ရပ်ကွက် တိုင်း၌ မဏ္ဍာပ်ကြီးငယ်များ တည်ဆောက်ပြီး ကရမက်၊ နံသာဖြူ၊ နံသာနီ အစရှိသော အမွှေးတုံးတို့ကို ကလေးငယ်များ၊ အမျိုးသား၊ အမျိုးသမီးတို့ စုပေါင်းလျက် နံသာသွေးကြသည်။ အချို့ကလည်း ဗုံမောင်းများ တီးခတ်၍ သင်္ကြန်သံချပ်များကို သီဆိုကာ ကခုန်မြူးတူးကြသည်။ သင်္ကြန်အကြိုနေ့ကို "နံသာသွီးနိန့်" ဟု ခေါ်သည်။ သင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် ရပ်ကွက်လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီး အပျိုအ ရွယ်များသည် တစ်အိမ်လျှင် ဆွမ်းတစ်အုပ်စီ ချက်ပြုတ်၍ သွေထားပြီးသော နံသာရည်များကို ဆောင် ယူကာ၊ မိမိတို့ရပ်ကွက် ကိုးကွယ်သည့် ဘုန်းတော်ကြီးကျောင်းတိုက်သို့ တစ်စုတစ်ဝေး တပျော်တပါး သွားကြသည်။ ဘုန်းတော်ကြီးကျောင်းရှိ ဗုဒ္ဓဆင်းတုတော်များကို ရေသပ္ပါယ်ခြင်း၊ အမွှေးနံသာ ပျက်ဖြန်းခြင်း၊ သာသနိက အဆောက်အအုံများအား သန့်ရှင်းခြင်း စသည့် ကုသိုလ်ကောင်းမှုများ ကို ပြုလုပ်ကြသည်။ ဤနေ့ကို "ဘုရားရီချိုးနိန့်"ဟု ခေါ်ကြသည်။

အောင်လူဆီးတမ်းကစားခြင်း

အောင်လူဆီးတမ်းကစားနည်းသည် ရခိုင်ရိုးရာကစားနည်း တစ်မျိုးဖြစ်သည်။ ဤကစားနည်းမှာ ဒိုးကစား နည်းကဲ့သို့ပင် အမျိုးသမီး အပျိုအရွယ်များ အုပ်စုနှစ်စုဖွဲ့၍ ကစားရသောနည်းဖြစ်သည်။ တစ်အုပ်စုလျှင် အနည်းဆုံး (၃)ဦးမှ အထက် ကစားနိုင်သည်။ ကစားခြင်းကို လသာသည့်ညများတွင် လမ်းမပေါ်၌ လည်းကောင်း၊ မြေညီသော တလင်းပြင် မြေကွက်လပ်များတွင်လည်းကောင်း ကစားလေ့ရှိသည်။

ကစားမည့် စည်းတန်းများကို ရေဖြင့်ဖြစ်စေ၊ ထုံးဖြင့်ဖြစ်စေ စည်းတားရသည်။ ဥပမာ- တစ်ဘက်တွင် ငါးယောက်ကစားမည်ဆိုပါက စည်းငါးကြောင်း တားရသည်။ ဘောင် စည်းနှစ်ခုကိုလည်း ထိပ်မှအဆုံးအထိ အူကြောင်းထားရသည်။ ပထမဆုံးစည်းကို "ထိပ်စည်း"ဟုခေါ်၍ ဒုတိယစည်းကို "ဂုတ်စည်း"ဟုခေါ် သည်။ ရှေ့ဆုံးစည်းနှင့် ဂုတ်စည်းကြားတွင် ကြက်လျှာသဏ္ဍာန်ပုံဖော်၍ ထိပ်စည်းမှတားသော လူလိုက်နိုင် ရန် ပြုလုပ်ထားရသည်။ အုပ်စုတစ်ဘက်စီတွင် ခေါင်းဆောင် တစ်ဦးစီထား၍ "ဂေါင်ကြီး"ဟု ခေါ်သည်။ မိမိ၏ အုပ်စုအနိုင်ရရေးအတွက် ဂေါင်သူကြီးတွင် တာဝန်အရှိဆုံးဖြစ်သည်။

