ဒေါ်ကြာဇံ

ဂျပန်ခေတ် တော်လှန်ရေး အမျိုးသမီးကြီး ဒေါ်ကြာဇံမှာ စစ်တွေမြို့သူ ဖြစ်ပါသည်။ မိဘများမှာ စစ်တွေမြို့ ၊ ရွှေပြားရပ်နေ သမ၀ါယမ၀န်ထောက် ဦးထွန်းအောင်ကျော်နှင့် ဒေါ်ဒါဦးဖြူတို့ ဖြစ်ကြ၍ ၁၉၁၂ ခု၊ အောက် တိုဘာလ (၄)ရက်တွင် ဖွားမြင်ခဲ့သည်။ မွေးပေါက်ဖော် ငါးဦးအနက် အကြီးဆုံးဖြစ်သည်။

ဒေါ်ကြာဇံသည် ငယ်စဉ်က မန္တလေးမြို့ရှိ ဘီ-တီ-အမ် ဗုဒ္ဓဘာသာအမျိုးသမီး မိန်းကလေးကျောင်း၌ ပညာ သင်ခဲ့သည်။ ထိုစဉ်က ကျောင်းသားသပိတ်များ ပေါ်ပေါက်ချိန်ဖြစ်၍ နိုင်ငံရေးလှုပ်ရှားမှုနှင့် ကြုံကြိုက်သဖြင့် စိတ်ပါဝင်စားမှု စတင်ဖြစ်ပေါ်လာခဲ့သည်ဟု ဆိုသည်။ မိဘများ စစ်တွေပြောင်းလာသည့်နောက် ကျောင်း ဆရာ ဦးစောဟန် ဘီ-အေ-ဘီ-အီး-ဒီနှင့် အိမ်ထောင်ပြုခဲ့ပြီး ၁၉၄၂ ခုတွင် ဂျပန်များ ၀င်ရောက်လာချိန်၌ ကွယ်လွန်ခဲ့သည်။
ဒေါ်ကြာဇံသည် ၁၉၃၄ ခုနှစ်လောက်က ရခိုင်တိုင်း ဖက်ဆစ် တော်လှန်ရေးအတွက် ကျောက်တော်မြို့နယ်၊ လမုတပင်ရွာ၌ ဖခင်နှင့်အတူ လက်နက် စုဆောင်းရာ၌ ပါဝင်ကူညီခဲ့သည်။ ဖ.ဆ.ပ.လ ခေါင်းဆောင် ဦးညိုထွန်း၊ ဦးပညာသီဟ၊ ကျောက်တော်မှ ရှေ့နေကြီး ဦးစံထွန်းအောင်၊ ဦးဦးစော၊ ဦးညိုလှဖြူ၊ ပေါက်တော ဆရာတော် ဦးနာရဒ၊ ရိုးချောင်း ဆောင်းဒူရာမှ သခင်မောင်ရွှေထွန်း၊ ဇာတ်ဆရာကြီး ဦးဖိုးအောင်၊ သခင်ဦးထွန်းအောင်ကျော်၊ ညီမဖြစ်သူ မအေးခင်၊ မနီလာတို့နှင့်အတူ ဒေါ်ကြာဇံသည် လက်နက်များကို လျှို့ဝှက်စုဆောင်းရာ၌လည်း ပါဝင်ခဲ့သည်။

ထိုလက်နက်များဖြင့် ဆရာတော်ဦးပညာသီဟ ခေါင်းဆောင်ပြီး လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့ကို ကြာ လှအောင်ခေါင်းဆောင်၍ လျှို့ဝှက်တပ်များ၌ လက်နက် တပ်ဆင်ထားခဲ့သည်။ ဖခင် ဦးထွန်းအောင်ကျော်မှာ ပထမကမ္ဘာစစ်အတွင်းက ဗြိတိသျှတပ်တွင် အမှုထမ်းခဲ့သည့်အတွက် ဦးဦးစောနှင့် ရဲဘော်များအား စစ်ဆင် စစ်တိုက်နည်း စစ်ပညာများကို သင်ပြပေးနိုင်ခဲ့သည်။ ဦးညိုထွန်းထံမှ ညွှန်ကြားချက်များကို လျှို့ဝှက်စခန်း တစ်နေရာမှယူ၍ လုပ်ဆောင်ခဲ့ကြသည်။ ထိုစဉ်က လျှို့ဝှက်စခန်းဌာနချုပ်မှာ မြို့ဟောင်းမြို့နယ်များ တဲကျေး ရွာ၊ ခန်းလူမျိုးများရွာနှင့် ရခိုင်ရွာများကို အခြေခံ၍ အနီးရှိကျေးရွာများတွင် ဖွင့်လှစ်ခဲ့ကြသည်။

ဒေါ်ကြာဇံသည် မိမိနေထိုင်ရာ ကျောက်တော် လမုတပင်ရွာမှ အပေါက်ဝရွာသို့ လည်းကောင်း၊ ရိုးချောင်း ရှိကျေးရွာများသို့ လည်းကောင်း၊ မြန်မာပြည် ကွန်မြူနစ်ပါတီ ရခိုင်ပြည်နယ်တာဝန်ခံ ကျော်မြဇနီး (တိုက်ပွဲ တွင် ကျဆုံးသွားသူ) မညွန့်၊ ဦးညိုထွေး၏ ညီဖြစ်သူ ဦးထွန်းလှိုင်နှင့် စည်းရုံးရေး တာဝန်ယူကာ သမ္ဗာန် ကလေးဖြင့် လှုပ်ရှားစည်းရုံးခဲ့ကြသည်။

လမုတပင်ရွာ၌ နေစဉ် လာသမျှ မြေအောက်တော်လှန်ရေးသမားများအား ကျွေးမွေးပြုစုရသည်။ အိန္ဒိ ယနိုင်ငံရှိ ဗြိတိသျှတပ်များနှင့် ဆက်သွယ်ရန် သွားသော သခင်တင်ရွှေ (ရဲဘော်တင်ရွှေ)အား လမုတပင် တွင် ၀ှက်ထားပြီး ကျောက်တော်၊ ပလက်ဝမှတဆင့် အိန္ဒိယသို့ စေလွှတ်ခဲ့ကြသည်။ မြေအောက်တော် လှန်ရေး ရဲဘော်များကို ဦးထွန်းဝင်းနှင့် ဦးစံထွန်းအောင်၊ ဦးညိုလှဖြူတို့က တာဝန်ယူပေးရသည်။ သခင် ဘတင်ခေါ် ရဲဘော်ဂိုရှယ်နှင့် ဗကဘ ကျော်မြတို့အား ဗြိတိသျှတပ်များလာသောအခါ ဖမ်းဆီးရန်လိုက်ရှာ၍ ၀ှက်ထားပေးခဲ့ရသည်။ သခင်စိုးအား ဗြိတိသျှတပ်များက ဖမ်းရန် စုံထောက်များလွှတ်၍ မင်းပြားမြို့ ရှိ ဒေါ်ကြာဇံနှင့် ဖခင်တို့က တာဝန်ယူ ၀ှက်ထားခဲ့ရသည်။

ရခိုင်ပြည်နယ်ကို ဗြိတိသျှ သိမ်းပိုက်လိုက်ပြီး ဖ.ဆ.ပ.လ ခေါင်းဆောင်များ ဖြစ်ကြသော ဗိုလ်ချုပ်အောင် ဆန်း၊ သခင်မြ၊ ဦးအောင်ဇံဝေ၊ ဟင်္သာတဦးမြ၊ ဗိုလ်အောင်မင်း၊ ဗိုလ်ထွန်းလှတို့ စစ်တွေရောက်လာကြပြီး ကြက်ကိုင်းတန်ရွာရှိ ဆရာဦးမောင်စိန်အိမ်၌ တည်းခိုကြသည်။ ညောင်ပင်အောက်တွင် တရားပွဲများ ကျင်းပ ခဲ့ရာ ရဲများက ခြိမ်းခြောက်၍ တရားပွဲသို့ လူမလာဝံ့ကြသော်လည်း ထိုတရားပွဲသို့ အမျိုးသမီးအနေဖြင့် ဒေါ် ကြာဇံနှင့် ဒေါ်မညွန့်တို့ နှစ်ဦးသာ တက်ရောက်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ပေးချက်အရ ဗြိတိသျှအစိုးရ ယန္တရားကိုဖြုတ်ရန် အမှုထမ်းပေါင်းစုံက သပိတ်အဖြစ် ထိုးဖောက်စည်းရုံးနိုင်ရန် ဒေါ်ကြာ ဇံနှင့် ဒေါ်မညွန့်တို့အား အစိုးရရုံးများနှင့် ပုလိပ်ရုံးများတွင် စည်းရုံးရေးတာဝန်ယူကြရသည်။ သပိတ်မှောက် စခန်းသို့လည်း ထမင်းထုပ်များ ကောက်ခံပေးခဲ့ရသည်။

ရခိုင်ပြည်နည်လုံးဆိုင်ရာ ဖ.ဆ.ပလ ညီလာခံကို စစ်တွေမြို့နယ်၊ တောကန်ကျေးရွာ၌ ၁၉၄၆ ခု၊ ဧပြီလ ဆန်းတွင် လေးရက်ကျင်းပခဲ့ရာ ထိုညီလာခံမှ ဒေါ်ကြာဇံအား ဘဏ္ဍာရေးမှူး၊ အမျိုးသမီး စည်းရုံးရေးမှူးနှင့် သမ၀ါယမ စည်းရုံးရေးတာဝန်များကို ပေးအပ်ခဲ့သည်။

၁၉၄၇ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရန် ရခိုင်ပြည်နယ် ဖ.ဆ.ပ. လ အဖွဲ့မှ ဒေါ်ကြာဇံသည် ကိုယ်စားလှယ်တစ်ဦးအဖြစ် တက်ရောက်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ပိုင်းတွင် စစ်တွေမြို့ တပ်မတော် ချီးမြှင့်ရေးအဖွဲ့တွင် ဒု-ဥက္ကဌအဖြစ် လည်းကောင်း၊ မိခင်နှင့်ကလေး လူမှုဝန်ထမ်း အဖွဲ့များတွင် ပါဝင်ခဲ့ပြီး မောင်းတောမြို့နယ်၊ မောင်နှမတောင်ပေါ်တွင် မူဂျာဟစ်များကို အထူးတပ်ရင်း (၁၀၆)မှ တိုက်ခိုက်ပြီး အလံလွှင့်ထူနိုင်သည့်အခါ တပ်ရင်းမှူး ဗိုလ်မှူးထင်ကျော်၊ တပ်ရင်းမှူး ဗိုလ်မှူးစောမြသိန်း၊ ဦးဦးစောတို့နှင့်အတူ စားသောက်ဖွယ်ရာများကို တောင်ပေါ်အရောက် ပေးပို့ခဲ့သည်။ အနှိပ်စက်ခံရသော ရခိုင်အမျိုးသမီးများကိုလည်း ဦးအောင်ဇံဝေ၊ ဦးထွန်းလှိုင်တို့နှင့်အတူ ကူညီပေးခဲ့သည် ဟု သိရသည်။

ဒေါ်ကြာဇံ၏ လွတ်လပ်ရေးဆာင်ရွက်ချက်များသည် ကျောက်တော်မြို့မှ စခဲ့သည်ဟု သူကိုယ်တိုင် က ပြောပြခဲ့ဖူးပါသည်။ ၁၉၅၈ ခု၊ ဖ.ဆ.ပလ နှစ်ခြမ်းကွဲသောအခါ မည်သည့်ဘက်မျှမပါဘဲ နိုင်ငံရေးမှ အနားယူခဲ့သည်။ ဒေါ်ကြာဇံကား ရခိုင်အမျိုးသမီးများထဲတွင် ပထမဆုံး နိုးကြားသော အမြင်ရှိသူ စာရင်း ထဲ၌ ပါဝင်ခဲ့သည့်အတွက်၊ အစဉ်အလာ ချိုးဖောက်သည့်အနေနှင့် သရော်ခြင်း၊ ကဲ့ရဲ့ခြင်းများလည်း ခံခဲ့ရသည်ဟု ဆိုသည်။ ဖခင်မှာ သမ၀ါယမ၀န်ထောက် ဖြစ်သော်လည်း နိုင်ငံရေးလုပ်ရာ မနှောင့်နှေးခဲ့ပါ။ အမျိုးဘာသာအတွက် အနစ်နာခံရန် အသင့်ရှိခဲ့သည်။ ယခုအခါ နိုင်ငံရေးကို ရဲရဲလုပ်နိုင်သော်လည်း ယခင်ကဆိုလျှင် တထိတ်ထိတ် တလန့်လန့်နှင့် ပိုက်ဆံကြေးငွေ အကုန်ခံပြီး လုပ်ရသည်ဟု ဆိုပါသည်။

ဒေါ်ကြာဇံသည် လွတ်လပ်ရေးမရမီ၊ ရပြီးခေတ် တော်လှန်ရေးအချိန်နှင့် ယခုပြည်ထောင်စု မြန်မာနိုင် ငံတော် ဖြစ်လာသည်အထိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ၌ ပါဝင်လှုပ်ရှားခဲ့သူ ဖြစ်သည်။ နှစ် စဉ် ပြည်ထောင်စုနေ့၌ ရခိုင်အမျိုးသားယဉ်ကျေးမှု ဖော်ထုတ်ရေးအဖွဲ့နှင့် အတူ တက်ရောက်လာခဲ့သည် ကို တွေ့ရသည်။ ၁၉၄၆ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း စစ်တွေရောက်လာစဉ်က အမျိုးသမီးများအတွက် သမ ၀ါယမ လုပ်ငန်းတစ်ခု ဆောက်ရွက်ပေးပါဟု အကြံပေး၍ ရက်ကန်းလုပ်ငန်းမှာ အသင့်တော်ဆုံးဖြစ် သည့်အပြင် ရက်ကန်းနှင့် မတည်ပြီး စားသုံးသူ၊ ထုတ်လုပ်သူများကိုပါ စုစည်းမိပြီး ဖြစ်ပါသည်။

ယနေ့ ဒေါ်ကြာဇံသည် အသက်အရွယ်ကြီးလာသည့်တိုင်အောင် ဇွဲနှင့် စိတ်ဓါတ်ကား ခိုင်မာနေဆဲ ဖြစ်ပါ သည်။ ဗဟိုနိုင်ငံရေး သိပ္ပံသို့လည်း တက်ရောက်ပြီး မနှစ်ကပင် အလုပ်သမား စီမံခန့်ခွဲရေးသင်တန်းကို လူငယ်များနှင့်အတူ တက်ရောက်ခဲ့သေးသည်။ ယခုအခါ မြို့နယ်စက်မှုလက်မှု ရက်ကန်းသမ၀ါယမ အတွင်းရေးမှူးအဖြစ် တာဝန်ယူလျက်ရှိသည်။ ပြည်ထောင်စုနေ့များတွင် ရက်ကန်းလုပ်ငန်း ပြပွဲအတွက် ရခိုင်အမျိုးသမီးလေးများအား ဦးဆောင်လာသည်ကို တွေ့ရသည်။

'စောမုံညှင်း'ရေးသားသည့် "မြန်မာအမျိုးသမီး"စာအုပ်မှ -

No comments:

Post a Comment