နေပူတောင်စာတမ်း အပိုင်း(၂)


 ပြည်တွင်းထုတ် ကျောက်ပြားစက်ရုံသို့

   မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မ.ဆ.လ)အစိုးရလက်ထက်တွင် အမှတ်(၁)စက်မှုဝန်ကြီးဌာန (ကြွေ ထည်မြေထည်လုပ်ငန်းကော်ပိုရေးရှင်း) ဖွဲ့စည်းလုပ်ကိုင်နေပြီးဖြစ်သည်။ အဆိုပါကော်ပိုရေး လက်အောက် ၌ ကျောက်ပြားထုတ်လုပ်မှုနှင့် ပတ်သက်၍ လောပီတကန်ခုနစ်ဆင့်၌  လွိုင်ကော်မာဘဲလ်၊ မတ္တရာမြို့နယ်၌ စကျင်မာဘဲလ်တို့ကို အခြေခံထုတ်လုပ်နေပြီးဖြစ်သည်။ နေပူတောင်မာဘဲလ်ကျောက်သည် အရောင် အသွေးစုံလင်သည့် အဖိုးတင် အလှဆင် ဆောက်လုပ်ရေးသုံးကျောက်အဖြစ် ပေါ်ထွက်လာခဲ့ သည်။ နှစ် အတန်ကြာအထိ မိုင်းဖြင့်ခွဲ တူကြီးများနှင့်ထု၍ တောင်ကုတ်တောင်ကြားလမ်းကို ခင်းခဲ့ကြသည်မှာ အလွန်နှမြောတသ ဖြစ်ဖွယ်ရာပင်။ တန်ဖိုးကို အမှန်တကယ်မသိ၍လော။ သိသိကြီးနှင့်လောဟူ ၍ တွေးတောဖွယ်ရာ ဖြစ်ခဲ့၏။

     အရောင်းအ၀ယ်ကိစ္စ ရပ်ဆိုင်းသွားပြီးနောက် အမှတ်(၁)စက်မှုဝန်ကြီးဌာန ကြွေထည်မြေထည် လုပ်ငန်း ကော်ပိုရေးရှင်းလက်အောက် ကျောက်ပြားစက်အတွက် နေပူတောင်ဌာနခွဲ(၃)ကို ဖွဲ့စည်းခဲ့သည်။ ၀န်ထမ်းအင်အား (၁၇၈)ဦး သတ်မှတ်သည်။ ဘူဒိုဇာ အစရှိသည့် စက်ယန္တရားကြီးများ သုံးသည်။ ကျောက်ဖြတ်ကြိုးစက်ဖြင့်လည်း ဖြတ်ထုတ်သည်။ လော်ရီကားများနှင့် လွိုင်ကော်ကျောက်ပြားစက်ရုံသို့ ပို့ဆောင်၍ ကုန်ချောများထုတ်ကြောင်း သိရသည်။ ကျောက်သား (၁)ကုဗမီတာသည် (၂.၆၈)တန်ထိ အလေးစီးကြောင်း သိရ၏။ ကယားပြည်နယ် လွိုင်ကော်ရှိ စက်ရုံသို့ပို့ရသဖြင့် အဘယ်မျှ ခရီးစရိတ် တာသွားမည်ဆိုသည်ကို မှန်းဆရုံဖြင့် သိနိုင်ပါသည်။ ဧရာဝတီမြစ်ကိုလည်း ဇက်ခေါ် ကားများတင်ဆောင်ပို့ပေးသည့် ကူးတို့ သင်္ဘောကြီးများဖြင့် ကူးဖြတ်နေရဆဲ အချိန်ကာလဖြစ်သည်။

    နေပူတောင်ထုတ်လုပ်ရေး စတင်စအချိန်ကာလက စခန်းနေရာကျဉ်းသဖြင့် ၀န်ထမ်းအင်အားအပြည့် မသုံးခဲ့ရဟုဆိုသည်။ အလုပ်စခန်းနေရာ တောင်ခါးပန်းမှ အပေါ်သို့ ပေ(၃၀၀)ခန့်မြင့်မားပြီး အောက် ဘက်ချောက်ကမ်းပါးသို့ ပေ(၃၅၀)ခန့် နက်ရှိုင်းမည်ဟု ခန့်မှန်းကြကြောင်း သိရသည်။ ထုတ်လုပ်မှုကို လွန်ခဲ့သော (၈)နှစ်ကျော်ခန့်လောက်က ရပ်ဆိုင်းထားကြောင်း သိရ၏။ ၀န်ထမ်းဟောင်းတစ်ဦး အား မေးမြန်းကြည့်ရာ စက်ယန္တရားများ လည်ပတ်ရန် ဆီဘောက်ဆာ (၁၀)စီးလာလျှင် (၃)စီးခန့်အသုံးပြုပြီး ကျန်(၇)စီးကို သက်ရှိလူသားများ သောက်သုံးပစ်၍ ကုန်သွားသည်ဟု လှောင်ပြောင်ပြောပြသည်။ “ခိုးလို့ရတာ အားလုံးခိုး ဖျောလို့ရတာ အားလုံးဖျော”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျင့်ဆောင် လိုက်ကြသဖြင့် နိုင်ငံတော်ကြီး၏ အကျိုးစီးပွား အထူးတိုးတက်ကာ လုပ်ငန်းခွင်ကို ရပ်ဆိုင်းလိုက်ကြောင်း မှတ်သားရပါသည်။ မကြာသေးခင်က သွားရောက်ကြည့်ရှုလေ့လာရာ စခန်းဟောင်းနေရာမှ အမြင့်ပေ (၁၀၀)ကျော်ခန့်လောက် ခန့်မှန်းမိသည်။ အလေအလွင့် အဖဲ့အစများစွာ ပြန့်ကျဲနေသည်။ ချောက်ကမ်းပါး ထဲသို့လည်း မည်၍မည်မျှ လွင့်စင်သွားခဲ့မည် ဆိုသည်ကို ခန့်မှန်း၍ မရနိုင်ပေ။

    ဒေသခံတို့အနေဖြင့် နေပူတောင် မာဘဲလ်ကျောက် အဖိုးတန်သည်ဟု ကြားဖူးနားဝရှိသည်မှာ ယနေ့ထိတိုင်အောင်ပင်။ မဆလခေတ် ရန်ကုန်မြို့ ပြည်သူ့လွှတ်တော် အဆောက်အဦးကြီး ဆောက်ဆဲ ကာလအတွင်း နေပူတောင် မာဘဲလ်ကျောက်ပြားများ အသုံးပြုနေကြောင်း သိရသဖြင့် ကြည့်ရှုလေ့ လာဖြစ်ခဲ့သည်။ အကြောင်းတိုက်ဆိုင်သဖြင့် ၀င်ရောက်ကြည့်ရှုခွင့်ရခဲ့ရာ အရောင်အသွေးစုံလင်ပြီး လှပလွန်းသည့် ကျောက်ပြားမျက်နှာပြင်ကို ရင်သပ်ရှုမောခဲ့မိသည်။ လိုက်ပို့ရှင်းပြသူက အမိုး၊ အခင်း၊ အကာတို့၌ အလှဆင်ထားသည့် စကျင်မာဘဲလ်နှင့် နေပူတောင်မာဘဲလ်အမျိုးအစားကို သိသာထင်ရှားစွာ ခွဲခြားပြောပြခဲ့သည်။ အဆောက်အဦးကြီး၏ ပြီးစီးထားသော အခန်းငယ်များအတွင်းသို့ ၀င်ရောက်လိုက်လျှင် အလွန်အေးမြသည့်အရသာကို ခံစားမိသည်။ မိမိတို့မြို့နယ်တွင်းက ထွက်ရှိသော ကျောက်အမျိုးအစား၊ အဖိုးထိုက် သယံဇာတ ပါကလားဟု ဖြတ်ကနဲတွေးမိလိုက်သည်နှင့် ရင်ထဲမှာ နင့်ခနဲ နာကျင်သွားမိသည်။ ရန်ကုန် ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်၌ ပညာသင်ကျောင်းသားဘ၀ ရောက်တုန်းရောက်ခိုက် အကြောင်းတိုက်ဆိုင် ခဲ့၍ သိရှိမြင်တွေ့ခဲ့ရခြင်းသာ ဖြစ်သော်ငြားလည်း ယခုတိုင် ရင်ထဲမှာ တသသ ဖြစ်မိသည်။ ဤဘ၀ မျက်မှောက်မသေခင် နေပူတောင် မာဘဲလ်ကောက်ပြားလှလှလေးများကို အခင်း၊ အကာ၊ အမိုး ပြုလုပ် တည်ဆောက်ထားသည့် တိုက်ပုပုလေးတစ်လုံး၌ အေးအေးမြမြနေခွင့်ရခဲ့လျှင် သေပျော်ပါပြီဟု တွေးမိ သည်မှာလည်း ယခုတိုင်ပင်။ သို့သော်... သို့သော်... သို့သော်... ဟုသာ။

