လူမျိုးနဲ့စာပေ ပျောက်ဆုံးခြင်းနိဒါန်း - ခိုင်လင်း(မေဃ၀တီ)

ကိုယ့်အမျိုးသား ယဉ်ကျေးမှုတွေနေရာမှာ အခြား ယဉ်ကျေးမှုတွေက လွှမ်းမိုးအားကြီးမားလာတာနဲ့အမျှ ကိုယ်ပိုင် ယဉ်ကျေးမှုတွေ တစတစ ပျောက်ဆုံးသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့် မိမိရဲ့အမျိုးသား ယဉ်ကျေးမှုတွေကို အမျိုးသားရေးအသိစိတ်ဓါတ်နဲ့ ထိန်းသိမ်းကာကွယ်တတ်ကြပါတယ်။
ထို့အတူ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေရှိနေခြင်းဟာ ပဉ္စလက်ဆန်တဲ့ အလှတရားတွေအဖြစ် တန်ဖိုးထား တဲ့ လူတွေကလည်း ကိုယ့်အမျိုးသားယဉ်ကျေးမှု မဟုတ်ပေမယ့် ယဉ်ကျေးမှုတစ်ခုကို နောက်ယဉ်ကျေးမှု တစ်ခုက လွှမ်းမိုးသွားပြီး ပျောက်ကွယ်သွားမှာကို စိုးရိမ်တတ်ကြပါတယ်။ ဒီအထဲမှာ ပစ္စုပ္ပန်မှာ ရှင်သန်နေ တဲ့ ယဉ်ကျေးမှုတွေနဲ့အတူ အတိတ်က ရှေးဟောင်းယဉ်ကျေးမှုတွေလည်း ပါပါတယ်။ အဲဒီစိုးရိမ်စိတ်တွေနဲ့ အတူ ထိန်းသိမ်းကာကွယ်ခြင်းအပြင် တိုက်ခိုက်ဖျက်ဆီးလာမှုတွေကိုလည်း ကျွဲကူးရေပါဆိုသလို ဆန့်ကျင် ကြပါတယ်။ တခါတလေမှာလည်း မိမိယဉ်ကျေးမှုကို မိမိကိုယ်တိုင် ဖျက်ဆီးသလို ဖြစ်တတ်ပါတယ်။ လေး နက်စွာ စဉ်းစားမှုမရှိခြင်း ၊ ဆင်ခြင်တုံတရား နည်းပါးခြင်း စတဲ့အကြောင်းအရာတွေကြောင့် မိမိယဉ်ကျေးမှု ကို မိမိကိုယ်တိုင် ဖျက်ဆီးမိပြီးသား ဖြစ်တတ်ပါတယ်။ အဲဒီ ကောက်ကြောင်းလေးကို လွန်ခဲ့ တဲ့ လေးနှစ် ကျော်လောက်ကပင် ဆွဲကြည့်ဖို့ ကြိုးစားပေမယ့် မိတ်ဆွေအချို့ကို တိုက်ခိုက်သလို ဖြစ်နေ မှာ စိုးတာကြောင့် လက်ရှောင်ခဲ့ပါတယ်။ ဒါပေမယ့် တမျိုးသားလုံးနဲ့ ယှဉ်လာတဲ့အခါ ထမ်းဆောင်ရမယ့် တာဝန်တစ်ခုအဖြစ် ခံယူပြီး ရေးပါတယ်။

မိမိဇာတိမြေကို အကြောင်းအမျိုးမျိုးကြောင့် စွန့်ခွာခဲ့ရပြီးနောက်ပိုင်း နေရာသစ်တွေမှာ နေထိုင်ရင်း ယဉ်ကျေးမှအသစ်တွေ ကြုံတွေ့ရတဲ့အခါ နေရာသစ်နဲ့ သဟဇာတဖြစ်ဖို့ ၊ လိုက်လျောညီထွေဖြစ်ဖို့ အတွက် ယဉ်ကျေးမှုအသစ်တွေကို လက်ခံကျင့်သုံးရတာတွေ ရှိတတ်ပါတယ်။ မဖြစ်မနေ ကျင့်သုံးရမယ့် ယဉ်ကျေးမှု အသစ်ဟာ မိခင်ယဉ်ကျေးမှုကို ဘယ်အတိုင်းအတာထိ ဖျက်စီးပစ်သလဲဆိုတဲ့ အပေါ်မှာမူတည်ပြီး ယဉ်ကျေးမှုအသစ်ကို လက်ခံရတာဖြစ်ပါတယ်။ တဖက်မှာလည်း မိမိရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေဟာ အခြားသူတွေကို ထိခိုက်စေမယ်ဆိုရင် ရှောင်ကြဉ်ရတာတွေလည်း ရှိပါတယ်။ ဒါကတော့ လူမျိုးတမျိုးမှာ များပြားတဲ့ ယဉ်ကျေးမှုတွေရှိနေတာကြောင့် ယေဘုယျဆန်တဲ့ သုံးသပ်ခြင်းမျိုးသာ သုံးသပ်နိုင်ပါတယ်။

ရိုးသားစွာ ၀န်ခံရရင် ကျွန်တော်ဟာ မဟာရခိုင်တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့်လို့ အဲဒီ ခံယူချက်ကို ပတ်ဝန်းကျင်နဲ့ သဟဇာတ(လိုက်လျောညီထွေ)ဖြစ်အောင် နေထိုင်ရမယ်ဆိုတဲ့ အသိက ကျွန်တော့် ဘ၀ကို ပဲ့ကိုင်စေခဲ့ပါတယ်။ နေရာသစ်ရဲ့ ဥပဒေတွေ ၊ ယဉ်ကျေးမှုတွေကို တိုက်ခိုက်တာမျိုး၊ ကျူးလွန်တာမျိုး မဟုတ် ဘူးဆိုရင် တချို့  နေရာတွေမှာ မိမိယဉ်ကျေးမှုအပေါ်မှာ ပြတ်သားစွာ ရပ်တည်ခဲ့ပါတယ်။ အနောက်နိုင် ငံတွေထဲက အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့နေထိုင်ကြတဲ့ မြန်မာနိုင်ငံက ဗမာ၊ ကရင်၊ ချင်း၊ ကချင်၊ ရခိုင်စတဲ့ အမျိုးသားတွေက မွေးဖွားလာတဲ့ ကလေးငယ်တွေရဲ့ နာမည်တွေကို ဘယ်လိုပေးသလဲ ဆိုတာကို ၂၀၀၅ ခုနှစ်ကပင် ၂၀၁၃ နှစ်ထိ(၉)နှစ်တိုင်တိုင် အတတ်နိုင်ဆုံး ကြိုးစားမေးမြန်းခဲ့ပါတယ်။ တဆက်တည်း သက်ဆိုင်ရာ အဲဒီအမျိုးသားတွေရဲ့ သား/သမီးတွေဟာ မိခင်ဘာသာစကားကို ပြော/ မပြော ကိုလည်း လေ့လာခဲ့ပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ ကိုးဆယ့်ငါးရာခိုင်နှုန်းဟာ အမေရိကန်နာမည်တွေပဲဖြစ်ဖြစ်၊ မိမိအမျိုးသား နာမည်တ၀က် အမေရိကန်နာမည်တ၀က် ပုံစံမျိုးတွေပဲဖြစ်ဖြစ် ပေးထားတာကို တွေ့ရပါတယ်။ ထို့အတူ မိခင်ဘာသာစကား (ဗမာဆိုရင် ဗမာစကား၊ ကရင်ဆိုရင် ကရင်ဘာသာစကား၊ ရခိုင်ဆိုရင် ရခိုင် ဘာသာစကား) ပျောက်ဆုံးမှုဟာလည်း ကိုးဆယ်ရာခိုင်နှုန်းခန့် ရှိပါတယ်။ အဲဒီနှစ်ချက်ဟာ သက်ဆိုင်ရာ အမျိုးသားများရဲ့ ယဉ်ကျေးမှုကို မရည်ရွယ်သော်လည်း ကိုယ်တိုင် ဖျက်ဆီးသလို ဖြစ်စေတယ်ဆိုတာကို ကြိုးစားပြီး သက်သေပြပါ့မယ်။

ဆိုတော့ ရခိုင်မိဘနှစ်ပါးက မွေးဖွားလာတဲ့ သားသမီးတွေရဲ့ နာမည်ဟာ ရခိုင်နာမည်ဖြစ်မလာဘဲ အမေရိ ကန်နာမည်ဖြစ်သွားခြင်းတွေ၊ ကရင်မိဘနှစ်ပါးက မွေးဖွားလာတဲ့ သားသမီးတွေဟာ ကရင် နာမည်ဖြစ် မလာဘဲ အမေရိကန်နာမည်ဖြစ်သွားခြင်းတွေဟာ မိမိအမျိုးသားယဉ်ကျေးမှု အစိတ်အပိုင်းတစ်ခု ဆုံးရှုံး သွားခြင်းဖြစ်တယ်လို့ မြင်ပါတယ်။ နာမည်ပေးခြင်းယဉ်ကျေးမှုဟာ အမျိုးသားတိုင်း လိုလိုမှာ ရှိတတ်ကြ ပါတယ်။ စောဘဦး ၊ မန်းဝင်းမောင်ဆိုတာနဲ့ ကရင်အမျိုးသားမှန်း အလိုအလျောက် သိရှိနိုင်သလို စိုင်းထီး ဆိုင်၊ စိုင်းဘိုဘိုဆိုတာနဲ့ ရှမ်းအမျိုးသားမှန်း အလိုအလျောက် သိရှိကြပါတယ်။ ဗမာအမျိုးသားတွေနဲ့ နာ မည်ပေးတာ အလွန်နီးစပ်ပေမယ့် စံရွှေမောင်၊ကျော်ဇံသာ ဆိုတာနဲ့ ရခိုင်အမျိုးသားမှန်း တန်းသိနိုင်ပါတယ်။ ဒါဟာ အမျိုးသားရေးလက္ခဏာ( National Identity) တစ်ခုဖြစ်ပါတယ်။

အမေရိကန်မှာ မွေးတဲ့ဂျူးတွေရဲ့ နာမည်တွေ ၊ အမေရိကန်မှာ မွေးတဲ့ တရုတ်တွေရဲ့ နာမည်တွေဟာ သူတို့ အမျိုးသားနာမည်တွေကိုသာ ပေးတတ်ကြပါတယ်။ ဒါဟာ သူတို့ရဲ့နာမည်ပေးခြင်းယဉ်ကျေးမှုကို ထိမ်း သိမ်း ထားခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် မိမိအမျိုးသားများရဲ့  ယဉ်ကျေးမှုထုံးတမ်းစဉ်လာအရ နာမည်ပေးခြင်းဟာ သက်ဆိုင်ရာအမျိုးသားများရဲ့  အမျိုးသားရေးလက္ခဏာ တစ်ခုဖြစ်သလို ယဉ်ကျေးမှု သင်္ကေတတစ်ခုလည်း ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုကို ပြောင်းရေရွှေ့လာပြီးနောက် ကျွန်တော့် အမျိုးသမီးမှာ ကလေးနှစ်ယောက် ထပ်မွေးပါတယ်။ မွေးလာတဲ့ကလေးတွေကို အမေရိကန် ယဉ်ကျေး မှုတွေအတိုင်း ဖခင်ရဲ့ နောက်ဆုံးနာမည် ( Last Name)ကို မပေးတဲ့အခါ သူနာပြုတွေ ၊ ဆရာဝန်တွေရဲ့  သိလိုတဲ့မေးခွန်းတွေကို ဖြေရှင်းရပါတယ်။ သူတို့ယဉ်ကျေးမှုတွေနဲ့ မတူမှုအပေါ်မှာ တအံ့တသြ သိချင်တဲ့ ဆန္ဒကြောင့် မေးပေမယ့် ကျွန်တော့်ရင်သွေးကို ရခိုင်နာမည် မြတ်မင်းခိုင် ၊ ပိုးဝါခိုင်လို့ပေးထားခြင်းကိုတော့ လုံးဝ(လုံးဝ)မမေးခြင်းကို သတိထားမိပါတယ်။ အမေရိကန်တွေရဲ့  မတူညီတဲ့ ယဉ်ကျေးမှုတွေကို ကြည်ဖြူ စွာ လက်ခံထားခြင်းအပေါ်မှာ ရခိုင်မိဘနှစ်ပါးမှ မွေးဖွားလာတဲ့ ကျွန်တော့်သားသမီးတွေကို အမေရိကန် နာမည်ပေးပြီး မိမိအမျိုးသားရဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာကို ကျွန်တော် မရိုက်ချိုးရဲပါ။ အမေရိ ကန်ပြည်ထောင်စုရဲ့  ဖွဲ့စည်းပုံအရ ကျွန်တော့် သမီးဟာ သမ္မတအဖြစ် အရွေးခံပိုင်ခွင့် ရှိပါတယ်။ တကယ် လို့သာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဟာ ပိုးဝါခိုင်လို့ မီဒီယာမှာ ဖော်ပြလာတဲ့အခါ ရခိုင်အမျိုးသမီး တဦးဆိုတာကို အလိုအလျောက် ရခိုင်အမျိုး သားတွေသိရှိနိုင်ပါတယ်။ ဒါဟာ အမျိုးသားရေး လက္ခ ဏာကြောင့်ဆိုတာ ထင်ရှားပါတယ်။

လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ နာမည်ပေးခြင်းထက် ပိုလို့နက်ရှိုင်းပြီး ကြောက်စ ရာကောင်းတာက မိခင်ဘာသာစကား ပျောက်ဆုံးခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ လူမျိုးတူ မိဘနှစ်ပါး မှ မွေးဖွားလာတဲ့သားသမီးတွေဟာ မိဘနှစ်ပါးရဲ့ မိခင်ဘာသာစကားကို လုံးဝမပြောတော့ခြင်းနဲ့ ဆယ်ရာခိုင်နှုန်းလောက်သာ နားလည်နိုင်ခြင်း၊ ပြောဆိုနိုင်ခြင်းတွေရှိတာကို တွေ့ရပါတယ်။ အမေရိ ကန်ပြည်ထောင်စုမှာ မဟုတ်တဲ့ ရန်ကုန်လိုနေရာမျိုးကို ရွေ့ပြီးပြောရင်လည်း တကယ့်ရင်လေးစရာတွေ ကို တွေ့ရပါလိမ့်မယ်။ မိဘနှစ်ပါး ရခိုင်ဖြစ်ပါလျက် ရန်ကုန်မှာမွေးတဲ့ ရခိုင်တစ်ယောက်ဟာ ရခိုင် ဘာသာ စကားကို မပြောနိုင်ခြင်းမျိုးတွေရှိတာကို တော်တော်များများ ကြုံဖူးပါတယ်။ ဆိုတော့ ရခိုင်နဲ့ရန်ကုန် နီးနီးလေးတောင်မှ ရခိုင်စကားမပြောတတ်လျှင် မိုင်ပေါင်းထောင်ချီဝေးတဲ့ အမေရိကန်ပြည်ထောင်စု လိုနေရာမျိုးမှာ ရခိုင်ကလေးတွေ ဘယ်လို ရခိုင်စကားပြောတတ်တော့မှာလည်းဆိုတဲ့ အတွေးတွေနဲ့ ဒီအတိုင်း ပစ်ထားလိုက်ကြတာကို တွေ့ရပါတယ်။ ထို့အတူ ကရင်ကလေးတွေ ၊ ဗမာကလေးတွေ လည်း မိခင်ဘာသာစကားတွေ ပျောက်ဆုံးကုန်ပါတော့တယ်။

