ရခိုင်သားများလောကတွင် ထင်ရှား၍ လူသိများသော ဦးကျော်ခိုင် ၃-၄ ဦး ရှိပါသည်။ အရေးပိုင် ဦးကျော်ခိုင် (ဘူးသီးတောင်)ဟု အမည်ရှေ့က ထည့်ပြောမှ မိမိပြောလိုသော ဘယ်သူဘယ်ဝါဆိုသည်ကို ချက်ချင်း သိသွားပါသည်။
ဦးကျော်ခိုင်သည် အရေးပိုင် (I.C.S)ရာထူးဖြင့် ရန်ကုန်မြို့နှင့် စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်ခဲ့သော် လည်း ဘူးသီးတောင်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့ခြင်း မရှိပါ။ ထိုစဉ်က ဘူးသီးတောင်မြို့သည် စစ်တွေမြို့ နယ်၏ ခရိုင်မြို့ငယ်တစ်မြို့သာ ဖြစ်ခဲ့၍ မြို့ပိုင်အုပ်ချုပ်ရသော မြို့ငယ်အဆင့်မှာသာ ရှိခဲ့ပါသည်။
အရေးပိုင် (D.C)ဦးကျော်ခိုင်ကို ရခိုင်သားများလောကတွင် ခေတ်ပျက် (ဒုတိယကမ္ဘာစစ်ကာလ) ကုလား၊ ရခိုင် အရေးအခင်းတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့၍ ရခိုင်မျိုးချစ်ပုဂ္ဂိုလ်တစ်ဦးဟု အများက အသိအမှတ်ပြုခံ ထားရသူ တစ်ဦးဖြစ်ပါသည်။ ဖော်ပြပါ အဓိကရုဏ်းတွင် ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်နေစဉ် မသမာ သူများ၏ ပစ်ခတ်မှုကြောင့် ဘူးသီးတောင်မြို့အနီး ကျဆုံးသွား၍ သူ၏အမည်ကို "ဘူးသီးတောင်"ဟု ရှေ့က ထား၍ ဂုဏ်ပြုပြောဆိုလေ့ ရှိကြခြင်းဖြစ်သည်။
သို့သော် ဒုတိယကမ္ဘာစစ်ကာလအတွင်း အာဏာပြ၍ အတင်းအကျပ်လုပ်ဆောင်ခဲ့ရသော လုပ်ရပ်များစွာ ရှိခဲ့သည်ဟု မကျေနပ်သူတချို့၏ ဝေဖန်မှုကို ခံရပါသည်။ ဥပမာ စစ်တွေမြို့ "တရားသီးစု"ရပ်ရှိ စက်ရှင် မင်းကြီး ဦးသာဇံအိမ် (တိုက်)ကို စစ်အတွင်းက စစ်ဌာနချုပ်ပြုလုပ်ရန် အတင်းအဓမ္မ မိသားစုများကို မောင်း ချခဲ့သည်ဟု သူ၏သား ဦးရွှေဇံ (သမိုင်းပညာရှင် - ကွယ်လွန်)က စာရေးသူနှင့် စကားလက်ဆုံကျ စဉ် ထောက်ပြခဲ့ဖူးပါသည်။
သို့သော် ထိုအချိန် ထိုကာလအတွင်း အဆိုးဆုံးအချိန်တွင် အကောင်းဆုံး၊ အသင့်တော်ဆုံး လုပ်ဆောင် ချက်တစ်ခုကို ဆောင်ရွက်ခဲ့သည်ဟုသာ စာရေးသူက ကောက်ချက်ချမိပါသည်။
မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ် စတင်ဝင်ရောက်လာချိန် (၁၉၄၂)ခုနှစ်တွင် အုပ်ချုပ်ရေး ယန္တရား လုံးဝပျက်ပြားနေ၍ ဘူးသီးတောင်နှင့် မောင်တောမြို့သူမြို့သားများ (၃)သောင်းကျော် ချောင်ပိတ်မိနေ၍ အသတ်ခံရအံ့ဆဲဆဲ ခြေအနေတွင် ရှိနေသည်။ အရေးပိုင် ဦးအောင်သာကျော်နှင့်အတူ ကြိုးပမ်းခဲ့ကြ၍ အိန္ဒိယနိုင်ငံ "ဒိုင်နာဆပူ"အရပ်သို့ ဒုက္ခသည် (Refugee)အဖြစ် အရေးပေါ်ပို့ပေးခဲ့ရသည်။ ထိုစဉ်က ဦးကျော်ခိုင်၏ တစ်ဘက်တစ်လမ်းမှ ကြိုးစားအားထုတ်ခဲ့မှုကို မျက်ကွယ်ပြု၍ မရစကောင်းပါ။ ယင်းအရေး အခင်းကာလတွင် ဦးကျော်ခိုင် စတေးခဲ့ရသည်ကို မြင်တတ်ရန် လွန်စွာ အရေးကြီးပါသည်။
ဒုတိယကမ္ဘာစစ်ကာလ (၁၉၄၁) ဂျပန်များ ၀င်တိုက်၍ စင်္ကာပူခံတပ် (ရေတပ်) ကျဆုံးခဲ့ရပြီးနောက်ပိုင်း ဂျပန်များ မြန်မာနိုင်ငံတွင်းသို့ အလွယ်တကူမ၀င်ရောက်နိုင်ရန် ဗြိတိသျှတပ်က စစ်တောင်းတံတားချိုးထား ခဲ့ပြီး ဖြစ်သည်အထိ စစ်တွေမြို့သားအချို့ ဝေးရာသို့ ရှောင်တိမ်းမပြေးသေးဘဲ မိမိအိမ်များကို သံယောဇဉ် တွယ်၍ ရှိနေခဲ့ကြသေးသည်။ စစ်တွေမြို့ပေါ် စစ်ရုံးဖွင့်လှစ်ရန်အတွက် စစ်တွေမြို့သားများအား အတင်း အဓမ္မ မောင်းထုတ်ခဲ့ကြရသည်ဟု ဒုတိယကမ္ဘာစစ် မှတ်တမ်းအချို့တွင် ဖတ်ရှုခဲ့ရပါသည်။
အလားတူ ဦးအောင်ကျော်သာ၏ သားမက် ဒေါက်တာ ဦးရွှေဘန်း မကွယ်လွန်မီက စာရေးသူထံ ပေး ထားခဲ့သော ဦးအောင်သာကျော်၏ ကိုယ်ရေးမှတ်တမ်းဖိုင်နှင့် ရုံးသုံးဖိုင်အချို့တွင် လက်နှိပ်စက်ရိုက် စာစုမှတ်တမ်းများတွင်လည်း ထိုအချက်များကို ဖတ်ရှုရပါသေးသည်။
အင်္ဂလိပ်စစ်တပ်များ အိန္ဒိယနိုင်ငံသို့ "အောင်မြင်စွာ ဆုတ်ခွာချိန်"တွင် ဗြိတိသျှစစ်တပ်မှ ကျန်ရစ်ခဲ့သည့် စစ်အမှုထမ်းခဲ့ကြသော "ဂေါ်ရခါး"ကုလားများနှင့် ပူးပေါင်းသူက ပူးပေါင်း၊ လက်နက်ဝယ်သူက ၀ယ်၍ ကုလား၊ ရခိုင် အဓိကရုဏ်းကို ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။
ထိုအချိန် ထိုကာလတွင် ဦးအောင်သာကျော် အပါအ၀င် တာဝန်သိ ရခိုင်ခေါင်းဆောင်များက ကာကွယ်၍ ကြိုးပမ်းချက်များစွာ ရှိခဲ့ပါသည်။ ထိုအချိန် ထိုကာလတွင် ဦးကျော်ခိုင်သည် ဘူးသီးတောင်သို့ သင်္ဘောဖြင့် အသွား ကမ်းမှ ကုလားများက သေနတ်ဖြင့်လှမ်းပစ်၍ သင်္ဘောပေါ်မှာပင် (၁-၅-၁၉၄၂)ခုနှစ်က ကျဆုံးသွား ခဲ့ရသည်။ မျိုးချစ်ပုဂ္ဂိုလ် အာဇာနည်တစ်ဦး ရေတိမ်တွင် နစ်ခဲ့ရသည်ဟု မှတ်တမ်းတင် ဂုဏ်ယူရပါသည်။ သူ၏အလောင်းကို ကမ်းပေါ်တက်၍ မြေမြှုပ်သင်္ဂြိုဟ်ရန်ပင် အခြေအနေ မပေးတော့ပါ။ ဦးရန်အောင်၏ မျိုး ချစ်တော်လှန်ရေး တပ်သားများနှင့် ထိပ်တိုက်တိုးနေ၍ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြရာ ဦးကျော်ခိုင်၏ အလောင်း ကို သံတုံးများဖြင့်ချ၍ ပုဏ္ဏားကျွန်းမြို့အနီး ကုလားတန်မြစ်မှာပင် ရေအောက်သင်္ဂြိုဟ်ခဲ့ရပါသည်။
ဦးကျော်ခိုင်ကို ဖခင် ဦးစံထွန်း၊ မိခင် ဒေါ်စံထွေးခိုင်တို့မှ ၁၉၀၃ ခုနှစ်၊ ဇန်န၀ါရီလ (၉)ရက်နေ့တွင် မွေးဖွား ခဲ့ပါသည်။ သားသမီး (၁၂)ယောက်ထွန်းကားခဲ့ရာ ဦးကျော်ခိုင်သည် သားကြီးသြရသ ဖြစ်သည်။ ညီအစ် ကိုမောင်နှမ (၁၂)ယောက်မှာ -
၁။ ဦးကျော်ခိုင် (အရေးပိုင် D.C၊ သားကြီးသြရသ)
၂။ ဒေါ်စံညွန့်ခိုင်
၃။ ဒေါ်စံသာခိုင်
၎။ ဦးသာဘန်းခိုင် B.Sc
၅။ ဦးသာထွန်းခိုင် (I.P.S, D.S.P) (Indian Police Service)
၆။ ဦးထွန်းလှခိုင်
၇။ ဒေါ်စံကော်ခိုင် B.A, B.L
၈။ ဒေါ်စံအေးခိုင်
၉။ ဒေါက်တာ ဒေါ်စံမြခိုင် M.B.B.S (Med-Srpretendent Central Women Hospital Rangoon)
၁၀။ ဒေါက်တာ အောင်ထွန်းခိုင် M.B.B.S
၁၁။ ဒေါ်စံလှခိုင် B.A
၁၂။ ဦးအောင်ကျော်ခိုင် (အင်ဂျင်နီယာ) တို့ ဖြစ်ကြပါသည်။
ဦးကျော်ခိုင် ငယ်စဉ်က စစ်တွေမြို့တွင် ကျောင်းနေခဲ့သော်လည်း (၁၀)တန်းကို ရန်ကုန်မြို့မှပင် အောင်မြင်ခဲ့ပါသည်။ ၁၉၂၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သင်္ချာဂုဏ်ထူးဖြင့် B.Sc ဘွဲ့ကို ရရှိခဲ့ပါသည်။
၁၉၂၆ ခုနှစ်တွင် (I.C.S)အရွေးခံရပြီးနောက်ပိုင်း အင်္ဂလန် Oxford တက္ကသိုလ်သို့ သွားရောက်၍ ပညာတော်သင် သွားရောက်၍ ဘွဲ့ရရှိခဲ့ပါသည်။
၁၉၂၈ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်နေ့တွင် ဗြိတိသျှအစိုးရထံတွင် ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါသည်။
