မှတ်တိုင်


ရင်ခွဲရုံတံခါးပေါက် ရှေ့တွင် မြက်များ ကျိုးတိုးကျဲတဲ ရှင်သန်နေသည်။ နံနက်ပိုင်းက ရွာထားသောမိုးကြောင့် သဲဆန် ဆန်မြေနိမ့်နိမ့်တွင် ရေအနည်းငယ်ဝပ်နေသည်။ ထိုရေ၀ပ်အိုင်လေးက ကျော်လျက်တံခါးဝသို့ ကိုမြ ကျော် ညင်သာစွာခုန်လိုက်သည်။ မိုးကာလဖြစ်လျက် နှင့် ကတ္တီပါဖိနပ်စီးထားသည်။ လူသွားစင်္ကြန် လမ်းကို ဖြတ်လျှောက်ပြီး အလောင်းများထားရာခန်းမ၏ တံခါးဝတွင်သူရပ်သည်။လွယ်အိတ်ထဲမှ စီးကရက်ဘူးနှင့် မီး ခြစ်ကို သူထုတ်သည်။မီး ညှိကာအားရပါးရဖွာရှိုက် ပြီးကျွန်တော့် အားနောက်လှည့်ကြည့်သည်။ကျွန်တော်က ပထမ တံခါးဝတွင်သာရှိ သေးသည်။ သူဦးခေါင်းကိုအောက်သို့ဆတ်ခနဲငုံ့ကာ ၀င်ခဲ့ပါသဘောနှင့် ကျွန်တော့် ကိုခေါ်သည်။ သူ့အနီးသို့ ကျွန်တော်ရောက်လာသောအခါ အထဲသို့လှမ်းကြည့်ပြီးဝင်မည့်ဟန်ပြင်သည်။ တုန့် ခနဲရပ်ပြီး ပြန်လှည့်သည်။ စိမ်းရွှေ ပုပ်အဲ့သော အနံ့သည် လွင့်ပျံ့နေ၏။ ကိုမြကျော်က စီးကရက်ဗူးကို ကမ်း ပြီး "အော်.. ခင်ဗျားမှမသောက်တတ်ဘဲ” ဟုပြောသည်။ သူ့စကားသံ၌ စိတ်လှုပ်ရှားမှုက ကပ်ငြိနေသည်။

ရင်ခွဲရုံစောင့်က ကျွန်တော်တို့ကို အထဲမှခေါ်သည်။ ကိုမြကျော်က လက်ကာပြသည်။ ထုတ်ယူခဲ့ဟုလက်ဟန် ဖြင့် ပြသည်။ အထမ်းသမားနှစ်ဦးက အလောင်းကို သံပြားထမ်းစင်ငယ် ပေါ်သို့ရွှေ့တင်သည်။ အလင်းရောင် အားနည်းနေသော်လည်း မို့မောက်နေသော ၀မ်းဗိုက်နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်ကို မနီးမဝေးမှပင် ကျွန်တော် မှတ်မိနေသည်။ သူတို့ကအလောင်းကို ထမ်းသယ်လာစဉ် ကျွန်တော်တို့ ဦးစွာထွက်ခဲ့ကြသည်။

ရင်ခွဲရုံနှင့် ကွန်ကရစ်လမ်းငယ်ဆက်သွယ်လျက် ဇရပ်ဆန်ဆန် အဆောက်အဦးတစ်ခုရှိသည်။ သချိုင်္င်းသို့ သ ဂြိုဟ်ရန်မသွားမီ အလောင်း ကိုထိုဇရပ်၏ အုတ်ခုံမြင့်မြင့်တွင်ထားသည်။ ထိုနေရာတွင် ဖျာကြမ်းတစ်ချပ်ခင်း ထားသည်။ ခပ်လှမ်းလှမ်းတွင် လူသုံးဦးသည် အသုဘခေါင်းကို လက်စသပ်နေသည်။ အစိမ်းနုရောင်ပလပ်စ တစ်ကိုဖြတ်ကိုက် ပြီးခေါင်းပျဉ်တွင်သံမှိုရိုက်၍ ကပ်ရန်သာ ကျန်တော့သည်။

ကိုမြကျော်က သူတို့အပါးတွင်ရပ်လျက် အုတ်ခုံပေါ်တင်ထားသော အလောင်းကို ငေးကြည့်နေသည်။

“ ကိုကြီးသိန်းရယ် …. ဆရာတော်ကို ကပ်မဲ့တရားပွဲ၊ အုန်းပွဲမှာ ပစ္စည်းတွေ အားလုံးစုံရဲ့လား၊ ဟိုရောက်ရင် လည်း ခင်ဗျားပဲသွားပင့်လိုက်ပါနော်” သူပြောသည်။

သံရိုက်နေသူတစ်ဦး ထလာပြီး “သင်္ကန်းတစ်စုံပ ကျန်တော့တယ်ဆရာကျော်၊ ဒါပြီးရင် ဆိုက်ကားနဲ့သွားဝယ် လိုက်မယ်။ ဆရာတော်ကတော့ သချိုင်္င်းထဲကနီးရာကျောင်းတစ်ခုက သွားပင့်လိုက်ရင်ရပါတယ်” ထိုသူမှာ ကိုမြကျော်နှင့် အလွန်ခင်သော အိမ်နီးချင်းပရဟိတ သမားတစ်ဦးဖြစ်သည်။

“အားကိုးပါတယ် ကိုကြီးသိန်းရယ်” ဟုကိုမြကျော်ပြောသည်။ ကိစ္စ၀ိစ္စအားလုံးကို လွှဲအပ်ထားပုံရသည်။

အလောင်းကိုကြည့်ရန် ကျွန်တော်လာစဉ် ကိုမြကျော်ရပ်လျက်ကျန်ခဲ့သည်။ မိုးမှုံကလေးများကျလျက်နှင့်ပင် နေအရောင် ၀င်းနေသည်။ မို့မောက်နေသောဗိုက်သည် မျက်စိလွှဲထားသော်လည်း အမြင်အာရုံထဲသို့ရောက် နေသည်။ ပန်းနုရောင်အဖြူပန်းကွက် ကလေးများပါသော ဖလံနယ်အနွေး ထည်လက်ရှည်ကို ကြယ်သီးအစုံ တပ်လျက် သူမ၀တ်ထားသည်။ လက်အစုံသည် ဖောရောင် မို့မောက်လျက် ၀င်းထိန်နေသည်။ ခုထားစရာ အောက်ခုံ ခေါင်းအုံး မရှိသောကြောင့် ပိန်သွယ်သော လည်ပင်းသည် ခေါင်းလည်လျက် ပုခုံးနှင့် ပါး ထိနေ သည်။ ဖြစ်သလို နှောင်ထားသော ဆံပင်များ ပြေလျော့ကာ လည်ပင်းအောက်တွင်တစ်ချို့၊ ဦးခေါင်းနောက် ၀ယ် တစ်ချို့ ဖြာကြဲနေသည်။ သူမ၏ မျက်နှာပြင် တစ်ခုလုံး ၀ါထိန်နေသည်။ ပါးပြင်နှစ်ဖက် ဖူးရောင်လျက် နှုတ်ခမ်းများ ပြာနှမ်းထူအမ်းနေသည်။ ဖောင်းမို့သော မျက်ခွံအောက်မှ ဘယ်ဘက်မျက်လုံးအိမ်သည် မသိမ သာလေး ပွင့်ဟနေသည်။ နဖူးကျယ် ကျယ်၊ နှာတံမပေါ့်တပေါ်နှင့် ရုပ်ရည်သန့်ပြန့်သော မိန်းမငယ်တစ်ဦး ဖြစ်သည်။

သူမ၏အနာဂါတ်၊ သူမလွယ်ပိုးခဲ့ရသောရင်သွေး၊ သူမ၏မျှော်လင့်ချက်၊မျိုးဆက်၊ အရာအားလုံး သည်ကြွေကွဲ ပြို ပျက်သုန်းခဲ့ရပြီ။ သူမနှင့် အတူလိုက်ပါသွားမည့် ရင်သွေးသည် ယောက်ျားလေးလား၊မိန်းကလေးလား၊ သူ မသိခွင့် မကြုံခဲ့။ ကျွန်တော်မသိ၊ ကိုမြကျော်လည်းမသိ၊ လောကကြီးက လည်းမသိ၊ သိရန်လည်း မလိုအပ် တော့ပြီ။ကျွန်တော်လှည့်ကြည့်လိုက်တော့ ကိုမြကျော်က အလောင်းဆီသို့ ငေးကြည့်နေသည်။ ခေါင်းအုံးတစ် လုံး သို့မဟုတ် အကျီ င်္စများကို ဘေးပတ်ဝန်းကျင်တွင် ရှာကြည့်သည်။ မှို့များပွင့်ထွက်ပြီး ခေါင်းအုံးဆိုးတစ်ခု ကိုတွေ့ရှိသည်။ မသင့်တော်ပေ။ အသုဘခေါင်းစပ်ရန်မှ ကျန်ခဲ့သော ပျဉ်တိုသုံးချပ်ကို ကျန်ခဲ့သော ပလပ်စ တစ်ဖြင့် သပ်သပ်ရပ်ရပ် လေးပတ်သည်။ သူမ၏ဦးခေါင်းအောက်တွင်ခုသည်။ ဦးခေါင်းကိုတည့်သည်။ဆံပင် များ ကိုလည်ပင်းဘေးတွင်စုခွေထားလိုက်သည်။

ကျွန်တော့်အနီးသို့ ကိုမြကျော်ရောက် လာသည်။ သူမ၏ခြေမနှစ်ချောင်းကို သားရေကွင်းဖြင့် ပူးနှောင်သည်။ အလောင်းကို မကြည့်ဘဲကျော ခိုင်းလျက်ရပ်သည်။ စီးကရက်ဖွာရှိုက်ကာ ခေါင်းပြုပြင်နေသူများကိုကြည့်နေ သည်။ သူ့လက်မှနာရီကို ငုံ့ကြည့်ပြီး ”ဆယ့်နှစ်နာရီကျော်ရုံပဲရှိသေးတယ်။ ထွေထွေထူးထူး ကိစ္စ မရှိတော့ပါ ဘူး။ နိဗ္ဗာန်ယာဉ်က တစ်နာရီ လာမယ်လေ။ ကမ်းနားဘက်က လက်ဘက်ရည်ဆိုင် သွားမယ်။ ကိုခိုင်အောင် တစ်ခုခုစားပါလား”

“ကျွန်တော်မစားချင်ဘူး၊လက်ဘက်ရည်ဆိုင်သွားလေ”

ကျွန်တော်တို့ထိုနေရာမှထွက်ခွာခဲ့ကြသည်။

မနေ့က ဤအချိန်မျိုးတွင် ဤနေရာမှအသုဘတစ်ခုကို စီစဉ်လိုက်ပို့ခဲ့ကြသည်။ ကျွန်တော့်တို့နှင့်ကျောင်းနေ ဘက် မိတ်ဆွေတစ်ဦး၏ ဖခင်ဖြစ်သည်။ စစ်တွေသို့ ဆေးကုလာရင်း ဆေးရုံ၌ဆုံးသွားသည်။ ကျွန်တော် တို့ မိတ်ဆွေအသိုင်းအ၀ိုင်းများ စုပေါင်းစီစဉ်ခဲ့ကြသည်။ ၎င်းမှဆက်၍ ကိုမြကျော်၏ ယခုကိစ္စ သီးသန့်ပေါ်ပေါက် လာခြင်းဖြစ်သည်။

ကျန်ခဲ့သောတမြန်နေ့ည ၈ နာရီထိထိုအသုဘ၌ ကိုမြကျော်ရှိသည်။ စာပေမိတ်ဆွေတစ်ဦးနှင့် တွေ့စရာ ရှိ၍ သူပြန်သွားသည်။ ဆရာတော် တရားဟောကြားနေစဉ် လတ်တလောဆုံးလာသော အလောင်းတစ်ခုကိုရင်ခွဲ ရုံသို့သယ်လာ သည်။ အစပိုင်းတွင်ကျွန်တော်တို့သာမန်မေ့မေ့လျော့လျော့။

ခပ်မာမာဟောက်သံ၊ အောက်ကြို့တောင်းပန်သံ၊ ယောက်ျားတန်မဲ့၊ ငိုသံထက်ဝက်နှင့်ပြောသံများကျယ်လာ သည်။ အာရုံများက ထိုဘက်သို့လှည့်သွားသည်။

ကိုယ်ဝန်နှင့် အမျိုးသမီးတစ်ဦး၏ အလောင်းကို ရင်ခွဲရုံတံခါးဝတွင် ချထားသည်။ ခပ်ဖွဲဖွဲမိုးထဲတွင် သယ်လာ သောကြောင့် မိုးရေစိုရွှဲနေသည်။ နဖူးနှင့်နှာသီးဖျားတွင် တင်နေသောမိုးစက်များသည် ခပ်စောင်းစောင်းထိုး ကျနေသော မီးရောင်နှင့်လက်နေသည်။ လင်ယောက်ျားဖြစ်ဟန်တူသူသည် လွယ်အိတ်နှစ်လုံးကို တစ်ဘက် တစ်ချက်လွယ်ပြီး တိုလီမိုလီပါသော ကြိမ်ခြင်းတစ်ခုကို ဘယ်လက် ၊ လေးဆင့်သွပ်ချိုင့်တစ်ခုကို ညာ လက် တွင် ကိုင်ကာအလောင်းဘေးတွင် ရပ်နေသည်။ ၀မ်းနည်းကြေကွဲသဖြင့် နှုတ်ခမ်းများတုန်ရင်းပါးစပ်မဲ့ရွဲ့ကာ စကားကို ပီပီပြင်ပြင် မပြောနိုင်ပေ။ ခွဲရုံစောင့် လူငယ်က ပိတ်ထားသော တံခါးဝတွင်ရပ်ကာ စကားရင့်ရင့် ပြောနေသည်။ အနည်းငယ်သောက်စားထားပုံရသည်။

“အစ်ကိုတို့ စဉ်းစားကြည့်ပါအုံး၊ ဒီလူတွေက သူတို့အလောင်းကို အမှိုက်ပုံလိုဒီမှာထားခဲ့မယ်။ လာမယ်မလာ မယ် သေချာတာလည်း မဟုတ်ဘူး။ ဒါကျန်းမာရေးဌာနပါ။ ရက်စွန်းလာရင် ပတ်ဝန်းကျင်ကိုထိခိုက်တယ်။ မ လာရင် ကျွန်တော်တို့မောပြီ။ အလုပ်ရှုပ် တဲ့အထဲ မှာဒီအလုပ်ကစိတ်ညစ်ဖို့အကောင်းဆုံးပဲ”

ကျွန်တော်တို့ရောက်လာသောအခါ သူ့လေသံက အလုပ်သဘောဆန်သွားသည်။

“ ဟေ့လူ မိန်းမသေတာအဆန်းလားဗျ၊ အူတူတူ ကြောင်တောင်တောင်နဲ့၊ ခင်ဗျားပြန်လာမယ့်လူ မဟုတ်ပါ ဘူး။ ပေးမထားနိုင်ဘူးဗျာ၊ ဟိုဇရပ်မှာထားပြီး ဖြစ်သလိုသဂြိုင်္ဟ်ဗျာ”

အလောင်းရှင်သည် ကျေးတောနေတစ်ဦးဖြစ်သည်။ တစ်စုံတစ်ရာတုန့်ပြန်ရန် ကိုယ်နှုတ်အမူအရာပြင်သည်။ ပါးစပ်မှ အသံထွက် မလာဘဲ ကျွန်တော်တို့ကို ပါးစပ်ဟ၊ မျက်လုံးပြူးကာ စိုက်ကြည့်နေသည်။

သူသည် တစ်ရပ် တစ်ကျေးမြို့ပေါ်၌ အသုဘအတွေ့အကြုံ မရှိသူ၊ လုပ်ထုံးအစဉ်အလာများကို သိနားလည် ခြင်းမရှိသူ။သည်အထဲ ပရိဒေ၀ဖိစီးနေသေးသည်။ ကျွန်တော်တို့က ညှိညှိနှိုင်းနှိုင်းပြောပေးသည်။ ခင်ဗျားတို့ ဘယ်ကလဲ၊ ငွေဘယ်လောက် ကျန်သေးလဲ (တစ်ရာကျော်)။ စစ်တွေမှာ အသိမိတ်ဆွေရှိသလား(မော်တော် ဆိပ်မှာ)။ မနက်ဖြန် ကိုးနာရီဒီကိုလာခဲ့၊ ငွေငါးရာလောက်ရှာခဲ့၊ အဆင်မပြေရင် ပစ္စည်းတွေရောင်းဗျာ။

“ ဟေ့လူ.. ဖြစ်အောင်လာခဲ့နော်၊ မလာရင်ခင်ဗျားတို့လိပ်စာ ဆေးရုံမှာရှိတယ်၊ မလွယ်ဘူးနော်။ ”

“ ဟေ့လူခင်ဗျားတော်တော့…”

ရင်ခွဲရုံစောင့်အား ကျွန်တော်တို့က ဟန့်တားဖျောင့်ဖျကြသည်။ မိတ်ဆွေတစ်ဦးက "ရော့၊ခင်ဗျားကလေးတွေ စာအုပ်ဝယ်ဖို့။" ဆိုပြီး ငွေတစ်ရာပေးသည်။ ” အရက်မသောက်ပစ်နဲ့နော်၊ သောက်ချင်ရင်ဟိုမှာရှိတယ်” ဟု ထောင့် တစ်နေရာကိုညွှန်သည်။

တံခါးဖွင့်ပြီးအလောင်းကို အထဲသို့သွင်းလိုက်သည်။ လင်ယောက်ျားက မတုန်မလှုပ် ရပ်ကြည့်နေသည်။

”ကျေးဇူး တင်ပါတယ်” ဟုအ ခါခါထပ်ပြောပြီး မိုးထဲတွင်သူထွက်သွားခဲ့သည်။

သည်ဖြစ်ရပ်ကို အသုဘပို့ရင်း သင်္ချိုင်းမှာ ကျွန်တော်တို့ ပြန်ပြောကြသည်။ ကိုမြကျော် စိတ်ဝင်တစားနား ထောင်သည်။ လှုပ်လှုပ်ရှားရှား သူ ဖြစ်သွားသည်။ ”အမျိုးသမီးက ကိုယ်ဝန်နဲ့ပေါ့” ဟုတွေးတွေးဆဆတစ်ဦး တည်းပြော ပြီးတစ်ခုခုကို စဉ်းစားသလိုဖြစ်နေသည်။ ရောက်တတ် ရာရာပြောနေသော စကားဝိုင်းတွင် သူ မပါဝင်တော့ ပေ။

ကိုမြကျော်က ဣနြေ္ဒသမား၊ အတွေးသမားဖြစ်သည်။ မျက်နှာတည်တည်နှင့်မဟုတ်ဘဲ နှစ်လိုဖွယ် အပြုံးရှိ သည်။ စိတ်ရင်းဖြူစင်ပြီး ကူညီတတ်သူဖြစ်သောကြောင့် ခင်မင်လေးစားကြသည်။ မြောက်ဦးမြို့နယ် ၊ကျေး တောရွာ ၊ချောင်လည်သော လယ်သမားမိသားစုထဲက ကြီးပြင်း လာသည်။ မြို့နယ်အထက်လွှာများလို လှပ သန့်ရှင်းသပ် ရပ်စွာဝတ်စားနေထိုင်တတ်သည်။

“ကျွန်တော်ကတောသားပေမယ့် မင်းသားလေးလို နေချင်စိတ်ပါလာခဲ့တယ်။ အဖေကကြည့်လို့ကိုမရဘူးတဲ့။ ၀ဋ်ပါတယ်ပေါ့ဗျာ” ဟု သူ့ကိုယ်သူ ခပ်လှောင်လှောင်ပြောတတ်သည်။ ကျွန်တော်နှင့် စစ်တွေကောလိပ်တွင် ဆုံကြသည်။ စာပေအနုပညာ မြတ်နိုးစိတ်တူသောကြောင့် ညီအစ်ကိုပမာ၊ ငယ်ပေါင်းရောင်းရင်းပမာ ချစ်ခင် ခဲ့ကြသည်။ အနေအထိုင် အပြောအဆို နူးညံ့သလောက် အစားအ သောက်ကြံ့ကြံ့ခံနိုင်သည်။အလယ်တန်း ဆရာ ဘ၀နှင့်ဘီအီးဒီ (အထက်တန်းဆရာဖြစ် သင်တန်း)ကို ကျွန်တော်တို့ တက်ကြ သည်။ တက်ချင်လို့ မ နည်းကြိုးစား ပြီးတက်လာရတာ၊ စီးပွားရေးက အရင်လိုမဟုတ်၊ အဖေဆုံးပြီး မိသားစုတာဝန်ကိုယူနေရသည် ဟုပြောသည်။ သင်တန်းတလျှောက်နံနက် ညစာကျောင်းထမင်းဟင်းမှလွဲ၍ ဘာမှမစား၊ လက်ဘက်ရည် ကော်ဖီမသောက်။ ကျွန်တော်တို့ လက်ဘက်ရည်ဆိုင်ထိုင်လျှင် ရေနွေးကြမ်း သောက်ပြီး ဆေးလိပ်ဖွာမည်။ ကျွေး၍ လည်းမရ၊ ဆေးလိပ်ကိုတော့စွဲလန်းသည်။ ညဘက်ကျလျှင် တယောအိုးလေးနှင့်နွဲ့နေတတ်သည်။ ကျောင်းအားလျှင် တစ်ခါတစ်ရံ မြေနီကုန်း၊ ပန်းဆိုးတန်း စာအုပ်အဟောင်း ဆိုင်များကိုသွားမွှေကြ ၊ဈေးပေါ လျှင် ၀ယ်စုကြသောစရိုက်မျိုး ကျွန်တော်တို့တူသည်။ ကျောင်းပြန်သောအခါ သူ့စာအုပ်များက ကျွန်တော့်နှစ် ဆခန့်ရှိသည်။

စစ်တွေသို့ သူတာဝန်ကျလာသောအခါ ကျွန်တော်ပျော်သည်။ သူ့အရည်အချင်းနှင့် စိတ်ဓါတ်ကို ကျွန်တော် ယုံသည်။ စာပေအနုပညာ၌ သူပို မို၍ရှင်သန်လာသည်။ ပညာရေး၌လည်းသူအောင်မြင်သည်။ ၀င်ငွေကို သိက္ခာ အပြည့်နှင့်ရှာသည်။ ဂုဏ်သိက္ခာရှိစွာ နေထိုင်သည်။ သူ့စေတနာကို တပည့်များမိဘများကနားလည် ကြသည်။ သူ့ညီမငယ်နှစ်ဦးနှင့် အဒေါ်ကိုခေါ်သည်။

“ကျွန်တော်တို့စာပေသမား၊ ကျွန်တော်တို့ ကျောင်းဆရာဆိုတာ အပေးသမားတွေပါ၊ အစွန့်သမားတွေပါဗျာ၊ ယူတယ်ဆိုတာ လောဘ မဟုတ်ပါဘူး၊ ဘ၀မှာ က္ကနြေ္ဒရရလေးနေဖို့၊ နောက်ထပ်များများ ပေးနိုင်ဖို့အတွက် ပါဗျာ”

သူ့အတွက် ဘ၀လမ်းကို ရွေးချယ်ပြီးသား ဖြစ်ပေသည်။

မနေ့က အသုဘတွင် သူစကားဆန်းဆန်း ပြောသည်။

“တစ်ဘက်သားကို အထင်သေးစော်ကားတယ် မဟုတ်ပါဘူး၊ ကျွန်တော့်စိတ်ထဲ တစ်မျိုးကြီးဖြစ်နေတယ်၊ ဟို လူက သူ့မိန်းမကိုလာပြီး သဂြိင်္ုဟ် ဖို့သိပ်မလွယ်ဘူးထင်တယ်။ အဲဒါဆိုရင် တော်တော်စိတ်မကောင်းစရာဘဲ။ ကိုယ်ဝန်သည်ဆိုတော့ ဗိုက်ထဲကကလေး အတွက်ပါ ခံစားရတယ်ဗျာ”

“ခင်ဗျားက လူပျိုကြီးမို့လို့ပေါ့၊ မိသားစုနဲ့ကလေးအဖေဆိုရင် ပိုပြီးဒီထက်ပိုပြီးခံစားရမှာ”

ကျွန်တော်ခပ်ပေါ့ပေါ့ပြောခဲ့မိသည်။ သူကဘာမှပြန်မပြော ၊နွမ်းရိစွာပြုံးသည်။ သူ့မျက်ဝန်းများက ဝေမှိုင်းနေ သည်။ ယနေ့နံနက် ဆယ်နာရီခန့်တွင်ကျွန်တော့်ထံသို့ သူရောက်လာခြင်းဖြစ်သည်။

“ကိုခိုင်အောင်လိုက်ခဲ့ပါဗျာ၊ မနေ့ကအသုဘကို ကျွန်တော်စီစဉ်နေတယ်၊ နောက်မှ အေးအေးဆေးဆေးပြော ပြမယ်၊ လာ… သွားကြ မယ်။”

ကျွန်တော်တို့နှစ်ယောက် ဝေယျာဝစ္စတွေနှင့် အလုပ်ရှုပ်နေသဖြင့် စကားရှည်ရှည် မပြောဖြစ်ကြ။ သူနှင့်မည် သို့ ပက်သတ်သွားသလဲ၊ ကျွန်တော်မတွေးတတ်။

ရင်ခွဲရုံရှေ့၌ လမ်းမကြီးသည် တောင်နှင့်မြောက်ကို ဖြောင့်တန်းစွာပြေးနေသည်။ ဤလမ်းကို ထောင့်မှန်ကျ လျက် အရှေ့အနောက် ဖြတ်သော လမ်းရှိသည်။ လမ်း၏ အရှေ့ဘက်ဆုံး၌ ကုလားတန် မြစ်ကမ်းဖြစ်သည်။ ညာဘက်တွင် ဆေးရုံဝင်းကြီးတစ်ခုလုံးဖြစ်၍ ထုံးဝါရောင်အဆောက်အဦးများ ဆက်တိုက်ရှိနေသည်။ လမ်း ၏ အနောက်ဘက်တွင် ကျေးလက် တောရွာနှယ် သစ်ပင်ကြီးများ စီတန်းနေသည်။ ပိတောက်ပင်ကြီးများနှင့် ပျဉ်းမပင်ကြီးများ ရှိပါသည်။ မြစ်ပြင်ကိုမျက်နှာမူလျက် ကျွန်တော်တို့ လျှောက်လာကြသည်။ မြစ်ဘက်နှင့် နီး လာလျှင် ပင်လယ်ကဗွီးပင်များရှိသည်။ မြစ်ဘက်မှလေတိုက်နေသဖြင့် ကဗွီးရွက်များ တရှဲရှဲတရှီးရှီး မြည်နေ သည်။

“မနေ့ညနေ ဘက်ကျူရှင်ပြီးတော့ ကိုဇော်ဆီသွားတယ်။ ကျွန်တော်နဲ့ခင်တဲ့ ဆရာဝန်ကဗျာ ဆရာလေ၊ ကို ခိုင်အောင်သိပါတယ်။ အသုဘ မသင်္ဂြီုဟ်ဖြစ်ဘူးဗျာ ၊အဲဒီအမျိုးသမီးရဲ့ဆေးရုံ့မှတ်တမ်းတွေလည်း ကိုဇော် ကူညီပေးပါတယ်၊ ကျွန်တော့်အပေါ် သံသယ ကင်းပြီးသားပါ။ ရောဂါက အီးကလစ်စီးယားဆိုလားပဲ၊ကိုယ်ဝန် ဆောင် သွေးဆိပ်သင့်တယ်ပေါ့ဗျာ။ မိခင်လောင်းတစ်ဦးအနေနဲ့ အာဟာရလည်း တော် တော်ချို့ယွင်းနေ တယ်။ ဆေးကုသမှုလည်း နောက်ကျတယ်။ ဆင်းရဲတာလည်းပါမှာပေါ့လေ။ ”

လမ်းရှေ့တည့်တည့်မှ မြစ်ပြင်ကို မြင်နေရသည်။ နောက်ခံတောင်တန်းများ မှုံဝါးဝါးဖြစ်နေသည်။

"ကျွန်တော်တစ်ညလုံး အိပ်မရဘူး၊ သချိုင်္င်းမှာ ကိုခိုင်အောင်တို့ပြောနေကတည်းက ကျွန်တော်စိတ်မကောင်း တော်တော်ဖြစ်သွားတယ်။ ခုလိုမိုးဦးမှာပဲ ကျွန်တော့်အမေဆုံးတာ ကိုယ်ဝန်ကြီးနဲ့ပဲ။ ကျွန်တော်အခုထိ မြင် ယောင်သေးတယ်။"

သူ့အသံ အနည်းငယ် လှိုက်ပြီး တိတ်သွားသည်။ ကျွန်တော့်ရင်ထဲ ဆို့နစ်သွားသည်။ မြစ်မှ လှိုင်းပုတ်သံများ ကြားနေရသည်။

“ကျွန်တော်က မြောက်ဦးမှာ စာသင်နေတယ် ၊ခြောက်တန်း၊ ညီလေးတစ်ယောက် ရတော့မယ်ဆိုပြီးပျော်နေ တာ၊ အမေဆုံးတယ်လို့ သိရတော့ငိုတာပဲ။ အဲဒီတုန်းက မိုးကြီးလို့ချောင်းတွေ၊ လယ်ကွင်းတွေမှာ ရေတွေလျှံ နေတာကျွန်တော်မှတ်မိတယ်။ ရွာကိုလှေနဲ့ လာခဲ့တော့ လှေပေါ်မှာလည်းငိုတာပဲ၊ အမျိုးသမီးရဲ့ အလောင်း ကို ခပ်ဝေးဝေးမှလှမ်းကြည့်ရင်း ကျွန်တော့်အမေလိုပဲ၊ သူက အသက်ငယ်တယ်၊ ကျွန်တော်နဲ့ ညီမလေးတွေ ကျန်ခဲ့တယ်။ သူမှာက ပထမဆုံးသားဦး ကိုယ်ဝန်၊ အေးဗျာ…  လူ့ဘ၀မှာ ဘယ်လိုခေါ်မလဲ။”

ကျွန်တော်တို့ စကားမဆက်မိကြ။ ကိုယ့်အတွေးနှင့်ကိုယ် ရှိနေကြသည်။ “မနက်မိုးလင်းချင်းပဲဆေးရုံကို ကျွန် တော်သွားတယ်၊ တာဝန်ယူပြီး သဂြိင်္ုဟ်မယ်ပေါ့၊ ဘာမှမပက်သတ်တဲ့ လူဆိုတော့ ပြောပြရှင်းပြရတာပေါ့၊ ကို ဇော်က အများကြီး ထောက်ခံကူညီပေးပါတယ်။ ငွေကုန်တာကိုထား၊ ဒီကိစ္စ ပြေလည်ဖို့အောက်ကျို့ တောင်း ပန်ရမှာကိုလည်း ကျွန်တော်ဝန်မလေးပါဘူး။ဆေးရုံတာဝန်ရှိသူတွေလည်း အများကြီးကောင်းပါတယ်။ ဆရာ ၀န်ကြီးကို ကျွန်တော်ပြောပြခဲ့တယ်။ကျွန်တော့်အမေလည်း သူ့လို ဆုံးခဲ့ပါတယ်။ အမေ့ အတွက် အမှတ်တရ လုပ်တာပါ။ ခုလိုခွင့်ပြုတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်လို့၊ သူကလက် ဆွဲနှုတ်ဆက်ပြီး၊ ပြန်ထွက် ခါနီး သာဓုပါလို့တောင် ရယ်ရယ်မောမော ပြောသွားသေးတယ်။”

သူပေါ့ပါးသွားသည်။ အပျော်သံကပ်ပါလာသည်။

“ထောင်စုသစ်ကြိုတဲ့ အမေ့အလွမ်းပြေ ကုသိုလ်ခင်းလေးပေါ့” ကျွန်တော်ပြောလိုက်သည်။

“ ခင်ဗျားဟာက ကဗျာတစ်ပုဒ်စပြီလေ၊ ဆက်လုပ်ဗျာ။”

ကလေးငယ်တစ်ဦး ပမာသူပြုံးရယ်သည်။ မြစ်ပြင်ကို မျက်နှာမူထားသော လက်ဘက်ရည်ဆိုင်ထဲ ၀င်ထိုင် သည်။ မိုးဦးလေကြောင့် အနည်းငယ် လှိုင်းကြမ်းနေသည်။ မြစ်တစ်ဘက်ကမ်းမှ တောင်တန်းများကို လုံးဝ မ မြင်ရ တော့ချေ။

“ဟိုဘက်ကမ်းက ပေါက်တောမြို့နယ်ပဲ၊ အမျိုးသမီးရဲ့နေရပ်လိပ်စာက ပုဏ္ဏားကျေးလား၊ ပုဏ္ဏားကြီးလားမ သိဘူး။ ဆရာဝန် လက်ရေးဆို တော့ဖတ်ရမလွယ်ဘူး၊ ပေါက်တောမိတ်ဆွေတွေ သိမှာပါ။ ကျွန်တော်တို့ခရီး ကြုံလို့ ရောက်ရင်လည်း အကျိုးအကြောင်း ၀င်ပြောရတာပေါ့။”

“သူ့ယောက်ျား အခုနေ အသူဘမှာ ရောက်လာရင် ပိုကောင်းသွားမယ် ကိုမြကျော်။”

“အေးဗျာ၊ သူလည်းမလာဘဲ ဘယ်နေချင်ပါ့မလဲ။”

နိဗ္ဗာန်ယာဉ်ကို ဆယ့်ငါးမိနစ်လောက် စောင့်ဆိုင်းပေးပါရန် ကိုမြကျော်က မေတ္တာရပ်ခံသည်။ စီးကရက်ဖွာ လျက် လမ်းမကြီးဘက်သို့ ကြည့်ရင်း၊ နာရီကို ကြည့်ရင်း ကိုမြကျော် စိတ်လှုပ်ရှားနေသည်။

စီးကရက်ကို မြောင်းထဲသို့လွှင့်ပစ်လိုက်ပြီး ”ကားဆရာရယ်၊သွားကြမယ်” ဟုဆိုကာ ကားပေါ်တက်သည်။ နောက်မှတိုယိုတာ နောက်ဖွင့် ကားလေးတွင် ကျွန်တော်၊ ကိုမြကျော်နှင့် ကိုကြီးသိန်းတို့အဖွဲ့ လိုက်ပါ ခဲ့ကြ သည်။ အသုဘကို ဖြစ်ကတတ်ဆန်းမဟုတ်ဘဲ ဗုဒ္ဓဘာသာထုံး တမ်းစဉ်လာနှင့်အညီပြုခဲ့သည်။ လာပို့သူက ခြောက်ဦး၊ အသုဘရှင်က သန့်သန့်ပြန့်ပြန့် ၊သေသူက အ၀တ်အစား ဆင်းဆင်းရဲရဲ၊ ကိုယ်လေး လက်ဝန်ကြီး နဲ့၊ အသုဘသည် စည်းမကျ၊၀ါးမကျ ဖြစ်နေသည်။

“တပည့်တော်ရဲ့ ညီမလေးပါဘုရား၊ ဝေးသွားတာကြာပါပြီ၊ ဆေးရုံမှာဆုံးပြီးမှသိရပါတယ် အရှင်ဘုရား”

သူ့အသံ သည်ပကတိ တည်ငြိမ်နေသည်။ အသုဘခေါင်းအဖုံးကို သံမရိုက်မီ အမျိုးသမီးငယ်အား နောက်ဆုံး အကြိမ် ကြည့်လိုက်မိသည်။ ကိုမြကျော်က ကျွန်တော့်ကို ကျောခိုင်းကာရပ်လျက် ပြန်ကြွသွားသောသံဃာအ ရှင် အားငေးကြည့်နေသည်။

နံနက်လင်းသည်နှင့် ကိုမြကျော်ရောက်လာခဲ့သည်။ လန်းဆန်းပေါ့ပါးသော အပြုံးနှင့်ဖြစ်သည်။

“မနေ့က ကျွန်တော်နည်းနည်းလိုသွားတယ်ဗျာ၊ လိုက်ခဲ့ပါအုံး၊ ကိုခိုင်အောင်ရယ် ၊ကျောင်းရှိရင်လဲ ဒီတစ်မ နက်တော့ လိုက်ကူပါအုံး။”

ကျွန်တော်ငြင်းစရာမရှိပါ။ ကျွန်တော်တို့ စက်ဘီးကိုယ်စီဖြင့် ထွက်လာခဲ့ကြသည်။ မနေ့ကအကြောင်းတွေကို ကျွန်တော်တို့ ပြောလ ကြသည်။ ကျွန်တော့်ရင်ထဲ၌ ဖြစ်တည်နေသော မေးခွန်းတစ်ခုရှိသည်။

“ကျွန်တော်သတိထားမိတယ်၊ အဲဒီအမျိုးသမီးကို ခင်ဗျား သေချာ မကြည့်ဖြစ်ဘူးနော်။”

သူကကျွန်တော့်ကို အံ့သြသင့်စွာကြည့်သည်။ နွမ်းလျစွာပြုံးသည်။

“ဟုတ်တယ်၊ ကိုခိုင်အောင်၊ သူ့မျက်နှာကို မကြည့်မိအောင်နေခဲ့တယ်၊ ကျွန်တော်စကတည်းက အမေ့အသု ဘ လိုခံစားပြီးလုပ်နေတာ၊ သူ့ကို ကြည့်မိရင် တစိမ်းမျက်နှာကိုမြင်ပြီး အာရုံပျက်သွားမှာကိုစိုးတယ်၊ မနေ့က နိုးတ၀က်နဲ့ အမေ့ကိုပဲမြင်တယ်၊ အမေ့ကို ကိုယ်တိုင် သင်္ဂြိုဟ်လိုက်သလို ကျွန်တော်ခံစားရတယ်၊ မစမ်းဖြူ ဘ၀က တော်တော်ကြေကွဲစရာ ကောင်းပါတယ်၊ သူ့ရင်သွေးလေးအတွက် ပိုပြီးစိတ်မကောင်းစရာပေါ့။"

ဆိုင်းဘုတ်ပန်းချီဆိုင်ငယ် တစ်ခုတွင် ကျွန်တော်တို့ရပ်နေကြသည်။ ဆိုင်ထဲသို့ သူဝင်သွားသည်။ သစ်သား မှတ်တိုင်တစ်ခုကို ယူပြီး ကျေကျေနပ်နပ်ပြုံးလျက် သူထွက်လာသည်။

သပ်သပ်ရပ်ရပ်မှတ်တိုင်လေး

“မစမ်းဖြူ(ပေါက်တော)၊

အသက်(၂၂နှစ်)။”

နီညိုရောင်ပျဉ်ပေါ်တွင် အဖြူရောင်ဆေးဖြင့် ၀ိုင်းစက်စက်ရေးထားသည်။ မနေ့ညကထဲက အပြီးသပ်မှာထား ခြင်းဖြစ်ပေမည်။ လှပလွန်းသောသူ့စိတ်ကူးကို ရင်ထဲ၌ ချီးကျူးနေမိသည်။

“ဆင်းဆင်းရဲရဲသေရပေမယ့် ဘ၀မှာမှတ်တိုင်လေး တစ်ခုတော့ ရှိသင့်ပါတယ်ဗျာ။ ကျွန်တော်တို့လုပ်ပေးရ မှာပေါ့၊ ဟုတ်တယ် မဟုတ်လား ကိုခိုင်အောင်။”

ဘာကြောင့်မှန်းမသိ၊ ကျွန်တော်ဝမ်းနည်းသွားသည်။ သို့သော် ကြည်နူးနေသည်။ စကားပြန်မပြောမိ၊ သူ့ကို ပြုံး လျက်ခေါင်း ညိတ်ပြမိသည်။

လူသားတစ်ဦး သေဆုံးသွားသောအခါ သူ့အတွက် ၀မ်းနည်းပူဆွေးသူ အနည်းနှင့် အများ ရှိကြပေလိမ့်မည်။ အရေးကြီးသည်မှာ တန်ဖိုးထား ကြေကွဲမှု ဖြစ်ပါသည်။ ကျွန်တော်တို့ သေဆုံးသွားသောအခါ ကျွန်တော်တို့ ကို တန်ဖိုးထား ကြေကွဲသူ အနည်းဆုံး တစ်ဦးတော့ရှိသင့်ပါသည်။ ကံဆိုး မိုးမှောင်ကျစွာနှင့် လူ့လောကကို ကျောခိုင်း သွားရသော်လည်း သူမအားတန်ဖိုးထား ကြေကွဲ သူတစ်ဦး ရှိနေခြင်းအတွက် ၊ သူမသိခွင့် မကြုံ တော့သော်လည်း မစမ်းဖြူကံကောင်းပါသည်။

စက်ဘီးကိုဆိုင်မှာ ထားခဲ့ပြီး ဆိုက်ကားတစ်စီး ငှားကြသည်။

“အစ်ကိုတို့ဘယ်ကိုသွားမလဲ”

"သချုင်္ိင်းကို…”

စာပေအနုပညာမြတ်နိုးသော ကျောင်းဆရာတစ်ဦးက သူနှင့်မည်သို့မှ မပတ်သက်သော တောသူမလေးတစ် ဦး၏ သင်္ချိုင်းမြေပုံတွင် မှတ်တိုင် ငယ်တစ်ခုစိုက်ခဲ့ပါသည်။

ဤလူ့ရွာမြေ၏ တစ်ခုသောသင်္ချိုင်းတစ်နေရာတွင် မေတ္တာတရားမွှေးမြ၊ သုခုမသင်းမြသော မှတ်တိုင်ငယ် တစ်ခု ရှိပါသည်။ ထိုမှတ်တိုင် အောက်တွင် မစမ်းဖြူနှင့် ရင်သွေးငယ်တို့ ငြိမ်းချမ်းနေကြပါပြီ။

ထိုမှတ်တိုင်သည် လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ်ခန့်က သေဆုံးသွားသော ကျေးတောသူမိခင်တစ်ဦး၏ မှတ်တိုင်လည်း ဖြစ်နိုင်ပါ သည်။

ထိုမှတ်တိုင်သည် အဝေနိကဒုက္ခနှင့် သေဆုံးသွားရသော အမျိုးသမီးများအတွက် မှတ်တိုင်လည်းဖြစ်နိုင်ပါ သည်။

ထိုမှတ်တိုင်သည် မိခင်၏ဂီတ၊ မိခင်၏နို့ရည်ကို ခံစားသောက်စို့ခွင့် မကြုံသော ရင်သွေးငယ်များအတွက် မှတ်တိုင်လည်း ဖြစ်နိုင်ပါသည်။

ထိုမှတ်တိုင်ကို စိုက်ထူပေးသူ၏ ဘ၀မှတ်တိုင်ငယ်တစ်ခုလည်း ဖြစ်နိုင်ပါသည်။

မောင်ခိုင်အောင် 

မှတ်ချက် ။            ။ ဤ၀တ္ထုသည် စာပေလောကစာအုပ်တိုက်မှကျင်းပသောမိုးမိုး(အင်းလျား) အမှတ်တရ ၀တ္ထုတို ပြိုင်ပွဲ(သတ္တမကြိမ်၊ ၂၀၀၀ခုနှစ်)တွင် ပထမဆုကိုဆွတ်ခူးရရှိခဲ့သော ၀တ္ထု ဖြစ်ပါသည်။

No comments:

Post a Comment