ဒုတိယပင်လုံမှသည် အနာဂတ်ပြည်ထောင်စုဆီသို့(၃) - ခိုင်လင်း(မေဃ၀တီ)

လွပ်လပ်ရေးနဲ့အတူ မွေးဖွားလာခဲ့တဲ့ ပြည်တွင်းစစ်ဟာ လူမျိုးကြီးဝါဒကြီးစိုးရေး(သို့မဟုတ်) ပြည်ထောင်စု အမည်ခံ တစ်ပြည်ထောင်စနစ် တည်ဆောက်ရေး အင်အားစုတွေကတော့ ပုံစံမျိုးစံ၊ နာမည်မျိုးစုံနဲ့ ကင်ပွန်း တပ်ခံခဲ့ရတယ်။ ဓါးပြဂိုဏ်း၊ သောင်းကျန်းသူ စသည်ဖြင့်။ တချို့ကလည်း ဗြိတိသျှရဲ့ မြှောက်ပင့်သွေးခွဲမှု၊ တချို့ကလည်း ယဉ်ကျေးစွာဖြင့် "ကိုလိုနီဆိုးမွေ"။ ဒီနာမည်တွေဟာ အုပ်ချုပ်သူ အဆက်ဆက်က သုံးစွဲခဲ့ တာ မှန်တယ်။ ဒါပေမယ့် အုပ်ချုပ်သူ မဟုတ်သူတွေကော မပါခဲ့ဘူးလားဆိုတော့ ပါပါတယ်။ ဒါကြောင့် "လူမျိုးကြီးဝါဒကြီးစိုးရေး (သို့မဟုတ်) ပြည်ထောင်စုအမည်ခံ တစ်ပြည်ထောင်စနစ်တည်ဆောက်ရေး အင်အားစု"လို့ ၀ိသေသနပြုခဲ့တာဖြစ်တယ်။ ပြောရရင် လွတ်လပ်ရေးနဲ့ ထပ်တူမွေးဖွားလာခဲ့တဲ့ ပြည်တွင်း စစ်ကို ဆင်နွှဲလာခဲ့တဲ့ အမျိုးသားတို့ရဲ့ တိုက်ပွဲကို ပြက်ရယ်ပြုလိုက်တာ ဖြစ်တယ်။ ဒီနေရာမှာ ပြည်တွင်းစစ် ကို သိဒ္ဓိတင်ချင်လို့ မဟုတ်ဘူး။ လွတ်လပ်ရေးရသည်မှ ယနေ့အထိ စစ်ပွဲတွေ ဆင်နွှဲနေတဲ့ လူတွေကို မေး ကြည့်ပါ။ စစ်ကို လိုလားသလားလို့။ သူတို့ စစ်ကို မလိုလားပါ။ ဒါပေမယ့် စစ်ကို ဆင်နွှဲနေရတယ်။ စစ်ကို မလိုလားပေမယ့် စစ်ကို ဆင်နွှဲနေရခြင်းဟာ စိတ်ဝင်စားဖို့ကောင်းသလို မှန်မှန်ကန်ကန် လေ့လာသုံးသပ်ဖို့ လည်း ကောင်းပါတယ်။ ထို့အတူ ပြည်တွင်းစစ်ရဲ့ ဇစ်မြစ်ကိုလည်း မှန်မှန်လေ့လာပြီး မှန်မှန်ကန်ကန် နာမည်ပေးဖို့ လိုမယ်ထင်ပါတယ်။

၁၉၇၄ ထုတ် "သဇင်သင်းပြန်တော့"စာအုပ်မှာ ဆရာဒဂုန်တာရာက "ပြည်ထောင်စုဟု ဆိုသော်လည်း ကိုယ်ပိုင်ပြဌာန်းခွင့် (၀ါ) ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ကို တိုင်းရင်းသားလူမျိုးများက ပြည့်ဝစွာ မခံစားရ သဖြင့် တစ်ဖက်က အမျိုးသားတော်လှန်ရေးများ ပေါ်ပေါက်လာပြန်သည်။ ယင်းသို့လျှင် လွတ်လပ်ခါစ ထွန်းသစ်စ ပျိုမျစ်ငယ်ရွယ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်သစ်သည် အမျိုးသားလွတ်လပ်ရေး။ ဒီမို ကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဆိုရှယ်လစ်ရေးတို့ဖြင့် ခြုံငုံလျက်ရှိသော တော်လှန်ရေးကြီးဖြင့် ရင်ဆိုင် ကြုံတွေ့ နေရပေသည်"ဟု သုံးသပ်ပြခဲ့ပါတယ်။ ဆရာဒဂုန်တာရာရဲ့ အသုံးအနှုန်းကို ပြန်ကြည့်ပါ။ သောင်းကျန်းသူ လို့ မပြောသလို၊ ကိုလိုနီဆိုးမွေလို့လည်း မသုံးပါဘူး။ "ကိုယ်ပိုင်ပြဌာန်းခွင့် (၀ါ) ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ကို တိုင်းရင်းသားများက ပြည့်ဝစွာ မခံစားရသဖြင့် တစ်ဖက်က အမျိုးသားတော်လှန်ရေး များ ပေါ်ပေါက်လာပြန်သည်။"ဟု သုံးနှုန်းရာမှာ "အမျိုးသားတော်လှန်ရေးများ"ဟုသာ သုံးနှုန်းတာကို တွေ့ပါ တယ်။ ဒါဟာ ဘာကို ပြနေသလဲဆိုတော့ ငြိမ်းချမ်းရေးကို လိုလားပြီး မတူညီတဲ့ သမိုင်းနောက်ခံတွေအရ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်ကို ညွှန်းဆိုနေတာ ဖြစ်ပါတယ်။

ချုပ်ပြောရရင် ပြည်တွင်းစစ်ဟာ "ကိုလိုနီဆိုးမွေ"မဟုတ်သလို "သောင်းကျန်းသူများ"လည်း မဟုတ်ပါဘူး။ လွတ်လပ်ရေးရသည်မှ ယနေ့အချိန်ထိ ဆင်နွှဲနေတဲ့ တိုက်ပွဲဟာ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲပါ။ တစ်နည်းအားဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲပါ။ မဟာလူမျိုးကြီးဝါဒ သမားတွေနဲ့ ကျဉ်းမြောင်းသော အမျိုးသားရေးအမြင်ရှိသူတွေအတွက်တော့ "ကိုလိုနီဆိုးမွေ"ကြောင့် လက်နက်ကိုင်သောင်းကျန်းသူများအဖြစ် မြင်ကြရမှာ သေချာပါတယ်။ ဒါပေမယ့် အဖိနှိပ်ခံအမျိုးသားများ အတွက်တော့ တရားသောစစ်ပွဲ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် အမျိုးသားတော်လှန်ရေးကို ဆင်နွှဲနေ သည့် သူရဲကောင်းများအဖြစ် မော်ကွန်းထိုးရမှာပါ။ ဆိုတော့ စီးဆင်းလာတဲ့ သမိုင်းကြောင်းတွေအရ ဖြစ် တည်နေတဲ့ ပကတိအခြေအနေတွေအရ တန်းတူရေးနဲ့ တည်ဆောက်ချင်တဲ့ ဒီနိုင်ငံက တိုင်းရင်းသားပေါင်း စုံအနေဖြင့် ရှုထောင့်တစ်ဖက်တည်းကကြည့်ပြီး သုံးသပ်လုပ်ဆောင်ချက်ကို စွန့်လွှတ်သင့်ပါတယ်။ ဖြစ် တည်နေတဲ့ ပကတိအခြေအနေတွေကို မှန်မှန်ကန်ကန်သုံးသပ်ပြရင်း အဲဒီသုံးသပ်ချက်တွေထဲမှာပဲ အမှားတွေ ပါတတ်လို့ပါ။ ဒီအမှားသုံးသပ်ချက်တွေဟာ ဒုတိယပင်လုံခေါ်ခေါ်၊ ဒေါ်အောင်ဆန်းစုကြည်ပြော သလို (၂၁)ရာစု ပင်လုံခေါ်ခေါ် အဲဒီအတွက် အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