ဒေသခံတို့၏ အသံများ

    တော်လှန်ရေးကောင်စီအမည်ခံ စစ်အာဏာသိမ်းအစိုးရသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ဖွဲ့စည်းကာ (၁၉၇၄)ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ရေးဆွဲ၍ ရခိုင်တိုင်းကို ရခိုင်ပြည်နယ်အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ထိုစဉ်က တောင်ကုတ်မြို့ အထက်တန်းကျောင်းတွင် တစ်နှစ်ခန့်ကြို၍ မူကြမ်းရှင်းလင်းပွဲ ပြုလုပ်ရန် တောင်ကုန်မြို့နယ်တစ်ခုလုံးမှ မဆလပါတီဝင်အားလုံးကို ဖိတ်ခေါ်ခဲ့သည်။ ရခိုင်မြောက်ပိုင်းကို ရခိုင်ပြည်နယ်၊ တောင်ပိုင်းကို ရခိုင်တိုင်းဟု ခွဲခြားသတ်မှတ်လျှင် လက်ခံ၊ မခံဆိုသည့် သဘောထားကို သိလိုကြောင်း တိတ်တဆိတ်လေ့လာနေ ကြကြောင်း ကြားလိုက်ရသည်။ ထိုစဉ်က မြေပုံမြို့နယ်အစ ဂွမြို့နယ်အဆုံး ဒေသအသီးသီးကသာ လက်ခံ မည်ဆိုလျှင် ရခိုင်၌ ပြည်နယ်တစ်ခု၊ တိုင်းတစ်ခု ဖြစ်သွားနိုင်ခဲ့ဟန် တူသည်။ မည်သို့ဆိုစေကာမူ အနှစ် သာရအားဖြင့် ဗဟိုချုပ်ကိုင်သော အမည်ခံ ပြည်ထောင်စုအဖွဲ့ဝင်၏ ပြည်နယ်တစ်ခု အဆင့်ထက် ပိုလာနိုင်စရာ အကြောင်းမရှိပေ။

    ပေးတာယူ၊ ကျွေးတာစား၊ ခေါ်ရင်သွား၊ ခိုင်းရင်လုပ်၊ ခံမပြောနဲ့၊ မလုပ်၊ မရှုပ်၊ မပြုတ်ဟူသော ဆောင် ပုဒ်များကို လက်ကိုင်ထားကာ အကြောက်တရားနှင့် နေထိုင်ကြရသည့် ဘ၀များသာ ဖြစ်၏။ ၀န်ထမ်းများ မှာလည်း ထမင်းလုပ် မပြုတ်ရေးအတွက် အမြဲသတိထားနေကြရသည်။ ပါတီကောင်စီလူကြီး လုပ်စားသူ လူတန်းစားတစ်ရပ် ပေါ်ထွက်လာသည်။ ကျေးရွာအဆင့်မှ မြို့နယ်၊ မြို့နယ်မှ ပြည်နယ်၊ ပြည်နယ် မှ ဗဟို စသည်ဖြင့် အကောင်ကြီးသထက်ကြီးအောင် ကြိုးစားကြသည်။ ပြိုင်ဆိုင်ရင်း ပါတီတွင်း တိုက်ပွဲ များဖြစ်ကြ သည်။ အထက်ကိုကြောက်ရသော်လည်း အောက်လူထု၏ အကြိုက်နှင့် အသံကိုလည်း နားစွင့်ကြရသည်။ သို့နှင့် တောင်ကုတ်မြို့နယ် ဒေသခံအများစု၏ အသံကား မြို့နယ်ဖွံ့ဖြိုးရေး အတွက် နေပူတောင်ကျောက်ပြား စက်ရုံကို ဒေသအတါင်း တည်ဆောက်ခွင့် ရရှိရေးဖြစ်သည်။

