ရခိုင်ပြည် လူမျိုးတစ်မျိုးအနေနှင့် မိမိတို့ ချီတက်ရမည့် ခရီးစဉ်ကို တိတိကျကျ စီမံကိန်းချထားရန် အရေး ကြီးပေသည်။ ရခိုင်လူမျိုးသည် နှစ်ပေါင်း (၁၇၀)ကျော်ခန့် တိကျပြတ်သားသော ရည်ရွယ်ချက်မရှိဘဲ၊ ဟိုမှသည်သို့ စုန်ဆန်လွင့်မျောခဲ့ချေပြီ။ အကယ်၍ ဤကဲ့သို့သော ဆက်လက်ခရီးသွားနေမည်ဆိုက မကြာလင့်ပြီဖြစ်သော ဆယ်စုနှစ်အနည်းငယ်အတွင်းတွင် ရခိုင်ဆိုသော ဝေါဟာရသည် ဒဏ္ဍာရီ စကား သဖွယ်သာ ကျန်ရစ်ခဲ့ရရှာမည် မလွဲပေ။
လူမျိုးတစ်မျိုး၏ ချီတက်ရမည်ဖြစ်သော ရည်ရွယ်ချက် မှန်မှန်ကန်ကန်ချမှတ်နိုင်ရေးအတွက် နောက်ခံ ရာဇ၀င်နှင့် လက်ရှိအခြေအနေကို ရေရေလည်လည် နားလည်သဘောပေါက်ရန် အရေးကြီးပေသည်။
လွန်ခဲ့သော ရာစုနှစ်အနည်းငယ်၏ ဟိုမှာဘက်တွင် ရခိုင်သည် သီးခြားလွတ်လပ်သော လူမျိုးတစ်ရပ် အနေနှင့် တည်ရှိခဲ့ကြောင်းကို ရာဇ၀င်သမိုင်းသည် အမှန်အတိုင်း ဟစ်ကြွေးကြော်လျက် ရှိပေသည်။ ဤကြွေးကြော်ချက်ကို အဖြာဖြာသော ရခိုင်ရှေးဟောင်း လက်ရာအနုပညာများက ဟုတ်မှန်ကြောင်း ၀န်ခံသက်သေပြလျက် ရှိပေသည်။
သို့သော် ၁၇၈၅ ခုနှစ်တွင်ကကား ရခိုင်အမျိုးသားလွတ်လပ်ရေးသည် တိုင်းခြားလက်အောက်တွင် သက်ရောက် အရှုံးပေးခဲ့ရပေသည်။ ဤကဲ့သို့ လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည်မှာ ပြည်တွင်းပြဿနာ သက်သက်မျှသာဖြစ်သော နန်းတွင်းမကျေနပ်မှုကို အိမ်နီးချင်းဗမာလူမျိုးအား ဖြေရှင်းပေးရန် ဖိတ်ခေါ်ပင့်ဆောင်ခဲ့သောကြောင့်ပင် ဖြစ်ချေသည်။ ရခိုင်ပြည်အား သိမ်းပိုက်ရန် အခွင့်ကို သာ စောင့်မျှော်နေသော ဘိုးတော်မောင်ဝိုင်း၏ ကလိမ်ဥာဏ်ကို သတိမမူသောကြောင့် ရခိုင် အမျိုးသားလွတ်လပ်ရေး မတော်တရား ဆုံးပါးခဲ့ရချေသည်။
လူမျိုးခြား၏ ညှင်းဆဲနှိပ်စက်သော လက်အောက်တွင် မနေလိုကြသည့် မျိုးချစ်သူရဲကောင်းတို့သည် အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်ကြသည်ကား မှန်ပေ၏။ "သို့သော် မညီညွတ် ဘဲနှင့် စွန့်စားသည်" ဆိုသကဲ့သို့ စည်းလုံးညီညွတ်ရေးကို မတည်ဆောက်ဘဲ တော်လှန်တိုက်ပွဲဝင်ကြသော ဗိုလ်ချင်းပျံတို့ ကြိုးပမ်းချက်သည် အချည်းအနှီးဖြစ်ခဲ့ရပေသည်။
ဤသို့ ဗမာအုပ်ချုပ်ရေးကို ရခိုင်အမျိုးသားများ တော်လှန်နေကြသည့် အချိန်တွင် အင်္ဂလိပ်-ဗမာ ပထမ စစ်ပွဲ ဖြစ်ပွားလာခဲ့သည်။ ဤသည်အခါတွင် ရခိုင်တို့၏ ချိုးနှိမ်မရပြီဖြစ်သော မျိုးချစ်စိတ်ဓါတ်နှင့် တက်ကြွ ရဲရင့်သော စွမ်းအားကို နယ်ချဲ့အင်္ဂလိပ်သည် မိမိတို့၏ နယ်ပယ်ချဲ့ထွင်ရေးအတွက် လိမ္မာပါးနပ်စွာနှင့် အသုံးချခဲ့ကြသည်။ အချက်ဆယ်ချက်ပါဝင်သော စာချုပ်နှင့် ရခိုင်လွတ်လပ်ရေးကို ပြရုပ်ပြကာ ရခိုင် အမျိုးသားတို့အား လှည့်စားချုပ်ဆိုခဲ့ကြသည်။ ရခိုင်တို့သည် သွေးကိုရင်းနှီးကာ ဗမာ့အုပ်ချုပ်ရေးကို အသက်ပေးတော်လှန်ခဲ့ကြသော်လည်း မြတ်နိုးသော လွတ်လပ်ရေးကိုကား မရရှိခဲ့ကြပေ။ အင်္ဂလိပ် နယ်ချဲ့ကြီး လက်အောက်သို့သာ ကျွန်သဘောက်အဖြစ်နှင့် ထပ်မံကျဆင်းရပြန်သည်။ ကျွန်ဆက်ပြောင်း ခဲ့ရချေသည်။ အမှန်မူ တော်လှန်ရေးခေါင်းဆောင်တို့သည် အရှေ့တလွှားတွင် နယ်ချဲ့လာကြသော အင်္ဂလိပ်၏ ကလိမ်ဥာဏ်ကို တင်ကြိုမမြင်နိုင်စွမ်းခဲ့ကြချေ။ နှောင်ကြိုးမလွတ်ကင်းသော နိုင်ငံခြား အကူအညီကို ယူမိခြင်းများမှာ ရခိုင်လူမျိုး၏ ဒုတိယမဟာအမှားတော်ပုံပင် ဖြစ်ချေသည်။ နယ်ချဲ့တစ်ဦး၏ လက်မှ လွတ်မြောက်လိုသည့်အတွက် အခြားနယ်ချဲ့နိုင်ငံ၏ အကျိုးကို ပြလိုက်သကဲ့သို့ပင် ဖြစ်တော့သည်။
ရခိုင်ပြည် အင်္ဂလိပ်လက်အောက်သို့ ကျရောက်သောအချိန်နှင့် ကျရောက်ပြီးသောအချိန်သည်ကား ဗမာ နယ်ချဲ့ဝါဒ ထိပ်ဆုံးသို့ရောက်နေသော ကာလပင်ဖြစ်ချေသည်။ ၎င်းအချိန်တွင် ဗမာသည် မွန်၊ ရခိုင်၊ ကချင်၊ ရှမ်း အစရှိသည်တို့အပြင် အာသံ၊ မဏိပူရ၊ ယိုးဒယား၊ ဇင်းမယ်၊ အစရှိသည့် အနီးအနား နိုင်ငံငယ်တို့ကို ကျူးကျော်သိမ်းပိုက်ကာ၊ ဗမာ့အင်ပါယာကို ထူလွှင့်နေချေသည်။ တချိန်တည်းမှာပင် အင်္ဂလိပ်တို့သည် အနောက်ဥရောပမှနေပြီး ကမ္ဘာနှင့်ချီကာ နယ်ပယ်ချဲ့ထွင်လာခဲ့သည်။ နယ်ချဲ့နိုင်ငံဖြစ်သော အင်္ဂလိပ်နှင့် ဗမာသည် နယ်စပ်ချင်းထိတွေ့ ထူစပ်လာခဲ့သောအခါတွင် သဘာဝအလျောက် အငြင်းပွားရန်ဖြစ်ခဲ့ကြ သည်။ နောက်ဆုံးတွင် ပိုမိုအားကောင်းသော အင်္ဂလိပ်သည် ဗမာ့အင်ပါယာတစ်ခုလုံးကို အလွယ်တကူနှင့် အနိုင်ယူသိမ်းပိုက်နိုက်ခဲ့ပေသည်။
နယ်ချဲ့အင်္ဂလိပ်၏ လက်အောက်တွင်ကား ဗမာ၊ ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်၊ ကယားတို့သည် အဆင့်အတန်း အားဖြင့် ကွဲပြား၊ ခြားနားခြင်းမရှိချေ။ အားလုံးသည် အင်္ဂလိပ်၏ကျွန်ဘ၀တွင် ရပ်တည်၍ အားလုံးကပင် အင်္ဂလိပ်နယ်ချဲ့ဝါဒကို ရန်သူအဖြစ် သတ်မှတ်ခဲ့ကြသည်။
သို့ကြောင့်လည်း ရခိုင်ဇာနည် ဦးဥတ္တမ၏ နိုးကြားတက်ကြွသော ရှေ့ဆောင်လမ်းပြမှုအောက်တွင် လွတ်မြောက်လိုသောစိတ်ဓါတ်သည် တဖွားဖွားရင့်သန်လာကာ လူမျိုးစုသွေးစည်းညီညွတ်ရေးကို အရတည်ဆောက်ခဲ့ကြသည်။ ပင်လုံညီလာခံကို ကျင်းပကာ လူမျိုးစု သဘောတူညီချက်များ ကို ရေးဆွဲပြီး ပြည်ထောင်စုစိတ်ဓါတ်ကို မြှင့်တင်ခဲ့ကြသည်။
အုံကြွနိုးကြားသော လူမျိုးစုအားလုံးသည် တစ်ခုတည်းသော ရန်သူဖြစ်သည့် အင်္ဂလိပ်နယ်ချဲ့အား တော် လှန်ရန် စိုင်းပြင်းကြလေပြီ။ အရှေ့အာရှ ညီညွတ်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးရမည် ဆိုသော ကြွေးကြော်သံသည် ကျယ်ပြန့်လာခဲ့သည်။ အရှေ့တခွင်မှ အင်အားကြီးမားလာသော ဂျပန်ကို မဟာမိတ်ဖွဲ့ကာ အင်္ဂလိပ်ကို တော်လှန်ခဲ့ကြသည်။
ဤသည်တွင် တဖန် ရခိုင်-ဗမာနှင့်တကွ လူမျိုးစုအားလုံးသည် လိမ်လည်ခြင်း ခံရပြန်သည်။ ဂျပန်သည် လွတ်လပ်ရေး၏ ကယ်တင်ရှင် မဟုတ်ချေ။ နယ်ချဲ့ဟောင်းတို့၏လက်မှ နယ်ပယ်လုနေသော နယ်ချဲ့ အင်အားသစ်သာ ဖြစ်လေသည်။ သို့ကြောင့်လည်း ပြည်ထောင်စုကို အတုအယောင်ဆောင် ရွှေရည်စိမ် လွတ်လပ်ရေးကို ပေးအပ်ကာ ဖက်ဆစ်စနစ်ဖြင့် အုပ်ချုပ်ကြပြန်သည်။
သို့ကြောင့် လွတ်လပ်ရေးအတွက် သွေးမြောက်နေကြသော လူမျိုးစုများသည် ခေါင်းငုံ့ခံမနေကြတော့ချေ။
ကမ္ဘာ့နိုင်ငံရေးအခြေအနေသည်လည်း တိုင်းပြည်တစ်ပြည်က အခြားတိုင်းပြည်တစ်ပြည်အား မတရား သဖြင့် အုပ်ချုပ်မှုကို ခွင့်မပြုတော့ချေ။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် ကိုလိုနီစနစ်သည် အသက်ငင်လျက် ရှိချေပြီ။ လွတ်မြောက်ရေးကို မြတ်နိုးသော လူသားတို့သည် ဖက်ဆစ်စနစ်ကိုလည်း မကြောက်၊ ချော့မြှူခြင်း တွင်လည်း မပျော့ညံ့တော့ချေ။ အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သော သူတို့၏ တရားသော တိုက်ပွဲသည် အောင်မြင်ရမည်သာ ဖြစ်ချေသည်။
သို့ကြောင့်လည်း ဖက်ဆစ်စနစ်ကို ဗြိတိသျှနယ်ချဲ့နှင့် ပူးပေါင်းတိုက်ထုတ်ကာ တက်ကြွသော နိုင်ငံရေးနိုး ကြားမှုနှင့် ကမ္ဘာ့အခြေအနေ ခွင့်ပြုချက်အရ ဗြိတိသျှတို့အား တဖန်တွန်းလှန်နိုင်ခဲ့ကြသည်။
၁၉၄၈-ခု ဇန်န၀ါရီလတွင် ရခိုင်လူမျိုးတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ်နှင့် လွတ်လပ်ရေးရသည်ဟု အသိအမှတ်ပြုခံရလေပြီ။
ယနေ့တွင်ကား ရခိုင်သည် ပြည်ထောင်စုအဖွဲ့ဝင်နိုင်ငံဟု ကြွေးကြော်နေချေပြီ။ ဤစခန်းသည် ရခိုင်တို့၏ ခရီးလမ်းအစလော၊ လမ်းခုလတ်လော၊ လမ်းဆုံးလောဆိုသော အချက်ကို လေ့လာရန်လိုသည်။
ဤသည် ပြဿနာကို သဘောပေါက်ရန် "ပြည်ထောင်စုစနစ်ကို တကယ်တမ်း နားလည်ရန်၊ ရခိုင်ပြည်၏ လက်ရှိအခြေအနေနှင့် ယှဉ်တွဲသုံးသပ်ရန် အရေးကြီးပေသည်။
ပြည်ထောင်စုဟူသည် တစ်ဦးချင်းအနေဖြင့် ရပ်တည်ခြင်းငှာ မစွမ်းနိုင်သော (၀ါ) သီးခြားတစ်ဦးချင်းစီ ရပ်မနေလိုကြသော နိုင်ငံငယ်များက တစ်ပြည်ထောင်တည်းစနစ်ကိုလည်း မနှစ်မြို့သောကြောင့် "လွတ်လပ်မှု၊ ညီညွတ်မှု၊ တရားမျှတမှု"တည်းဟူသော အခြေခံ သုံးချက်အပေါ်မူတည်ကာ မိမိတို့သဘောဆန္ဒအလျောက် ပူးပေါင်းဖွဲ့စည်းထားသော အစုဝေး ပြည်ထောင်ဖြစ်ပေသည်။
"မိမိတို့ ဆန္ဒအလျောက် ပူးပေါင်းခြင်း"ဆိုသော စကားအရ ပြည်ထောင်စုအဖွဲ့ဝင်နိုင်ငံများသည် ပြည်ထောင် စုမှ ခွဲထွက်ပိုင်ခွင့်၊ ပူးပေါင်းပိုင်ခွင့် ရှိပေသည်။ ပြည်ထောင်စုနိုင်ငံသည် လက်နက်နှင့် ကျားကန် တည်ဆောက်ထားသော နိုင်ငံမျိုးမဟုတ်ဘဲ "ဆန္ဒ"နှင့် တည်ဆောက်ထားသော နိုင်ငံဖြစ်ပေသည်။ အခြေခံအချက်များဖြစ်သော "လွတ်လပ်မှု၊ ညီညွတ်မှု၊ တရားမျှတမှု" ပျက်သုဉ်းလျှင် ပြည်ထောင်စုမှ ခွဲထွက်ပိုင်ခွင့် ရှိပေသည်။
"လွတ်လပ်မှု"ဆိုသော အပိုင်းတွင် ပြည်ထောင်စုအဖွဲ့၏ လူမျိုးများ ပြည်များ၌ မိမိကိုယ်ပိုင် သီးခြားသော လွတ်လပ်မှုသည် တည်တံ့ရပေမည်။ ပြည်နယ်များ (၀ါ) ပြည်ထောင်စုအဖွဲ့နှင့် နိုင်ငံများအားလုံး သဘော တူ ပြည်ထောင်စုအစိုးရသို့ အပ်နှင်းထားသော အခွင့်အာဏာမှအပ၊ ကျန်အာဏာများသည် ပြည်နယ် များနှင့်သာ သက်ဆိုင်ရပေမည်။ ပြည်နယ်တစ်ပြည်၏ အတွင်းရေး (ဥပမာ- ပြည်နယ်အစိုးရ ရွေး ချယ်ခြင်း၊ ပြည်နယ်ဥက္ကဋ္ဌ တင်မြှောက်ခြင်း) တို့တွင် တခြားလူမျိုးစု တစ်ရပ်က ၀င်ရောက်ချယ်လှယ်ခြင်း မပြုရပေ။ ပြည်နယ်တစ်ပြည်နယ် (၀ါ) လူမျိုးစုတစ်ရပ်သည် အခြားလူမျိုးစုတစ်ရပ်၏ သြဇာခံ၊ လက်အောက်ခံ မဖြစ်ရချေ။ ပြည်နယ်အဖွဲ့ဝင် လူမျိုးစုအားလုံးသည် မိမိပြည်နယ်နှင့် မိမိ လွတ်လပ်ရေး ရရှိပြီး ဖြစ်ရမည်ပင် ဖြစ်လေသည်။ (The States are co-equally Supreme within their own Sphere; in no Sense are they Subardinate Co-operations. P-2. Federal Governments)