ဒေါင်းပြောက်ခုန်တမ်းကစားနည်း

ရခိုင်ကျေးလက် အမျိုးသမီးငယ်များ၏ ကစားနည်းတစ်မျိုးဖြစ်သည်။ လူ (၄)ယောက်မှ (၁၀)ယောက်အထိ ကစားနိုင်သည်။ ဤကစားနည်းမှာ တစ်ဦးချင်း ကျွမ်းကျင်မှုကို ပိုမို အလေးပေးသည်။ ပထမဦးစွာ "အပုပ်တိုင်"ချိုး၍ အပုပ်ကျသူ (ခံလှည့်ကျသူ) နှစ်ဦးအား မျက်နှာချင်းဆိုင် ခြေဆန့်ထိုင်ပြီး ခြေဖျားချင်း ထိထားရသည်။ ယင်းလူများက ယင်းကိုခုန်ကြရသည်။

ကန်တော်ကြီး။    ။ ခြေကို အကျယ်ဆုံးဆန့်၍ ထားရသည်။ ကစားသူက တစ်လွှားချင်း ခုန်ရသည်။

ကန်တော်ချေ။    ။ ထိထားသောခြေကို အနည်းငယ်ကျဉ်းလိုက်ပြီး ယခင်ကဲ့သို့ ခုန်ရသည်။

ပြိုင်လောင်းပြိုင်ပွဲ

ရခိုင်လူမျိုးများ၏ ပြိုင်လောင်းပြိုင်ပွဲ (လှေပြိုင်ပွဲ) ကျင်းပရခြင်းမှာ ရှေးရခိုင်ဘုရင်များလက်ထက်က ကာကွယ်ရေးအတွက် ရေတပ်သားကောင်းများ ပေါ်ထွက်လာရေးကို ရည်ရွယ်လေ့ကျင့် ရွေးချယ်သော ပြိုင်ပွဲတစ်ရပ်ဖြစ်သည်။ ယင်းမှ အစပြုလျက် ရိုးရာပွဲတော်တစ်ခုဖြစ်လာခဲ့ပြီး စုပေါင်းဆောင်ရွက်ရသည့် ကျန်းမာရေးဆိုင်ရာ အားကစားပျော်ပွဲရွှင်ပွဲတစ်ရပ်လည်း ဖြစ်လာသည်။ ပြိုင်လောင်းပြိုင်ပွဲကို တန်ကူး (တန်ခူး)နှင့် ကဆုန်လများတွင် ကျင်းပလေ့ရှိသည်။ ပြိုင်ပွဲကျင်းပရာ ချောင်းရိုးတစ်လျှောက်တွင် မဏ္ဍပ် များ ဆောက်လုပ်ကာ ပွဲကြည့်ပရိသတ်များက အတီးအမှုတ် အကအခုန်များဖြင့် အားပေးလေ့ရှိသည်။

ဇာပိုင်တော်လို့ ဇာပိုင်ခေါ်ရပါဖို့ - ပန်းချီမင်းညို

ဆောင်းရာသီအပြောင်းမှာ ဆောင်းပါးတစ်ပုဒ် တောင်းလာစွာက မှတ်တမ်းတင်တစ်ခုတော့ခါ ဆရာရို့ ကျကျန်းမမာဟိရေ ခါ နောင်လာရေအချေတိအတွက် အရီးနန့် အခင်ရာ ခေတ်စားလာရေကာလမှာ ရခိုင် အမျိုးအဆွီ ဇာပိုင်တော်လို့ ဇာပိုင်ခေါ်ရဖို့ မသိကတ်ပါဗျာယ်။ အကြောင်းမလှ မြင်လာလို့ မျိုးဆွီခေါ်ဝေါ်ရေ စာရင်းကို ဖော်ပြဖို့ မင်းပြားမင်းသိန်းဇံက တောင်းလာရေခါ အချက်ကောင်းပေါ်လာလို့ ဟောင်းနွမ်းကေလဲ၊ မပျက်စကောင်းအထင်နန့် လက်လှမ်းမီသလောက် နဂိုလ်ဗီဇ မပျောက်မပျက် ရလီအောင် စုစည်းဖော်ပြ လိုက်ပါရေ။ မွီးရာပါ ခေါ်နီကျစကားတိကို ကြီးကြီးကျယ်ကျယ်လုပ်လို့ အပြစ်တင်မစောဖို့ တောင်းပန် ပါရေ။

