နွယ် (စစ်တွေ)၊ ကဗျာဆရာမ

ကဗျာဆရာမ နွယ်(စစ်တွေ)၏ ကဗျာများကို မြန်မာစာပေ ချစ်မြတ်နိုးသူတိုင်း နှစ်သက် မြတ်နိုးကြ သည်။ နွယ် (စစ်တွေ)ကား အမိမြေကို ချစ်မြတ်နိုးသူ၊ ကလောင်လက်နက်စွဲကိုင်လျက် စစ်ထွက်ခဲ့သူ ကဗျာ ဆရာမတစ်ဦးပင် ဖြစ်ပါသည်။

နွယ်(စစ်တွေ)ကို (၂၄)ရက်၊ မေလ၊ (၁၉၃၂)ခုနှစ်တွင် စစ်တွေမြို့၌ ဦးအောင်ထွန်းဦး၊ ဒေါ်စိန်ပုတို့က ဖွားမြင်ခဲ့သည်။ အမည်ရင်းက မအုန်းခင် ဖြစ်သည်။ မအုန်းသည် အသက် (၄)နှစ်အရွယ်ကပင် အစိုးရ ၀န်ထမ်း မိဘများပြောင်းရွှေ့ရာ မြို့ကြီးများသို့ ပြောင်းရွှေ့လိုက်ပါ နေထိုင်ခဲ့ရသည်။ သို့ဖြင့် ပုသိမ်၊ မော် လမြိုင်၊ ပဲခူးမြို့ကြီးများ၌ ပညာဆည်းပူးခဲ့ရသည်။
မအုန်းခင်သည် ပဲခူးမှ အင်းစိန်မြို့သို့ မိဘများနှင့်အတူ ပြောင်းရွှေ့နေထိုင်စဉ်အတွင်း ဒုတိယကမ္ဘာ စစ်ကြီးနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုစဉ် မအုန်းခင်တို့မိသားစု မိတ္ထိလာမြို့အနီး နတ်ကြီးကုန်းကျေးရွာ သို့ ပြောင်းရွှေ့ကာ စစ်ဘေး စစ်ဒဏ်မှ ရှောင်တိမ်းခဲ့ရသည်။ စစ်ကြီးပြီးဆုံးသွားသောအခါမှ ရန်ကုန်မြို့မှ တစ်ဆင့် စစ်တွေမြို့သို့ ပြန်လည်ပြောင်းရွှေ့လာဖြစ်ခဲ့ကြသည်။

မအုန်းခင်သည် (၁၉၄၈-၅၀)ခုနှစ်များအတွင်း (၈)တန်း၊ (၉)တန်း၊ (၁၀)တန်းတို့ကို စစ်တွေမြို့၌ တက်ရောက်ခဲ့သည်။ (၁၉၅၀)ပြည့်နှစ်တွင် ဖခင်ကွယ်လွန်သွားပြီးနောက် ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင် အခြေချခဲ့သည်။ (၁၉၅၅)ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့ ရရှိခဲ့ပြီးနောက် (၁၉၆၃)ခုနှစ်တွင် ဘီအီးဒီဘွဲ့ကို ဂုဏ်ထူးတစ်ဘာသာဖြင့် အောင်မြင်ခဲ့သည်။ ထို့ပြင် ပညာရေးဒီပလိုမာဘွဲ့ကိုလည်း အင်္ဂ လန်နိုင်ငံ ဘာမင်တန်တက္ကသိုလ်မှ ရယူခဲ့၏။

(၁၉၅၆)ခုနှစ်တွင် ဦးရွှေဇံအောင်နှင့် လက်ဆက်ခဲ့သည်။ ဒေါ်အုန်းခင်သည် ပညာရေးဌာနတွင် ကျောင်း ဆရာမ၊ ကျောင်းအုပ်၊ ကျောင်းသင်ခန်းစာ အသံလွှင့်အစီအစဉ်မှူး၊ အခြေခံပညာဦးစီးဌာန မြန်မာစာ အဖွဲ့ ကျောင်းသုံးစာအုပ်ကော်မတီ အတွင်းရေးမှူး စသည့်တာဝန်များ ထမ်းဆောင်ခဲ့ပြီး (၁၉၇၉)ခုနှစ် တွင် ဆေးပင်စင်ဖြင့် အငြိမ်းစားယူခဲ့သည်။

မအုန်းခင်က အသက် (၁၆)နှစ်အရွယ် (၁၉၄၈)ခုနှစ်ကပင် ကဗျာများ ရေးဖွဲ့ခဲ့သည်။ တိုင်းရင်းမေ မဂ္ဂဇင်း တွင် လစဉ်ပုံမှန် စာရေးခဲ့ပြီး 'မာလောနွယ်'ကလောင် အမည်ဖြင့် ကဗျာများ ရေးသားခဲ့သည်။ ရန်ကုန်တက္က သိုလ် ရောက်ရှိချိန်တွင်မူ နွယ်(စစ်တွေ) ကလောင်အမည်ဖြင့် ကဗျာများ ဆက်လက်ရေးဖွဲ့ခဲ့သည်။

စစ်၏ အနိဌာရုံများကို ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသူ နွယ်(စစ်တွေ)သည် တက္ကသိုလ်ကျောင်းသူဘ၀တွင် ကြုံတွေ့ခဲ့ရသည့် ကူမင်တန် ကျူးကျော်စစ်အကြောင်းကို အိုးဝေမဂ္ဂဇင်း၌ 'ချစ်မြေလွှာ' ခေါင်းစဉ်ဖြင့် ကဗျာ တစ်ပုဒ် ရေးဖွဲ့ခဲ့သည်။ ယင်းကဗျာကိုပင် (၁၉၅၃)ခုနှစ်၌ ရှုမ၀မဂ္ဂဇင်းတွင် ထပ်မံထည့်သွင်း ဖော်ပြခဲ့ပါ သည်။

(၁၉၅၃)ခုနှစ်၌ပင် 'စစ်မဲ့ကမ္ဘာ' ကဗျာဖြင့် သခင်ကိုယ်တော်မှိုင်းဆု (ဒုတိယဆု)ကို ရရှိခဲ့သည်။ ယင်းကဗျာ မှာ နွယ်(စစ်တွေ)ပြိုင်ပွဲဝင်ခဲ့သည့် ကဗျာတစ်ပုဒ် မဟုတ်သော်လည်း (၁၉၅၃)ခုနှစ် ငြိမ်းချမ်းရေးပြပွဲ ပြိုင်ပွဲ တွင် ဆရာဒေါင်းနွယ်ဆွေက ကြိုက်လွန်းသဖြင့် နွယ်(စစ်တွေ)အား အသိမပေးဘဲ ပြိုင်ပွဲဝင်ခဲ့သည့် ကဗျာဖြစ်ပါသည်။ မူရင်းကဗျာမှာ ဂန္ထ၀င်ဂျာနယ်တွင် ဖော်ပြပါရှိခဲ့သည်။

"လူ့သမိုင်းမှုန်မှိုင်းအတိတ်၊ နှောင်းအရိပ်တွင်၊ မျိုးစိတ်ထန်လျက်၊ စစ်မြေထွက်၍၊ လက်နစုံခ၊ တဒင်္ဂ၀ယ်၊ အားရခုတ်ပစ်၊ ဓါးချင်းထစ်သံ၊ အော်ဟစ်တည်ကြွေး၊ မြင်းခွာပြေးသံ၊ လေးဆေးမြည်လျက်၊ စစ်စည်နှက်သံ၊ လျှပ်လက်သည့်လား၊ လှံစွပ်ဖျားလည်း၊ အသွားချင်းခ၊ တွေ့ဆုံကြသံ၊ သောသောညံ၍၊ ပြင်းထန်ကြောက် မက်၊ စစ်သူခက်၏၊ မက်မောခဲ့ရစ်၊ လူ့သွေးစစ်ကို၊ သောက်ပစ်လိုဟန်၊ ဆန္ဒသန်တည့်" စသည်ဖြင့် 'စစ်မဲ့ကမ္ဘာ" ကဗျာကို အစပြုထားပါသည်။

ယင်းနောက်ပိုင်းတွင်လည်း နွယ်(စစ်တွေ)သည် ကဗျာအများအပြားကို ရေးဖွဲ့သီကုံးခဲ့ပါသည်။ ထို့နောက် အသက်(၈၀)နှစ်အရွယ် (၆)ရက်၊ မေလ၊ (၂၀၁၁)ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ နွယ်(စစ်တွေ)၏ နာရေးကြော်ငြာကို (၇-၅-၂၀၁၁)ရက်စွဲပါ ကြေးမုံသတင်းစာတွင် အောက်ပါအတိုင်း တွေ့ရှိရပါသည်။

                                              ဒေါ်အုံးခင် [ နွယ် - စစ်တွေ ]
                                                      B.A Bed. Ed
                                                   Ed. Dip in (U.K)
                                                     အသက် (၈၀)

    (ဦးအောင်ထွန်းဦး-ဒေါ်စိန်ပု)တို့၏ သမီး၊ [ ဦးရွှေဇံအောင် (ညွှန်ကြားရေးမှူး - ငြိမ်း)၊ မြန်မာ့ ဂုန်လျှော်လုပ်ငန်းဌာန ] ၏ဇနီး၊ (ဒေါ်စောမြ-ဦးကျော်ဇံ)၊ (ဦးမောင်မောင်ကြီး)-ဒေါ်မြသွင်၊ (ဒေါ်ခိုင်ခိုင်-ဦးသာထွန်းအေး)တို့၏ ညီမ၊ ဦးကျော်ကျော်-ဒေါ်သာနှင်းအေး၊ (ဒေါ်မြင့်မြင့်)-ဦးမောင်မောင်တို့၏ အစ်မ၊ ဦးထွန်းထွန်း၏ မိခင်၊ အမှတ်(၄၂)-စီ(၂)၊ ဗဟိုလမ်း၊ စစ်ချောင်းမြို့နယ်၊ ရန်ကုန်မြို့နေ ဒေါ်အုန်းခင်သည် ၆-၅-၂၀၁၁ (သောကြာနေ့) နံနက် ၁၀း၃၀ နာရီတွင် SAKURA အထူးကုဆေးရုံ၌ ကွယ်လွန်သွားပါသဖြင့် ကွယ်လွန်သူ၏ ဆန္ဒအရ ယင်းနေ့ညနေ (၄)နာရီတွင် ထိန်ပင်သုဿန်၌ သင်္ဂြိုဟ်ပြီးစီးပါကြောင်း။ [ ကွယ်လွန် သူအား ရည်စူး၍ ၁၂-၅-၂၀၁၁ (ကြသပတေးနေ့) နံနက်(၉)နာရီမှ (၁၂)နာရီအထိ အောင်ပန်းကျောင်း တိုက်၊ ဗဟန်း(၃)လမ်း၊ အနောက်ဘက်ထိပ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့သို့ ရက်လည်ဆွမ်းကျွေး တရားတော်နာ ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။ ]
                                                                                                         ကျန်ရစ်သူမိသားစု
 
ဟူ၍ဖြစ်ပါသည်။

တင်နိုင်တိုးရေးသားသည့် ပါလီမန်ခေတ် ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများ စာအုပ်မှ -

No comments:

Post a Comment