မေဃ၀တီပုံရိပ် - ခိုင်လင်း(မေဃ၀တီ)

ရခိုင့်သမုဒ္ဒရာထဲမှာ
ငါ့ကျွန်းလေးဟာ ပေါလောမျောလို့
ရာစုသစ်သို့ ချည်းနင်းဝင်ရောက်ခဲ့ပေမယ့်
ရထားကြိတ်ခံထားရတဲ့
ဇလီဖာတုံးလို
မေဃ၀တီဟာ
ရင်နာနာနဲ့
အနာဂတ်ကို ရင်ဆိုင်ကြစို့ဆိုပြီး
တိုက်ပွဲဝင်တေးသံကို သီကုံးနေလေရဲ့။

ပေါလောမျောနေတဲ့ ဟိုအဝေးက ငါ့ကျွန်းလေး
ကြာပွတ်ရိုက်ခံထားရသလိုပ
ဒုန်းစိုင်း၍ နာကျင်နေရ
ရိုးမရဲ့ ပင်လယ်ပြာထဲက
မေဃ၀တီကို
ရော်ရည်မှန်းဆ
လွမ်းရတဲ့အလွမ်း
အသဲကျွမ်းတော့မလားဘဲ
ငါးမျှားဖက် သူငယ်ချင်းတွေ
နွားကျောင်းဖက် သူငယ်ချင်းတွေ
ငှက်ပစ်ဖက် သူငယ်ချင်းတွေ
ကျောင်းပြေးဖက် သူငယ်ချင်းတွေ
ဆိုးဖော်ဆိုးဖက် ခိုးဖော်ခိုးဖက်
သူငယ်ချင်းတွေ
... တွေ
... တွေ
ငါလွမ်းရ
နာကျင်ရ
မျက်ရည်တစ ကြွေကျ
မေဃ၀တီအလွမ်းည။

"ပန်းကုံး"၀ိသေသပုဒ်တွေနဲ့
ကျမ်းအဆူဆူပြုစုခဲ့တဲ့
ဆရာတော် ကုမာရရယ်
ရခိုင်ပြည်ဖွဲ့စည်းအုပ်ချုပ်ပုံရေးဆွဲတဲ့
ဆပ်ကော်မတီ(၁၂)ဦးထဲက
နိုင်ငံရေးသမားကြီး ဦးဘအေးရယ်
ပြီးတော့ စာရေးဆရာ မာန်အောင်ပီယ
မောင်ပေါ်ထွန်း
ထွဋ်ခေါင်
အဝေးရောက်သံတမန်တစ်ဦး
အဲဒီ သယံဇာတတွေဟာ
မေဃ၀တီက ထွက်ခဲ့တာဖြစ်တယ်။

ငါ့ကျွန်းလေးဟာ
နာမည်ခုနစ်ခုနှင့် ထင်ရှားတယ်
နဂါးကျွန်း
မိန်းမလှကျွန်း
ရေပေါ်ကျွန်း
နတ်ကျွန်း
မာန်အောင်ကျွန်း
မေဃ၀တီ တဲ့
ကိုရွှေအင်္ဂလိပ်တွေကတော့
CHEDUBA
လို့ နားလည်ထားကြတယ်။

လှိုင်းပုတ်သံတွေ
ကြက်ခွပ်သံတွေ
ဓါးခုတ်သံတွေ
လှေတော်သံတွေ
တောင်နီဘုရားပွဲအသံတွေ
ဘုန်းကြီးပျံပွဲက
ကျားအင်ပွဲသံ
ဒုံးသံ
လောင်တိုက် တလားပေါက်ကွဲသံတွေ
ပွက်လောညံခဲ့ပေမယ့်
ငါ့ကျွန်းလေးမှာ
စစ်ဖိနပ်သံမရှိ
ဘင်္ဂလီမရှိ
ပကတိငြိမ်သက်နေတယ်
ငါ့ကျွန်းလေးမှာ
ဘင်္ဂလီသံတွေ မရှိခဲ့ပေမယ့်
စစ်ဖိနပ်သံ သေနတ်သံတွေလွှမ်းလို့
တောင်နီရှင်မ စိတ်တော်ညစ်ပြီတဲ့။

စက်မှုတော်လှန်ရေး
ယဉ်ကျေးမှုတော်လှန်ရေး
အင်တာနက်
နည်းပညာ
မီဒီယာ
အင်တာနျူး(စ်)
နှစ်ဆယ်ရာစု
နှစ်ဆယ့်တစ်ရာစု
ဂလိုဘယ်လိုက်ဇေးရှင်း
ဘာညာ သာရကာ
အော်... ဘာဆိုဘာမှ မသိလိုက်ရ
မေဃ၀တီဆိုတဲ့ ငါ့ကျွန်းလေး
ဝေး.. ဝေး.. ဝေး.. ဝေး
ရာစုပေါင်းများစွာ ဝေးခဲ့ပါပကောလား
ကျား.. ကျား.. ကျား..
ငါ့ကဗျာတွေ သိုင်းကစား
ရှင်မကတော့
ဓါးသွေးကာ
သားမွေးဖို့ ကြိုးစားနေလေရဲ့။

အို...
နှင်းရိုင်းတွေ ကြွေကျသက်ဆင်းပေမယ့်
နေမင်းလာသောက်ရင်
နှင်းရိုင်းတွေပျောက်ရှ
မေဃ၀တီ ည
လှပ
ကြွရွ
သဘာဝတရားနှင့် မွေ့လျော်
(၂၁)ရာစုကို အန်တုမယ်။    ။

ခိုင်လင်း(မေဃ၀တီ)
၉၊ ၇၊ ၂၀၀၂

1 comment: