ကန္တာရပန်းများမနွမ်းစေချင် - မောင်လှိုင်(လမု)

စစ်တွေမြို့ကိုမရောက်ဖြစ်ခဲ့သည်မှာ ဆယ်စုနှစ် နှစ်စုပင်ကြာခဲ့လေပြီ။ မဆလ ခေတ်အကုန် စစ်အာဏာ အစဦးကာလမှာ ကောလိပ်ကျောင်းသားဘ၀ ကျင်လည်ခဲ့စဉ်က စစ်တွေ၌ နေခဲ့ခြင်းဖြစ်သည်။ ကြမ်းတမ်း ခက်ရော်သောပညာရေး ခရီးလမ်းလျှောက်လှမ်းနေခဲ့သော်လည်း အတ္တစိတ်နှင့် ကိုယ့်အပူသာမြင် ပတ်ဝန်း ကျင်ကိုဂရုမမူ။ မိမိကလွဲလျှင် တခြားသူများ အဆင်ပြေနေလိမ့်မည်ဟုသာ အထင်ရှိခဲ့သည်။

ယခုတစ်ကြိမ် စစ်တွေသို့ သတင်းထောက်အနေဖြင့် ရောက်ရှိလာသောအခါ အစစအရာရာ လေ့လာ စိုးကြောက်နေမိသည်။ ကျီးကန်းတောင်းမှောက်ကြည့်သည်။ ဂရုတစိုက်ကြည့်လေ မြင်လာရလေ မဟုတ်ပါ လား။

မြို့စစ်တွေ၏ ရုပ်ဆင်းသွင်ပြင်မှာ ငွေကြေးဓနကြွယ်ဝလှသည့် သူဌေးတစ်ဦး၏ အလိုမတူသိမ်းယူခြင်းကို ခံလိုက်ရသော မိန်းမပျိုလေးတစ်ဦးနှင့်တူ၏။ အရင်ကထက် ရုပ်ဝတ္ထုအနည်းငယ် ပြည့်စုံလာသည်ဟု ထင် ရသော်လည်း မြို့နှလုံးသား ပြည်သူများဘ၀ကတော့ မထူးခြားနားလှ၊ မရွှင်မလန်း စိတ်ပင်ပန်းသည့် အသွင်ဖြင့် ညှိုးရော်နွမ်းလျပါဘိ။

သည်ကြားထဲ လူဦးရေတိုးပွားနှုန်း နည်းဗျူဟာသုံးပြီး နယ်မြေလုပွဲ ဆင်နွဲလာသူများ၏ ထိုးနှက်တိုက်ခိုက် မှုကြောင့်လည်း ရခိုင်တို့၏ မျက်နှာမှာ နာကြင်ကြေကွဲခြင်းပုံရိပ်များကို အထင်းသား မြင်ရသည်။ ယနေ့ အခြေအနေက လွန်ခဲ့သော နှစ်ပေါင်း(၂၂၉)နှစ်မတိုင်ခင်က ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့၏ အခြေအနေနဲ့ မိုးနှင့်မြေပမာ ကွာခြားလှပေလိမ့်မည်။ ထားရာနေစေရာသွား နွားနှင့်မခြားသည့် ကျွန်ဘ၀မှာ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့်ကိုမဆိုထားနှင့် ကိုယ့်မြေကိုယ့်ရေ ကိုယ့်နိုင်ငံကိုယ့်လူမျိုးကိုတောင်မှ ကာကွယ်ခွင့်ပင်မရှိ၊ သခင်စီမံသည့်အတိုင်းသာ ကံကြမ္မာကို ရိုးမယ်ဖွဲ့ရင်း ဇာတ်ဆရာအလိုကျ ကပြခဲ့ရသည်။