အမှတ်မထင် စာရီးသူကိုယ်တိုင် ခံစားခရေအတွက် ဖော်ပြသင့်ရေလို့ မြင်လာပါရေ။ စာရီးသူခြုပ်မ အသစ် က သူမခဲအိုကို “အခင် ထမင်းစားပါဖို့”ခေါ်ရေခါ၊ ယိုင်ကျေးမှုလိုက်စားနီရေ အကျွန်က ပက်လက်လန်လား ပါရေ။ အခင် ခေတ်စားစွာ အိမ်မှာတောင် ဂယက်ရိုက်လာရေ။ ခြုပ်မအသစ်ကို ဒေါသနန့် ခဲအိုကို အခင်ခေါ်ကေ အကောင့်ကောင့်တော်ရေ ယောက္ခမအစစ် အကျွန့်ကို ဇာခေါ်ဖို့လဲ ခြုပ်မအသစ်ကို မိန်းဖူးပါရေ။ အခေါ်အဝေါ်ဆိုစွာ အရေးကြီးပါရေ။ အစွန်းရောက်တစ်ချို့ကတော့ခါ သွီးသားလှုပ်ရှားမှုနန့် သားသမီးရလာစွာ။ ပါပါလို့အဘကို ခေါ်စရာမလို သူ့နာမယ်ကို ခေါ်လိုက်ကေရရေ။ အယူမှားစွာတိကို ကြားဖူးပါရေ။ တိရိစ္ဆာန်နန့် မခြားရေ အတွေးအခေါ်သမားတော့ ကံကံ၏အကြောင်း၊ ဗုဒ္ဓအယူအဆကို မျက်ကွယ်ပြုရာ ရောက်ပါရေ။ သွီးသားလှုပ်ရှားတိုင်း သားသမီးမရနိုင်ပါ။ စောဒကတက်ကေ အများကြီးပါ။

သဘာဝပန်းများ

ရိုးရိုးပန်းဝှက်

၁။ ကလွေ့မောင်သျှေ မျက်နှာပြောက်၊ အိမ်တိုင်းအိမ်တိုင်းရောက်။ (ကလွေ့မေသျှေ--မိန်းကလေး)။
အဖြေ- ဒင်္ဂါး။

၂။ ကလွေ့မေသျှေတောင့်ကို ခါးကြိုးလို။
အဖြေ - ကောက်လှိုင်းစည်း။

၃။ ကောင်းကင်ကကျ ပုလဲလှ၊ မြက်တောမှာ ကျရှာရေ။
အဖြေ - မိုးသီးပေါက်။

ရခိုင်တို့ကတဲ့ ဒုံးယိမ်းပွဲ - သားရွှေဦး(ကစ္ဆပ)

တောရွာသဘာဝအတိုင်း တစ်ရွာတွင်ပွဲရှိလျှင် တစ်ရွာကမနေနိုင်ဆိုသလို တပေါင်းလရောက်လျှင် မြစ်နား ရွာမှာ "ဒုံးပွဲရှိတယ်ဟဲ့"လို့ ကြားလျှင်ပင် ဒုံးပွဲကို ကြည့်ရဖို့ လက်ချိုးရေတွက်ရပြီး ဒုံးပွဲကို ရွာကလူကြီး၊ လူငယ်များပါမကျန် လှည်းများစီတန်းသွားခဲ့ကြသည်။ နေ့ခင်းဘက်တွင် ဒုံးယိမ်းကပွဲကို တစ်ဝကြီးကြည့်၊ ညဘက်ကျလျှင် ဇာတ်ပွဲမိုးအလင်းကြည့်နှင့် ကျေးလက်သဘာဝ တောသူတောင်သားများ ပျော်ကြရသည်။ ဒုံးယိမ်းများမှာ ရွာနှစ်ဆယ်၊ သုံးဆယ်မှ ယိမ်းအဖွဲ့များက အပြိုင်လာကြခြင်းဖြစ်သည်။ ဂိုဏ်းချုပ် ဆရာတော်ကြီး ပွဲဆိုလျှင် ယိမ်းက ပိုများသည်။ နောက်ဆုံးနေ့မှ ယမ်းတုံးများကို ပစ်ဖောက်ကာ ပူဇော်ကြပြီး ရုပ်ကလာပ်ကို မီးရှို့ကြသည်။ ယင်းအချိန်က ရွာတစ်ရွာတွင် ယိမ်းတစ်ယိမ်းတော့ ရှိကြသည်။ ယခုနှစ် မောင်တောမြို့နယ်အတွင်းက ရွာသာယာကျေးရွာဒုံးပွဲကို ရောက်ခဲ့သည်။ ဒုံးပွဲနှင့် ဒုံးယိမ်းမှာ ရခိုင်ပြည်နယ်တစ်ဝန်းတွင် ယခုတိုင် ထိန်းသိမ်းနေသော ရိုးရာအမွေအနှစ်တစ်ခု ဖြစ်နေပါသေးသည်။ ရခိုင်ပြည်နယ်တွင် ဘုန်းကြီးပျံပွဲကို ဒုံပွဲဟု ခေါ်ခြင်းဖြစ်သည်။ ဒုံးပွဲတွင် အဓိကကြည့်ရှုစရာ နှစ်မျိုးရှိသည်။ ယင်းတို့မှာ ဘုန်းတော်ကြီးရုပ်ကလာပ် ယာယီစံကျောင်းဆီသို့ ယမ်းတုံးများဖြင့် ဒုံးတိုက်ခြင်းဖြစ်ပြီး နောက်တစ်ခုမှာ လှပစွာပြင်ဆင်ထားသည့် တလားများကို ဒုံးယိမ်းအဖွဲ့များက တလားများကို ဒုံးယိမ်း အဖွဲ့များက တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြိုင်သီဆို ကပြခြင်းပင်ဖြစ်သည်။

ရခိုင်ရိုးရာ ဒိုးကစပ်ပွဲ

လူမျိုးတိုင်းမှာ ရိုးရာ အားကဇပ်နည်း အမျိုးမျိုးဟိကတ်ပါရေ။ ရခိုင်ဒေသ အားကဇပ်နည်းများမှာ ကျန်းမာ ရေးအတွက် အထောက်အကူဖြစ်တေပိုင် အချင်းချင်း စည်းလုံးညီညွတ်မှုနန့် စည်းကမ်းလိုက်နာမှု အဖွဲ့ လိုက်နန့် တစ်ဦးချင်း ကြိုးစားစိတ်ဟိမှု အလေ့အကျင့်တိကို ရရှိစီပါရေ။ ယင်းအားကစားနည်းများမှာ ဆိုပါကေ ကျင်ပွဲ၊ ရထားပွဲ၊ ရီလှီပြိုင်ပွဲ၊ ကုန်းလှီပြိုင်ပွဲ၊ အောင်လူပြိုင်ပွဲ၊ အဗြီးပြိုင်ပွဲ၊ ဒေါင်းပြောက်ခုန်ပွဲ၊ ကြက်ခွတ်ပြိုင်ပွဲ၊ ဒိုးပြိုင်ပွဲ၊ ခတ်ကျောက်သီးပြိုင်ပွဲ၊ ဂိုင်ထိုးပွဲ၊ ကွမ်းသီးဝှက်ပွဲ၊ ဆိတ်ခိုးပွဲ၊ အပင်တက်ပြိုင်ပွဲ၊ ချေတိုင်တက်ပွဲ၊ ငှက်ပျောပင်တက်ပြိုင်ပွဲ ဆိုပြီးကေ ကစပ်တေနည်း အများကြီးဟိကတ်ပါရေ။

ယင်းအားကစပ်တေပွဲမှာ လူကြီးလူငယ်စုပေါင်းလို့ တစ်မျိုး၊ အပျို လူပျိုး စုပေါင်းလို့တစ်မျိုး၊ အပျိုမချေတိ သက်သက်တစ်မျိုး၊ လူပျိုချေတိ သက်သက်တစ်မျိုးစီ ခွဲခြား ကဇတ်ရရေပွဲတိ ဟိခပါရေ။ ဒိုးပြိုင်ပွဲဆိုပါက အပျိုချေတိ အထူးတလည် နှစ်သက်ရေ ပွဲတစ်မျိုးဖြစ်ပါရေ။ နိခင်းနိလည် အားလပ်ချိန်မှာ တစ်မျိုး၊ လပ, ရေ ညဥ့်အချိန်မှာ တစ်မျိုး၊ အထူးစည်ကားရေ ဒိုးပြိုင်ပွဲကြီး ဟိခကတ်ပါရေ။

ရခိုင်ရိုးရာပုံပြင်များ အဆက်

ရခိုင်ဒဏ္ဍာရီ ပုံဝတ္ထုများ၌ "ကလူတတ်ပွဲတော်" ကင်းပပြီးလျှင် ပုံဝတ္ထုအနိုင်အထ ပြောဟောလေ့ရှိခဲ့ကြောင်း ကိုလည်း တွေ့ရပေသည်။

ထိုပုံပြင်အရ ရခိုင်လူမျိုးတို့၏ ၀တ္ထုပြောဟောမှု၌ ရှေးဒဏ္ဍာရီ ခေတ်ကပင် ရှိခဲ့ကြောင်း အထောက်အထား လည်း ဖြစ်ပေသည်။

ရှေးအခါက ရက္ခပူရပြည်သျှင် ရခိုင်မင်းတစ်ပါး ရှိလေသည်။ ထိုမင်းသည် နှစ်စဉ်မပြတ် နန်းတော်ရင်ပြင်၌ ည လသာသာအချိန်မှာ ပုံဝတ္ထုဟောပြောပွဲများ ပြုလုပ်လေ့ရှိသည်။ ထိုပွဲကို "ကလူတတ်ပွဲတော်" (ကာနူ တတ်ပွဲလည်းဟူ)ဟု ခေါ်ဆိုသည်။ ထိုကလူတတ်ပွဲတော်သို့ ဘုရင်၏ အမိန့်အရ အနယ်နယ် အရပ်ရပ်မှ ၀တ္ထုပြောတတ်သော ကလူတတ်များ လာရောက် ပြောဟောကြရလေသည်။

ရခိုင် ဗဟိုစည်

နောင်---- ဒူ---- နောင်(ဒိုင်း)---- ဟိန်း---- ဟိန်း---- ဟိန်း
ရှေးခေတ် ရခိုင်တို့သည် တစ်နေ့တာကို နာရီ(၆၀)စီဖြင့် ရေတွက်ခဲ့ကြသည်။ ယင်းသို့ ရေတွက်ရာတွင် နာရီ အမျိုးအစားအားဖြင့် သုံးမျိုး ခွဲခြားထားသည်။ (၁) ရေနာရီ၊ (၂) သဲနာရီ၊ (၃) ကြက်နာရီ ဟူ၍ ဖြစ်သည်။ သဲ နာရီနှင့် ကြက်နာရီတို့ကို နေရာဌာန အချို့တွင် သင့်လျော်သော အချိန်ကာလာကို သိနိုင်ရန် အသုံးပြုခဲ့ကြ သည်။ ရေနာရီကိုကား ဌာနအသီးသီး၌ အသုံးပြုခဲ့ကြသည်။ ယင်းသို့အသုံးပြုရန် လိုအပ်သော ပစ္စည်းများကို စုံလင်စွာထားရသည်။

ယင်းတို့မှာ (၁) အ၀န်းအစောက် တူညီစွာ ပြုလုပ်ထားသော အင်တုံကြီး ၃လုံး နှင့် (၂) ကြေးဖလား ၃လုံး တို့ ဖြစ်သည်။ အချိန်နာရီ တိုင်းတာရန် ပဟိုရ်တီးရန် လုပ်သားများမှာ (၁) အင်တုံ ၃လုံးကို စောင့်နေရန် လူ ၃ယောက်၊ (၂) ရေဖြည့်ခြင်း၊ ရေသွန်ခြင်း ပြုလုပ်ရန် လူ ၂ယောက်၊ (၃) ပဟိုရ်တီးရန် လူ ၂ယောက်၊ စု စု ပေါင်း(၇)ယောက် အမှုထမ်းရသည်။ မဟာပဟိုရ်စင်တော်ကြီးမှာမြောက်ဦးမြို့တွင် နန်းတော်မြို့ရိုး၊ တံတိုင်း ၃ထပ်အနက်၊ တတိယမြို့ရိုးနှင့် ဒုတိယမြို့ရိုးကြားတွင် တည်ရှိသည်။