"တရားမျှတမှု"ဆိုသော အပိုင်းတွင် ပြည်ထောင်စုအဖွဲ့ဝင် လူမျိုးစုအားလုံးသည် တူညီသော အခွင့်အရေး ကို ခံစားရမည် ဖြစ်ပေသည်။ ပြည်နယ်ကြီးသည်ဖြစ်စေ၊ ပြည်နယ်ငယ်သည်ဖြစ်စေ လူမျိုးစုလွှတ်တော် (Second Chamber) (လူမျိုးစုလွှတ်တော်သည် ပြည်ထောင်စုနိုင်ငံတွင် ပိုမိုအရေးကြီးသည်) သို့ တူညီသော ကိုယ်စားလှယ်အမတ်ကို လွှတ်ရပေမည်။ (And among independent soverign states, bound together by a simple league, the parties, however unequal in size, ought to have an equal share in the council (Second Chamber) P-117 on the constitution)
ပြည်ထောင်စုအစိုးရကို ဖွဲ့စည်းသည့်နေရာတွင်လည်း တစ်ပြည်ထောင်တည်းနိုင်ငံ (Uniterary State) မှာကဲ့သို့ ပြည်သူ့ကိုယ်စားလှယ်များ သက်သက်ပေါ်တွင် မူမတည်ဘဲ လူမျိုးစုနှင့် ပြည်သူ့ ကိုယ်စားလှယ်အမတ်များအပေါ် ပူးပေါင်းသဘောတူညီချက်အရသာ ဖွဲ့စည်းရမည်ဖြစ်ပေသည်။
ပြီးလျှင် ပြည်ထောင်စုနိုင်ငံတွင် လူမျိုးစုတစ်ရပ်က သြဇာအာဏာလွှမ်းမိုးခြင်း မရှိရချေ။ လူမျိုးစုအားလုံး သည် တူညီသော ပြည်နယ်များအဖြစ်သာ ရပ်တည်သင့်ပေသည်။ ကိုလိုနီ(၀ါ) အင်ပိုင်ယာနိုင်ငံတွင် သာ ပြည်မနိုင်ငံ (အမိနိုင်ငံ)နှင့် အင်ပိုင်ယာပြည်နယ် နယ်ပယ်ဟူ၍ ခွဲခြားရှိသည်။ ပြည်ထောင်စုနိုင်ငံတွင် လူမျိုးစုတစ်ရပ်က ပြည်မဟုခံယူပြီး တခြားလူမျိုးစုများကို ပြည်နယ်များအဖြစ် သတ်မှတ်ထားလျှင် ၎င်းနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဘ၀မှ ကိုလိုနီ အင်ပိုင်ယာနိုင်ငံဘ၀သို့ လျောဆင်းခဲ့လေပြီ။ ၁၉၁၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ၀ီးမားရီးပါးဘလစ်(Weimer Republic)ကို (Germen Empire)ဟုသာ ကင်းပွန်းတပ် အသိအမှတ်ပြုခဲ့ကြသည်။ အကြောင်းမူ ၎င်းနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဟုပင် ခံယူသော်လည်း (Prussia)နိုင်ငံကသာ သြဇာအာဏာ အားလုံးကို လွှမ်းမိုးသိမ်းယူထားသည်။ တခြား အဖွဲ့ဝင်နိုင်ငံတို့ မှာ ပြရုပ်သဘောသာ ရှိသည်။ သို့ကြောင့်လည်း (The old German Empire was neither truely federal nor truely democratic, for in no truely federal system, do you find the predominence of on state)ဟု စာမျက်နှာ ၁၁၉ Modern Constitution တွင် ရေးသားထားပေသည်။
သို့ဖြစ်ရာ လွတ်လပ်ရေး၊ တရားမျှတရေး၊ ညီညွတ်ရေးဆိုသော အချက်သုံးချက်သည် ပြည်ထောင်စု၏ အနှစ်သာရပင် ဖြစ်ချေသည်။ ဤအချက်သုံးချက် ကွယ်ပျောက်မည်ဆိုက ပြည်ထောင်စုသည် ပြည်ထောင် စုနိုင်ငံမဟုတ်ချေ။
ဤသို့ ပြည်ထောင်စုနိုင်ငံ၏ အခြေခံသဘောတရားကို နားလည်ပြီးနောက် ယနေ့ ရခိုင်ပြည်အပါအ၀င် ဖွဲ့စည်းထားသော နိုင်ငံကို ချိန်ထိုးကြည့်သင့်ပေသည်။
မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံ၏အမည်ကိုပင် ဆောင်ယူထားသော်လည်း စစ်မှန်သော ပြည်ထောင် စုနိုင်ငံကား မဟုတ်ပေ။
လွတ်လပ်မှုဆိုသော တရားနှင့် ဖီလာဆန့်ကျင်ကာ ရခိုင်လူမျိုးစုနှင့် မွန်လူမျိုးစုတို့သည် ပြည်နယ်အဆင့် တွင်မှ မရပ်တည်ကြပေ။ ယနေ့ ချင်းသည်လည်း ၀ိသေသတိုင်း၏ သြဇာအာဏာနည်းပါးမှုကို တင်ပြတောင်းဆိုနေကြသည်။ ဖဆပလ နှစ်ခြမ်းကွဲပြီးနောက် သန့်ရှင်းအစိုးရဖွဲ့သောအခါ ကချင်ပြည်နယ် သူ/သားတို့၏ ဆန္ဒနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ကာ ဦးနုသည် မိမိသဘောနှင့် ကချင်ပြည်နယ် ဥက္ကဋ္ဌ ကို ရွေးခဲ့သည်။ ဤသို့ရွေးမြှောက်နိုင်အောင်လည်း အခြေခံဥပဒေက ခွင့်ပြုထားပေသည်။ တခြားသော ပြည်နယ်တို့ကလည်း မိမိတို့တွင် ရသင့်သောအခွင့်အရေးများ မပြည့်စုံကြောင်း ဟစ်ကြွေးနေ ကြသည်။
တရားမျှတမှုကား ဤပြည်တွင် မရှိချေ။ ဗမာလူမျိုးစုသည် လူမျိုးကြီးဟုဆိုကာ ပြည်ထောင်စုအစိုးရ (Federal Authority) အားလုံးကို သိမ်းယူထားပေသည်။ အမှန်က ဗမာလူမျိုးစုသည် ပြည်ထောင်စု အစိုးရဆိုသောစကားကို ပြည်မအစိုးရ (Central Burma Government) နှင့် ရောထွေးရှက်ထင် ပြုထားသည်။ အမှန် လူမျိုးစုတစ်ရပ်၏ အစိုးရနှင့် ပြည်ထောင်စုအစိုးရသည် တိကျပြတ်သားစွာ ကတ္တားခြားထားရ မည်ဖြစ်ပေသည်။
လူမျိုးစုလွှတ်တော်တွင်မူ လူမျိုးစုတစ်ရပ်စီမှ တူညီသော ကိုယ်စားလှယ်ဦးရေ လွှတ်ခြင်းမရှိသည် မှာ တွေးတောစရာဖြစ်နေသည်။
သို့ဖြစ်ရာ ယနေ့ပြည်ထောင်စုသည် မည်သည့်နည်းနှင့်မျှ စစ်မှန်သော ပြည်ထောင်စု မဖြစ်နိုင်ပေ။
သို့ဖြစ်ရာ ပြည်ထောင်စု မစစ်မှန်သေးပါဟုဆိုလျှင် ရခိုင်အမျိုးသားတို့၏ လွတ်မြောက်ရေးသည်လည်း မည်သည့်နည်းနှင့်မျှ မစစ်မှန်နိုင်ပေ။
ရာစုနှစ် နှစ်ခုတိုင်တိုင် သွေးကို ရင်းနှီးကာ တော်လှန်တောင်းဆိုလာကြသော လွတ်လပ်ရေးကို ရခိုင် အမျိုးသားတို့ မပိုင်ဆိုင်သေးဟုဆိုလျှင် စစ်မှန်သော လွတ်လပ်ရေးရရှိအောင်ထိ ချီတက်ကြရန်မှာ တာဝန်ပင် ဖြစ်ချေသည်။ သို့ဖြစ်ရာ ရခိုင်အမျိုးသားလွတ်မြောက်ရေးသည် ရခိုင်အမျိုးသားတို့ ချီတက်ရမည့် ပန်းတိုင်ပင်ဖြစ်ချေသည်။
သို့သော် ယနေ့သည် တိုင်းငယ်၊ ပြည်ငယ်ကလေးများက ပြည်ထောင်စုများကို အရေးတယူ ဖွဲ့စည်းနေကြသော "ပြည်ထောင်စုခေတ်" ဖြစ်ပေသည်။
"စစ်မှန်သော ပြည်ထောင်စု"များသည် အဖွဲ့ဝင် ပြည်ငယ်များ၏ လွတ်လပ်ရေးနှင့် တိုးတက်ရေးကို ထိန်းသိမ်းမြှင့်တင်ပေးနေသော ကာလဖြစ်ပေသည်။ နိုင်ငံကြီးများသည် တိုင်းငယ်ပြည်ငယ်များကို ၀ါးမျိုရန် ကြံရွယ်နေကြသည်ကို တိုင်းပြည်ငယ်ကလေးများက စုပေါင်းစနစ်ဖြင့် ကာကွယ်နေကြသော ကာလဖြစ်သည်။
ကချင်၊ ကရင်၊ မွန်၊ ရှမ်း၊ ရခိုင်၊ ဗမာစသော လူမျိုးငယ်များသည် တသီးတခြားစီ ရပ်တည်ခြင်းထက် ၊ ပြည်ထောင်စုအဖြစ်နှင့် ရပ်တည်ခြင်းက ပိုမိုသင့်တော်ပေမည်။
သို့ကြောင့် အမျိုးသားလွတ်မြောက်ရေး စစ်မှန်မှုရှိသော ပြည်ထောင်စုသစ်တစ်ရပ်ကို ဖွဲ့စည်းရန် လုံးပမ်း ကြိုးစားကြရမည်မှာ ကျွန်ုပ်တို့၏ တာဝန်ပင်။ စစ်မှန်သော ပြည်ထောင်စု ပြည်လည် ဖွဲ့စည်းရေးသည် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ပင်။ ချီလှမ်းရမည့်အစား တစ်ပြည်ထောင်တည်းနိုင်ငံ အဖြစ်သို့သာ သွားနေမည် ဆိုက ပြည်ထောင်စုကြီးကို ဖြိုခွဲဖျက်ဆီးပစ်သည်နှင့် တူညီပေသည်။
လွတ်လပ်ရေးကို မြတ်နိုးသော ရခိုင်အမျိုးသားတို့သည် တခြားလူမျိုးစုတို့နှင့် လက်တွဲကာ ခေတ်နှင့်လျော် ညီပြီး အမြင်ကျယ်သော ရည်ရွယ်ချက် ဖြစ်သည်။ "စစ်မှန်သော ပြည်ထောင်စု"သို့ ချီတက်ကြရန် ပြင်ဆင် ညီညွတ် ကြသင့်ပေပြီ။
စောမောင်မောင်
၁၉၆၂ ခုနှစ်ထုတ် ရခိုင်တန်ဆောင်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော စာရေးသူ စစ်တွေစောနောင်၏ (စောမောင်မောင်)အမည်ဖြင့် ရေးသားခဲ့သော စာတမ်းဖြစ်ပါသည်တိုးတက်ရေးသတင်းလွှာ အတွဲ(၃)၊ အမှတ်(၁)တွင် ပြည်လည်ဖော်ထုတ် တင်ပြထားပါသည်။
No comments:
Post a Comment