စစ်ကျွန် - မောင်ခိုင်အောင် (စစ်တွေ)


ကလေးဘ၀တုန်းက
စစ်တိုက်တမ်းကစားခဲ့ကြတယ်
တောမြို့လေးမှာ သူပုန်စစ်သား ပြောက်ကျား
ဝေါဟာရတွေ ယဉ်ပါးနေတော့
မင်းတို့စစ်သား ငါတို့က သူပုန် ကြိုက်တဲ့ဘက်ကနေ
တစ်ခါတစ်လေ ခေါင်းပန်းလှန်ပြီးရွေး
တိုက်ကြ ပစ်ကြ သေကြ ပျော်စရာကောင်းလိုက်တာ
ဘယ်သူမှ မမှားခဲ့ကြဘူး။

အမှန်တရား တော်လှန်ရေး နိုင်ငံ့အာဏာ
စစ်ပွဲဆိုတာ နိုင်ငံရေးရဲ့အဆက်ဆိုလား
စစ်နဲ့ရှင်းလို့မရ စားပွဲဝိုင်းထိုင်မယ်ဆိုလား
ကြားကြားနေရရဲ့။

ရဲဘော်တွေကျဆုံး ရွာတွေမီးလောင်
လူတွေရွာသားတွေက တောကြက်တွေဖြစ်
စစ်အရာရှိတွေကြီးပွား သူပုန်ဗိုလ်တွေခန့်ညား
ဝီစကီတွေ ၀ိုင်တွေနဲ့ ချီးယား
တိုင်းပြည်ကြီးကတော့ ပြားသွားပြီ။

တောသူမလေးတွေ သူပုန်နဲ့ညား
စစ်သားနဲ့ ရှင်ကွဲကြ သေကွဲကြ
မုဆိုးမဘ၀မှာတော့ လွမ်းတေးလာဆုံကြလေတယ်။

မုဆိုးမသား စစ်မျိုးဆက် သူပုန်မျိုးဆက်တွေ
လယ်ထွန်တောခုတ် ယာလည်းမလုပ်ချင်
ရွာကျောင်းမှာ ပညာလည်းမထွန်းလေတော့
မလေး ယိုးဒယား ရပ်ဝေးမြေခြားမှာ
ဂျင်းဘောင်းဘီဝတ် ကျွန်ဇတ်လှလှ ကနေရရှာတယ်။    ။

မောင်ခိုင်အောင် (စစ်တွေ)

No comments:

Post a Comment