ယီးယင်-ယီးလေ-ယီးလား

ယီးယင့်-ယီးလေ-ယီးလား တေးသံများကို လူတိုင်းကြားဖူးကြပေမည်။ ပုခက်လွဲတေးသံ၊ လှေလှော်တေးသံ အားလှော်တေးသံ(၀ါ) အားဖြည့်တေးသံများ ဖြစ်ကြသည်။ ယီးဆိုသောစကားမှာ ပါဠိဘာသာ "ဧဟိ"မှ ဆင်း သက်လာသည်ဟု ဆိုကြသည်။ အဓိပ္ပါယ်မှာ "လာလော့"ဟု အနက်ရသည်။ ပုခက်လွှဲပြီး မိမိထံပြန်လာ စေခြင်း၊ လှေတက်ညီညီ လှော်ခတ်ပြီး ပန်းတိုင်သတို့အရောက် သယ်ဆောင်ခေါ်ယူခြင်း၊ ထိုထက်ကြီးမား သော အရာဝတ္ထုမျိုးကို မိမိလိုရာသို့အရောက် သယ်ဆောင်ခေါ်ယူခြင်း သဘောပင်ဖြစ်သည်။

ယီးဆိုသော ဝေါဟာရကို ရှေးခေတ် (ဧယီး) (ဧယီး)ဟူ၍ အသံထွက်ကြသည်။ ရွတ်ဆိုသော ဗဟုဝဏ္ဏအက္ခ ရာအဖြစ် "ချီ"(ထီး)ဟူ၍ အသံထွက်ကြသည်။ အားလုံးသော ကဗျာများကို တေးသံအဖြစ် ရွတ်ဆိုသောအခါ "ယီးယင်" "ယီးလေး" "ယီးလား" သံစဉ်များကို အချီအချ အပိုဒ်တို့၌ ထည့်သွင်းရွတ်ဆိုလေ့ ရှိကြပေသည်။

ရခိုင်ရှင်ပြုဓလေ့နှင့် ရတုဆိုပွဲ

ဘုရားရှင် လက်ထက်ကပင် ရှင်ပြုခွင့် ရရှိလာသည်မှ စ၍ ရှင်ပြုလေ့သည် ဗုဒ္ဓဘာသာဝင် လူမျိုးတို့တွင် ကု သိုလ်တော်ပွဲထူး တစ်ခုဖြစ်လာသည်။ မိဘများလည်း သာသနာ့အမွေပေးရာ ခံရာရောက်၍ မြင့်မြတ်သည် ဟု ယုံကြည်ကြသည်။ ရခိုင်ဘုရင်မင်းများလည်း ပဉ္ဇင်းတစ်ထောင်ခံပွဲများကို ပြု၍လည်းကောင်း၊ သာသနာ အတွက် ထောက်ပံ့ကူညီ လှူဒါန်းပြု၍ လည်းကောင်း၊ သာသနာ့ကရ၊ သာသနဒါယဒ၊ သာသနာ ဒါယပ၊ သာ သနာ့နုဂ္ဂဟူသော ဘွဲ့ထူးကို အမြတ်တနိုးခံယူခဲ့ကြကြောင်း ကျောက်စာတို့တွင် တွေ့ရှိနိုင်ပေသည်။

ရှင်ပြုအရွယ်ရောက်သူကို ရခိုင်က "ဗောင်းတင်ချေ" ဟုခေါ်လေသည်။ ရှင်ပြလိုသူများမှာ သာရဏဂုံသီလ၊ ရှင်ကျင့်ဝတ် စသည်တို့ကို ပီသစေရန် ကြိုတင်၍ ဆရာတော်ထံ လျှောက်ထားအပ်နှံကာ သင်ယူစေရသည်။