ရခိုင်တို့ လျှောက်သောလမ်းကား ပန်းခင်းလမ်းမဟုတ်၊ ဆူးငြောင့်ခလုတ်အတိဖြင့် ကြမ်းတမ်းခက်ထန် လှသည့် ခရောင်းလမ်း၊ ပူလောင်မှု ပြည့်နှက်သည့် ကန္တာရလမ်းပင်ဖြစ်သည်။ သည်လမ်းကို လျှောက်လှမ်း ကြရာဝယ် အမျိုးစောင့်တရားကို လက်ကိုင်ထားကြရသည်။ အမျိုးစောင့်တရားကို ခံယူကျင့်သုံးရာမှာ မျိုး ဆက်များအကြား ရှည်လျားလှသော ရခိုင်သမိုင်းကို နည်းမျိုးစုံဖြင့် သယ်ယူ၍ လက်ဆက်ကမ်းခဲ့ကြသည်။ ရာဇ၀င်သမိုင်း အသိနှင့်ယှဉ်သော သတိတရားဖြင့် ဘက်ပေါင်းစုံမှ သွေးနှောမျိုးဖျက် ထိုးနှက်ချက်မှန်သမျှ ကို တွန်းလှန်နိုင်ခဲ့၍သာ ယနေ့ရခိုင်လူမျိုး တည်တံ့နေခြင်းပင် ဖြစ်သည်။

ရခိုင်လူမျိုးတည်တံ့ရေးသည် မျိုးဆက်များအသိနှင့် သတိယှဉ်သော ပညာဥာဏ်ပြည့်စုံဖို့ လိုအပ်သည်။ ပညာတတ်လူငယ် များလေလေ ဖိနှိပ်မှု ယန္တရားပျော့ပျောင်းလေ၊ ဒဏ်ရာအနာတရ နည်းလေဖြစ်မည်။ ပညာမတတ်လေ ဆင်ခြင်တုံတရားနည်းလေ သွေးခွဲအုပ်ချုပ်နိုင်လေ အယူဖြင့် ဖိနှိပ်သူတို့က ဖိနှိပ်ခံတို့ကို ထိန်းချုပ်နိုင်ရန် အသိဥာဏ်ပညာနှင့် စာရိတ္တကို ချိုးနှိမ်လေ့ရှိသည်။

ရခိုင်တို့က ပညာသင်ယူလိုကြသည်။ ရေနံနှင့်သဘာဝဓာတ်ငွေ့က ရခိုင်တစ်ပြည်လုံးကို လျှပ်စစ်မီး အခ မဲ့ပေးနိုင်သော်လည်း အဆမတန်ဈေးကြီးကြီးပေးစေလျှက် ဖောင်စီးရင်းရေငတ်ဖြစ်အောင် မိမိတို့ကို ကျွန် မှန်းသိအောင်တစ်နည်း ၄င်းတို့ကို သခင်မှန်းသိအောင် လုပ်ပြထားသည်။ ပညာလိုလားသော ရခိုင်တို့က တိုးတက်နေပါသည်ဆိုသော ယခုလိုခေတ်ကြီးတွင် ရေနံဆီမီး၊ ဖယောင်းတိုင်မီးကိုသုံး၍ စာဖတ်နေကြ သည်။

ဖိနှိပ်သူတို့ အားစိုက်ဖန်တီးထားသော လောကဓံတရား၏ ထိုးနှက်ရိုက်ပုတ်ချက် ဒဏ်ရာများကြားမှာ အသက်ရှင်ရပ်တည်နေနိုင်ဖို့ မိမိတို့၏ မျိုးဆက်များအတွက် ပညာသင်ခွင့်ပင် မလွယ်ကူတော့။ ပညာရေး စရိတ်မတတ်နိုင်၍ ကျောင်းမနေနိုင်သော ရခိုင်ကလေးငယ်များ တစ်နေ့တခြား တိုးပွားလာနေ သည်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်လှသည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီပြည်ထောင်စု၏ အနာဂတ် ပိုင်ရှင် များ စာသင်ကျောင်းပင်မသွားနိုင်တော့။ အမျိုးဘာသာ သာသနာအတွက် ရခိုင်မျိုးဆက်သစ်များ ဘယ်ပ ညာ၊ ဘယ်အသိ၊ ဘယ်သတိနှင့် အနာဂတ် ရခိုင်လူမျိုးတည်တံ့ရေးအတွက် ဆင်ခြင်ကြပါမည်နည်း။ မည် သို့တည်ဆောက်ကြပါမည်နည်း။

ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုသည်မှာ အပြောလွယ်သလောက် ရခိုင်တို့အတွက် အလုပ်ခက်၏။ အမျိုးနှင့်သီလကို စောင့်သော ရခိုင်သားတို့ မျိုးဆက်သစ်များ ပညာတတ်ရေးအတွက် နည်းပေါင်းစုံနှင့် ၀ိုင်းဝန်း ကြိုးပမ်းခဲ့ကြသည်။ ထိုအထဲတွင် ဗုဒ္ဓဘာသာ ရဟန်းတော်များ ဦးဆောင်ဖွင့်လှစ် သင်ကြားနေသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများလည်း ပါဝင်သည်။

ဝါတွင်း၏တစ်ခုသော ဥပုသ်နေ့မှာ စစ်တွေမြို့ ဆပ်ရိုးကျရပ်ကွက်၊ မင်းတရားချိတ်ရွာဟောင်းရှိ ဝေဠုဝန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ရောက်ရှိ ခဲ့သည်။ ကျောင်းမှာ ဆရာတော်ဦးခေမာဝံသ၏ ဦးဆောင်မှုနှင့်အတူ၊ ဆရာ/ဆရာမများ၏ကြိုးပမ်းမှု၊ ပညာသင်ထောက်ပံ့ရေးအဖွဲ့တို့၏ ပံ့ပိုးမှု၊ လူမှုအဖွဲ့အစည်းများ၊ တသီးပုဂ္ဂလများ၏ ကူညီဆောင်ရွက်မှုများကြောင့် အတော်လေး သန့်ရှင်းသပ်ရပ်နေ သည်။ သို့သော် (၂၀'x ၃၀') ခန့်ရှိ ဓနိတစ်ဝက်၊ သွပ်တစ်ဝက်အမိုး၊ ၀ါးကြမ်းခင်း၊ ၀ါးထရံကာ မလုံမလဲရှိနေသော ကျောင်းဆောင်နှစ်ဆောင်၊ ပျက်စီးယိုးယွင်းနေသော Black Board နှင့် ကျောင်းဝတ်စုံ ကင်းမဲ့နေရှာသော ကလေးငယ်များ ကိုတွေ့ရသည်။

ကျောင်းမှာ အစိုးရအသိအမှတ်ပြု မူလတန်းဖွင့်ခွင့်ရထားပြီး၊ ၅ တန်းနှင့် ၆ တန်းကိုတွဲဖက်အဖြစ် ဖွင့်ထားခြင်းဖြစ်သည်။ လက်ရှိ သူငယ်တန်းမှ ဆဋ္ဌမတန်းထိ ကျောင်းသား(၂၂၆)ယောက်၊ ဆရာ/ဆရာမ (၁၀)ယောက်ရှိသည်ကို တွေ့ရသည်။

ဝေဠုဝန်ဘုန်းကြီးကျောင်းနှင့်ပတ်သက်၍ လက်ရှိကျောင်းထိုင်ဆရာတော် ဦးခေမာဝံသအား မေးမြန်း 
လျှောက် ထားရာ ဆရာတော်က ကျောင်းသမိုင်း၊ လူမှုအဖွဲ့အစည်းများ၏ ကူညီလှူဒါန်းမှုတို့ကို စိတ်ရှည် လက်ရှည် ရှင်းပြသည်။