    ရခိုင်ရိုးမ အရှေ့ဘက်ခြမ်းတွင် စက်ရုံ၊ အလုပ်ရုံအမျိုးမျိုး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးသုံးစွဲမှု အစစ အရာရာ တရိပ်ရိပ်တိုးတက်ပြောင်းလဲနေသည်။ တောင်ဂုတ် တောင်ကြားလမ်းအမည်ပျောက်၍ ပန်းတောင်း-တောင်ကုတ်လမ်းဟုသာ ခေါ်တွင်စေရမည်။ တောင်ကုတ်ကစသော တောင်ကုတ်-ပန်းတောင်းလမ်းပင် မဖြစ်စေရဟူသော အသေးစိတ်ကျကျ အသုံးအနှုန်းနှင့် မဟာလူမျိုးကြီး ချယ်လှယ် လွှမ်းမိုး သဘောထားများ မြင်တွေ့ခဲ့ရသည်။ အနှိမ်ခံလူမျိုး၊ အအုပ်ချုပ်ခံ ဒုတိယတန်းစားလူမျိုးဘ၀မှ တိုးတက်လိုစိတ်၊ ဖွံ့ဖြိုးလိုစိတ်တို့နှင့်အတူ မိမိတို့ဒေသအတွက် သယံဇာတကို အခြေပြု၍ စက်ရုံအလုပ် ရုံများ မြင်တွေ့လိုစိတ် ကြီးမားလာကြသည်။

    ပြည်နယ်ကောင်စီဝင် လူကြီးများနှင့် မြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများကို ဂယက်ရိုက်ခတ်စေခဲ့သည်။ ထို့အတွက် ပြည်နယ် အစည်းအဝေး၊ နိုင်ငံတော်အစည်းအဝေး စသည်ဖြင့် နေပူတောင်ကျောက်ပြားစက်ရုံကို တောင်ကုတ်မြို့၌ တည်ဆောက်ခွင့်ရရှိရေးအတွက် သွေး တိုးစမ်းတောင်းဆိုပေးသံများ ကြားလာခဲ့ရသည်။ ဒေသခံပြည်သူတို့ နှစ်ထောင်းအားရ အားပေးထောက် ခံခဲ့ကြသည်။ ထိုစဉ်က လွှတ်တော်ကိုယ်စားလှယ်တို့သည် များသောအားဖြင့် တပ်မှ ဘောင်းဘီချွတ်၍ အရပ်ဝတ်လဲ ဘ၀ပြောင်းကြရသူ စစ်အရာရှိဟောင်းများ ဖြစ်ကြသည်။

    နေပူတောင်ကျောက်ပြားစက်ရုံ ရရှိရေးအတွက် တင်ပြတောင်းဆိုခဲ့သော တောင်ကုတ်လွှတ်တော်ကိုယ် စားလှယ်တစ်ဦး၏ အဆိုပြုချက်ကြောင့် တောင်ကုတ်မြို့နယ်တွင်း စက်ရုံမြေနေရာ ကွင်းဆင်းလေ့လာ ကြကြောင်း ကြားသိရသည်။ မြို့အရှေ့ဘက် ကြိုးကြာကွင်းချောင်းနှင့် မြို့တောင်ဘက် ဖုံညိုချောင်း နှစ်နေရာ သည် အသင့်တော်ဆုံးဖြစ်သည်ဟု ဆိုကြသည်။ ဒေသခံတို့ မျှော်တလင့်လင့်နှင့် ၀မ်းသာပီတိ စောင့် ကြည့်နေကြရသည်။

    စက်ရုံကြီးတစ်ရုံသာ ပေါ်ပေါက်လာလျှင် လမ်းပန်းဆက်သွယ်ရေးသည်လည်း တိုးတက်လာမည်။ စက်ရုံကိုမှီတွယ်၍ လျှပ်စစ်မီးများ လင်းလက်လာမည်။ ပညာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ၊ သူ့အဆင့်နှင့်သူ အလုပ်အကိုင်အခွင့်အလန်းများ ပွင့်လန်းလာမည်။ ထိုစဉ်က ၀ါးတောကြီးများကလည်း ထူထူထပ်ထပ် ပေါက်ရောက်နေသဖြင့် စက္ကူစက်ရုံကြီးများပါ တည်ဆောက်ပေးလိမ့်မည်။ နွားပိန်ကို အသာထိုး၍ ကြည့်ကြသည်။ တစ်နှစ်ပြီး တစ်နှစ် ကုန်လာခဲ့သည်။ လွှတ်တော်လေးနှစ်သက်တမ်းသာ ကုန်ဆုံးသွားသည်။ စက်ရုံအတွက် အစပြုလှုပ်ရှားချက် တစ်ကွက်မှ ပေါ်မလာသေး။ နောက်ထပ် သက်တမ်းအတွက် တောင်ကုတ်လွှတ်တော် ကိုယ်စားလှယ်နေရာတွင် အခြားစစ်အရာရှိကြီးတစ်ဦးကို အစားထိုးလိုက်ကြောင်း သိရ၏။ ထိုအသစ်သော လွှတ်တော်ကိုယ်စားလှယ် စစ်အရာရှိကြီးကိုလည်း စက်မှုဝန်ကြီးတစ်နေရာ လျာထားသလိုလို မက်လုံးမျိုးများ ပေးထားကြောင်းလည်း ကြားသိရ၏။

    နေပူတောင်ကျောက်ပြားစက်ရုံ တည်ဆောက်မည်ဟူသော အသံမျိုးကို ယောင်ယောင်မှားမှား ပင် နောက်ထပ်မကြားခဲ့ရတော့ချေ။ မြို့နယ်အဆင့် ပါတီကောင်စီဝင်ဆိုသူများကလည်း နေရာလုတိုက်ပွဲ၊ ပါတီတွင်း အုပ်စုဖွဲ့တိုက်ပွဲ၊ လူစွဲ၊ အုပ်စုစွဲ၊ ချောင်းစွဲ၊ မြောင်းစွဲ၊ မြို့ရွာဒေသစွဲ အသီးသီးတို့ဖြင့် ငခုံးတစ်ပြန် ဒုံးတစ်ပြန် ဖြစ်ကြကာ နောက်ဆုံး ယူနစ်ကော်မတီကို ဖျက်သိမ်း၍ တပ်မှ အရာရှိကြီး တစ်ဦးနှစ်ဦးကို အကြီးအမှူးပြု၍ အရပ်သား သုံးလေးဦးကို အသုံးချကာ စည်းရုံးရေးကော်မတီအဆင့်သို့ လျှော့ချခြင်း ခံလိုက်ရတော့သည်။ အရပ်သူ အရပ်သား၊ ကျောင်းသူ ကျောင်းသား၊ ၀န်ထမ်းအစရှိသည်တို့မှာကား စစ်တပ်ကိုကြောက်ရ၊ စစ်ထောက်လှမ်းရေးကို ကြောက်ရနှင့် နေပူတောင် ကျောက်ပြားစက်ရုံ ရရှိရေးဆိုသည့်စကားမှာ အဘယ်မှ ကျယ်ကျယ်လောင်လောင် ပြောဆိုဝံ့ပါအံ့နည်း။ တောင်ကုတ်ဒေသခံ လူထုကို မရေရာသော ဆင်ခြေဆင်လက်တစ်ခု တီးတိုး ၀ါဒဖြန့်ထားခဲ့သည်။ စက်ရုံတည်ဆောက် မည့် မြေအနေအထား ကောင်းမွန်ပါသော်လည်း လက်ရှိလမ်းပန်းဆက်သွယ်ရေး အနေအထား မကောင်း သဖြင့် လောလောဆယ် မဖြစ်နိုင်ဟူ၏။ သို့ဆိုလျှင် နောင်ကို ဖြစ်နိုင်ချေ ရှိပါမည်လားဟု မေးခွန်း ထုတ်လိုပါသော်လည်း “ခွေးဝမ်းသာအောင် လေလည်ပြခံရမည်” စိုးသောကြောင့် ဆိတ်ဆိတ်နေခဲ့ကြ ရလေ၏။ ဒေသခံတို့၏ အသံသည်လည်း ပေါ်ပေါ်ထင်ထင် ထွက်ပေါ်လာခြင်းမရှိတော့ချေ။

တစ်ပါတီစစ်အာဏာရှင်မှ နောက်ဆက်တွဲအချိန်ကာလများ

    ၁၉၈၈-ခုနှစ်၊ နိုင်ငံလုံးကျွတ် အရေးအခင်းကြီး ပေါ်ပေါက်လာသည်။ နိုင်ငံလွတ်လပ်ရေးကို ၁၉၄၇-ခု၊ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ယူလိုက်ပြီးသည်ကစ၍ မျှတခြင်းမရှိ၍ မညီညွတ်ရခြင်း အကြောင်းတရားကြောင့် အမည်ခံပြည်ထောင်စု၏ ပြည်တွင်းစစ်ကား ယနေ့တိုင် တောက်လောင်ဆဲ ရှိခဲ့သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုသည့် အသံကို ပုံစံမျိုးစုံ၊ နည်းမျိုးစုံဖြင့် အဘယ်မျှ ကျယ်လောင်စွာ အော်နေခဲ့ ပါသော်ငြားလည်း လက်တွေ့ကျင့်သုံးမှုများက မျှတမှု မရှိခဲ့ခြင်းကြောင့် ဗမာမှအပ ကျန်တိုင်းရင်းသားများ က စစ်မှန်သော ပြည်ထောင်စုမူကို ယနေ့တိုင် လက်နက်စွဲကိုင် တိုက်ပွဲဝင်ကြဆဲဖြစ်သည်။

    ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်ရေးဟုယူပြီး (၁၄)နှစ်အကြာတွင် တိုင်းရင်းသားလက်နက် ကိုင် တော်လှန်ရေးစစ်ပွဲများကို ပါလီမန်ဒီမိုကရေစီစနစ်ဖြင့် ချေမှုန်း၍ မရနိုင်ကြောင်း သိနားလည်သော စစ်ခေါင်းဆောင်ကြီး ဦးနေ၀င်း ဦးဆောင်ကာ တစ်ပါတီ ဆိုရှယ်လစ်ဒီမိုကရေစီ စစ်အာဏာရှင်စနစ်ဖြင့် ဆက်လက်ကြိုးစားကြည့်သည်။ မျှတမှုကို မတည်ဆောက်သမျှ ကာလပတ်လုံး ညီညွတ်ခြင်းဖြစ်ပေါ် လာစရာ အကြောင်းမရှိသဖြင့် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းမသွားခဲ့ချေ။ သို့နှင့် ၁၉၈၈-ခုနှစ်တွင် စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းတို့ကြောင့် တစ်ပါတီစစ်အာဏာရှင်စနစ်ကို စစ်ခေါင်းဆောင်ကြီးကိုယ်တိုင် ဖျက်သိမ်းကြောင်း ကြေညာကာ ပါတီစုံဒီမိုကရေစီလမ်းကြောင်း သို့ ပြောင်းလဲခဲ့သည်။

    ၁၉၈၈-ခုနှစ် ပါတီစုံဒီမိုကရေစီစနစ်သို့ ကြွေးကြော်သံဖြင့် ပါတီများဖွဲ့ကြသောအခါ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် တခန်းတကဏ္ဍ ပါဝင်လာခဲ့သည်။ တောင်ကုတ်မြို့နယ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို တက္ကသိုလ်ပညာသင် တစ်ပိုင်းတစ်စ ကျောင်းသားလူငယ် အများစုနှင့် ဖွဲ့စည်းခဲ့ကြသည်။ ရခိုင်နိုင်ငံရေး ပါတီများ ပူးပေါင်းရေးနှင့် အင်အားကြီးတစ်ပါတီအဖြစ်သို့ ရောက်ရှိရေးသို့ မျှော်မှန်းတွန်းအားပေးခဲ့ကြသည်။

    ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအချိန်ကာလအထိ တောင်ကုတ်မြို့နယ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင်များသည် မြို့နယ်တစ်ဝှမ်းလုံး စည်းရုံးရေးဆင်းကြရာ၌ ဒေသဖွံ့ဖြိုးရေး အတွက် နေပူတောင်ကျောက်ပြားစက်ရုံ တည်ဆောက်ပေးရေး၊ ထိုစဉ် အချိန်ကာလအထိ သစ်တော၊ ၀ါးတောကြီးများ အထိုက်အလျှောက် ရှိနေသေးသဖြင့် စနစ်တကျ ထိန်းသိမ်းပြုစုပျိုးထောင်ကာ စက္ကူစက်ရုံကအစ စက်ရုံများ တည်ဆောက်ပေးရေး၊ ရိုးမတောင်မှ အလဟဿ စီးဆင်းသွားသော မိုးရေများအသုံးချ၍ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ပေးရေး စသည်တို့ကို အဓိက ဇောင်းပေးကာ မြို့နယ်လူထုကို မျက်စိဖွင့်ပေးခဲ့ကြသည်။

    သို့ပါသော်ငြားလည်း ခေတ်စနစ်ပုံစံနှင့် အမည်နာမ တစ်မျိုးပြီးတစ်မျိုးသာ ပြောင်းခဲ့သည်။ သစ်တော၊ ၀ါးတောကြီးများသာ ပြုန်းတီးသွားသည်။ စက်ရုံ အလုပ်ရုံဆိုသော မျှော်လင့်ချက်များ လေမှာ ပျောက်ကွယ် သွားခဲ့ရသည်။ သို့သော် ယခုလှီးဖြတ်၊ ဖောက်ခွဲထုတ်ယူ၍ မကုန်နိုင်သော နေပူတောင်ကျောက်ဆောင်ကြီး ကား ထီးထီးမားမား ရှိနေဆဲပင်။ မူလပထမထက် အမြင့်ပေ (၁၅၀)ခန့်မျှ ထိပ်ပိုင်း ပြတ်သွားခဲ့ဟန်တူသည်။

    လွိုင်ကော်ကျောက်ပြားစက်ရုံသို့ ခရီးကွာဝေးသည်ကတစ်ကြောင်း၊ ရန်ကုန်ပတ်ဝန်းကျင် တိုးတက်ရေးမျှော်မှန်းချက်ထား၍ တစ်ကြောင်း၊ သံလျင်ဘက်ကမ်းသို့ တံတားထိုး၍ သံလျင်ကျောက်ပြား စက်ရုံကို တည်ဆောက်ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

    လွန်ခဲ့သော (၈)နှစ်ကျော်ကာလမှ အစောပိုင်းပြောခဲ့သလို မှန်ကန်မှုမရှိသော စီးပွားရေး စနစ်ကြောင့် နေပူတောင်ကျောက်ထုတ်လုပ်ရေးလုပ်ငန်း ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ နိုင်ငံတော် အတွက်၊ ပြည်နယ်အတွက်၊ ဒေသခံမြို့နယ်အတွက် အကျိုးအမြတ် အဘယ်မျှ ခံစားလိုက်ရပါချေနည်း။

(၂၀၀၈)ဖွဲ့စည်းပုံ (၁၀) ရွေးကောက်ပွဲ (၁၁) အစိုးရသစ်

    ၂၀၁၁-ပြည်ထောင်စု၊ အမျိုးသား၊ ပြည်သူ့လွှတ်တော်များနည်းတူ ပြည်နယ်လွှတ်တော်တစ်ရပ်ပေါ်လာ သည်။ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများအစရှိသဖြင့် ပြည်နယ်အစိုးရတစ်ရပ်လည်း ပေါ်ထွန်း လာသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ကွဲထွက်သွားသော ဗဟိုအလုပ်အမှုဆောင် အတော်များများ ပါဝင်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ကိုးမြို့နယ်အတွင်း လွှတ်တော်အသီးသီး ရွေးကောက် ခံရသည်။ ပြည်နယ်အတွက် အများစု အနိုင်ရသော်လည်း ပြည်နယ်အစိုးရဖွဲ့ခွင့်မရ။ ပြည်နယ်ဝန်ကြီးချုပ် အရွေးချယ်မခံရ။ ပြည်နယ်ဝန်ကြီးအဖွဲ့တွင်တော့ ၀န်ကြီး (၃)နေရာ ပေးထားကြောင်း တွေ့ရ၏။

    တောင်ကုတ်မြို့နယ်မှ ရခိုင်အမျိုးသား အင်အားစုများ (၂၀၀၈)ကို ဘွိုင်ကောက်လုပ်သဖြင့် ၀င်ရောက်မယှဉ်ပြိုင်ခဲ့ချေ။ ရခိုင်တိုင်းရင်းသားပါတီ တစ်ခုအနေဖြင့် မည်သည့်လွှတ်တော်တွင်မှ ကိုယ်စားလှယ်မရှိခဲ့ပေ။ (၂၀၀၈)ကို လက်ခံ၍ ပါတီဖွဲ့ပြီးနောက် ဖွဲ့စည်းပုံပါ အမျိုးသား ရပိုင်ခွင့်များကို မဖော်ဆောင်နိုင်ခဲ့လျှင် သမိုင်းတရားခံများ ဖြစ်ပွားနိုင်ကြောင်း ထောက်ပြခဲ့သည်။ အတွေးအမြင် အယူအဆအမျိုးမျိုးနှင့် ပါတီဖွဲ့ မှတ်ပုံတင်ခဲ့ကြသလို နောက်ဆုံး ရွေးချယ်စရာလမ်းမရှိတော့သဖြင့် ပါတီမှတ်ပုံတင်ကြရသည်များလည်း ပေါ်လာသည်။ ယခင်ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်လည်း မှတ်ပုံတင်လိုက်သည်။

    ရခိုင်နိုင်ငံရေးပါတီများအကြောင်းကို ဖော်ပြနေရခြင်းမှာ နေပူတောင် မာဘဲလ်ကျောက်ဆောင်ကြီးကို ကုန်ကြမ်းရောင်းစားခံရခြင်း ဘေးအန္တရာယ်မှ လွတ်ရာလွတ်ကြောင်း ကယ်မပေးနိုင်ခဲ့ပါမည်လော ဟု မျှော်လင့်ချက်ဖြစ်၏။ ယခုလက်ရှိ တောင်ကုတ်မြို့နယ် ပြည်သူလူထု၏ ကိုယ်စားလှယ် လွှတ်တော် အမတ်မင်းများ ကူညီဝိုင်း၍ မှိုင်းမပေးတော်မူပါဟုလည်း ဆိုချင်သည်။

