ရခိုင်ပြည်နယ်၌ ရခိုင်စာသင်ကြားခြင်း - ဒေါ်စောသိန်းတန်

ရခိုင်လူမျိုးတို့သည် AD 6 ရာစု ဝေသာလီခေတ်ကပင် စာအရေးအသား တတ်မြောက်ခဲ့ကြသည်။ ယင်း ခေတ်က ကျောက်စာများကို ဗြဟ္မဟီပွားအက္ခရာဖြင့် ရေးထိုးခဲ့ကြသည်။ ယင်းခေတ်က သက္ကဋနှင့် သက္ကဋရော ပါဠိဘာသာစကားကို သုံးစွဲခဲ့သည်။ ဝေသာလီခေတ်သုံး အက္ခရာမှတဆင့် အဆင့်ဆင့် အရေး အသား ပြောင်းလာကာ လေးမြို့ခေတ်တွင် လက်ရှိ ရခိုင်အက္ခရာမျိုး ဖြစ်လာခဲ့သည်။ လေးမြို့ခေတ် (၉၅၇- ၁၄၃၀)တွင် သုံးစွဲသော ဘာသာစကားမှာ ယနေ့ပြောဆိုသုံးစွဲသော ရခိုင်ဘာသာစကား ဖြစ်သည်။ ရခိုင် သမိုင်းတလျှောက် ကဗျာ၊ လင်္ကာ၊ စကားပြေအမျိုးမျိုးဖြင့် စာပေရေးသားခဲ့ကြသည်။

ရှေးခေတ် ရခိုင်ပြည်နယ်တွင် စာပေသင်ရာဌာနသည် ဘုန်းကြီးကျောင်းများ ဖြစ်ပါသည်။ ရခိုင်စာပေရေး ဖွဲ့နည်း အခြေခံဖြစ်သော သုန်ပုန်းကြီး၊ အသတ်ငယ်၊ အသတ်ကြီးတို့ကို ရခိုင်ဆိုနည်း ဆိုဟန်ဖြင့် သင်ပါသည်။ ယင်းတို့ကို တတ်ပြီးပါက ဆုံးမစာကို သင်ပါသည်။ ထို့နောက် ဘုရားရှိခိုးအမျိုးမျိုး၊ ပရိတ်ကြီး အပါအ၀င် ဗုဒ္ဓစာပေကို သင်ပါသည်။ လောကသာရပျို့သည် ရခိုင်လူမျိုးအတွက် ဘ၀နေနည်း Life Style လမ်းညွှန်ဖြစ်ပါသည်။ လောကနီတိ ဖြစ်ပါသည်။ ထို့ပြင် ဘုန်းတော်ကြီးကျောင်းများတွင် အတွက်အချက် ဂဏန်းသင်္ချာ၊ ဈေးတွက်၊ စပါးတွက်၊ ၀ါးတွက်၊ သစ်တွက်၊ ရွှေတွက်စသည့် လုပ်ငန်းသုံးသင်္ချာများကိုလည်း လက်ဆင့်ကမ်း သင်ပေးပါသည်။ ကိုလိုနီခေတ်တွင် အင်္ဂလိပ်စာသင်ကျောင်းများ ရှိကြသော်လည်း ရခိုင်သားအများစုမှာ ဘုန်းတော်ကြီးကျောင်းများ၌ ရိုးရာအစဉ်အလာ စာသင်နည်းဖြင့် စာသင်ခဲ့ကြသည်။ စာပေတတ်မြောက်ခဲ့ကြသည်။

လွတ်လပ်ရေးရပြီးနောက် နှစ်(၆၀)ကျော် တောက်လျှောက် ရခိုင်စာစစ်စစ် စာအံသံမကြားရတော့ပါ။ မြန်မာ စာသည် အခြေခံဥပဒေအရ ကျောင်းသုံး၊ ရုံးသုံး ဖြစ်လာပါသည်။ မြန်မာစာက လွဲ၍ တခြား တိုင်းရင်းသား စာများကို ကျောင်းမှာ မသင်ရသဖြင့် ရခိုင် စာရေး၊ စာဆိုသံများ တိတ်ဆိတ်သွားပါသည်။