ကင်းပွန်းတပ်နှင့် ပုခက်တင်မင်္ဂလာဓလေ့ တံထွာများ

ကိုယ်ဝန်အတွက်ရှောင်စရာ

ရခိုင်လူမျိုးတို့တွင် မွေးစအချိန်မှစ၍ မင်္ဂလာမှုပြုလုပ်ရသော ဓလေ့ထုံးစံများ ရှိကြသည်။ မိန်းမများ ကိုယ်ဝန် ဆောင်လျှင် လင် ယောက်ျားများသည် အသုဘတို့တွင် အလှူငွေ မထည့်ရချေ။ မသာ လူသေအလောင်း ကောင်နှင့် စပ်ဆိုင်သော ကိစ္စများတွင် ၀င်ရောက်ကိုင်တွယ်ခြင်း မပြုလုပ်ရပေ။ တစ်ချို့တွင် ပေါက်တူး၊ဓါးမ၊ သေတ္တာ၊ ဖျာအခင်းများ မသွင်းရ မ၀ယ်ရချေ။ အိမ်ရာအသစ် ဆောက်လုပ်ခြင်း အိမ်ရာမြေ ၀ယ်ယူခင်း မပြု ရချေ။

မွေးဖွားစဉ်ဓလေ့
အချို့သော ရခိုင်အမျိုးသားများသည် မိမိအိမ်တွင် ကလေးမျက်နှာမြင်ရှိလျှင်ပင် ထိုအိမ်က ချက်ပြုသော ထ မင်းကို မစားတော့ချေ။ လောကီပညာ လက်ဖွဲ့အင်းအိုင် အသုံးပြုရှိကြသူများမှာ မွေးဖွားအိမ်ကို ရှောင်လေ့ ရှိကြပါသည်။ထိရှပွန်းပဲ့၍ ဒဏ်ရာရသော်လည်းကောင်း၊ အနာပေါက်နေသော်လည်းကောင်း၊ မွေးဖွားအိမ်သို့ ၀င်မိပါက ကင်းပွန်းသင့်သည်ဟု ယူဆကြသည်။ အနာယောင်ယမ်း(ရောင်ယမ်း) လာသည်ကိုပင် ကင်းပွန်း သင့်သည်ဟု ဆိုကြသည်။

ရက္ခိုင်ပြက္ခဒိန်

ပြက္ခဒိန်ဟူသော ဝေါဟာရကို ရခိုင်ပြည်၊ မြန်မာပြည်တို့တွင် မည်သည့် ခေတ်ကာလကစ၍ အသုံးပြုလာ ခဲ့ သည်ဟု အတိအကျ မသိရသေးချေ။ သို့သော် ယနေ့တိုင် မြန်မာနိုင်ငံအတွင်း တွေ့ရှိရသော စာပေများစွာ တို့တွင် ရခိုင်ဘုရင် ဘစောဖြူမင်းလက်ထက် ရေးစပ်ခဲ့သော ထိုရခိုင်ဘုရင် ဘစောဖြူမင်း၏ သမီးတော် ဧချင်းတွင် "ပြက္ခဒိန်"ဟူသော ဝေါဟာရကို အစောဆုံးရေးသားခဲ့ကြောင်း သုတေသီများ လေ့လာတွေ့ရှိ ရ သည်ဆို၏။ ထိုဧချင်းကား ရခိုင်စာဆိုတော် ဗဒူမင်းညို၏ လက်ရာဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် ရှေးအကျ ဆုံးဖြစ်နေသော ဧချင်းဖြစ်ကြောင်းကိုလည်း အားလုံးက အသိအမှတ်ဖြစ်ကြပေလိမ့်မည်။

ထိုရခိုင်မင်း၏ သမီးတော်ဧချင်းပါ ပြက္ခဒိန်ဟူသော ဝေါဟာရအသုံးည် ယနေ့တိုင် ဆက်လက်သုံးစွဲမြဲ ရှိနေ သေးရာ ခေတ်ပေါ်အသုံးမဟုတ်ကြောင်း ထင်ရှားလှ၏။ယခုအခါ ပြက္ခဒိန်အစား "ပက္ခဒိန်"ဟူ၍ လည်း ရေး ထုံးပြုနေကြသည်များကိုပါ တွေ့ရှိနေကြပေသေး၏။