" ဒီမှာ စာ စသင်တဲ့အခါက အတန်းစာမဟုတ်ဘူး။ စာရေးစာဖတ်တတ်အောင်သင်တာ ။ နောက် ကျတော့ ကျောင်းမထားနိုင်တဲ့ ကလေးတွေများလာတာနဲ့ မူလတန်းတွေစသင်တယ်။ ဒီကျောင်းစဖွင့်တာ ဦးဇင်းရှေ့ မတိုင်ခင် ဒီကျောင်းရဲ့ကျောင်းထိုင်ဆရာတော် ဦးသိဒ္ဓိသောမဖြစ်တယ်။ ၂၀၀၅-၂၀၀၆ ပညာသင်နှစ်မှာ စခဲ့တယ်။ တစ်နှစ်နေတဲ့အခါ ကျောင်းသား (၁၅၀)လောက်ဖြစ်လာတော့ ဆရာ/ဆရာမ သုံးဦး အကူအညီပေးတယ်။ လစာဆိုလို့ အသွားအပြန် လမ်းစရိတ်လောက်ပဲ ပေးနိုင်ခဲ့တယ်။ ၂၀၀၇ ခုနှစ်မှာ မြန်မာမိတ်ဆွေများအဖွဲ့ ( MFF)က ဒေါက်တာဟေလင်၊ ဆရာမ နော်ဘွေခြူးတို့ ဆက် သွယ်ဆောင်ရွက်ပေးလို့ သူတို့ဖောင်ဒေးရှင်းရဲ့ အကူအညီနဲ့ ဆရာမတစ်ဦးကို တစ်လ နှစ်သောင်းစီ ပံ့ပိုးပေးနိုင်ခဲ့တယ်။ နောက်ပိုင်းမှာ MFF ကပဲ ကျောင်းကျန်းမာရေးကိစ္စတွေ၊ ဆရာ/ဆရာမတွေအတွက် CCA သင်တန်းကိစ္စတွေ၊ ကလေးတွေ အဟာရတိုက်ကျွေးရေး၊ နောက်ပြီး ဆရာ/ဆရာမ ခြောက်ဦးအထိ တိုးချဲ့ငှားရမ်းရေး စတာတွေအားလုံးကို ဆောင်ရွက်ပေးခဲ့တယ်။ ဒီနေ့အထိပါပဲ။ " ဟု ဆရာတော် က ပြောသည်။

ဆက်လက်၍ ဆရာတော်က လာရောက်လှူဒါန်းကြသူများတွင် ပုဂ္ဂလိကများပါသလို အခြားလူမှုရေး အဖွဲ့အစည်းများလည်းပါရှိကြောင်း၊ ရခိုင်လူမှုကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်းမှလည်း ကလေးငယ် များအား အဟာရများ လာရောက်ကျွေးမွေးသလို ကျောင်းသုံးပရိဘောဂ စာရေးခုံတန်းများ၊ Black Board များ လှူဒါန်းခဲ့ကြောင်း၊ ရခိုင်လူမှုဖောင်ဒေးရှင်းများ လာသည်နှင့်အမျှ ပညာရေးကဏ္ဍအတွက် အကျိုး များလာမှာဖြစ်ကြောင်း ဆိုသည်။

ထို့နောက် ကျောင်းစဖွင့်သည့်နှစ်ကစ၍ ဝေဠုဝန်ဘုန်းကြီးကျောင်းတွင် ပညာသင်ကြားပေးနေသော ဆရာမတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခွင့် ရခဲ့သည်။

" ကျမ လမ်းမတော်တောင်ကနေ ဒီမှာလာပြီးစာပြတယ်။ ဒီဘက်က ကလေးတွေ ကျောင်းမနေနိုင်တော့ ဆရာတော်က ကျမကို အကူအညီတောင်းတယ်။ ပထမနှစ်မှာ တစ်ပြားမှမယူဘဲ ပြခဲ့တယ်။ နောက်နှစ်ကျမ မပြတော့ဘူးလို့ စိတ်ဆုံးဖြတ်ထားခဲ့ပေမယ့် ကလေးတွေအပေါ် သံယောဇဉ်ဖြစ်နေပြီ။ ဒီအတိုင်း ပစ်ထား ခဲ့ရင် သူတို့တွေ စာတတ်မှာမဟုတ်တော့ဘူးဆိုပြီး စိုးရိမ်စိတ်နဲ့ ဆက်လုပ်နေမိတယ်။ ကျမ စာသင်ပေး တဲ့ ကလေးတွေ ခုဆိုရင် (၉)တန်းကျောင်းသားကြီးတွေတောင် ဖြစ်နေပြီ။ သူတို့တွေကို မြင်လိုက်တာနဲ့ကို ကျမရင်ထဲ ပီတိဖြစ်နေရတာပါ။ " ဟု ကျောင်းသင်ကြားရေး တာဝန်ခံ ဆရာမကြီး ဒေါ်အေးအေးသန်းက ရင်ဖွင့်စကားဆိုပါသည်။

ဆရာ/ဆရာမများမှာ တစ်လလျှင် နှစ်သောင်း၊ သုံးသောင်းမျှသာ ပံ့ပိုးငွေရရှိကြရာ အဆိုပါငွေကြေးမှာ ဆရာ/ဆရာမတို့အတွက် အသွားအပြန် လမ်းစရိတ်မျှသာ ရှိသည်။ အခကြေးငွေကို အဓိကမထားဘဲ အမျိုးဘာသာ သာသနာအတွက် သင်ကြားပေးနေကြသည်မှာ ဂုဏ်ယူဘွယ်ကောင်းလှသည်။

ဝေဠုဝန်ကျောင်းတော်အတွက် MFF နှင့် ရခိုင်လူမှုကူညီရေးဖောင်ဒေးရှင်း စသည်တို့က ပံ့ပိုးဆောင် ရွက် ပေးနေပါသည်။ သို့သော်လိုအပ်ချက်များရှိနေဆဲပါ။ ကျောင်းထိုင်ဆရာတော်၏ မိန့်ကြားချက်အရ စာရေးခုံတန်းရှည်များ၊ သင်ရိုးညွှန်းတမ်းစာအုပ်များ၊ Black Board များ၊ ကျောင်းဝတ်စုံလေးများ ၊ ကျောင်း ဆရာလစာ၊ စာကျက်ရာမှာ လျှပ်စစ်မီးအတွက် မီးကြိုး စသည်တို့ လိုအပ်နေသေးသလို အခြားအဆောက် အဦး၊ သင်ထောက်ကူ ပစ္စည်းများလည်း လိုအပ်နေကြောင်း ကိုယ်တွေ့မြင်ခဲ့ရသည်။

ထိုနေ့ ကျနော့် အိမ်ပြန်လမ်းကား စိတ်နှင့်ကိုယ် လမိုင်းမကပ် ဖြစ်ခဲ့ရသည်။ ဝေဠုဝန်ကျောင်းထဲက အားလျော့ နွမ်းခွေနေသော သူငယ်တန်းကလေးများ၊ စုပ်ပြဲကြေမွနေသော သူတို့ကိုယ်ပေါ်က တစ်ထည် တည်းသော ၀တ်စုံလေး၊ ကျနော့်အတွေးအာရုံထဲမှာ တဖျပ်ဖျပ်ရိုက်ခတ် နေသည်။

ရခိုင်လူမျိုးအသက်ရှင်ဖို့ ကြိုးပမ်းနေရချိန်မှာ အနာဂတ် အဖရခိုင်ပြည်အတွက် မျိုးဆက်သစ်များ ကျနော်တို့ နည်းတူ ဘ၀ကန္တာရ ခရီးရှည်ကြီးကို ဖြတ်သန်းလျှောက်လှမ်း နေရလေပြီ။ ကျနော်တို့သည် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးကို ချစ်ပါသည်ဆိုလျှင် ရခိုင်မျိုးဆက်သစ်များ ကို ဖေးမကူညီရပေ လိမ့်မည်။ ဝေဠု ၀န် နည်းတူ ရခိုင်ပြည်ရှိ အခြားအခြားသော ဘုန်းကြီးကျောင်းများရှိ ကန္တာရလမ်းမှာ နွမ်းရိပင်ပန်းစွာ ပညာရှာသူ ကလေးငယ်များအတွက် ကျနော်တို့မည်သို့ ဆောင်ရွက်ကြမည်နည်းဟု အထပ်ထပ် တွေးတောနေ မိ ပါတော့သည်။

မောင်လှိုင်(လမု)

No comments:

Post a Comment