ယခုအခါ တိုင်းရင်းသားများ၏ တောင်းဆိုချက်များကြောင့် "၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ"၏ နိုင် ငံတော် အခြေခံမူများ ခေါင်းစဉ်အောက် ပုဒ်မ ၂၂(က)အရ နိုင်ငံတော်သည်-

(က) တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင် ရွက်သည် ဟု ပါရှိသည့်အတိုင်း တိုင်းရင်းသားတို့၏ စာကို ကျောင်းများတွင် သူငယ်တန်း၊ ပထမတန်း၊ ဒုတိ ယတန်းတို့၌ သင်ကြာခွင့်ရခဲ့ပါသည်။

ဤသို့ သင်ကြားခွင့်ရတော့မည်ဟု ၂၀၁၃ နှစ်ဆန်းပိုင်းတွင် သိရှိလာခဲ့သဖြင့် ရခိုင်စာကို သူငယ်တန်း၊ ပထ မတန်းနှင့် ဒုတိယတန်းတို့တွင် သင်ကြားရန် အတန်းအလိုက် ရခိုင်စာပြဌာန်းစာအုပ်များ လိုအပ်ပါသည်။ ထို့ကြောင့် ထိုစဉ်က ၀န်ကြီးချုပ် ဦးလှမောင်တင်က ၂၀၁၃၊ ဖေဖော်ဝါရီ (၁၃)တွင် အစည်းအဝေးခေါ်ယူပြီး ရခိုင်ဖတ်စာ သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း စာအုပ်များ ပြုစုရေးအဖွဲ့ဖြစ်သော "ရခိုင်စာသင်ရိုး ညွှန်းတမ်း ပြုစုရေးကော်မတီ"ကို ဖွဲ့စည်းပေးခဲ့ပါသည်။

ယင်းဖတ်စာအုပ်များကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် သင်ကြားမည်ဖြစ်၍ စာအုပ်များရိုက်နှိပ်ရန် စာမူပြု စုပေးရပါမည်။ ဤသို့ စာအုပ်များပြုစုဖို့အတွက် အချိန်တစ်လသာ ပေးပါသည်။ တစ်လအတွင်း ယင်းပြဌာန်း စာအုပ်များကို အချောသတ်ရေးပေးရန်မှာ တာဝန်ကြီးလှပါသည်။ မလွယ်ကူသော ကိစ္စ ဖြစ်ပါသည်။ သို့သော် မြို့နယ်ပညာရေးမှူး(ငြိမ်း) ဆရာကြီး ဦးမောင်ဗသိန်းနှင့် အဖွဲ့တို့မှာ လိုအပ်လျှင် ချက်ချင်း သင်နိုင် ရန် သူငယ်တန်းမှ စတုတ္ထတန်းအထိ ရခိုင်ဖတ်စာအုပ်များ အသင့်ပြုစုပြီး ရှိပါသည်။ ယင်းအဖွဲ့မှ ပြုစုသော ရခိုင်သင်ပုန်းကြီးဖတ်စာကို "အမင့်ပျိုးခင်း" အခလွတ် ရခိုင်စာသင်ကျောင်းတွင် ကျွန်မကိုယ်တိုင် ကလေး များအား သင်ပြပေးလျက် ရှိပါသည်။ ထို့ကြောင့် ယင်းဆရာကြီးတို့အဖွဲ့ ပြုစုပြီးသော ရခိုင်ဖတ်စာအုပ်များကို အခြေခံ၍ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း (ဥက္ကဌ)၊ ဦးဇော်ဝင်းနိုင် (အတွင်းရေးမှူး)နှင့် ကျွန်မ အပါအ၀င် (၂၆)ဦး ပါဝင်သော ရခိုင်စာသင်ရိုး ညွှန်းတမ်းပြုစုရေး ကော်မတီတို့သည် ပြုပြင်မွမ်းမံရေးသား ခဲ့ကြရာ ရခိုင်ပြည်ရှိ ကျောင်းများတွင် ယခုသင်နေသည့် ရခိုင်ဖတ်စာအုပ်များ ဖြစ်ပေါ်လာပါသည်။

ဤရခိုင်ဖတ်စာအုပ်များကို ၂၀၁၃-၂၀၁၄ စာသင်နှစ် စက်တင်ဘာတွင် ရခိုင်ပြည်နယ်ကျောင်းများ၌ စတင် သင်ကြားခဲ့ပါသည်။ ယင်းဖတ်စာအုပ်များကို အစိုးရက ကျောင်းသားများအား အခမဲ့ ဖြန့်ဝေပေးခဲ့ပါသည်။ သို့သော် ယင်းစာအုပ်များမှာ ယခု ၂၀၁၄-၂၀၁၅ စာသင်နှစ်အတွက် နောက်ထပ် ရောက်မလာသေးပါ။ ထို့ကြောင့် ယခုနှစ်တွင် ကျောင်းသားများမှ ဖတ်စရာစာအုပ်များ မရရှိကြသေးပါ။ ကျောင်းသားများအား စာအုပ်များ နှစ်စဉ် ပုံမှန် ဖြန့်ဝေဖို့ လိုအပ်ပါသည်။

ကလေးများသည် မူရင်းမိခင်ဘာသာစကား Mother Tongue ကို ပထမဆုံး သင်ယူသည်။ သူတို့နားလည် ပြီးသော ဘာသာစကားအပေါ် အခြေခံ၍ သင်ပါက အယူအဆ၊ သဘောတရား၊ သတင်း အချက်အလက် များကို အလွယ်ကူဆုံး သင်ယူနိုင်ကြသည်။ မူလတန်းတွင် မိခင်ဘာသာစကားဖြင့် သင်ကြားရေးသည် UNESCO ၏ အခြေခံမူလည်း ဖြစ်သည်။ ယခုကဲ့သို့ မူလတန်းအောက်ဆင့်တွင် ရိုင်စာသင်ကြားခွင့် ရသဖြင့် နိုင်ငံတော်အား ကျေးဇူးတင်ရှိပါသည်။

လက်ရှိ ရခိုင်စာ သင်ပြနေသော ဆရာ၊ ဆရာမများ၊ ဆရာကြီး၊ ဆရာမကြီးများနှင့် စစ်တွေမြို့နယ် ပညာရေး မှူးတို့အား တွေ့ဆုံးမေးမြန်းချက်နှင့် ကျောင်းသားများအား ကိုယ်တိုင်သင်ပြနေသည့် ကျွန်မ၏ အတွေ့အကြုံ များအရ ဤရခိုင်ဖတ်စာအုပ်များအား ရခိုင်သူငယ်တို့ သင်ကြားရသည်ကို အလွန်ပျော်ရွှင် ကြပါသည်။ မိမိတို့ ရခိုင်အသံထွက်ဖြင့် ဆိုရသော စာများကို ဖတ်၍ မ၀ကြပါ။ အရွေ့ကဗျာများကို ဖတ်ရသည်ကို အလွန်ပျော်ကြပါသည်။ ၀မ်းမြောက်အားတက်ကြပါသည်။

ရခိုင်စာသင်ရန် တာဝန်ပေးခြင်းခံရသော ဆရာ/ဆရာမများသည် ညည်းညူမှု မရှိကြပါ။ အမျိုးသားစိတ် အခြေခံဖြင့် ရခိုင်စာ သင်ပြရသည်ကို အပိုတာဝန်ဟု မယူဆကြပါ။ ရခိုင်ဖတ်စာများကို လေးစားစွာ သင်ပြကြပါသည်။

ဆက်လက် လုပ်ဆောင်သင့်သည့် အချက်များ

(၁) ဆရာ/ဆရာမတို့သည် ရခိုင်စာသင်ရာ၌ သင်နည်း ပုံစံ တပြေးညီ ဖြစ်ဖို့ လိုအပ်ပါသည်။ ရခိုင် အစဉ်အလာ ဆိုနည်း၊ ဖတ်နည်း၊ သင်နည်းများကို ဆရာ/ဆရာမတို့ တတ်ကျွမ်းဖို့ လိုသည်။ ယင်းကြောင့် ဆရာ/ဆရာမများအား သင်တန်းပေးဖို့ လိုပါသည်။