ရခိုင်သာခြင်း

သာခြင်းကို ရခိုင်ကဗျာဆရာများ အများဆုံး သီကုံးဖွဲ့ဆိုခဲ့ကြသည်။ ရခိုင်သာခြင်းသည် ရှေးဦးစွာ ကျေး လက် တောဒေသကို အခြေခံသော တေးသီချင်းတစ်ခုဖြစ်သည်။ သို့သော်လည်း နှောင်းကာလတွင် နန်းတော်သွင်း ကဗျာတစ်ခုအဖြစ် နယ်ကျယ်လာသည်။ မြောက်ဦးခေတ် မင်းဗာကြီး (ဂေါစာ ၈၉၃-၉၁၅) လက်ထက်တွင် ၀ိမလအမတ်ကြီးက သတ္တာနု ကော်ကာနု စသော အနုဇာတ်ဝတ္ထုများကို သာခြင်းဖြင့် ဖွဲ့ဆိုပြီး နားတော်သွင်း ခဲ့သည်။

အင်းဝ၌ အနောက်ဘက်လွန်မင်းတရားကြီးလက်ထက်တွင် ဂေါစာ(၉၂၇)ခုနှစ်လောက် ဇေယျရန္တမိတ်က ဥတေနသာခြင်း၊ ပဋာစာရီသာချင်း၊ စိဉ္ဇာမာန၀ိကာ သာချင်းတို့ကို ဆက်သွင်းခဲ့ကြောင်း တွေ့ရှိရသည်။ သို့ သော်လည်း သာချင်းနှင့် သာခြင်းကို ရောထွေးမသွားစေလိုပါ။ ဇေယျရန္တမိတ်သာချင်းမှာ ရခိုင် သာခြင်း များ နှင့် ကာရံအအုပ်အခံ အကွာအလှမ်းချင်း ခြားနားသည်။ အောက်တွင်ဖော်ပြထားသော ဇေယျရန္တမိတ် သာချင်းနှင့် ရခိုင်သာခြင်းတို့ကို နှိုင်းယှဉ်စေလိုပါသည်။

ရခိုင့် နွားလားဥဿဘ

ရခိုင်ပြည်နေရာ အနှဲ့အပြား၌ နွားလားဥဿဘ ရုပ်များကို သမိုင်းရုပ်ကြွင်းများအဖြစ် တွေ့ရသည်။ ဓည၀ တီ ခေတ်မှသည် မြောက်ဦးခေတ်အထိ နွားလားဥဿဘရုပ်များကို ဘာသာရေးဆိုင်ရာ ဘုရားပုထိုး စေတီ များတွင်လည်းကောင်း၊ ဗုဒ္ဓ၀င်အုတ်ခွက် ကျောက်ခွက်များတွင်လည်းကောင်း၊ ငွေဒင်္ဂါးများတွင် လည်းကောင်း၊ ပုရပိုက်မော်ကွန်းများတွင် လည်းကောင်း၊ ၁၂-လရာသီ စက် လက္ခဏါများတွင် လည်းကောင်း၊ ထွင်း ထု သွန်းလုပ်ခဲ့ကြသည်များကို တွေ့ရသည်။

အချို့သော သုတေသီများက နွားလားဥဿဘသည် သီဝဘုရားသခင်နှင့် ကြိချတော်ဘုရားသခင်တို့၏ တ မန်တော် နန္ဒိနွားလားကို ကိုးကွယ်ကြသည်။ ရခိုင်မှ နွားလား ဥဿဘရုပ်များသည် အိန္ဓိယပြည် ဟိန္ဒူဘာ သာမှ ပျံ့နှံ့စိမ့်ဝင်လာခြင်း ဖြစ်မည်။ ရှေးခေတ် ရခိုင်တို့သည်လည်း နွားလား ဥဿဘရုပ်များကို ကိုးကွယ် ကြသည်။ ဟိန္ဒူ ဘာသာဝင်များသာ ဖြစ်မည်ဟု ကောက်ချက်ချတတ်ကြသည်။