၁၉၄၈ မှာ လွတ်လပ်ရေးရလာတဲ့ ဒီနေ့မြန်မာနိုင်ငံဆိုတာ ၁၉၄၇ ပင်လုံက မွေးဖွားပေးလိုက်တဲ့ သမိုင်း ကို ချောင်မထိုးထားမိဖို့ လိုမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၄၇ ပင်လုံစာချုပ်ဟာ "ကိုလိုနီ ဆိုးမွေ"ကြောင့် ချုပ်ဆိုခဲ့ရတယ်ဆိုတဲ့ အရေးအသား အပြောအဆိုအချို့ကို တွေ့လာရလို့ပါ။ ဆိုတော့ ဒုတိယပင်လုံ (သို့မဟုတ်) နှစ်ဆယ့်တစ်ရာစု ပင်လုံဟာလည်း အလိုအလျောက် "ကိုလိုနီဆိုးမွေ"အဖြစ် သတ်မှတ်ပြီးသား ဖြစ်သွားမှာပါ။ ကိုလိုနီဆိုးမွေဆိုတာ ကိုလိုနီပြုကျင့်ခဲ့တဲ့ ဗြိတိသျှက မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရတော့မယ့်အချိန်မှာ စစ်မီးတွေလောင်အောင် ပြည်တွင်း မငြိမ်မသက်ဖြစ်အောင် တိုင်းရင်းသားတွေကို မြှောက်ပေးခဲ့တယ်လို့ ကျွန်တော်နားလည် သဘောပေါက်ပါတယ်။ ဆိုတော့ ၁၉၄၇ ပင်လုံစာချုပ်ရဲ့ "မူ"တွေနဲ့ မသိမသာ လမ်းခွဲခဲ့သော ၁၉၄၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေနဲ့ ပင်လုံ"မူ"ကို လုံးဝဆန့်ကျင်ခဲ့သော ၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေမှာ တိုင်းရင်း သားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူခွင့်ဆိုတာတွေ ငြင်းပယ်ခံခဲ့ရတယ်။ အဲဒီလို ကချင်၊ ကရင်၊ မွန်၊ ရှမ်းစတဲ့ တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးမှု၊ ငြင်းပယ်ခံရမှုအပေါ် အခြေ ခံဖြစ်ပေါ်လာတဲ့ တော်လှန်ရေးစစ်ပွဲတွေဟာ သောင်းကျန်းသူလို့ သုံးနှုန်းခြင်းနဲ့ ကိုလိုနီဆိုးမွေလို့ သုံးနှုန်းခြင်းဟာ တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးကို ချောင်ထိုးလိုက်တာ ဖြစ်တယ်။ ကိုယ့်ကိုယ်ကို မလိမ်ကြေးပြောရရင် တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးကို စော်ကားလိုက်ခြင်းဖြစ်တယ်။

တစ်ဖက်မှာလည်း တပ်မတော်ဆိုတာ မဟာလူမျိုးကြီးဝါဒကို စွဲကိုင်ထားခြင်းဟာလည်း လုံးဝ မမှန်ကန်လို့ ပြောလို့မရပါဘူး။ ထို့အတူ တပ်မတော်ကို ရန်သူလို့ သတ်မှတ်ချက်ဟာလည်း နည်းနည်း လွဲနေမယ်ထင်တယ်။ တကယ်တမ်းပြောရရင် မဟာလူမျိုးကြီးဝါဒလွှမ်းမိုးရေး အယူအဆရှိသူ အင်အားစုက တပ်မတော်ကို အသုံးချခြင်းသာ ဖြစ်ပါလိမ့်မယ်။ တနည်းပြောရရင် ပဉ္စမမြန်မာနိုင်ငံတော် အယူအဆကို ယုံကြည်သက်ဝင်သူတို့ရဲ့ တပ်မတော်အပေါ် အသုံးချခြင်းသာ ဖြစ်ပါတယ်။ အဲဒီလို တပ်မတော်ကို အသုံးချတဲ့အခါ တပ်မတော်ထဲက သက်ဝင်ယုံကြည်သူတွေ ပါဝင်သလို တပ်မတော်ရဲ့ အပြင်ဘက်က လူတွေလည်း ပါဝင်တတ်ပါတယ်။ အထင်ရှားဆုံးကတော့ ၁၉၆၂ ဦးနေ၀င်း အာဏာသိမ်းဖို့ အားပေး အားမြှောက်ပြုခဲ့တဲ့အထဲမှာ ဖဆပလ အခြမ်းတစ်ခြမ်း ပါဝင်ခဲ့တာဟာ အထင်ရှားဆုံးပါ။ ဆိုတော့ ပင်လုံမူနဲ့ မသိမသာ လွဲဖွယ်နေတဲ့ ၁၉၄၇ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှား မှုဖြစ်တဲ့ တောင်ကြီးညီလာခံဟာ နိုင်ငံရေးကို နိုင်ငံရေးအရ စားပွဲဝိုင်းမှာ အဖြေရှာခြင်းဖြစ်သလို နိုင်ငံတော် ဖွဲ့စည်းပုံအရလည်း ပြဿနာကို သက်ဆိုင်ရာ ကာယကံရှင်များကိုယ်တိုင် အဖြေရှာခြင်းဖြစ်တယ်။ တောင်ကြီး ညီလာခံရဲ့ အဖြေဟာ ခွဲထွက်ရေးမဟုတ်ဘဲ တန်းတူတော၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်တွေသာဖြစ်တယ်ဆိုတာ တောင်ကြီးညီလာခံ မှတ်တမ်းတွေက သက်သေပြနေခဲ့တယ်။ ဒါပေမယ့်လို့ တည်မြဲ ဖဆပလရော၊ စာနယ်ဇင်းအချို့ပါ တိုင်းပြည်ပြိုကွဲရေးလို့ ၀ိုင်းအော်ခဲ့ကြတယ်။ ထို့အတူ ဒီဘက်ခေတ်မှာ ဒီမိုကရေစီအင်အားစုထဲက ပုဂ္ဂိုလ်အချို့ကလည်း အဲဒီ ဘက်ခေတ် တောင်ကြီးညီလာခံကို "ကိုလိုနီဆိုးမွေ"လို့ ကင်းပွန်းတပ်လိုက်တာတွေ တွေ့ရတယ်။ ဒီတူညီမှု ဟာ မဟာလူမျိုးကြီးဝါဒ လွှမ်းပိုးရေးအယူအဆ (သို့မဟုတ်) ပဉ္စမမြန်မာနိုင်ငံတော် အယူအဆအရ တူညီနေတာကို တိုင်းပြည်အတွက် ၀မ်းနည်းဖွယ်ရာ တွေ့ရတယ်။

ဒါကြောင့် ဘုံရန်သူ တပ်မတော်လား ဆိုတဲ့ မေးခွန်းဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကျွန်တော့် အမြင့်ကတော့ တပ်မတော်ဟာ ဘုံရန်သူ မဟုတ်ပါဘူး။ တပ်မတော်ကို အသုံးချနေတဲ့ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး စစ်ခေါင်းဆောင်အချို့နဲ့ တပ်မတော်ထဲမှာ မရှိတဲ့ တပ်မတော်ထဲမှာ မပါဝင်တဲ့ မဟာလူမျိုး ကြီးဝါဒ လွှမ်းမိုးရေး အယူအဆရှိသူ အင်အားစုများဟာ တန်းတူသော၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒ ရယ်ပြည်ထောင်စု တည်ဆောက်ရေးရဲ့ ဘုံရန်သူတွေသာ ဖြစ်တယ်။ တပ်မတော်ထဲမှာ မပါဝင်တဲ့ အင်အား စုဆိုတာ ဒီမိုကရေစီအင်အားစုထဲမှာလည်း ရှိသလို ပညာရှင်၊ စာနယ်ဇင်းသမား စတဲ့အလွှာ အသီးသီးမှာ လည်း ရှိနေပါတယ်။ တပ်မတော်ကို အသုံးချနေတဲ့ စစ်ခေါင်းဆောင်အချို့နဲ့ အသုံးချခံနေရတဲ့ တပ်မတော် ဆိုတာကို ဒီမိုကရေစီအင်အားစုထဲမှာ ကွဲပြားဖို့လိုသလို တပ်မတော်ထဲထိ စိမ့်ဝင်အောင် လုပ်ဆောင်ရေး ဟာလည်း ဒီနေ့ အရေးကြီးတ့ဲလုပ်ရပ်ထဲက တစ်ခု ဖြစ်ပါလိမ့်မယ်။ ချုပ်ပြောရရင် တောင်ကြီး ညီလာ ခံခေတ်တုန်းက တည်မြဲဖဆပလနဲ့ စာနယ်ဇင်းသမားတွေနဲ့ ဖက်ဒရယ်ဟာ တိုင်းပြည် ပြိုကွဲရေးအဖြစ် ၀ိုင်းအော်လှုံဆော်မှုဟာ တန်းတူသော၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ပြင်းပယ်လို၍ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ သူတို့ဟာ တပ်မတော်ထဲက မဟုတ်ပါဘူး။ ဒါပေမယ့်လို့ လူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆကို သက်ဝင်ယုံကြည်သူတွေဖြစ်ပြီး တစ်ပြည်ထောင်စနစ်ကို သွားလိုကြသူတွေ ဖြစ်တယ်။

ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံဟာလည်း ပင်လုံမူတွေနဲ့ လုံးဝဆန့်ကျင်စွာ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဖွဲ့စည်းပုံဟာ လည်း ဒီပုတ်ထဲက ဒီပဲ အတိုင်းပါပဲ။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို ရိုက်ချိုးထားပါတယ်။ တက်လာမယ့် အစိုးရဟာလည်း ဒီဖွဲ့စည်းပုံအတိုင်း ဆက်လက်အုပ်ချုပ်သွားမယ်ဆိုရင်တော့ ပြည်တွင်းစစ် ဟာ ခြင်္သေ့လည်ပြန်အဖြစ် ပြန်လာဦးမှာပါ။ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးအင်အားစုတွေကတော့ သောင်း ကျန်းသူများ၊ ကိုလိုနီဆိုးမွေများအဖြစ် ကင်ပွန်းတပ်ကြဦးမှာပါ။ ထို့အတူ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေ ဆဲဖြစ်တဲ့ တိုင်းရင်းသားတွေဘက်ကတော့ တရားသော စစ်ပွဲ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေသော သူရဲကောင်းများအဖြစ် ဆက်လက်ရှိနေဦးမှာ သေချာပါတယ်။ နယ်ခြားစောင့်တပ် အသွင် ပြောင်းလဲရေးကို ပြင်းပယ်ထားသော အဖွဲ့များဟာလည်း မိမိအမျိုးသားများရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် မရှိခြင်းအပေါ်မှာ ငြင်းပင်ထားတာ ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲရေးကို ငြင်းဆို ထားသော ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်သော တိုးတက်သော ဗုဒဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)ကတော့ နိုဝင်ဘာ (၇)ရက်ကတည်းကပင် ဒီနေ့အချိန်ထိ စစ်ပွဲတွေဆီ ခြေဦးပြန်လှည့်ခဲ့ ပါတယ်။

စစ်ပွဲတွေဆီ ခြေဦးလှည့်ခဲ့ခြင်းဟာ ၂၀၀၈ အခြေခံဥပဒေကြောင့် ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ စစ်ရေး ပြင်ဆင်နေတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့၊ မွန်ပြည်သစ်ပါတီ၊ ၀ တပ်ဖွဲ့နဲ့ ရှမ်းပြည်တပ်မတော်ရဲ့ တပ်မဟာအချို့ကလည်း နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲရေးကို ငြင်းဆိုထားတာဟာ ၂၀၀၈ ဖွဲ့စည်းပုံ နဲ့ တိုက်ရိုက်ပတ်သက်နေတပါတယ်။ ဒီဖွဲ့စည်းပုံဟာ တိုင်းရင်းသားတွေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကို ငြင်းပယ်ထားတာပါ။

၁၉၄၇ ပင်လုံမှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ရဲ့"မူ"တွေကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၃)ခုလုံးမှာ မသိမသာ လမ်းခွဲခဲ့သည်မှ သိသိသာသာလမ်းခွဲခဲ့ခြင်းရဲ့ ရလဒ်ကတော့ ပြင်တွင်းစစ်ပါပဲ။ ဒါကြောင့် ပင်လုံညီလာခံရဲ့ အဖြေတွေကို လိုက်လျောခြင်းဟာ တိုင်းပြည်ရဲ့ အဖြေတွေဖြစ်မှာ သေချာပါတယ်။ ယခု ဒုတိယပင်လုံညီလာခံ (သို့မဟုတ်) နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံမှ ထွက်ပေါ်လာမယ့် အဖြေနဲ့ အဲဒီအဖြေအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဟာ အပစ်ရပ်အဖွဲ့တွေအားလုံး စစ်ပွဲတွေဆီ ပြန်သွားရေးကို ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။ ၂၀၀၃ ဧပြီလထုတ် အတွဲ(၁)၊ အမှတ်(၁၂) Voice of Arakan သတင်းစာမှာ ကျွန်တော်ရေးတဲ့ "အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများနှင့် အနာဂတ်ဖယ်ဒရယ် ပြည်ထောင်စု အရေး" ဆောင်းပါးထဲက အောက်ပါစာသားလေးနဲ့ ဒီဆောင်းပါးကို နိဂုံးချုပ်ပါရစေ။ "အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကို ပြန်လည်ကျင့်သုံးခြင်း (သို့မဟုတ်) အလားတူ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမျိုးကို ကျင့်သုံးခြင်းသည် လွတ်လပ်ရေးနှင့် တပ်တူဖြစ်ပွားလာသော ပြည်တွင်းစစ်ကို ငြိမ်းသတ်နိုင်မည် မဟုတ်ပေ။ အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှု အရှိန်အဟုန် ပြင်းထန်ရေးသို့သာ ဦးတည်သွားမည် ဖြစ်၏။"

ခိုင်လင်း(မေဃ၀တီ)

Arakan Review
၂၀၁၀၊ ဒီဇင်ဘာ (၈)၊ ၁း ၄၄ နံနက်

ခိုင်လင်း(မေဃ၀တီ)ရေးသားသည့် မဟာလူမျိုးကြီးဝါဒ၏ အောင်ပွဲလားနှင့် ဒုတိယပင်လုံမှသည် အနာဂတ်ပြည်ထောင်စုဆီသို့ စာအုပ်မှ-

1 comment: