သာသနာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တကုမာရ (သာသနာ့ဝန်ဆောင် (ပန်းကုံး)ဆရာတော်

"ဒီနေ့ သိပ်နေမကောင်းလို့ စာရေးတာ နားဦးမယ်ကွာ"
ဤစကားကို မိန့်တော်မူခဲ့သည်မှ စံလွန်တော်မမူမီ ၃-ရက် အလိုက ဖြစ်သည်။ ယနေ့တိုင် နားထဲက မထွက်သေး၊ ကြေကွဲဝမ်းနည်းဖွယ် စကားအဖြစ် ကျန်ရစ်ခဲ့လေပြီ။ ဤစကားကို စာပေရေးသား (ကျမ်းစာပြု စု)မှုနှင့် ပတ်သက်၍ နောက်ဆုံးစကားဖြစ်မည်ဟု မထင်မိခဲ့။ ဆရာတော် ကျန်းမာရေး မကောင်းသည် ကိုတော့ သိထားပါ၏။ ဤမျှ မြန်ဆန်လိမ့်မည် မထင်။ ဆရာတော်ဘုရားသည် ကျန်းမာရေးကို ဂရုပြုတော် မူပါ၏။ သို့သော် သာမန်နေမကောင်းရုံမျှဖြင့် အလုပ်နားတော်မူလေ့မရှိ၊ အလွန်မစွမ်းနိုင်လွန်းမှ နားတော်မူ ၏။ ယခုမှာကား တဒင်္ဂအနားယူရင်းမှ တစ်ဘ၀အတွက် ထာဝရ အနားယူတော်မူခဲ့လေပြီ တကား။

သာသနာ့တာဝန်ကို စွမ်းစွမ်းတမံဆောင်ရွက်တော်မူသော သာသနာ့ဝန်ဆောင် (ပန်းကုံး)ဆရာတော်ကြီး သည် ၁၃၆၃-ခုနှစ် ၀ါခေါင်လပြည့်ကျော် (၁၀)ရက် (၁၃-၉-၂၀၀၁) ကြာသပတေးနေ့၌ တစ်ဘ၀ဇာတ်သိမ်း ၍ ငြိမ်းတော်မူခဲ့လေပြီ။
ပန်းကုံးဆရာတော်

ဆရာတော်ဘုရားသည် သက်တော်ရွယ်တော်ငယ်စဉ်မှ စ၍ တစ်ဘ၀ဇာတ်သိမ်း ငြိမ်းတော်မမူမီကာလ တိုင်အောင် စာချစာသင် အရှင်တို့အတွက် 'ပန်းကုံး' ကျမ်းပေါင်းများစွာကို ပြုစုတော်မူခဲ့သည်။ ထိုက် တန်သော အကူအညီကို ပြည့်ပြည့်၀၀ ပေးတော်မူခဲ့၍ ပန်းကုံးကျမ်းများ အကူအညီဖြင့် အောင်မြင်မှုကို ရယူနိုင်သူများ မနည်းတော့ပေ။ ထို့ကြောင့်ပင် စာချစာသင်လောက၌ ဆရာတော်ဘုရားကို 'ပန်းကုံး ဆရာတော်' ဟု အသိများ၏။ အချို့စာချ စာသင်အရှင်များ ဆရာတော်ကို မဖူးတွေ့ရသော်လည်း ပန်းကုံး ကျမ်းများနှင့်ကား ရင်းနှီးနေကြပါ၏။ ဆရာတော်ဘုရား၏ ပန်းကုံးကျမ်းစာများသည် တစ်ကြိမ်ထုတ်ဝေ ပြီးနောက် တိမ်မြုပ်ပျောက်ကွယ်သွားသော ကျမ်းစာများမဟုတ်ကြ ထာဝရမှီငြမ်း အသုံးပြုရသော ကျမ်းစာ များလည်းဖြစ်ပါသည်။ ထို့ကြောင့် ဆရာတော်ဘုရား၏ ကျမ်းစာများသည် ရိုက်မလောက်၊ ရောင်း မလောက်အောင် ဖြစ်ကြရပါသည်။ ဆရာတော်ဘုရားသည် ဆူလွယ်နပ်လွယ် ခေတ်ကိုလိုက်၍ ပရိသတ်၏ အကြိုက်ကို လိုက်မရေး၊ ငါးပွက်ရာငါးစာချသည့် ပုံစံမျိုးမဟုတ်၊ ကျမ်းရင်းကို ပဓာနပြု၍ လိုအပ်သော စကား အဓိပ္ပါယ်ကို ခေတ်မီစကားလုံးများဖြင့် သုံးနှုန်း၍ ခေတ်မီနည်းစနစ်ဖြင့် သိလွယ်ထင်လွယ် မြင် လွယ်အောင် ရေး သားဖွင့်ဆိုတော် မူ၏။ ထို့အတွက် ဆရာတော်ဘုရား၏ ကျမ်းစာများသည် ခေတ် စနစ်တွေ ဘယ်လိုပင်ပြောင်းသော်လည်း အသုံးပြုသူများနှင့် အံဝင်ခွင်ကျ ဖြစ်နေသည်သာ။ တစ်ပွဲတိုး တစ်နပ်စားမျိုး မဟုတ်ကြောင်းကို လက်တွေ့အခြေအနေများက သက်သေပြလျက် ရှိပါသည်။ ဆရာတော် ဘုရား၏ ကျမ်းစာများသည် တစ်ကျမ်းဆို, ဆိုရလောက်အောင် ထိုက်ထိုက်တန်တန် ခံ့ခံ့ထည်ထည် ဂန္ထ၀င်မြောက် ကျမ်းစာများသာ ဖြစ်သည်။

မြတ်ဗုဒ္ဓ၏ ခက်ခဲနက်နဲသော တရားတော်များကို အလွယ်တကူ သိနားလည်အောင် ကျွမ်းကျင်သော ပန်းကုံးသမားတစ်ဦးကဲ့သို့ တစ်ကန့်စီ တစ်ကန့်စီ စနစ်တကျ လှလှပပ သီကုံးတင်ပြထားသောကြောင့် "ပန်းကုံး"ဟူသော အမည်နာမနှင့် လိုက်လျာညီထွေ ရှိလှပေသည်။ ထိုသို့သော သဘောမှန်ကို တိပိဋကဓရ ယောဆရာတော်ဘုရားက ဤသို့ ဂုဏ်ပြု ပူဇော်ထားပါ၏။

    "ဆရာတော်ကြီးဟာ သက်တော် (၈၃)နှစ်၊ ၀ါတော် (၆၂)၀ါရောက်သည်အထိ အပ္ပမာဒသတိ လက်ကိုင် စွဲလျက် ရုပ်ခန္ဓာ အိုမင်းသော်လည်းပဲ စိတ်ကအပ္ပမာဒသတိအစွမ်း ၀ိရိယအစွမ်းတွေကြောင့် ခွန် အားကောင်းကောင်း သတ္တိရှိရှိ စွမ်းအားအပြည့်နှင့် သာသနာ့အလုပ်ကို အားထုတ်တော်မူနိုင်ခဲ့တာ အပ္ပမာဒသတိ အစွမ်းကြောင့် စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အပ္ပမာဒသတိဆိုတာ ပန်းကုံးကို ကုံးပေး တဲ့ ပန်းသီကြိုးနဲ့ တူပါတယ်။ ဆရာတော် ဘုရားကြီးရဲ့ အသာဓရဏ (သူတစ်ပါးနှင့် မဆက်ဆံသော) အမည်တော်က "ပန်းကုံးဆရာတော်"တဲ့၊ အင်မတန်လှပတယ်၊ ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးကို ပဓာန ထိန်းချုပ်ထားတဲ့ ပရိယတ္တိလုပ်ငန်းစဉ်များကို မေတ္တာ၊ စေတနာ အသိတရားနှင့် ပန်းကုံးလေးပမာ လှပစွာ သီကုံးအလှဆင်ပြီး သာသနာ့ဝန်ကို ဆောင်ခဲ့ပါတယ်"။

ဗုဒ္ဓအလိုကျ ဆရာတော်

စာချစာသင်အရှင်တို့အတွက် ပန်းကုံးကျမ်းပေါင်းများစွာကို ရေးသားပြုစုတော်မူသလို ဗုဒ္ဓသာသနာတော်ကို ကြည်ညိုအားထားကြသော ဒကာ၊ ဒကာမများ သာသနာပြုလုပ်ငန်းကို အားပေးကူညီဆောင်ရွက်ရာ၌ စနစ်တကျ ရှိစေရန်နှင့် မိမိတို့ကိုယ်တိုင် ဗုဒ္ဓအလိုကျ ကျင့်သုံးနေထိုင်နိုင်ရန်အတွက် "ဗုဒ္ဓအလိုတော်ကျ" ကျမ်းစာများကိုလည်း ရေးသားတော်မူခဲ့ပါသည်။ ထို့ကြောင့် ဆရာတော်ဘုရားကို "ဗုဒ္ဓအလိုကျ ဆရာတော်" ဟု အသိအမှတ်ပြုကြပြန်သည်။ ဆရာတော်ဘုရား၏ ဗုဒ္ဓအလိုတော်ကျ ကျမ်းစာများ မည်မျှခရီးရောက် တွင်ကျယ်နေသည်ကို အထူးပြောဖွယ်မလို အကြိမ်ကြိမ်ထပ်မံ ထုတ်ဝေနေရခြင်းကို ကြည့်၍ သိနိုင်ပါသည်။ ဗုဒ္ဓအလိုတော်ကျ ဆရာတော်ဟု ခေါ်ဝေါ်သည်ထက် ဆရာတော်ကိုယ်တိုင် ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေ ထိုင်တော်မူ၍ တပည့်များကိုလည်း ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်ကြရန် ဆုံးမသွန်သင်တော် မူသောကြောင့် "ဗုဒ္ဓအလိုကျ ဆရာတော်"ဟု အမည်နာမ တင်ခြင်းက ပို၍လေးနက်ခိုင်ခဲ့သည်ဟု ဆိုချင် ပါသည်။

ဆရာတော်ဘုရားသည် မြောင်းမြဆရာတော်ဘုရားကြီး၏ လက်ရင်းတပည့်ပီပီ ၀ိနည်းသိက္ခာပုဒ်နှင့် စပ်လာလျှင် တင်းကြပ်၏။ ပြတ်သား၏။ တိတိကျကျ ဆောင်ရွက်တော်မူ၏။ လျော့ရဲရဲပြှူုကို လက်ခံတော်မမူ၊ အသေးအဖွဲအပြစ်ကလေးများကအစ လေးလေးစားစား လိုက်နာကျင့်သုံးရှောင်ကြဉ်တော်မူ၍ တပည့်များ ကိုလည်း လိုက်နာရန် ညွှန်ပြတော်မူ၏။ သာသနာတာ်၌ ရှင်ရဟန်းတို့၏ လျော့ရဲအားနည်းလာသော ကိုယ်ကျင့်တရား (ပဋိပတ်)နှင့် စာပေသင်ကြားမှု (ပရိယတ်)တို့ကို အားမလို အားမရ ဖြစ်တော်မူ၏။ သာသနာရေးနှင့် ဆက်စပ်သော ကိစ္စတို့ကို လွယ်လွယ်ပေါ့ပေါ့ လုပ်တော်မူလေ့မရှိ။ လာဘ်လာဘဦးစီး၍ အရာရာကို မပြုပြင်ဝံ့၊ မပြောဆိုဝံ့ ဖြစ်နေကြသည့် အစဉ်အလာတစ်ရပ်ကို ဘုရားရှင်၏ မျက်နှာတော်ကို သာကြည့်၍ အမှန်နှင့်အမှားကို ခွဲခြားပြတော်မူ၏။ အရှိကို အရှိအတိုင်း ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သား သား ဟောပြတော်မူ၏။ ဆရာတော်ဘုရားထံ ရောက်ရှိလာကြသည့် ရဟန်းရှင်လူတို့အား လှူရေး၊ တန်းရေး တရားထက် သာသနာပြုတရားနှင့် ကိုယ်ကျင့်တရားကောင်းဖို့သာ အဓိကထား၍ ညွှန်ပြတော်မူ၏။ အလှူ ဒါန ပြုလုပ်ရာ၌ စနစ်တကျလှူဒါန်းတတ်ရန် ညွှန်ပြတော်မူ၏။ ဒါန၊ သီလ၊ ဘာဝနာ တို့ကို ပြုလုပ်ရာ၌ ဟန်ပြမဟုတ်စေဘဲ တကယ့်အနှစ်သာရရှိရှိ ပြုတတ်အောင် လမ်းညွှန်တော်မူ၏။ အကာနှင့် အနှစ်ကို ခွဲခြားပြ၍ ဒါနပြုရာ၌ ကုန်သလောက်အကျိုးရှိရန် နည်းပေးတော်မူ၏။ မိမိကောင်းကျိုးအတွက် ဖြစ်သလို သာသနာပြုကုသိုလ်ဖြစ်ရန်လည်း ဟောပြတော်မူ၏။

သာသနာ့ဝန်ဆောင်ဆရာတော်


ဆရာတော်ဘုရားသည် ပရိယတ္တိသာသနာ စည်ပင်ပြန့်ပွားထွန်းကားခြင်းကို လွန်စွာလိုလားတော်မူသည်။ ပရိယတ္တိသာသနာ အခြေခံကောင်းပါမှ ပဋိပတ္တိအကျင့် မှန်ကန်မည်ကိုလည်း စွဲမြဲစွာ ယုံကြည်တော်မူ သည်။ သာသနာတော် အရှည်ခံ၍ တည်တံ့ရေးမှာ ပရိယတ္တိသာဖြစ်ကြောင်းကို အလေးအနက် ခံယူတော် မူသည်။
    မူလကံ ပရိယတ္တိ၀၊ သာသနဿ မဟေသိနော။
    ပရိယတ္တိပ္ပမာဏာ ဟိ၊ စိရံ သဒ္ဓမ္မသဏ္ဍိတိ။ ဟူသော မိန့်မှာချက်ကို အပြည့်အ၀ လက်ခံတော်မူသည်။ သို့သော် သင်ယူရုံ (ပရိယတ်) သက်သက်ကိုကား အားပေးတော်မမူ။ ပရိယတ်(စာပေ) သင်ယူခြင်းသည် ပဋိပတ် (ကျင့်သုံး)ရန်အတွက် ဖြစ်သည်ဟူသော အချက်ကို အလေးအနက် ထားတော်မူ၍ အသင်နှင့် အကျင့်ကို တွဲဖက်ပေးတော်မူသည်။ သို့ဖြစ်သောကြောင့် ပဋိပတ် မကင်းသော ပရိယတ်ဖြစ်စေရန် "သာသ နာ့ဝန်ဆောင်ကျောင်းတိုက်"ကို ဦးစီးတည်ထောင်တော် မူခဲ့ပါသည်။ ထိုအခါမှစ၍ ဆရာတော်ကိုလည်း "သာသနာ့ဝန်ဆောညင်ဆရာတော်" (သို့မဟုတ်) "၀န်ဆောင်ဆရာတော်"ဟု ခေါ်လာကြပါတော့သည်။ ဆရာတော်ဘုရားသည် ငယ်စဉ်မှစ၍ မူလကျေးဇူးရှင် မြောင်းမြဆရာတော်ဘုရားကြီးထံ ပရိယတ်ကို လုံလုံလောက်လောက် သင်ကြားတော်မူခဲ့သည်။ ထို့ပြင် မြန်မာ့ပရိယတ်နယ်ပယ်၌ အစဉ်လာ ကြီးမားသော ဆရာတော်ဘုရားကြီးများထံ နည်းခံသင်ယူခဲ့ပြန်သည်။ ထို့နောက် သင်ယူတတ်မြောက်ထားသော ပရိယတ် ပညာကို ထပ်ဆင့်ပို့ချခဲ့သည်။ မြောင်းမြ ပဇ္ဇောတာရုံ ပါဠိတက္ကသိုလ်၊ တိုက်သစ်ပဇ္ဇောတာရုံ၊ ရန်ကုန် မဟာဗောဓိကျောင်းတိုက်နှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ကျောင်းတိုက်တို့၌ နှစ်ပေါင်း (၅၀)ကျော် စာပေ ပို့ချ အုပ်ချုပ်၍ သာသနာပြုတော် မူခဲ့သည်။ ကျမ်းစာများ ရေးသား၍ အားပေးကူညီခဲ့သည်။ ထို့ကြောင့် ဆရာတော်ဘုရား ပျံလွန်တော်မူလျှင် ပျံလွန်တော်မူခြင်း ကြွရောက်လာသော တိပိဋကဓရဆရာတော် ဘဒ္ဒန္တသုမင်္ဂလာလင်္ကာရက ဆရာတော်ဘုရား၏ သာသနာပြုလုပ်ငန်း သာသနာ့တာဝန်ထမ်းဆောင်ပုံတို့ ကို လေးလေးနက်နက် မှတ်တမ်းတင်ခဲ့ပါ၏။
    "သာသနာ့ဝန်ဆောင် ဆရာတော်ဘုရားကြီး (အရှင်ကုမာရ)သည် သာသနာ့ဝန်ကို အပြည့်အ၀ မှန်ကန်စွာ တိတိကျကျ အောင်မြင်စွာ ဆောင်ရွက်တော်မူသွားသဖြင့် တကယ့်သာသနာ့ဝန်ဆောင် ဆရာတော် ဘုရားကြီးပါပဲ၊ 'အစားထိုးမရ'ဟူသော အသုံးအနှုန်းဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် အတိအကျ အပြည့်အ၀ထိုက်တန်သော ဆရာတော် ဘုရားကြီး ဖြစ်ပါတယ်"။

ရှေးဟောင်းစာပေ (ထိန်းသိမ်းရေး)နှင့် ဆရာတော့်ဆန္ဒ

ရှေးဟောင်း ဗုဒ္ဓစာပေ ထိန်းသိမ်းရေးကိစ္စကိုလည်း ဆရာတော်သည် အားစိုက်တော်မူ၏။ ရှေးဟောင်း စာပေ (အထူးသဖြင့် နိဿယ)များ မပျောက်ပျက်စေလို။ နောင်လာနောက်သားများ မှီငြမ်းစရာ မရှိလျှင် အခက်တွေ့မည်ကို စိုးရိမ်တော်မူ၏။ သာသနာ အားနည်းကွယ်ပျောက်မည့်အရေးကိုပင် တွေးတောကြံ ဆတော်မူလျက် အင်တိုက်အားတိုက် ကြိုးစားတော်မူ၏။ ဆရာတော်ဘုရား၏ သြ၀ါဒတစ်ရပ်တွင် ဤသို့ မိန့်တော်မူခဲ့၏ -
    "ရှေးဟောင်းစာပေတွေ ထိန်းသိမ်းရတာက ဘာဖြစ်လို့လဲဆိုတော့ ရှေးဟောင်းစာပေတွေ ပျောက်ပျက် ကုန်ရင် နောင်လာနောက်သားတွေ မှီးငြမ်းကိုးကားဖို့ မလွယ်ကူတာ ဖြစ်လိမ့်မယ်။ ခုပဲ တချို့စာအုပ်တွေ ဟာ ရှာမရလောက်အောင် လုပ်ထားခဲ့မယ်။ နောင်လူတွေ ဆက်လုပ်နိုင်အောင် မူချပေးခဲ့မယ်။ နောက် လူတွေ ဆက်ပြီးသာ ကြိုးစားရစ်ကြပေတော..."

ဆရာတော်ဘုရားသည် မိမိလုပ်ချင်သည့် အလုပ်ကိစ္စများကို စိတ်တိုင်းကျ လုပ်ဆာင်မပြီးမီ ပုံစံမကျမီမှာပင် မျက်နှာလွှဲတော် မူခဲ့ရ၏။ လုပ်ငန်းပမာဏကား ကြီးမားလှ၏။ စာအုပ်ဟောင်းများကို မိတ္တူအဆင့်ဆင့် စကင်နာအဆင့်ဆင့်မှ ကွန်ပျူတာစာစီ စာအုပ်အဆင့်ထိ မှန်းထားတော် မူခဲ့သည်။ ဆရာတော်ဘုရား သည် ရှေးဟောင်းစာပေတို့ကို လွန်ခဲ့သည့် နှစ်(၂၀)ခန့်မှစ၍ ရှာဖွေစုဆောင်းတော်မူခဲ့၏။ ရနိုင်မည့်နေရာ တို့ကို အပင်ပန်းခံ၍ ကြွတော်မူခဲ့၏။ သက်တော်ရွယ်တော် ကြီးရင့်မှုကို ပဓာနမထား ကိုယ်နှင့် အသက်ကို သာသနာတော်အတွက် အပ်နှင်းထားတော်မူ၏။ ဆရာတော်ဘုရား လုပ်ကိုင်ဆောင်ရွက်ချက်နှင့် မိန့်ကြား ခဲ့သော စကားတို့ကား နှောင်းခေတ်လူတို့အတွက် အတူယူကျင့်သုံးဖွယ် ဖြစ်ပေစွ၊ အားဆေးသဖွယ် ဖြစ်ပေ စွ။

အလုပ်မလုပ်နိုင်ဘဲ အသက်မရှည်လို

    "သေမှာကြောက်နေလို့တော့ မဖြစ်ဘူး၊ တစ်နေ့သေမှာပဲ။ မသေခင် အလုပ်လုပ်ဖို့ပဲ လိုတယ်၊ သာသ နာတော်အတွက် အလုပ်လုပ်ဖို့ အသက်ရှည်ချင်သေးတယ်။ အလုပ်မလုပ်နိုင်ဘဲနှင့်တော့ သူများပြုစုခံပြီး အသက်မရှည်ချင်ဘူး။"

ဆရာတော်ဘုရား၏ ဆန္ဒအတိုင်း ဖြစ်လေရော့သလား။ ဆရာတော်ဘုရားကို တပည့်သံဃာများနှင့် ဒကာ ဒကာမများ အားရကျေနပ်အောင်ပင် မပြုစုလိုက်ကြရ။ နေမကောင်းသည်ဟု သိရသည်မှ စံလွန်တော်မူ သည်အထိ (၃)ရက်တင်းတင်းလောက်သာ ရှိပါ၏။ ဆရာတော်ဘုရား၏ ခံယူချက်တို့ကား လေးနက်လှ၏။ ဆုံးဖြတ်ချက်တို့ကား ခိုင်မာလှ၏။ သာသနာပြုလိုသည့် ဆန္ဒကား ပြင်းပြတော်မူလှ၏။ ဆရာတော်သည် သူများပေးသော ဂုဏ်ထက် မိမိအလုပ်ကို မြတ်နိုးတော်မူ၏။ နားနေသည်ဟူ၍ မရှိ။ အားနေသည်ဟူ၍ မရှိ။ ၀ီရိယကို မလျှော့ချ စိတ်ဓါတ်ကို မြှင့်တင်ထား၏။ မိမိလုပ်ရမည့် အလုပ်ကို ဇွဲသန်သန်ဖြင့် ကြိုးစားတော်မူ၏။ အနှောင့်အယှက် အခက်အခဲ အဟန့်အတားများရှိစေကာမူ ဖြစ်မြောက်အောင်ကြိုးစားတော်မူ၏။

သာသနာ့ဝန်ဆောင်ကျောင်းတိုက် စတင်တည်ထောင်စဉ် အများစုက "မဖြစ်နိုင်"ဟု ထင်ကြ၏။ ထင်သည့် အတိုင်းလည်း ပြောကြ၏။ သာမာန်ဆိုလျှင်ကား ပြောမည်ဆိုက ပြောစရာပင် ခရီးဝေး၏။ လူသူမနီး တော ကြီးမျက်မဲ တောအထပ်ထပ် တောင်အသွယ်သွယ် သို့သော် ဆရာတော်ဘုရားကြီးသည် ဘုရားရှင်ကို ကြည်ညို၏။ ဆရာသခင်ကို လေးစား၏။ မိမိစွမ်းအားသတ္တိကို ယုံကြည်၏။ ဆရာ့ထံမှ စည်းကမ်းနည်းလမ်း များကို ပြည့်ပြည့်၀၀ ရရှိထား၏။ ထိုစည်းကမ်းနည်းလမ်း၊ စွမ်းအားသတ္တိ၊ ယုံကြည်မှုတို့ကို ပေါင်းစပ်၍ စွမ်း အားပြည့် ကြိုးစားလိုက်သည့်အခါ သာသနာ့ဝန်ဆောင်ကျောင်းတိုက်ကြီးကား ထီးထီးမားမား ပေါ်ထွန်းလာ ခဲ့ပေပြီ။ "မဖြစ်နိုင်"ဟု ဆိုသူတို့ နှုတ်ပိတ်ကြရတော့၏။ အံ့သြကြရတော့၏။ ဆရာတော်၏ စွမ်းရည်သတ္တိကို မှတ်ကျောက်တင်သည့် မှတ်တိုင်တစ်ခုအဖြစ် ထယ်ထယ်ဝါ၀ါ ပေါ်ထွန်းခဲ့လေပြီ။

ဒဿမ ရွှေကျင်သာသနာပိုင် အဂ္ဂမဟာပဏ္ဍိတ မြောင်းမြဆရာတော်ကြီး အဘိဓဇမဟာရဌဂုရု မစိုးရိမ် ဆရာတော်ကြီး အဘိဓဇမဟာရဌဂုရု သဒ္ဓမ္မောဒယဆရာတော်ကြီး၊ အဂ္ဂမဟာပဏ္ဍိတ ဆရာတော် အရှင် ဇနကာဘိဝံသ၊ လပွတ္တဆရာတော် အရှင်ကုသလ၊ အဂ္ဂမဟာပဏ္ဍိတ ပ၀ရဓမ္မစရိယဘွဲ့တော်နှင့် အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့တံဆိပ်တော်တို့ကို အလှူခံရရှိခဲ့ပါသည်။ တိုက်သစ်ပဇ္ဇောတာရုံစာသင်တိုက်နှင့် သာသနာ့ ၀န်ဆောင်ကျောင်းတိုက်တို့ကို တည်ထောင်တော်မူခဲ့ပါသည်။ ဆရာတော်ဘုရားသည် ပန်းကုံးကျမ်းပေါင်း (၈)ကျမ်းနှင့် ဗုဒ္ဓအလိုတော်ကျ (၄)ကျမ်း၊ ကဗျာ့အုတ်မြစ်စနစ်သစ်နှင့် မြောင်းမြဆရာတော်ထေရုပ္ပတ္တိ အပါအ၀င် စုစုပေါင်း (၁၄)ကျမ်းတို့ကို ရေးသားပြုစုတော် မူခဲ့သည်။

ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသွားသော်လည်း တည်ထောင်ခဲ့သည့်ကျောင်းတိုက်များက သာသနာ့ တာဝန်ကို ဆက်လက်ထမ်းဆောင်၍ ပြုစုခဲ့သော ကျမ်းစာများက ရဟန်းရှင်လူတို့၏ အကျိုးကို သယ် ပိုးဆောင်ရွက်နေဦးမည်သာ ဖြစ်ပါသည်။

ဆရာတော်လောင်းလျာသည် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ သစ်ဝရွာ၊ ခမည်းတော် ဦးမောင်ကျန် + မယ်တော် ဒေါ်ငယ်မတို့မှ ၁၂၈၀ ပြည့်နှစ် တန်ဆောင်မုန်းလဆန်း (၁)ရက် တနင်္လာနေ့တွင် ဖွားမြင်ခဲ့ပါ သည်။
၁၂၉၅ - ခုနှစ်တွင် သာမဏေအဖြစ်သို့ ရောက်ခဲ့ပါသည်။
၁၀၃၁ - ခုနှစ် တပေါင်းလပြည့်နေ့တွင် တောင်နီဆရာတော်ဘုရားကြီးကို ဥပဇ္စျေပြု၍ မယ်တော်ဒေါ်ငယ်မ ၏ ပစ္စယနုဂ္ဂဟဖြင့် ရဟန်းအဖြစ်သို့ ရောက်ခဲ့ပါသည်။

မြောင်းမြမြို့၊ ပဇ္ဇောတာရုံကျောင်းတိုက်၊ ဒဿမရွှေကျင်သာသနာပိုင် ၀ိသုဒ္ဓါရုံမြောင်းမြဆရာတော် ဘဒ္ဒန္တဥာဏ ဘိဝံသ၊ ဆရာတော် ဥုးဥာနိက (အဂ္ဂမဟာပဏ္ဍိတ၊ ဘာသန္တရဆေက)၊ လပွတ္တာမြို့ လေးထပ်ဆရာတော် အရှင်ကုသလ၊ လက်ပန်းတန်းမြို့ အဘိဓဇမဟာရဌဂုရု သဒ္ဓမ္မောဒယဆရာတော်၊ မန္တလေးမြို့ အဘိဓဇ မဟာရဌဂုရု မစိုးရိမ်ဆရာတော်၊ စစ်ကိုင်းမြို့ အဂ္ဂမဟာပဏ္ဍိတ ပဌာန်းသိပ္ပံဆရာတော် အရှင်ဣန္ဒက ၊ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသတို့ထံ စာလိုက်ခဲ့သည်။

၁၃၁၁-ခုနှစ်တွင် စာချတန်း (၉၀ကျမ်းလုံးကို အောင်မြင်၍ "သာသနဓဇ သီရိပ၀ရ ဓမ္မာစရိယ"ဘွဲ့ကို ရရှိခဲ့ သည်။

၁၃၃၃-ခုနှစ်တွင် မြောင်းမြမြို့၊ နေရှင်နယ်ကုန်းရပ်၌ တိုက်သစ် ပဇ္ဇောတာရုံကျောင်းတိုက်ကို မြောင်းမြ ဆရာတော်ဘုရားကြီးနှင့်အတူ တည်ထောင်ခဲ့သည်။

၁၃၄၇-ခုနှစ်တွင် မှော်ဘီမြို့နယ် အင်းလျက်ကျေးရွာအုပ်စု ရေပြာကျေးရွာ၌ သာသနာ့ဝန်ဆောင်ကျောင်း တိုက်ကို စတင်တည်ထောင်ခဲ့ပါသည်။

၁၃၅၄-ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ဆက်ကပ်လှူဒါန်းသော "အဂ္ဂမဟာပဏ္ဍိတ"ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိပါသည်။

ပါဠိ၊ အဌကထာ၊ ဋီကာများကို ကိုးကား၍ "ဗုဒ္ဓအလိုတော်ကျ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၊ ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်နည်း၊ ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး" အစရှိသော ခိုင်မာထည်ဝါ လှသော ကျမ်းစာများကို စိတ်အားထက်သန်စွာ အဆက်မပြတ်ပြုစုတော် မူခဲ့သည်။

၁၃၆၃-ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် (၁၀)ရက်၊ (၁၃.၉.၂၀၀၁) ကြာသပတေးနေ့၊ ည (၁၁း ၁၀) နာရီအချိန် ၌ တစ်ဘ၀ ဇာတ်သိမ်း၍ ငြိမ်းတော်မူပါသည်။

နိုင်ငံအကျိုးပြု အဖိုးတန်ရတနာများ (၂) - အေးသိန်း စာအုပ်မှ -

No comments:

Post a Comment