ဦးကျော်ခိုင်သည် စာရေး စာဖတ်ပညာရပ်ကိုလည်း အထူးဝါသနာပါခဲ့၍ ကြီးပွားရေးစာစောင် မဂ္ဂဇင်းကို သူကိုယ်တိုင် ဦးဆောင် ဦးရွက်ပြု၍ ပြုစုပျိုးထောင်ခဲ့သည်ဟု သိရပါသည်။ ထို့ကြောင့် ကြီးပွားရေးစာစောင် (လူငယ်များကြီးပွားရေးအသင်း) ရွှေရတုသဘင် အထိမ်းအမှတ် မဂ္ဂဇင်းကို ၁၉၇၆ ခုနှစ်က ထုတ်ဝေခဲ့ရာ မဂ္ဂဇင်းကို ဦးစီးဦးဆောင်ပြုခဲ့သော ဥက္ကဌမှ (အယ်ဒီတာချုပ်)များ၏ စာရင်းတွင် ဦးကျော်ခိုင်ကို ပထမဆုံး နံပါတ်(၁)တွင် ဖော်ပြထားသည်ကို မမျှော်လင့်ဘဲ အံ့သြစရာကောင်းလောက်အောင် တွေ့ရပါသည်။
အလွန်ပင် ဂုဏ်ယူစရာ၊ ၀မ်းသာစရာဟု ဆိုရပါမည်။ ယခုနှစ် ၂၀၁၃ ခုနှစ်ဆိုလျှင် နှစ်ပေါင်း (၃၇)နှစ်ပင် ကြာမြင့်ခဲ့ပါပြီ။ ယင်းမဂ္ဂဇင်းကို ယနေ့ထိတိုင်အောင် လက်ဆင့်ကမ်း၍ သားစဉ်မြေးဆက် တည်တံ့အောင် ထိန်းသိမ်းထားရှိနေကြသော စာပေပညာရှင်များကိုလည်း အရေးပိုင် ဦးကျော်ခိုင်၏ မိသားစုကိုယ်စား အတ္ထုပ္ပတ္တိကို ပြုစုနေသူ စာရေးသူက များစွာကျေးဇူးတင် ဂုဏ်ယူပါကြောင်း ပြောကြားလိုပါသည်။
ဦးကျော်ခိုင် တာဝန်ထမ်းဆောင်ခဲ့သော မြို့များ
ဦးကျော်ခိုင်သည် Burma Civil Cervice (Class.1) အဆင့်ကိုရရှိပြီး နောက်ပိုင်း ၁၉၂၈ ခု၊ စက်တင်ဘာလ (၂၉)ရက်နေ့တွင် အစိုးရ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
♠ ၁၀-၁၁-၁၉၂၈ ခုနှစ်တွင် အလုပ်သင် (A.C Training) အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။
♠ ၂၅-၄ ၁၉၂၉ တောင်ငူ (A.C Training)အရာရှိ
♠ ၂၄-၆-၁၉၂၉ မြစ်ကြီးနား (A.C Training)အရာရှိ
♠ ၁၈-၁၁-၁၉၂၉ စစ်ကိုင်း (A.C Training)အရာရှိ
♠ ၁၉-၁၂-၁၉၂၉ မြင်းမူ (A.C Training)အရာရှိ
♠ ၁၉-၁-၁၉၃၀ စစ်ကိုင်း (A.C Training)အရာရှိ
♠ ၂၇-၂-၁၉၃၁ မော်လိုက် S.D.O မြို့နယ်အုပ်ချုပ်ရေးအရာရှိ
♠ ၃-၈-၁၉၃၁ ကလေးဝ S.D.O မြို့နယ်အုပ်ချုပ်ရေးအရာရှိ
♠ ၁၅-၁၀-၁၉၃၂ ဟံသာဝတီ (ပဲခူး) A.C,A.S.O (နယ်ပိုင်)
♠ ၁၅-၁၀-၁၉၃၃ တိုက်ကြီးမြို့ A.C, A.S.O (နယ်ပိုင်)
♠ ၁၀-၃-၁၉၃၄ ပြည်မြို့ A.C, S.D.O (နယ်ပိုင်)
♠ ၂၂-၄-၁၉၃၇ မုံရွာ D.C (အရေးပိုင်)
♠ ၅-၄-၁၉၃၇ ဟံသာဝတီ (ပဲခူး) D.C (အရေးပိုင်)
♠ ၂၂-၁၀-၁၉၃၈ အင်းစိန် D.C (အရေးပိုင်)
♠ ၁၉၄၀-၁၉၄၂ စစ်တွေ D.C (အရေးပိုင်)
♠ ၁-၅-၁၉၄၂ ကွယ်လွန် ဘူးသီးတောင်
နိုင်ငံအကျိုးပြုအဖိုးတန်ရတနာများ (၂) - အေးသိန်း စာအုပ်မှ -

No comments:
Post a Comment