ပြည်ထောင်စု၏ ဗိသုကာ (သို့) လွတ်လပ်ရေးဗိသုကာ

၁၉၃၉၊ စက်တင်ဘာ (၉)ရက်နေ့ဟာ မြန်မာ့လွတ်လပ်ရေး ဗိသုကာ၊ တစ်နည်းအားဖြင့် ပြည်ထောင်စု တည်ဆောက်ရေးကို မျိုးစေ့ချပေးခဲ့တဲ့ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသည့်နေ့။ ၂၀၁၀ စက်တင်ဘာ (၉)ရက်ဆိုရင် (၇၁)နှစ် ပြည့်ခဲ့ပြီ။ သူ့ခေတ်က တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်တွေကို တနင့်တပိုးကြီး ထမ်းဆောင်ခဲ့တဲ့ လှပတဲ့သမိုင်းတွေဟာ ဘယ်လောက်ပဲကြာကြာ ဆွေးမြေ့မသွား၊ ကွယ်ပျောက်မသွားဘဲ ရှင်သန်နေဆဲပဲ ဖြစ်ပါတယ်။

ဆရာတော်ဦးဥတ္တမရဲ့ သမိုင်းတွေကို အင်အားတွေနဲ့ ချေဖျက်ခြင်းကို ခံနေရပေမယ့် သူ့သမိုင်းကတော့ သမိုင်းအဖြစ် ရှိနေဦးမှာပါ။ ပြောရရင် အနှိမ်ခံသမိုင်းအဖြစ်နဲ့။ ဆရာတော်ဦးဥတ္တမနဲ့ ပက်သက်လို့ စာရေး ဆရာ ပါရဂူက ၁၉၉၆ ခုနှစ် စစ်တွေစာပေဟောပြောပွဲတစ်ခုမှာ "လွတ်လပ်ရေးအတွက် မျိုးစေ့ချပေးခဲ့တဲ့ ဆရာတော်ဖြစ်ပေမယ့် နောက်ပိုင်းမှာ ထိုက်တန်တဲ့ အသိအမှတ်ပြုမှု မခံရပါဘူး။ မြန်မာနိုင်ငံမှာ လွတ် လပ်ရေး ကြိုးပမ်းမှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဆရာတော်နှစ်ပါးရှိတယ်။ တစ်ပါးက ဦးဝိစာရ၊ အားလုံးသိတဲ့ အတိုင်း ရွှေတိဂုံဘုရားရှေ့မှာ ကြေးရုပ်တု လုပ်ပြီးထားတယ်။ နောက် ဆရာတော်ဦးဥတ္တမ၊ ဆရာတော် ဦးဥတ္တမဟာ ဦးဝိစာရထက် အဆပေါင်းများစွာ ကြိုးပမ်းလှုပ်ရှားခဲ့တယ်။ ဒါပေမယ့် အသိအမှတ် ပြုမခံရ။ (ဖဆပလ) အစိုးရလက်ထက်မှာ ရွှေတိဂုံဘုရားဘေးက ကန်တိုမန်ပန်းခြံကို ဦးဥတ္တမပန်းခြံလုပ်ပြီးတော့ ဦးဥတ္တမကျောက်ရုပ်တုထားဖို့ အစီအစဉ်ရှိတယ်။ ကျောက်ရုပ်တုတောင် ထုလို့ ပြီးနေပြီ။ အဲဒါ ဘယ်လိုဖြစ် သွားလဲ မသိဘူး။ ဖြစ်မလာခဲ့။ ပန်းပုဆရာ ဦးဟန်တင်ခြံကို ရောက်သွားတယ်။ ကျွန်တော် ဦးဟန်တင်အိမ် ကို ရောက်သွားတယ်။ ရောက်သွားတဲ့ကိစ္စက အိန္ဒိယ သာသနာပြုဆရာတော် စန္ဒြမုနိရုပ်တုကိစ္စကြောင့်ပါ။ ဒီညနေက ဘုရားကြီးမှာ ဆရာတော် စန္ဒြမုနိရုပ်တု တွေ့ခဲ့တယ်။ ဆရာတော်ရုပ်တု ဖြစ်မြောက်ရေးကော်မ တီမှာ ကျွန်တော်ပါတယ်။ ယင်းရုပ်တုကို အိန္ဒိယ ပို့ဖို့။ ဒါပေမယ့် ပို့လို့မရတာကြောင့် ဒီမှာထားတယ်" လို့ ပြောခဲ့ဖူးတယ်။ နိုင်ငံတော် အနေနဲ့ ထိုက်တန်စွာ ဘာကြောင့် အသိအမှတ် မပြုသလဲ။ ကျွန်တော် လေ့ လာဖူးသလောက်ပြောရရင် ရခိုင်တွေကတော့ ဆရာတော်ဦးဥတ္တမဟာ ရခိုင်ဖြစ်လို့ဆိုပြီး ခံယူကြတယ်။

ရခိုင်လူမျိုးဖြစ်တဲ့ ဆရာတော်ဦးဥတ္တမဟာ တကယ်တော့ ရခိုင်တွေကပါ သိပ်အသိအမှတ်ပြုချင်တာ မဟုတ် ဘူး။ ရခိုင်အတွက် မလုပ်ခဲ့လို့တဲ့။ အဲဒီအချိန်က ရခိုင်တွေဟာ နှစ်ထပ်ကွမ်း ကိုလိုနီဘ၀ပါ။ ၁၇၈၄ မှာ ရခိုင်နိုင်ငံတော်ဟာ မြန်မာ (ဗမာ)နိုင်ငံက ၀င်ရောက်သိမ်းပိုက်မှု ခံခဲ့ရတယ်။ ဆရာတော်ဦးဥတ္တမကို ၁၈၇၉ မှာ မွေးတယ်။ ဆရာတော်ကို မွေးဖွားလာတဲ့ အချိန်မှာ ရခိုင်တွေ ကိုလိုနီဘ၀မှာ (၉၅)နှစ်ပဲ ရှိပါသေးတယ်။ ၁၇၈၄ ခုနှစ်က အခြေခံပြီးတွက်ရင် ဆရာတော် ဦးဥတ္တမဟာ တတိယမျိုးဆက်မှာ မွေးဖွားလာတဲ့သူ။ ပြောရ ရင် ဆရာတော့် အဘိုးကိုယ်တိုင် ရခိုင်တွေရဲ့ ထီးကျိုးစည်ပေါက် ကိုယ်တွေ့ အတွေ့အကြုံတွေကို မြေးဖြစ် သူကို ပြောဖြစ်ပါလိမ့်မယ်။ ရခိုင်တွေရဲ့ နှစ်ထပ်ကွမ်း ကိုလိုနီဘ၀က လွတ်မြောက်ရေးတစ်ခုတည်းကို မကြည့်ခဲ့ပါဘူး။

ဒါပေမယ့် ရခိုင်လူမျိုးဖြစ်တဲ့ ဆရာတော်ဦးဥတ္တမဟာ ရခိုင်နိုင်ငံတော် ကိုလိုနီဘ၀က လွတ်မြောက်ရေးထက် ဒီနေ့မြန်မာနိုင်ငံလို့ သတ်မှတ်ထားတဲ့ ဧရိယာထဲမှာရှိတဲ့ ဘ၀တူတိုင်းရင်းသားပေါင်းစုံ လွတ်မြောက်ရေး ကို ရှေးရှုခဲ့တယ်။ အဲဒီအတွက် လှုပ်ရှားခဲ့တယ်ဆိုတော့ အခြေအနေအရ ပေါ်ပေါက်လာတဲ့ ပင်လုံ ထက် စောစီးစွာ ဆရာတော်က ပြည်ထောင်စုစိတ်ဓါတ်နဲ့ ပြည်ထောင်စုမျိုးစေ့ကို ချပေးခဲ့တယ်။ ပြည်ထောင် စု တည်ဆောက်ရေး ရှေးရှုမှုတွေနဲ့ လွတ်လပ်ရေးမီးရှူးတံဆောင်ကို ထွန်းညှိခဲ့တယ်။ ဆရာတော် ဦးဥတ္တမ ရဲ့ ပြည်ထောင်စု တည်ဆောက်ရေး အတွေးအခေါ်တွေကြောင့် အဲဒီခေတ် ရခိုင်လွတ်လပ်ရေး အင်အား စုတွေဟာ ဆရာတော်ကို မနှစ်ခြိုက်ကြဘူး။ အဲဒီခေတ်ရဲ့ ရိုက်ခတ်မှုတွေဟာ ဒီနေ့အချိန်ထိ သက်ရောက် မှုတွေ ပျက်ပြယ်သေးတာ မဟုတ်သေးဘူး။ ဒါပေမယ့် တချို့ ရခိုင်အင်အားစုတွေ အဖွဲ့အစည်းတွေ က ပြည်ထောင်စုတည်ဆောက်ရေးလုပ်ခဲ့တဲ့ ဆရာတော်ဦးဥတ္တမကို ရခိုင်ဖြစ်လို့ နိုင်ငံတော် အဆင့် အသိ အမှတ်ပြု မခံရတာကို တော်လှန်တဲ့အနေနဲ့ လှုပ်ရှားမှုတွေ လုပ်ကြတာကို တွေ့ရပါတယ်။ ဒီနေ့ ဆရာတော် ဦးဥတ္တမ ခင်းခဲ့တဲ့ လမ်းကြောင်းကို ချီတက်နေတဲ့ ဘုန်းကြီးအချို့တောင် အသိအမှတ်ပြုချင်ပုံ မပေါ်ပါဘူး။ ဆရာတော် ဦးဥတ္တမရဲ့ တနင့်တပိုးကြီး ထမ်းဆောင်ခဲ့တဲ့ သမိုင်းပေးတာဝန်တွေကိုတောင် ချောင်ထိုး ချင်ပုံပါပဲ။

ဆရာတော်ဦးဥတ္တမရဲ့ တိုင်းပြည်လွတ်မြောက်ရေး လှုပ်ရှားမှုသမိုင်းတွေအရ ကောက်ချက်ချရရင် ဆရာတော် ဦးဥတ္တမဟာ ပြည်ထောင်စု ဗိသုကာအဖြစ် မော်ကွန်းထိုးရမှာဖြစ်တယ်။ ပြည်ထောင်စု စစ်စစ်မူ နဲ့ ပြည်ထောင်စု မတည်ဆောက်ချင်သူတွေ ပြည်ထောင်စုအမည်ခံပြီး တစ်ပြည်ထောင်စနစ် (သို့) ပဉ္စမမြန်မာနိုင်ငံတော် တည်ဆောက်ချင်သူတွေ အတွက်ကတော့ ဆရာတော်ဦးဥတ္တမကို နိုင်ငံတော်အနေနဲ့ ထိုက်ထိုက်တန်တန် ဂုဏ်မပြုဘဲ ဆက်လက်ချိုးနှိမ်နေဦးမှာကတော့ သေချာပါတယ်။ ၁၉၉၆ စစ်တွေ စာပေဟောပြောပွဲမှာ ဆရာပါရဂူက " ဆရာတော်ကို မေ့မထားသင့်ပါ။ စစ်တွေမှာ ဆရာတော်နာမည်နဲ့ ခန်းမဆောက်ပြီး ကြေးရုပ်တုရှိတယ်။ ကျွန်တော် အများကြီး ၀မ်းသာကြည်နူးမိပါတယ်။ ဒီအတိုင်းအတာနဲ့ အားမရပါ။ နိုင်ငံအတိုင်းအတာနဲ့ လုပ်စေချင်ပါတယ်"လို့ စာရေးဆရာပါရဂူရဲ့ ဆန္ဒကို ပြောကြားခဲ့တဲ့ မှတ်တမ်းကို ကျွန်တော် လေ့လာဖတ်ရှုခွင့် ရခဲ့တယ်။

ဆရာတော် ဦးဥတ္တမကို မြန်မာ့လွတ်လပ်ရေး၏ တပ်ဦး၊ မြန်မာ့လွတ်လပ်ရေး၏ မီးရှူးတန်ဆောင်၊ မြန်မာ့ လွတ်လပ်ရေးအစ ဦးဥတ္တမ၊ မြန်မာ့လွတ်လပ်ရေး၏ လင်းရောင်ခြည်၊ အာဇာနည် ဦးဥတ္တမ၊ အကြမ်းမဖက် လှုပ်ရှားမှုခေါင်းဆောင်၊ အာရှနေ၀န်း၊ အဖိနှိပ်ခံ အားလုံး၏ သင်္ကေတ စတဲ့ဂုဏ်ပုဒ်တွေဟာ စာထဲမှာရှိပြီး လက်တွေ့ ဘာမှ မရှိခဲ့ပါဘူး။ ဆရာတော်လည်း ဗုဒ္ဓဘာသာရေးအရ ၀ဋ်လည်ရှာတယ်နဲ့ တူပါတယ်။ မြန် မာနိုင်ငံရဲ့မြို့တော် ရန်ကုန်မှာ ဦးဥတ္တမလမ်း၊ ဦးဥတ္တမပန်းခြံ၊ ဦးဥတ္တမခန်းမ၊ ဦးဥတ္တမရုပ်တု ဘာမှ မရခဲ့ဘဲ ဆရာတော်ဦးဥတ္တမပြောသလို "ဂရက်တောက်၊ ဂက်အောက်"လို့ သူများကို မောင်းထုတ်ခဲ့သလို ဆရာတော်လည်း "ဦးဥတ္တမ ဂက်အောက်"လိုက်တော့ ရခိုင်ပြည်ကို ပြန်လာခဲ့ရတယ်နဲ့ တူပါတယ်။

ဆရာတော်ဦးဥတ္တမအကြောင်း ဆောင်းပါးရေးရင်း အိန္ဒိယနိုင်ငံ လွတ်လပ်ရေးသမိုင်းကို သွားသတိရမိ တယ်။ နေရူးကို အိန္ဒိယသမိုင်းဆရာတွေက အိန္ဒိယလွတ်လပ်ရေးဖခင်အဖြစ် မော်ကွန်းမထိုးဘူး။ မဟတ္တမ ဂန္ဒီကြီးကို လွတ်လပ်ရေးဖခင်အဖြစ် မော်ကွန်းထိုးတာကို သွားသတိရမိတယ်။ ကျွန်တော်တို့နိုင်ငံက ဆရာတော် ဦးဥတ္တမကို လွတ်လပ်ရေးဖခင်အဖြစ် မော်ကွန်းထိုးဖို့ အဆိုတင်သွင်းရင် တော်တော် အုတ်အော်သောင်းနင်း ဖြစ်သွားမလား မသိဘူး။ ရန်ကုန်မှာ ဦးဥတ္တမပန်းခြံကို ပြန်ရုပ်သိမ်း၊ ဦးဥတ္တမရုပ်တု က ပန်းပုဆရာ ဦးဟန်တင်အိမ်ကို ရောက်သွား၊ ဒီတစ်ခါ လွတ်လပ်ရေးဖခင်အဖြစ် မော်ကွန်းထိုးဖို့ တောင်း ဆိုရင်တော့ စစ်တွေမှာရှိတဲ့ အထိမ်းအမှတ်တွေအားလုံး ပြန်ရုပ်သိမ်းပစ်မလားမသိ။ သို့မဟုတ် ဒိုင်းနမိုင်းနဲ့ ဖြိုခွဲပစ်မလား မသိ။

ဘာပဲပြောပြော အင်အားရှိသူတွေဟာ သမိုင်းကို အသစ်ပြန်ရေးတတ်ကြတာကိုး။ အဲဒီလိုအင်အားနဲ့ သမိုင်းကို အသစ်ပြန်ရေးရင်း တစ်ဖက်မှာလည်း သမိုင်းမှတ်တွေကို ချေဖျက်ပစ်တတ်ကြတယ်။ ဒါပေမယ့် အမှန်တရားကတော့ တစ်နေရာမှာ ခေါင်းမော်ကြည့် နေမှာပါ။

ခိုင်လင်း (မေဃ၀တီ)
Arakan Review
၁၉၊ ၀၁၊ ၁၀


ခိုင်လင်း (မေဃ၀တီ)၏ မဟာလူမျိုးကြီးဝါဒ၏ မဟာအောင်ပွဲလားနှင့် ဒုတိယပင်လုံမှသည် အနာဂတ်ပြည်ထောင်စုဆီသို့ မှ-

No comments:

Post a Comment