နေပူတောင်မာဘဲလ်ကျောက် အရောင်းအ၀ယ်သတင်းများ


    လွန်ခဲ့သော နှစ်များအတွင်းကပင် နိုင်ငံခြား တိုင်းပြည်တစ်ခုခုသို့ ကုန်ကြမ်းရောင်းချရန်ရှိသော သတင်းများ သဲ့သဲ့ထွက်ပေါ်နေခဲ့သည်။ မဟုတ်လိုလို၊ ဟုတ်လိုလိုနှင့် (၂၀၁၃) နှစ်ဦးပိုင်းရောက်မှ ဗီယက်နမ်မှ (SIMCO)ကုမ္ပဏီနှင့် သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၃) သတ္တုတွင်းလုပ်ငန်းတို့၏ အရောင်းအ၀ယ် စာချုပ်အကြောင်း သိရတော့သည်။

    (၂၀၁၃) ဇန်န၀ါရီလ (၂၈) ရက်နေ့က ဗီယက်နမ်သံအမတ် Mr.N Chu Comg Phumg နှင့် (MYSICO)မှ မန်နေးဂျင်းဒါရိုက်တာ Mr.Ngagen Comg Kum တို့သည် ရခိုင်ပြည်နယ်အစိုးရနှင့် လုပ်ငန်းဆောင်ရွက်ခြင်း ဆိုင်ရာ ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

    Myanmar SIMCO Song Da Limited Joint Stock Company (MYSICO)ကုမ္ပဏီသို့ (၂၅)နှစ် ကာလ ကျောက်ထုတ်လုပ်ခွင့် ရောင်းချထားကြောင်းသိရသည်။

    မကြာသေးခင် အချိန်ကာလအတွင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တောင်ကုတ်မြို့ခံသား ၀န်ကြီးတစ်ဦးက နေပူတောင်ကိစ္စကို ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဒေသခံတို့၏ သဘောတူညီချက်များ မရရှိက မည်သည့်လုပ်ဆောင်မှုမျိုးကိုမျှ ဆောင်ရွက်ခြင်းပြုမည်မဟုတ်ဆိုသည့် သဘောထားမျိုး ကြားသိလိုက်ရသည်။ သို့ဆိုလျှင် ၀မ်းမြောက်ဝမ်းသာ ဖြစ်ဖွယ်ရာပင်။

    ဒေသခံတို့၏ သဘောထားကို အလေးထားသည်ဆိုပါက မိမိတို့သဘောထားကို စနစ်တကျ စစ်တမ်းကောက်၍ ပြုစုရေးဆွဲ ဖော်ထုတ်ပြသရန်တာဝန်မှာ ဒေသခံတို့၏ တာဝန်သာဖြစ်သည်။ အကယ်၍ ဒေသခံတို့၏ သဘောထားကို အလေးမထားဟုဆိုပါကလည်း အလေးထားလာအောင် လုပ်ဆောင်ကြရန်မှ ဒေသခံတို့၏ မဟာတာဝန်ကြီးတစ်ရပ်ပင်တည်း။။

    ကျွန်ုပ်တို့ မည်သို့ ဆက်လက်လုပ်ဆောင်သင့်ကြပါသနည်း...?

ဦးမြင့်ဆွေမောင် (၀ိဇ္ဇာ-သမိုင်း)
ဘွဲ့ယူမှတ်ပုံတင်အမှတ် - ၇၈၃၉၇(၇၈/၇၉)
ထောင်ဝင်အမှတ် - ၅၃၁၇/စီ (၈၆/၈၈)


ကျမ်းကိုးစာရင်း

မြန်မာနိုင်ငံသမိုင်းမစတင်မီခေတ်
လွန်ခဲ့သော နှစ်သန်း (၁၆၀)က မြန်မာပြည်
ဘူမိဗေဒ သုတေသနဂျာနယ်
နေပူတောင်အလှဆင်ကျောက်-လင်းနောင်(တောင်ကုတ်)
ရခိုင်ပြည်နယ် ပထ၀ီအနေအထား
ဘ၀တစ်သက်တာ မှတ်တမ်း

No comments:

Post a Comment