အဖိုး သို့ - ခိုင်လင်း(မေဃ၀တီ)

အဖိုးမသေ
သေလည်းသက်ရှိ၊ ရိုးမသိသည်
နဒီဂစ္ဆပ၊ ငိုကြွေးပြအံ့
ထလော့...အဖိုး၊ အဖိုး... ထလော့။

ရခိုင်မင်းများ၊ ထိုးထွင်းထားသော
စာသားအက္ခရာ၊ ကျောက် ပေစာကို
သေချာစစ်ဆေး၊ အဖြေပေးဘိ
က၀ိပီသော အို...အဖိုး။

သမိုင်းရှည်လျှား၊ ရခိုင်သား၏
ထွန်းကားစည်သာ၊ နုပညာအား
အာဏာရှင်လက်အောက်၊ အပျောက်မခံ
တော်လှန်ဖော်ထုတ်၊ လွန်းကြိုးတုတ်ပ
ဓါး တုတ် မရှိ၊ တော်လှန်ဘိသည်
ပဏ္ဍိတမည်သော အို...အဖိုး။

ရခိုင်အက္ခရာ၊ ဆယ့်ခြောက်ဖြာကို
ကမ္ဘာသိအောင်၊ ဖော်ထုတ်ဘိသည်
က၀ိတဆူ၊ ပြည်သူအများ
အဖိုးအားသတ်မှတ်၊ ဂုဏ်ပြုအပ်သည်
မွန်မြတ်ပေသော အို...အဖိုး။

'မြေမျိုမတုံး၊ လူမျိုတုံးအံ့'
ရှေးထုံးစကား၊ မိန့်ကြားသည့်အဖိုး
အမျိုးသားရေး၊ ဘာသာရေးနှင့်
ယဉ်ကျေးမှုများ၊ စည်ပင်ပွားအောင်
ကြိုးစားပေသော အို...အဖိုး။

ကျွန်သက်များစွာ၊ ရှည်လျားလာအံ့
အနာဂတ်ရေး၊ မျှော်ကိုးတွေး၍
သေဘေးမကြောက်၊ ဒူးမထောက်ဘဲ
တောက်ခေါက်အံကြိတ်၊ နှိပ်ကွပ်မှုအောက်
ပြည်ကိုထောက်ရှု၊ ဤလူထုအား
ထုဆစ်သသူပုန်များ၊ တော်လှန်သွားအောင်
စွမ်းအားမြှင့်ပေး၊ တော်လှန်တွေးအား
မွေးပေးပေသော အို...အဖိုး။

အို...အဖိုး
အဖိုး၏ ဂုဏ်ပုဒ်၊ ညှိုးနွမ်းယုတ်အောင်
ဖုတ်ကော်တစ္ဆေ၊ နေ၀င်းအစိုးရ
မလိုမုန်းထား၊ မိစ္ဆာများလည်း
ထင်ရှားပညာ၊ ညှိုးနွမ်းရာလော
ဖလ်ဂူညစ်ကြေး၊ စွန်းထေးသွားအောင်
စွမ်းဆောင်ဝက်ယုတ်၊ လွန်အားထုတ်လည်း
မယုတ်ထည်ဝါ၊ တောက်ပရာသို့
အာဏာရှင်ဖက်ဆစ်၊ ကောက်ကျစ်ယုတ်မာ
ဖိနှိပ်ရှာလည်း၊ ပညာထင်ရှား
အဖိုး'အား'ကို၊ အများသိကြ
တိုင်းခြားရပ်နေ၊ သုတေသီတို့
မလျှော့အမှန်၊ ချီးကျူးပြန်သည်
မြန်ပြည်ရခိုင်၊ မှတ်တိုင်စိုက်ထူ
ပြည်သူများက၊ 'ပဏ္ဍိတ'ဘွဲ့
ရအပ်ရထိုက်၊ သည်းလှိုက်ချီးမွမ်း
ဂုဏ်ပြုလွှမ်းသံ၊ အဖိုးခံရ
ဧကန်ခန့်ငြား၊ လွန်ထင်ရှားသည်
ထူးခြားပေသော၊ အို...အဖိုး။

၁၉၉၀ပြည့်၊ မေလ(၂၇)ရက်၊ ရခိုင်ပြည်အသက်ကို
ဆက်ပေးသမှု၊ အဖိုးပြုသည်
လူထုအများ၊ ထောက်ခံအားဖြင့်
စွမ်းအားအဖြစ်၊ ဖန်တီးရစ်သော
'ပြည်ချစ်အဖိုး'၊ မြတ်နိုးရည်ညွှန်း
'ဦးသာထွန်း'ဟု၊ မော်ကွန်းထိုးကြ
အဖိုးအရိုး၊ ဤမြေထိုးသော်
အရိုးတခါ၊ တွန်လိမ့်ရာ၏
ကမ္ဘာမြေပြုန်း၊ ဤမြေဆုံးထိ
'မဆုံး'သော အဖိုး၊ အဖိုး 'ဆုံး'လည်း
ရုန်းထ ထကြွ၊ အဖိုးထပြီး
ဆီမီးခွက်ကိုင်၊ ဒူးမယိုင်ဘဲ
ရခိုင်အလင်း၊ ဖန်ဆင်းပြလိမ့်
ရက္ခပီသော အို...အဖိုး။

အဖိုးမသေ၊ သေလည်း ဖိုးရှိ
ရိုးမသိသည်၊ ၀တီလေးမည်
အောင်စည်အောင်မောင်း၊ သောင်းသောင်းဖြဖြ
ရိုက်ခတ်ကြ၍၊ ထကြွပုန်ကန်
အာရ်ကန်များ၊ တော်လှန်သွားအံ့
မားမားရပ်တည်၊ ရခိုင်ပြည်တွက်
ဇာနည်အဖိုး ရှိသောကြောင့်။

အို...အဖိုး
အဖိုးမသေ၊ သေလည်း ဖိုးရှိ
အသိသက်သေ၊ ရက္ခမြေသည်
မျက်ရည်ယိုကျ၊ ပြလိမ့်မည်။    ။

ခိုင်လင်း(မေဃ၀တီ)
၁၄.၈.၂၀၀၀


(၁၄.၈.၉၀)နေ့တွင် စစ်တွေထောင်ထဲ၌ စစ်အာဏာရှင်အား တော်လှန်ရင်း ကျဆုံးသွားသော
ရခိုင်သမိုင်းပညာရှင် ပဏ္ဍိတ်ဘွဲ့ခံ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ နာယက၊ ကျောက်တော်မြို့နယ် အမှတ်(၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးသာထွန်းအား  ဤကဗျာဖြင့် ဂုဏ်ပြုပါသည်။ အဖိုး ကောင်းရာသုဂတိ လားပါစေ။

ခိုင်လင်း(မေဃ၀တီ)ရေးသားသော ၀ံလက်ရဲ့အားမာန်နှင့် အခြားကဗျာများ စာအုပ်မှ-

No comments:

Post a Comment