အဲဒီလို မိခင်ဘာသာစကားပျောက်ဆုံးရခြင်းရဲ့  တရားခံဟာ မိဘတွေကိုယ်တိုင်ဖြစ်နေတာကို တွေ့ရပါ တယ်။ သားသမီးတွေ အိမ်မှာ အင်္ဂလိပ်လိုပြောနေခြင်းကို ကျေနပ်နှစ်သက်စွာ လက်ပိုက်ကြည့်နေကြပါ တယ်။ ကျောင်းတက်တဲ့ သားသမီးတွေ အချင်းချင်းအင်္ဂလိပ်လိုပြောတဲ့အခါ ကျောင်းမတက်ရသေးတဲ့ အိမ်က နောက်တစ်ယောက်ပါ အင်္ဂလိပ်လိုဆက်ပြောပါတယ်။ ဆိုတော့ အမေရိကန်လို နိုင်ငံမျိုးမှာ အင်္ဂလိပ်လို မပြောတတ်ဘဲနေမှာကို စိုးရိမ်စရာမဟုတ်ဘူး မိခင်ဘာသာစကား မပြောတတ်ဘဲ ဖြစ်နေမှာ သာ စိုးရိမ်စရာတစ်ခုဖြစ်တယ်ဆိုတာကို နားမလည်တာလည်း ပါပါတယ်။ ချုပ်ပြောရရင် မိဘတွေရဲ့  ခံယူချက်အပေါ်မှာ အများကြီး မူတည်ပါတယ်။ ကျွန်တော့်သမီးနဲ့သား ကျောင်းတက်တဲ့အရွယ် ရောက် ရှိလာတဲ့အခါ ကျောင်းမှာ အင်္ဂလိပ်လိုနားမလည်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို သိပေမယ့် အဲဒီအခက်အခဲကို တစ်လ၊ နှစ်လအတွင်းမှာ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ကျွန်တော့် အတွေးတွေအတိုင်း သူတို့ ရင်ဆိုင်ခဲ့ရပါတယ်။ နောက်ပိုင်း မောင်နှမနှစ်ယောက် အိမ်မှာ အင်္ဂလိပ်လို စပြောပါတယ်။ ကျွန်တော် အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ တဆက်တည်း အိမ်မှာ ရခိုင်လိုပြောရမယ်၊ အပြင်ရောက်ရင် ကြိုက်တဲ့ ဘာသာစကားနဲ့ပြောကြဖို့ အမိန့်ထုတ်လိုက်ပါတယ်။ ကျွန်တော့် သားနဲ့သမီး ဟာ အိမ်တွင်း အင်္ဂလိပ်လိုပြောဆိုခြင်းတွေ ရပ်ဆိုင်းခဲ့တဲ့ကြားက ကျောင်းမတတ်ရသေးတဲ့ အငယ်ဆုံးဟာ မိခင်ဘာသာစကား(ရခိုင်)ကို ရှစ်ဆယ်ရာခိုင်နှုန်းပြောပြီး အင်္ဂလိပ် ကာတွန်းတွေကြည့်ပြီး အင်္ဂလိပ်လို နှစ် ဆယ်ရာခိုင်နှိုင်းအထိ ပြောလာပါတယ်။ တကယ်လို့သာ အထက်ကနှစ်ယောက်ကိုသာ အင်္ဂလိပ်လို ပြော ဆိုခြင်းကို မတားမြစ်ခဲ့ရင် အငယ်ဆုံးသမီးငယ်ဟာ အင်္ဂလိပ်လိုသာ တတ်သွားမှာ ဖြစ်ပြီး မိခင်ဘာသာ စကားကို အနည်းငယ်သာ ပြောနိုင်လိမ့်မယ်ဆိုတာ သေချာပါတယ်။ ဒီနေ့အချိန်မှာတော့ ကျွန်တော့်သား သမီးတွေဟာ မိခင်ဘာသာစကားကို ခိုင်မာစွာ ပြောဆိုနိုင်ပြီ ဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့ စိုးရိမ်မှုတွေ ကို ချေဖျက်နိုင်ခဲ့ပါပြီ ။ ကျွန်တော်ကြုံတွေ့နေရတဲ့ ကရင် ၊ ဗမာစတဲ့ ကလေးငယ်တွေကတော့ မိခင်ဘာသာ စကားတွေ ပျောက်ဆုံးခဲ့ရတဲ့ ကာလတွေကို ဖြတ်သန်းနေရပါတယ်။ သူတို့တွေရဲ့  အချို့ မိဘတွေကတော့ ဒီနေ့အချိန်မှာမှ သူတို့ သားသမီးတွေ မိခင်ဘာသာစကား ပြန်လည်တတ်မြောက်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းနေတာကို တွေ့မြင်နေရပါတယ်။

စာပေပျောက်ဆုံးသွားတဲ့အခါ ဘာသာစကားရှိနေသေးရင် စာပေကို ဖော်ထုတ်လို့ရနိုင်ပေမယ့် ဘာသာ စကားပျောက်ဆုံးသွားတဲ့အခါ စာပေရှိနေပေမယ့် အဲဒီစာပေက ဘာသာစကားကို ပြန်လည် မဖော်နိုင်တော့ ပါ။ ပျူစာပေဟာ ဒီနေ့အချိန်ထိ ကျောက်စာမှာ အခိုင်အမာရှိနေပေမယ့် အဲဒီ ပျူစာပေဟာ ပျူဘာသာစကားကို မဖန်တီးနိုင်ခြင်းရဲ့  သာဓကဟာ အကောင်းဆုံး သင်္ခန်းစာအဖြစ် ညွှန်ပြနေပါတယ်။ ဆိုတော့ သမိုင်း အထောက်အထားတွေ အရ မိခင်ဘာသာစကား ပျောက်ဆုံးခြင်းဟာ စာပေ ပျောက်ဆုံးခြင်းအပြင် လူ မျိုးပျောက်ဆုံးခြင်းရဲ့ နိဒါန်းဖြစ်တယ်လို့ မြင်ပါတယ်။

ယဉ်ကျေးမှုထွန်းကားပြီး မြို့ပြနိုင်ငံ တည်ဆောက်ခဲ့တဲ့ ပျူလူမျိုးတွေ ပျောက်ဆုံးသွားရခြင်းဟာ ဘာသာ စကားပျောက်ဆုံးခြင်းကြောင့် ဖြစ်ပါတယ်။ မြန်မာ(ဗမာ)လူမျိုးတွေ ကနေ့မြန်မာနိုင်ငံထဲ ဆင်းလာ ပြီး နောက်ပိုင်း ပျူတွေကို တစ်ယောက်မကျန်သတ်ပစ်လို့ ပျူလူမျိုးတွေပျောက်သွားခြင်းမျိုး မဖြစ်နိုင်ပါ။ မြန်မာ (ဗမာ) လူမျိုးတွေ အင်အားနဲ့သိမ်းပိုက်ပြီးတဲ့နောက် ပျူနဲ့မြန်မာ လက်ထပ်ထိမ်းမြားကြတဲ့အခါ ပထမမျိုးဆက် (ပျူ - မြန်မာ)ကပြားရဲ့  ပြောစကားဟာ ပျူစကားကို မပြောဘဲ မြန်မာ(ဗမာ)စကား ကိုသာ ပြောဆိုခြင်းဖြင့် ပထမမျိုးဆက်ကတည်းကပင် ပျူဘာသာစကားပျောက်ဆုံးသွားခြင်း ဖြစ်နိုင်ပါတယ်။ ပျူအချင်းချင်း အိမ်ရာ တည်ထောင်ပေမယ့် မွေးဖွားလာတဲ့ ပထမမျိုးဆက်ဟာ မြန်မာ(ဗမာ) အင်ပါယာအောက်မှာ ကျရောက်နေ သဖြင့် မိခင်ပျူဘာသာစကားကို မပြောတော့ဘဲ မြန်မာ(ဗမာ) စကားကို ပြောဆိုခြင်းကြောင့် လည်း ပျောက် သွားနိုင်ပါတယ်။ အထက်မှာ ကျွန်တော်တင်ပြခဲ့တဲ့ အမေရိကန်ရောက် ကရင်၊ မြန်မာ၊ ရခိုင်ကလေး ငယ်များ မိခင်ဘာသာစကားမပြောဆိုခြင်းနဲ့ ရန်ကုန်မှာ မွေးသည့် ရခိုင်ကလေးငယ်က ရခိုင်စကား မပြောနိုင်ခြင်းနဲ့ နှိုင်းယှဉ်သုံးသပ်နိုင်ပါတယ်။ ဆိုတော့ ပျူနိုင်ငံတော်ကျဆုံးပြီးနောက်ပိုင်း ပထမမျိုးဆက် (ပျူ-မြန်မာ)ကပြားနဲ့ ပျူစစ်စစ်တွေဟာ မိခင်ပျူဘာသာစကား ပျောက်ဆုံးခြင်းကြောင့် ဒုတိယမျိုးဆက် ၊ တတိ ယမျိုးဆက်ရောက်တဲ့အခါ ပျူလူမျိုးစစ်စစ် ဖြစ်စေ၊ ပျူ-မြန်မာ ကပြားဖြစ်စေ ပျူဘာသာစကားကို မပြောနိုင်တဲ့ အခါ ပျူလူမျိုးဟာလည်း အလို အလျောက်ပျောက်သွားသလိုဖြစ်စေခဲ့ပါတယ်။ ချုပ်ပြောရရင် ပျူတွေဟာ မြန် မာတွေနဲ့ရောသွားခြင်းနဲ့ အတူ ပျူဘာသာစကားပါ ပျောက်ဆုံးသွားခြင်းကြောင့် ပျူလူမျိုးပျောက်ကွယ် သွားခဲ့ ရခြင်းဖြစ်ပါတယ်။ ပျူတွေရဲ့ နာမည်ပေးတဲ့ ဓလေ့အစဉ်ကိုလည်း မေ့ပစ်လိုက်ပုံရပါတယ်။ ပျူစာပေသာ သမိုင်းထဲမှာ ဒီနေ့အချိန်ထိ ထီးထီးမားမားကျန်ရစ်ခဲ့ပေမယ့် ပျူဘာသာစကားပျောက်ဆုံးသွားတဲ့အခါ ပျူလူမျိုး ဟာ ဒီမှာရှိတယ်လို့ လက်ဆုပ်လက်ကိုင်မပြနိုင်ဘဲ ပျောက်ဆုံးသွားပါတော့တယ်။ တကယ်လို့သာ ပျူဘာ သာစကားကို ပျူ- မြန်မာ ကပြားတွေကဖြစ်စေ ၊ ပျူစစ်စစ်တွေကဖြစ်စေ မပျောက်ပျက်ရ အောင် ထိမ်း ထားနိုင်မယ်ဆိုရင် ပျူတွေ ဘယ်ပျောက်သွားပါ့မလဲ။ စာပေနဲ့လူမျိုးပျောက်ဆုံးခြင်းရဲ့ နိဒါန်း (အကြောင်းအ ရာ)ဟာ ဘာသာစကားပျောက်ဆုံးခြင်းကြောင့် ဖြစ်တယ်လို့ ကောက်ချက် ချပါ တယ်။ ။

ခိုင်လင်း(မေဃ၀တီ)
ဖေဖော်ဝါရီ (၁၉) ၂၀၁၄

စာကြွင်း ။  ။ (က)အမေရိကန်နာမည်= ကလင်တန် ၊ (ခ)သက်ဆိုင်ရာ အမျိုးသားနာမည်တ၀က် အမေရိ ကန်နာမည်တ၀က်နဲ့ နာမည်တွေ (ဥပမာ = မိုက်ကယ်သာဇံ) ၊ (ဂ) နာမည်နှစ်မျိုးပေးထားတာ တွေ(အဲဒီ နာမည်နှစ်မျိုးမှာ အမေရိကန်နာမည် စစ်စစ်ပေးထားတာဘဲဖြစ်ဖြစ် ၊ မိမိအမျိုးသား နာမည်တ၀က် အမေရိ ကန်နာမည်တ၀က်ပေးထားတဲ့ နာမည်ဘဲဖြစ်ဖြစ်) အဲဒီနာမည်ကို တရားဝင်ပေးထားပြီး နောက်နာမည် တစ်ခုကတော့ တရားမ၀င်တဲ့ နာမည်မျိုး (ဥပမာ = မိုက်ကယ်မျိုးသူ နာမည်က အစိုးရဆီမှာ တရားဝင် နာမည် ၊ မောင်မျိုးသူနာမည်က အစိုးရဆီမှာ တရားမ၀င်သောနာမည်)စတဲ့ ပုံစံ မျိုးတွေဖြစ်ပါတယ်။

http://www.taunggyitime.com/2014/10/blog-post_7.html မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment