ဒုတိယပင်လုံမှသည် အနာဂတ်ပြည်ထောင်စုဆီသို့ (၂) - ခိုင်လင်း(မေဃ၀တီ)

ပဉ္စမမြန်မာနိုင်ငံတော်အယူအဆဟာ ဗမာအမျိုးသားအင်ပါယာ ထူထောင်ရေးဝါဒဖြစ်တယ်လို့ ကောက်ချက် ချခြင်းဟာ သမိုင်းကြောင်းတွေ၊ သမိုင်းနောက်ခံတွေ ကို အခြေခံပြီး ကောက်ချက်ချခြင်း ဖြစ်တယ်။ လူ တစ်ဦးရဲ့ လုပ်ရပ်တွေ၊ အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေ၊ လူအုပ်စုတွေရဲ့ လုပ်ရပ်တွေဟာ အယူအဆ ခံယူ ချက်တွေကို အခြေခံပြီး လုပ်ကြတာ ဖြစ်တယ်။ ဒါကြောင့် အယူအဆအချို့အတွက် တော်လှန်တိုက်ပွဲဝင် ရတာတွေ ရှိတယ်။ ပဉ္စမ မြန်မာနိုင်ငံတော် အယူအဆကို ယုံကြည်တဲ့သူဟာ သူ့ရဲ့လုပ်ဆောင် ချက်တွေ၊ ပေးဆပ်မှုတွေဟာလည်း ဒီအတွက်ပဲ ဖြစ်ပါလိမ့်မယ်။ လွတ်လပ်ရေးတိုက်ပွဲကာလနဲ့ လွတ် လပ်ရေးနောက်ပိုင်း ကာလတွေမှာ ဒီအယူအဆကို ယုံကြည်သူတွေကတော့ သခင်ဗစိန်၊ ဂဠုန်ဦးစော၊ ဦးနေ၀င်း၊ ဗိုလ်သန်းရွှေတို့ဟာ ထင်ရှားတဲ့ လူတွေပါ။ ဒီလူတွေရဲ့ လုပ်ဆောင်ချက်တွေဟာ ပဉ္စမ မြန်မာနိုင် ငံတော် အယူအဆအပေါ်မှာ အခြေခံခဲ့တယ်ဆိုတာ သူတို့တွေရဲ့ အလုပ်တွေဟာ သက်သေပြခဲ့ပါတယ်။ ပဉ္စမ မြန်မာနိုင်ငံတော် အယူအဆကို နည်းနည်းလောက်ရှင်းပြဖို့ လိုမယ်ထင်တယ်။

ပါမောက္ခလုစ်က (၁၁)ရာစုမှာ အနော်ရထာစည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို ပထမမြန်မာနိုင်ငံ၊ (၁၅)ရာစုမှာ ဘုရင့်နောင် စည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို ဒုတိယမြန်မာနိုင်ငံ၊ (၁၈)ရာစုမှာ အလောင်းဘုရားစည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို တတိယမြန်မာနိုင်ငံ၊ (၂၀)ရာစုမှာ ဗိုလ်ချုပ်အောင် ဆန်းစည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို စတုတ္ထမြန်မာနိုင်ငံလို့ ရေးသားလဲ့တာတွေ ရှိတယ်။ ပါမောက္ခ လုစ်ရဲ့ အယူအဆကို အခြေခံစဉ်းစားရင်း ပဉ္စမမြန်မာနိုင်ငံတော် အယူအဆ ပေါ်ပေါက်လာတာ ဖြစ် တယ်။ မြန်မာ (ဗမာ)အချင်းချင်းမှာတောင် ပဉ္စမမြန်မာနိုင်ငံတော် အယူအဆဟာ အငြင်းပွားမှုတွေ နဲ့ ပြည့်နှက်နေတာ တွေ့ရပါတယ်။ ဦးနေ၀င်းကို ပဉ္စမမြန်မာနိုင်ငံတော်ကို တည်ထောင်ရေးကြိုးပမ်းခဲ့သူ တစ်ဦးအဖြစ် သတ်မှတ်နိုင်သလို ဗိုလ်သန်းရွှေဟာလည်း ပဉ္စမ မြန်မာနိုင်ငံတော်ကို ဆက်လက် ဦးဆောင်စေသူအဖြစ် သတ်မှတ်နိုင်ပါတယ်။ တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပဉ္စမမြန်မာနိုင် ငံတော် ထူထောင်မယ့်သူလို့ ပြောလိုကြပါတယ်။ ပါမောက္ခလုစ်ရဲ့ အယူအဆအပေါ်မှာ သက်ဝင်ယုံကြည် သူတွေအနေနဲ့တောင် ပဉ္စမမြန်မာနိုင်ငံတော်ထူထောင်သူမှာ အငြင်းပွားစရာဖြစ်နေတာ တွေ့ရပါတယ်။ ဒီအယူအဆအတိုင်းဆိုလျှင် ဦးနေ၀င်းဟာ ပဉ္စမမြန်မာနိုင်ငံတော်ကို တည်ထောင်သူအဖြစ် သတ်မှတ်ပြီး ဗိုလ်သန်းရွှေကတော့ ဆက်လက်ဦးဆောင်စေသူအဖြစ် သတ်မှတ်ရမှာဖြစ်တယ်။

ဒီအယူအဆတွေ၊ ဒီယုံကြည်ချက်တွေ၊ ဒီလုပ်ဆောင်ချက်တွေဟာ ပင်လုံမှ မွေးဖွားလာခဲ့ပြီး ၁၉၄၈ မှာ လွတ်လပ်ရေးရလာခဲ့တဲ့ ယနေ့မြန်မာနိုင်ငံတော်အတွက် အဆိပ်အတောက်တွေသာ ဖြစ်ပါတယ်။ တစ် နည်း အားဖြင့်ပြောရရင် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဆိပ် အတောက်တွေဖြစ်တယ်။ အနော်ရထာ စည်းရုံးတည်ထောင်ခဲ့တဲ့ (၁၁) ရာစု ပထမ မြန်မာနိုင်ငံမှာ ရခိုင်၊ ရှမ်း၊ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်း၊ မွန် စတဲ့ လူမျိုးတွေရဲ့ သီးခြားလွတ်လပ်နိုင်ငံ၊ နယ်မြေအဖြစ် နေထိုင်ခဲ့ခြင်းကို မျက်ကွယ်ပြုလို့ မရဘူး။ ပါမောက္ခလုစ်ပြောသလို ရခိုင်၊ မွန် စတဲ့ လူမျိုးတွေဟာ ဗမာတွေရဲ့ လက်အောက်မှာလားဆိုတာ ပြန်သုံးသပ်စေချင်ပါတယ်။ ထို့အထူ ဒုတိယ မြန် မာနိုင်ငံ (၁၅)ရာစုနဲ့ တတိယမြန်မာနိုင်ငံ (၁၈)ရာစုကာလတွေမှာရော ဒီတိုင်းရင်းသားတွေဟာ ဗမာတွေရဲ့ လက်အောက်မှာလား၊ ဒါမှမဟုတ် ဗမာတွေနဲ့ ပင်လုံလို ညီလာခံကြီးတစ်ခုကျင်းပပြီး ဖက်ဒရယ်ပြည်ထောင် စုလို နေထိုင်လာခဲ့ကြသလားဆိုတာ ပြန်လည် စဉ်းစားချင်ပါတယ်။

ဒီနေရာမှာ ဥပမာတစ်ခုအဖြစ် ရခိုင်လူမျိုး (ရခိုင်အမျိုးသား)ကို ဆွဲထုတ်ပြချင်ပါတယ်။ ရခိုင်လူမျိုးတွေဟာ မြို့ပြနိုင်ငံအဖြစ် နေထိုင်ခဲ့ခြင်းဟာ ဗမာ(မြန်မာ)တွေထက် စောပါတယ်။ ပညာရှင်တွေရဲ့ သုတေသ နပြုချက်အရ မြန်မာတွေဟာ (၉)ရာစုလောက်မှာမှ ကျောက်ဆည်နယ်ကို ရွေးကာ နေထိုင်လာခဲ့တယ်လို့ ဆိုတယ်။ ထို့အတူ စောခြင်း၊ နောက်ကျခြင်းအပြင် ယဉ်ကျေးမှုကိုလည်း ယှဉ်ထိုးပြချင်တယ်။

