ဝန်ကြီး ဦးစောလှဖြူ - ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး (ငြိမ်း)

ဖခင် နယ်ပိုင်ဝန်ထောက် ဦးစိန်ဘန်း၊ မိခင် ဒေါ်စောဖြူတို့မှ (၁၅.၃.၁၉၂၂)ခုနှစ် ဘောက်သီးစုရပ်၊ စစ်တွေ မြို့တွင် မွေးဖွားခဲ့သည်။

၁၉၃၈-၃၉ ခုနှစ် စာသင်နှစ်တွင် စစ်တွေမြို့ အစိုးရအထက်တန်းကျောင်းမှ (၁၀)တန်းစာမေးပွဲကို ပထမ ဆု ရွှေတံဆိပ်ဖြင့် အောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်၌ ဆက်လက်ပညာသင်ကြားခဲ့ရာ ဒုတိယ ကမ္ဘာ စစ်ကြီး ဖြစ်လာ၍ ကျောင်းပိတ်သည့် ၁၉၄၂ ခုနှစ်တွင် B.Sc (ဓါတုဗေဒ ဂုဏ်ထူးပထမနှစ်)တွင် ပညာ သင်ကြားလျက်ရှိသည်။ ၁၉၄၇-၄၈ ခု စာသင်နှစ်တွင် တက္ကသိုလ်သို့ ပြန်ရောက်လျက် B.Sc ဒုတိယနှစ်၌ သင်ကြားနေစဉ် လေယာဉ်အင်ဂျင်နီယာ ပညာတော်သင်အဖြစ် အရွေးခံရသဖြင့် အင်္ဂလန်သို့ သွားရောက် သင်ကြားခဲ့သည်။
လေယာဉ်အင်ဂျင်နီယာဘွဲ့၊ အေအမ်အီး (လန်ဒန်)နှင့် အေအမ်အက်(စ်)၊ အယ်လ်အေအီး (လန်ဒန်)ဘွဲ့များ ကို ရယူခဲ့သည်။

၁၉၅၄ ခုနှစ်မှ ၁၉၆၉ ခုနှစ်အတွင်း ယူဘီအေ စက်မှုဌာန၌ လေယာဉ်အင်ဂျင်နီယာတာဝန်နှင့် လေယာဉ် စက်မှုစီမံကိန်း အင်ဂျင်နီယာတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်မှ ၁၉၇၇ ခုနှစ်အတွင်း ယူဘီအေရုံး၌ စီးပွားရေးမန်နေဂျာတာဝန်နှင့် အထွေထွေမန်နေဂျာ တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၉၇၈ ခုနှစ် မတ်လတွင် သတ္တုတွင်းဝန်ကြီးဌာန၌ ဒုတိယ၀န်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ ၁၉၈၀ ပြည့်နှစ် မတ်လတွင် ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးဌာနသို့ ဒုတိယ၀န်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးအပ် ခန့်ထားခြင်းခံရသည်။ ၁၉၈၁ ခုနှစ် ဇွန်လတွင် ပြင်သစ်နှင့် အနောက်ဂျာမဏီ နိုင်ငံများ သို့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် သွားရောက်တာဝန် ထမ်းဆောင်ခဲ့သည်။ အနောက် ဂျာမဏီနိုင်ငံသို့ သွားရောက်ခဲ့စဉ် "အနောက်ဂျာမန် ငွေကြေးရန်ပုံငွေအဖွဲ့ (ကေအက်ဖ်ဒဗလျူ)"နှင့် တွေ့ ဆုံပြီး ကြယ်ငါးပွင့်သင်္ဘော ကော်ပိုရေးရှင်းမှ သင်္ဘောအသစ်တည်ဆောက်ရန် ချေးငွေအတွက် ၎င်းဂျာမန် အဖွဲ့ ရန်ကုန်သို့ရောက်ရှိခဲ့စဉ်က ကမ်းလှမ်းသတ်မှတ်ပေးခဲ့သော ချေးငွေအတိုးနှုန်း (၁၂)ရာခိုင်နှုန်း ကို လျှော့ရန် အကျိုးအကြောင်းများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ရာ အတိုးနှုန်းကို (၇ %)သို့ လျှော့ရန် သဘော တူညီချက် ရခဲ့သည်။

၁၉၈၂ ခုနှစ်တွင် ကျောက်ဖြူမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒုတိ ယ အကြိမ် အရွေးခံရပြီး ၁၉၈၂ ခုနှစ်၊ မတ်လတွင် ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးဌာန၌ပင် ဒုတိယ ၀န်ကြီးအဖြစ် ဆက်လက်တာဝန်ပေးအပ် ခန့်ထားခြင်းခံရသည်။ ဒုတိယ၀န်ကြီး၏ တာဝန်ကို ထမ်းဆောင်နေ စဉ် အောက်ဖော်ပြပါနိုင်ငံများသို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ် သွားရောက်တာဝန် ထမ်းဆောင်ခဲ့သည်။

    (၁) ပြင်သစ်နိုင်ငံ - ၁၉၈၂ ခုနှစ်၊ ဇွန်လတွင် ကျင်းပသော ဆက်သွယ်ရေး စက်ပစ္စည်းကိရိယာ အသစ်အဆန်းပြပွဲသို့ ပြင်သစ်နိုင်ငံမှ ဖိတ်ခေါ်ချက်အရ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်အဖြစ် တက်ရောက်လေ့လာခဲ့သည်။

    (၂) ဒိန်းမတ်နိုင်ငံ - ၁၉၈၂ ခုနှစ်၊ အောက်တိုဘာလတွင် ကြယ်ငါးပွင့် သင်္ဘောကော်ပိုရေးရှင်းနှင့် တပ်မတော် (ရေ)အတွက် သင်္ဘောတစ်စင်းစီ (ပေါင်း-နှစ်စင်း)ကို သွားရောက် ၀ယ်ယူပေးခဲ့သည်။

    (၃) ကနေဒါနိုင်ငံ - ၁၉၈၃ ခုနှစ်၊ စက်တင်ဘာလတွင် "အပြည်ပြည်ဆိုင်ရာ လေကြောင်းအဖွဲ့ (အိုင်စီအေအို)" ညီလာခံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့သည်။

စာတတ်မြောက်ရေးလှုပ်ရှားမှု ဗဟိုကော်မတီဝင်အနေနှင့် ရခိုင်ပြည်နယ် မြို့နယ်များ၏ စာတတ်မြောက်ရေး လှုပ်ရှားမှု ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက် ဖွင့်ပေးခဲ့သည်။ သံတွဲမြို့နယ်၊ မာန်အောင်မြို့ နယ်၊ ကျောက်ဖြူမြို့နယ်၊ မြေပုံမြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ စစ်တွေမြို့ နယ်၊ ရသေ့တောင် မြို့နယ်များ ပါဝင်သည်။ ပို့ဆောင်ဆက်သွယ်ရေး ဒုတိယ၀န်ကြီးအနေနှင့် ကျောက်ဖြူ မြို့နယ်နှင့် အခြားရခိုင်ပြည်နယ် မြို့နယ်များအတွက် ဆောင်ရွက်ပေးခဲ့သည်။

တံဆိပ်များ ချီးမြှင့်ခံရခြင်း ။    ။ ၁၉၈၅ ခုနှစ်၊ ဇန်န၀ါရီလ (၄)ရက်နေ့တွင် သက်ဆိုင်ရာ တာဝန်ဝတ္တရား အသီးသီးကို ကျေပွန်စွာကြိုးစားထမ်းဆောင်ခဲ့သည့်အတွက် ပြည်သူ့ဝန်ထမ်းတံဆိပ်နှင့် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေး တံဆိပ်များကို နိုင်ငံတော်မှ ချီးမြှင့်ခြင်းခံရသည်။ ၂၁-၃-၁၉၉၇ ခုနှစ်တွင် ကွယ်လွန် သည်။

နိုင်ငံအကျိုးပြု အဖိုးတန်ရတနာများ(၂) - အေးသိန်း စာအုပ်မှ -

No comments:

Post a Comment