ဒုတိယပင်လုံမှသည် အနာဂတ်ပြည်ထောင်စုဆီသို့(၃) - ခိုင်လင်း(မေဃ၀တီ)

လွပ်လပ်ရေးနဲ့အတူ မွေးဖွားလာခဲ့တဲ့ ပြည်တွင်းစစ်ဟာ လူမျိုးကြီးဝါဒကြီးစိုးရေး(သို့မဟုတ်) ပြည်ထောင်စု အမည်ခံ တစ်ပြည်ထောင်စနစ် တည်ဆောက်ရေး အင်အားစုတွေကတော့ ပုံစံမျိုးစံ၊ နာမည်မျိုးစုံနဲ့ ကင်ပွန်း တပ်ခံခဲ့ရတယ်။ ဓါးပြဂိုဏ်း၊ သောင်းကျန်းသူ စသည်ဖြင့်။ တချို့ကလည်း ဗြိတိသျှရဲ့ မြှောက်ပင့်သွေးခွဲမှု၊ တချို့ကလည်း ယဉ်ကျေးစွာဖြင့် "ကိုလိုနီဆိုးမွေ"။ ဒီနာမည်တွေဟာ အုပ်ချုပ်သူ အဆက်ဆက်က သုံးစွဲခဲ့ တာ မှန်တယ်။ ဒါပေမယ့် အုပ်ချုပ်သူ မဟုတ်သူတွေကော မပါခဲ့ဘူးလားဆိုတော့ ပါပါတယ်။ ဒါကြောင့် "လူမျိုးကြီးဝါဒကြီးစိုးရေး (သို့မဟုတ်) ပြည်ထောင်စုအမည်ခံ တစ်ပြည်ထောင်စနစ်တည်ဆောက်ရေး အင်အားစု"လို့ ၀ိသေသနပြုခဲ့တာဖြစ်တယ်။ ပြောရရင် လွတ်လပ်ရေးနဲ့ ထပ်တူမွေးဖွားလာခဲ့တဲ့ ပြည်တွင်း စစ်ကို ဆင်နွှဲလာခဲ့တဲ့ အမျိုးသားတို့ရဲ့ တိုက်ပွဲကို ပြက်ရယ်ပြုလိုက်တာ ဖြစ်တယ်။ ဒီနေရာမှာ ပြည်တွင်းစစ် ကို သိဒ္ဓိတင်ချင်လို့ မဟုတ်ဘူး။ လွတ်လပ်ရေးရသည်မှ ယနေ့အထိ စစ်ပွဲတွေ ဆင်နွှဲနေတဲ့ လူတွေကို မေး ကြည့်ပါ။ စစ်ကို လိုလားသလားလို့။ သူတို့ စစ်ကို မလိုလားပါ။ ဒါပေမယ့် စစ်ကို ဆင်နွှဲနေရတယ်။ စစ်ကို မလိုလားပေမယ့် စစ်ကို ဆင်နွှဲနေရခြင်းဟာ စိတ်ဝင်စားဖို့ကောင်းသလို မှန်မှန်ကန်ကန် လေ့လာသုံးသပ်ဖို့ လည်း ကောင်းပါတယ်။ ထို့အတူ ပြည်တွင်းစစ်ရဲ့ ဇစ်မြစ်ကိုလည်း မှန်မှန်လေ့လာပြီး မှန်မှန်ကန်ကန် နာမည်ပေးဖို့ လိုမယ်ထင်ပါတယ်။

ဒုတိယပင်လုံမှသည် အနာဂတ်ပြည်ထောင်စုဆီသို့ (၂) - ခိုင်လင်း(မေဃ၀တီ)

ပဉ္စမမြန်မာနိုင်ငံတော်အယူအဆဟာ ဗမာအမျိုးသားအင်ပါယာ ထူထောင်ရေးဝါဒဖြစ်တယ်လို့ ကောက်ချက် ချခြင်းဟာ သမိုင်းကြောင်းတွေ၊ သမိုင်းနောက်ခံတွေ ကို အခြေခံပြီး ကောက်ချက်ချခြင်း ဖြစ်တယ်။ လူ တစ်ဦးရဲ့ လုပ်ရပ်တွေ၊ အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေ၊ လူအုပ်စုတွေရဲ့ လုပ်ရပ်တွေဟာ အယူအဆ ခံယူ ချက်တွေကို အခြေခံပြီး လုပ်ကြတာ ဖြစ်တယ်။ ဒါကြောင့် အယူအဆအချို့အတွက် တော်လှန်တိုက်ပွဲဝင် ရတာတွေ ရှိတယ်။ ပဉ္စမ မြန်မာနိုင်ငံတော် အယူအဆကို ယုံကြည်တဲ့သူဟာ သူ့ရဲ့လုပ်ဆောင် ချက်တွေ၊ ပေးဆပ်မှုတွေဟာလည်း ဒီအတွက်ပဲ ဖြစ်ပါလိမ့်မယ်။ လွတ်လပ်ရေးတိုက်ပွဲကာလနဲ့ လွတ် လပ်ရေးနောက်ပိုင်း ကာလတွေမှာ ဒီအယူအဆကို ယုံကြည်သူတွေကတော့ သခင်ဗစိန်၊ ဂဠုန်ဦးစော၊ ဦးနေ၀င်း၊ ဗိုလ်သန်းရွှေတို့ဟာ ထင်ရှားတဲ့ လူတွေပါ။ ဒီလူတွေရဲ့ လုပ်ဆောင်ချက်တွေဟာ ပဉ္စမ မြန်မာနိုင် ငံတော် အယူအဆအပေါ်မှာ အခြေခံခဲ့တယ်ဆိုတာ သူတို့တွေရဲ့ အလုပ်တွေဟာ သက်သေပြခဲ့ပါတယ်။ ပဉ္စမ မြန်မာနိုင်ငံတော် အယူအဆကို နည်းနည်းလောက်ရှင်းပြဖို့ လိုမယ်ထင်တယ်။

ပါမောက္ခလုစ်က (၁၁)ရာစုမှာ အနော်ရထာစည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို ပထမမြန်မာနိုင်ငံ၊ (၁၅)ရာစုမှာ ဘုရင့်နောင် စည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို ဒုတိယမြန်မာနိုင်ငံ၊ (၁၈)ရာစုမှာ အလောင်းဘုရားစည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို တတိယမြန်မာနိုင်ငံ၊ (၂၀)ရာစုမှာ ဗိုလ်ချုပ်အောင် ဆန်းစည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို စတုတ္ထမြန်မာနိုင်ငံလို့ ရေးသားလဲ့တာတွေ ရှိတယ်။ ပါမောက္ခ လုစ်ရဲ့ အယူအဆကို အခြေခံစဉ်းစားရင်း ပဉ္စမမြန်မာနိုင်ငံတော် အယူအဆ ပေါ်ပေါက်လာတာ ဖြစ် တယ်။ မြန်မာ (ဗမာ)အချင်းချင်းမှာတောင် ပဉ္စမမြန်မာနိုင်ငံတော် အယူအဆဟာ အငြင်းပွားမှုတွေ နဲ့ ပြည့်နှက်နေတာ တွေ့ရပါတယ်။ ဦးနေ၀င်းကို ပဉ္စမမြန်မာနိုင်ငံတော်ကို တည်ထောင်ရေးကြိုးပမ်းခဲ့သူ တစ်ဦးအဖြစ် သတ်မှတ်နိုင်သလို ဗိုလ်သန်းရွှေဟာလည်း ပဉ္စမ မြန်မာနိုင်ငံတော်ကို ဆက်လက် ဦးဆောင်စေသူအဖြစ် သတ်မှတ်နိုင်ပါတယ်။ တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပဉ္စမမြန်မာနိုင် ငံတော် ထူထောင်မယ့်သူလို့ ပြောလိုကြပါတယ်။ ပါမောက္ခလုစ်ရဲ့ အယူအဆအပေါ်မှာ သက်ဝင်ယုံကြည် သူတွေအနေနဲ့တောင် ပဉ္စမမြန်မာနိုင်ငံတော်ထူထောင်သူမှာ အငြင်းပွားစရာဖြစ်နေတာ တွေ့ရပါတယ်။ ဒီအယူအဆအတိုင်းဆိုလျှင် ဦးနေ၀င်းဟာ ပဉ္စမမြန်မာနိုင်ငံတော်ကို တည်ထောင်သူအဖြစ် သတ်မှတ်ပြီး ဗိုလ်သန်းရွှေကတော့ ဆက်လက်ဦးဆောင်စေသူအဖြစ် သတ်မှတ်ရမှာဖြစ်တယ်။

ဒုတိယပင်လုံမှသည် အနာဂတ်ပြည်ထောင်စုဆီသို့ (၁) - ခိုင်လင်း(မေဃ၀တီ)


ဒုတိယအကြိမ်မြောက် ပင်လုံညီလာခံမျိုး နောက်တစ်ကြိမ်ကျင်းပဖို့ လိုအပ်တာကြောင့် ဒုတိယပင်လုံလို့ပဲ ညွန်းဆိုခြင်းဟာ လက်လွတ်စပယ်ခေါ်ဆိုခြင်းမျိုးတော့ မဖြစ်နိုင်ပါဘူး။ အမှန်တကယ် နှိုက်နှိုက်ချွတ်ချွတ် မညာတမ်းလေ့လာကြည့်ရင် ဒုတိယ ပင်လုံညီလာခံကို ဦးအောင်ဆန်းကျဆုံးပြီး နောက်တစ်ရက်မှာ ကျင်းပ ရမှာဖြစ်တယ်။ ဦးအောင်ဆန်းကျဆုံးခြင်းနှင့်အတူ ပင်လုံစာချုပ်ရော ပြည်ထောင်စုစိတ်ဓါတ်ရော ကျဆုံးခဲ့ရ တာဖြစ်တယ်။ ထို့အတူ တိုင်းင်းသားတွေဟာလည်း ပျော့ပျောင်းညင်သာစွာနဲ့ ကိုလိုနီဘ၀ကို ပြန်လည် ဆင်းသက်ခဲ့ရတယ်။

ဒီအခင်းအကျင်းတွေကြောင့်ပဲ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ကို မွေးဖွားစေခဲ့တာ ဒီနေ့အချိန်ထိပါပဲ။ လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာတဲ့ ပြည်တွင်းစစ်ဟာ ဦးအောင်ဆန်းကျဆုံးမှုနဲ့အတူ ပင်လုံစာချုပ်ပါ ကျဆုံး သွားရခြင်းရဲ့ အထင်ရှားဆုံး ပြယုဂ်တစ်ခုပါ။ ဒါကြောင့် ဒုတိယအကြိမ် ပင်လုံညီလာခံကဲ့သို့သော ညီလာခံ မျိုး ကျင်းပရန် လိုအပ်တာကို အခြေခံပြီး ဒုတိယပင်လုံလို့ ညွန်းဆိုခြင်းဟာ လက်လွတ်စပယ် ခေါ်ဆိုခြင်း မျိုးတော့ မဖြစ်နိုင်ဘူးလို့ ဆိုခြင်းဖြစ်ပါတယ်။