ရခိုင်တွေ ဒင်္ဂါးသွန်းလုပ်ပြီး နိုင်ငံရဲ့ ငွေကြေးပိုက်ဆံအဖြစ် အသုံးပြုနေကြစဉ်မှာ ဗမာ(မြန်မာ)တွေအနေနဲ့ ငါးပိနဲ့ဆား၊ ဆန်နဲ့အသားကို လှဲလှယ်ခြင်းအဆင့်သာ ရှိပါသေးတယ်။ မင်းတုန်းမင်းလား၊ ကနောင်လား မသိ။ သိပ်မမှတ်မိတော့။ သူတို့လက်ထက်မှာ မြန်မာ(ဗမာ)တွေဟာ နိုင်ငံရဲ့ ငွေကြေးကို စတင်သုံးကြည့် ပါတယ်။ ဒါပေမဲ့ မြန်မာလူထုဟာ ငွေကြေးနဲ့ ရောင်းဝယ်ဖောက်ကားခြင်း ယဉ်ကျေးမှုထက် ငါးပိနဲ့ဆား၊ ဆန်နဲ့အသား ဖလှယ်ခြင်း ယဉ်ကျေးမှုလောက် မနှစ်ခြိုက်ကြပါဘူး။ အဲဒီကာလတွေမှာ ရခိုင်တွေအနေနဲ့ ဒင်္ဂါးကို နိုင်ငံတော်ပိုက်ဆံအဖြစ် သုံးစွဲလာခဲ့တာ နှစ်ပေါင်း အတော်ကြာခဲ့ပါပြီ။ ဒါ့အပြင် မြန်မာတွေ စာပေရေးသားခြင်းအတတ်ပညာကိုလည်း (၁၁)ရာစုလောက်မှာမှ ရကြတာဖြစ်တယ်။

မြန်မာပညာရှင် ဒေါက်တာသန်းထွန်းက "ရခိုင်တွင် မြို့ပြတည်၍ စာပေအရေးအသားတတ်ကျွမ်းလျက် ငွေ ဒင်္ဂါးများ သွန်းလုပ်၍ ရောင်းဝယ်ရာတွင် ပိုက်ဆံအဖြစ် သုံးသည်။ ထိုသူတို့ကား မြန်မာနိုင်ငံအလယ်ပိုင်းမှ ပျူတို့နှင့် ခေတ်ပြိုင်ဖြစ်သည်"ဟု ခေတ်ဟောင်း မြန်မာရာဇ၀င် နိဒါန်းမှာ ရေးသားထားပြီး ၎င်းမှာပင် ဆရာဒေါက်တာသန်းထွန်းက "ရခိုင်ဒင်္ဂါးများမှာ ငွေဒင်္ဂါးများဖြစ်၍ ယခုအခါ ဗြိတိသျှပြတိုက်၊ ကာလက တ္တားပြတိုက်၊ လီနင်ဂရက်၊ အာမိတဟိုပြတိုက်တို့တွင်လည်းကောင်း၊ ဆာလ်စဗာရီမှ မစ္စတာရှော့တ်ထံ တွင်လည်းကောင်း၊ တဂိုး၏ ကျန်ရစ်သော ပစ္စည်းစုတွင်လည်းကောင်း အများအပြားတွေ့နိုင်ပါသည် "ဟု ရေးသားထားပါသည်။

ဆိုလိုချင်တာက ရခိုင်တွေအနေနဲ့ သာမန်နယ်ပယ်အုပ်ချုပ်ရေး စနစ်မျိုးမဟုတ်ဘဲ တကယ့်ကို တထီး တနန်းနဲ့ နေထိုင်ခဲ့ပြီး ယင်းသို့ နေထိုင်ခဲ့စဉ်က မြန်မာတွေထက် ရှေးကျခြင်းနဲ့ ယဉ်ကျေးမှုပါ မြင့်မားခြင်း တို့ကို မီးမောင်းထိုးပြလိုခြင်း ဖြစ်တယ်။ တနည်းအားဖြင့် မြို့ပြနိုင်ငံအဖြစ် နေထိုင်ခဲ့တဲ့ ရခိုင်တွေရဲ့ ခိုင်မာတဲ့သမိုင်း အထောက်အထားတွေဟာ ဒီနေ့အချိန်ထိ ရှင်သန်နေတာ တွေ့ရမှာ ဖြစ်တယ်။ ထို့အတူ အထက်က တင်ပြခဲ့တဲ့ ပဉ္စမမြန်မာနိုင်ငံတော် အယူအဆအရ ရခိုင်တွေဟာ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယ မြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော် စည်းရုံးတည်ထောင်ခဲ့တဲ့ အထဲမှာ မပါခဲ့ဘူးဆို တာ ပြောချင်တယ်။ (၁၈) ရာစု ကုန်ခါနီး ၁၇၈၅ ခု၊ ဘိုးတော်ဘုရားလက်ထက်ကျမှ ရခိုင်က မြန်မာ(ဗမာ) တို့ဆီမှာ ထီးနန်းကျတာဖြစ်တယ်။ ဆိုတော့ ကျန်တဲ့ မွန်၊ ကရင် စတဲ့ တိုင်းရင်းသားတွေကော ပါရဲ့လားလို့ ဆန်းစစ်ဖို့လိုမယ်ထင်ပါတယ်။

ဒီနေရာမှာ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား စတဲ့ ပုဂ္ဂိုလ်တွေကို အသိအမှတ်မပြုချင်လို့ မဟုတ်ဘူး။ ပင်လုံမှ မွေးဖွားပေးလိုက်တဲ့ ၁၉၄၈ ခုမှာ လွတ်လပ်ရေးရလာတဲ့ ယနေ့ မြန်မာနိုင်ငံရဲ့ အပိုင်းနဲ့ ပင်လုံရဲ့ နောက်ပိုင်းသမိုင်းဆိုပြီး နှစ်ပိုင်းခွဲရှုတော့ ပါမောက္ခလုစ်ရဲ့ သုံးသပ်ချက်အချို့ဟာ မှန်ကန်ပါလိမ့် မယ်။ လုစ်ရဲ့ သုံးသပ်ချက်ထဲမှာ စတုတ္ထမြန်မာနိုင်ငံတော် တည်ထောင်သူအဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို သတ်မှတ်ရင် ဗမာအင်ပါယာကို ချဲ့ထွင်ရေးဆီကို ဦးတည်သွားမှာ ဖြစ်တယ်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့ကို ပထမမြန်မာနိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံ၊ တတိယမြန်မာနိုင်ငံ တည်ထောင်သူတွေ အဖြစ် မော်ကွန်းထိုးနိုင်ပါတယ်။ ဒီသမိုင်းတွေဟာ မြန်မာ(ဗမာ)တွေရဲ့ သမိုင်းစစ်စစ်တွေသာဖြစ်ပြီး ရခိုင်၊ မွန်၊ ကရင် စတဲ့လူမျိုးတွေရဲ့ သမိုင်းမဟုတ်ပါဘူး။ နောက်တစ်ပိုင်းကတော့ ပင်လုံမှ မွေးဖွားပေးလိုက်ပြီး ၁၉၄၈ ခုမှာ လွတ်လပ်ရေးရလာတဲ့ ယနေ့ မြန်မာနိုင်ငံတော်သမိုင်း အပိုင်းပါ။

ပင်လုံမှသည် ယနေ့အချိန်ထိ သမိုင်းကို ရေးတဲ့အခါမှာတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ ပထမပြည်ထောင် စုမြန်မာနိုင်ငံတော်ကို စည်းရုံးတည်ထောင်သူအဖြစ် မော်ကွန်းထိုးရင်တော့ အငြင်းပွားစရာတွေ ရှိမယ် မထင်ပါဘူး။ ဦးအောင်ဆန်းဟာ လက်နက်အားကိုးဖြင့် ရှမ်း၊ ရခိုင်၊ ကရင်၊ မွန်၊ ကရင်နီ၊ ကချင်၊ ချင်း စတဲ့လူမျိုးတွေကို အဓမ္မသိမ်းသွင်းခဲ့တာ မဟုတ်ခဲ့သလို မြန်မာ(ဗမာ)အမျိုးသားအင်ပါယာကို ထူထောင်ခဲ့ တာလည်း မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းဟာ စတုတ္ထမြန်မာအင်ပါယာကို ချဲ့ထွင်ခဲ့ သူမဟုတ်။ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်း၊ မွန်၊ ရှမ်း၊ ရခိုင်၊ ဗမာ စတဲ့ တိုင်းရင်းသားပေါင်းစုံ နိုင်ငံရေးအရ တန်းတူသော ပြည်ထောင်စုကို တည်ထောင်သူ၊ ပထမပြည်ထောင်စုမြန်မာနိုင်ငံတော်ကို တည်ထောင်သူ သာ ဖြစ်တယ်။

အယူအဆ၊ အတွေးအခေါ်၊ ခံယူချက်တွေကို အခြေခံပြီး အလုပ်တွေကို ယုံယုံကြည်ကြည်နဲ့ လုပ်တတ် ကြာတာ လူ့သဘာဝပါ။ ဒါကြောင့် တကယ့်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ချင် တယ်ဆိုရင် သီးခြားတည်ရှိခဲ့တဲ့ သမိုင်းတွေကို လက်ခံဖို့လိုပါတယ်။ သီးခြားတည်ရှိခဲ့တဲ့ သမိုင်းတွေဆိုတာ အထက်က တင်ပြခဲ့တဲ့ ရခိုင်လူမျိုးတွေရဲ့ ဥပမာလိုပါ။ ဒီလူမျိုးတွေဟာ ငါတို့ရဲ့ ကိုလိုနီတွေ မဟုတ်ဘူး။ သီးခြားတိုင်းပြည်တွေနဲ့ နေထိုင်လာတဲ့ လူမျိုးတွေဖြစ်တယ်။ ဒါကြောင့် တိုင်းပြည်တွေကို ပေါင်းတဲ့အခါ အဆင့်အတန်းတူ ပေါင်းစည်းရေးမူအပေါ်မှာ ပူးပေါင်းသင့်တယ်ဆိုတဲ့ ခံယူချက်မျိုးပါ။ ဦးနေ၀င်းနဲ့ အပေါင်း အပါတွေကတော့ ဒီလို မဟုတ်ပါဘူး။ ပင်လုံမှ မွေးဖွားပေးလိုက်တဲ့ မြန်မာနိုင်ငံလို့ မမြင်ဘူး။ (၁၁)ရာစု အနော်ရထာ တည်ထောင်ခဲ့တဲ့ နိုင်ငံတော်ရဲ့ "အဆက်"လို့ မြင်တယ်။ ဗိုလ်သန်းရွှေကလည်း ဒီအတိုင်း ပါပဲ။ နိုင်ငံအနှံ့ ဘုရင့်နောင်ရုပ်တုနဲ့ အလောင်းဘုရားရုပ်တုတွေက လွှမ်းမိုးနေရာယူနေပြီး ၂၀၀၈ ဖွဲ့စည်းပုံ ဟာလည်း သူ့ရဲ့အယူအဆကို ပိုလို့ ပေါ်လွင်စေပါတယ်။ ဒီနေရာမှာ ဦးနေ၀င်း၊ ဗိုလ်သန်းရွှေလို့ ညွှန်းပေ မယ့် သူတို့နဲ့ ခံယူချက်ချင်း တူသူတွေလည်း ပါဝင်ဆိုတာ မမေ့သင့်ပါဘူး။

ချုပ်ပြောရရင် ပဉ္စမမြန်မာနိုင်ငံတော် အယူအဆကို ငြင်းပယ်ရမှာ ဖြစ်တယ်။ ပင်လုံမှ စခဲ့တဲ့ ယနေ့မြန်မာနိုင် ငံတော်ရဲ့ ရန်သူဟာ ပဉ္စမမြန်မာနိုင်ငံတော် အယူအဆပါ။ ဒေါက်တာ ဆလိုင်းလျန်မှုန်းကတော့ အင်တာဗျူး တစ်ခုမှာ "ကျွန်တော်တို့ ပြည်ထောင်စုသမိုင်းဆိုတာ ပင်လုံမှာ စပြီးဖြစ်ပါတယ်။ ပင်လုံ မစခင်တုန်းက ကျွန်တော်တို့ ချင်း၊ ကချင်နဲ့ ရှမ်းစတဲ့ တိုင်းရင်းသားတွေဟာ အခုနက ဆရာတို့ (ဒေါက်တာအေးကျော်နဲ့ ဦးကျော်ဇံသာကို ညွှန်း) ပြောနေတဲ့ ပုဂံခေတ်ကနေ ကုန်းဘောင်ခေတ် သီပေါမင်းပါတော်မူချိန်အထိ ဒီသမိုင်းတွေက ကျွန်တော်တို့ တိုင်းရင်းသားတွေနဲ့ ဘာမှ မဆိုင်ဘူး။ ကျွန်တော်တို့ သမိုင်းမဟုတ်ဘူး" လို့ ပြောကြားသွားခဲ့ဖူးပါတယ်။ ဒါကြောင့် ပင်လုံညီလာခံမျိုး နောက်ညီလာခံတစ်ခုခေါ်ဆိုပြီး ပင်လုံမူ အတိုင်း စစ်မှန်သော ပြည်ထောင်စုကို တည်ဆောက်ခြင်းသာ ဒီနိုင်ငံအတွက် အကောင်းဆုံးသော အဖြေဖြစ်မှာပါ။ ပင်လုံမူဆိုပေမယ့် ခွဲထွက်လိုက ခွဲထွက်ရေးမူကတော့ ပါမယ်လို့ မယူဆပါဘူး။

အပစ်ရပ်အဖွဲ့တွေရော ဆက်လက်တိုက်ပွဲဝင်နေတဲ့အဖွဲ့တွေရော ယနေ့အချိန်ထိ ပင်လုံမူကို စွဲကိုင်ပြီး တိုက်ပွဲဝင်နေခြင်းဟာ ဒုတိယပင်လုံညီလာခံမျိုး နောက်ညီလာခံတစ်ခု ကျင်းပရန် လိုအပ်နေတယ်ဆိုတာကို ညွှန်းဆိုနေပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ပြိုင်ခဲ့တဲ့ ရခိုင်ပြည်မှာ အနိုင်ရခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌဒေါက်တာအေးမောင်က အင်တာဗျူးတစ်ခုမှာ ဒုတိယပင်လုံညီလာခံခေါ်ယူရေး မူကို လက်ခံလိုက်ပါတယ်။ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပေမယ့် ဒုတိယပင်လုံညီလာခံမျိုး လိုအပ်တယ်ဆိုတာ ကို ပြောဆိုလိုက်ခြင်းဟာ တိုင်းပြည်အတွက် တကယ့်လိုအပ်ချက်ကို ထောက်ပြလိုက်တာဖြစ်ပါတယ်။ ထို့အတူ အခြား ရွေးကောက်ပွဲ ၀င်ပြိုင်ခဲ့တဲ့ ပါတီတွေအနေနဲ့ရော ဒုတိယပင်လုံညီလာခံမျိုး ကျင်းပဖို့ မလိုအပ်ဘူးလားဆိုတာ မေးစရာတစ်ခုပါ။ ဒီဆောင်းပါးရေးနေစဉ်မှာပဲ ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသား (၄)ပါတီတွေက ဒုတိယပင်လုံညီလာခံကို လက်ခံလိုက်တဲ့ သတင်းကို တိုင်းပြည်က ကြိုဆို ရမယ့် သတင်းတစ်ခုပါ။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)နဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတွေက ဒုတိယ ပင်လုံ ညီလာခံကို လိုအပ်တယ်လို့ ပြောဆိုလက်ခံလိုက်ပါတယ်။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ကတော့ ဒုတိယအကြိမ်အဖြစ် ဒုတိယပင်လုံညီလာခံကို လက်ခံလိုက်တာဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီတွေအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲပါတီတွေက ဒုတိယ ပင်လုံညီလာခံခေါ် ယူရေး အစီအစဉ်ကို လက်ခံသဘောတူခြင်းဟာ တိုင်းပြည်အတွက် တကယ့်ရင်ခုန်စရာတစ်ခုပါ။ ဆန့်ကျင်ဘက်တွေ မဖြစ်ဘဲ တိုင်းပြည်ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး အခြေခံပေါ်မှာ စုစည်းသွားခြင်းဟာ တိုင်းပြည် အတွက် ကောင်းသော လက္ခဏာတစ်ခုပါ။ ဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့တဲ့ မြန်မာ(ဗမာ) အမျိုးသားဒီမိုကရက်ပါတီတွေ အနေနဲ့ရော ဒုတိယပင်လုံညီလာခံကို လက်ခံနိုင်မှာလားဆိုတာ မေးစရာ တစ်ခုပါ။ သေချာတဲ့ သမိုင်းတစ်ခုကတော့ ၁၉၄၇ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ပင်လုံမူ နဲ့ သွေဖည်ခဲ့တာကြောင့် လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ကြီးကိုလည်း မွေးဖွားစေခဲ့တယ်ဆိုတာ မေ့မ ထားသင့်ပါဘူး။

ခိုင်လင်း(မေဃ၀တီ)

Arakan Review
၂၀၁၀၊ နိုဝင်ဘာ (၁၅)၊ ၄း ၁၁ ည

ခိုင်လင်း(မေဃ၀တီ)ရေးသားသည့် မဟာလူမျိုးကြီးဝါဒ၏ အောင်ပွဲလားနှင့် ဒုတိယပင်လုံမှသည် အနာဂတ်ပြည်ထောင်စုဆီသို့ စာအုပ်မှ-

No comments:

Post a Comment