(၂) တိုင်းရင်းသား စာသင်ချိန်သည် ကျောင်းချိန်အတွင်း ဖြစ်ဖို့ လိုပါသည်။ ကျောင်းချိန်ပြင်ပတွင် သင်ရ သည်မှာ အခက်အခဲရှိသည်။ ကျောင်းသားများမှာ အချိန်ပိုမရှိကြပါ။

(၃) သင်ပြီး သင်ခန်းစာများကို ပြန်လည် ဖတ်ရှုလေ့လာရန စာမေးပွဲ စစ်ဖို့လိုသည်။ စာမေးပွဲမစစ်သဖြင့် အရေးမပါ၊ ပေါ့ဆစွာ သင်ကြား၊ သင်ယူမှု ဖြစ်စဉ် ရှိနေသည်။

(၄) မနှစ်က ရခိုင်စာသင်ဆရာ / ဆရာမများကို တစ်လလျှင် သုံးသောင်းကျပ်စီ သုံးလစာ ချီးမြှင့်သည်ဟု သိရသည်။ ဤကဲ့သို့ ဆက်လက်ချီးမြှင့်ပေးလျှင် ပို၍ ကောင်းပါသည်။

(၅) မိခင် ဘာသာစကားသည် သင်ကြားရေးမဏ္ဍိုင်ဖြစ်သင့် ပါသည်။ သို့မှသာ သူတို့ နားလည်သော စကားဖြင့် ဘာသာရပ်အကြောင်းအရာကို ကောင်းစွာရှင်းပြနိုင်ပါသည်။

(၆) ရခိုင်သူငယ်များ စိတ်ဝင်စားဖို့ အရွေ့ကဗျာပြိုင်ပွဲ၊ ဝေါဟာရစကားပြိုင်ပွဲ၊ ပန်းဝှက်ပြိုင်ပွဲများ ကျင်းပပေး သင့်ပါသည်။

(၇) ရခိုင်စာသင်ခြင်းနှင့်အတူ စာဖတ်ရှိန် ဖွံ့ဖြိုးရေးအတွက် ဖတ်စရာရုပ်ပြ၊ ကာတွန်း၊ ပုံပြင်စသည့် ကလေး ဖတ် စာအုပ်များ လိုပါသည်။ ဤသို့ ရခိုင်ကလေးသူငယ်ဖတ် စာစောင်များ ဖြစ်မြောက်ရေးကို အားပေးသင့် ပါသည်။

(၈) နှစ်စဉ်နှစ်တိုင်း ရခိုင်ဖတ်စာအုပ်များကို နှစ်စကပင် အချိန်မီ ဖြန့်ဖြူးပေးသင့်ပါသည်။ ယခုနှစ်တွင် ယင်း ဖတ်စာအုပ်မရသေးသဖြင့် ယခင်နှစ်ကျောင်းသားဟောင်းများမှ စာအုပ်ဟောင်းများကို ရသရွေ့ စုဆောင်းပြီး သင်နေရပါသည်။

(၉) တိုင်းရင်းစာသင်ခြင်းကို မူလတန်းအောက်ဆင့်နှင့် ရပ်တန့်မထားသင့်ပါ။ မူလတန်း အထက်ဆင့် အလယ်တန်း၊ အထက်တန်း အထိ တဖြည်းဖြည်း တိုးမြှင့်သင်ကြားခွင့် ပေးသင့်ပါသည်။ သို့မှသာ ဒေသ အလိုက် တိုင်းရင်းစာပေများ ဖွံ့ဖြိုးလာနိုင်မည် ဖြစ်ပါသည်။

ဒေါ်စောသိန်းတန်
အထက်တန်းကျောင်းအုပ်ဆရာမကြီး (ငြိမ်း)
အမင့်ပျိုးခင်း၊ အခလွတ် ရခိုင်စာသင်ကျောင်း

 ရခိုင့်တန်ဆောင် မဂ္ဂဇင်း အမှတ် (၂၀)၊ ၂၀၁၅ ခုနှစ် မှ -

No comments:

Post a Comment