နေနှင့်လ အမှတ်သညာ မင်္ဂလာ - နန္ဒာထွန်း

အာနန္ဒစန္ဒြကျောက်စာဝင် မင်းဆက်ကြီးသုံးဆက်တွင် ဒုတိယမင်းဆက်သည် ဝေသာလီကျောက်လှေကား မြို့တော်တွင် ထီးနန်းစိုက်တည် စိုးစံခဲ့ကြသည်။ ထိုမင်းဆက်ကို ကျောက်စာ၌ ဒွေင်္စန္ဒြဟုရေးပြီး ရခိုင်ရာဇ၀င် များတွင် မဟာစန္ဒရားမင်းဟုရေးသော မင်းမှ အစပြုပါသည်။ မင်းဦးရေ (၁၃)ပါး ဖြစ်သည်။ စိုးစံခဲ့သော နန်းသက်ကို နှစ်ပေါင်း (၂၃၀)ဟု ကျောက်စာတွင် ဖော်ပြထားပါသည်။ ထိုမင်း(၁၃)ပါးလုံးပင် ဒင်္ဂါးများ စက်နှိပ်ထုတ်ဝေခဲ့ကြောင်း လေ့လာသိရှိရပါသည်။ ဒင်္ဂါးအားလုံး၌ပင် တစ်ဘက်၌ နွားလားဥဿဘပုံပါရှိပြီး အခြားတစ်ဘက်တွင် သီရိဝစ္ဆခေါ် မကိုဋ်ပုံတံဆိပ် စက်နှိပ်ထားပါသည်။

တတိယမင်းဆက်၌ကား မင်း(၉)ပါး ပါရှိပါသည်။ မဟာဝီရမင်းမှစပြီး အာနန္ဒစန္ဒြမင်းထိ ဖြစ်ပါသည်။ ထိုမင်း(၉)ပါးအနက်မှ မင်း(၃)ပါးတို့၏ ဒင်္ဂါးများကိုသာ တွေ့ကြရသေးသည်။ ထိုမင်း(၃)ပါးတို့၏ တွေ့ရှိပြီး ဒင်္ဂါးများတွင်လည်း အထက်ဒုတိယမင်းဆက် မင်း(၁၃)ပါးတို့၏ ဒင်္ဂါးများကဲ့သို့ပင် နွားလားဥဿဘပုံနှင့် သီရိဝစ္ဆ မကိုဋ်ပုံတံဆိပ်နှင့်အတူ “နေနှင့်လ”တို့ကိုလည်း အပေါ်ထိပ်ပိုင်းနေရာတွင် သင်္ကေတပြုပြီး အမှတ်တံဆိပ် ခတ်နှိပ်ထားခဲ့ပါသည်။ “နေ”ကို စက်ဝိုင်းအလယ်တွင် အစက်ငယ်တစ်စက်ထည့်ပြီး ပြထား ပါသည်။ “လ”ကိုမူ လခြမ်းသဏ္ဍာန် တစ်ခြမ်းမပြည့်သော လဆန်းပုံဖြင့် နှစ်ထပ်ကွေးလျက် ပြထားပါသည်။ ဒင်္ဂါးတိုင်း၌ ထိုသို့ နေတံဆိပ်၊ လတံဆိပ်များ ပါရှိသည်ကို ကြည့်ခြင်းအားဖြင့် ဒင်္ဂါးပိုင်ရှင် ရခိုင်မင်းများ သည် နေနှင့်လကို အလေးအနက်ပြုကာ အမြတ်တနိုးရှိကြောင်း ထင်ရှားပါသည်။

နေနှင့်လသည် ဒင်္ဂါးတို့၏ ထိပ်ပိုင်းဖက်တွင် ရှိကြပြီး ဘယ်နှင့်ညာနှစ်ဘက်တို့၌ ပြိုင်လျက်ရှိကြပါသည်။ ဘက်ဖက်တွင်နေရှိလျှင် ညာဖက်တွင် လကိုထားရှိပြီး၊ ဘယ်ဖက်တွင် လရှိနေလျှင် ညာဖက်တွင် နေကို ထားရှိပါသည်။

ဤသို့ နေနှင့်လကို ရခိုင်ဘုရင်များ အလေးအနက်ပြု အမြတ်တနိုးထားရှီကြသည့် အကြောင်းကိုကြည့်လျှင် တတိယ ဓည၀တီခေတ်ကပင်ဖြစ်ကြောင်း တွေ့ရပါသည်။ ရခိုင်ရာဇ၀င်၌ဆိုသည်မှာ သီရိရာဇာမင်းကြီး သည် တစ်နေ့အိပ်စက်သောအခါ နေနှင့်လ နှစ်ပါးစုံကို ဆွတ်ယူရရှိပြီး မိဖုရားခေါင်ကြီးသို့ ပေးအပ်ရသည်ဟု အိပ်မက်တော် မြင်မက်လေသည်။ ထိုအကြောင်းကို အမတ်ပညာရှိတို့ထံ ပြန်ကြားပြီး အိပ်မက်၏အကျိုး မည်သို့ရှိမည်ကို လျှောက်ထားစေခဲ့သည်။ ထို့ကြောင့် အမတ်တော်ထဲမှ ၀ိမလမတ်ကြီးနှင့် ပြောင်းပြာစား အမတ် ဒေ၀ကျော်ထင်တို့က ပြန်လည်လျှောက်တင်ခဲ့ကြသည်။

အမတ်ကြီးနှစ်ဦး လျှောက်တင်ချက်တွင် “အရှင်မင်းကြီး၊ နေကိုသာ ဆွတ်ယူရရှိပြီး မိဖုရားကြီးအား ပေးအပ် ရကြောင်း မြင်ပါမူကား အရှင်မင်းကြီးတို့၌ လောကတွင် အလွန်လျှင် ဘုန်းတန်ခိုးတေဇာ အာဏာသြဇာ ကြီးမားသော သားတော်ကို ရရှိပါမည်။ ထိုသားတော်သည် စကြာဝတေးမင်းကဲ့သို့ ဘုန်းမီးနေလ တောက် ပပေလိမ့်မည်။ လကိုသာ ဆွတ်ယူရလျှင်မူကား အဆင်းလက္ခဏာ ကြန်အင်ပြည့်စုံစွာဖြင့် မိန်းမတကာတို့ ထက်မြတ်သော သမီးတော်ကို ရရှိပါမည်။ ယခုမူကား အရှင်မင်းကြီး၌ မြင်မက်တော်မူသော အိပ်မက်တော် သည် နေနှင့်လ နှစ်ပါးစုံကိုပင် တစ်ပြိုင်နက်တည်း ဆွတ်ယူရရှိကာ မိဖုရားကြီးအား ပေးအပ်ရသည်ဟု မြင် မက်ခြင်းသည် အလွန်ကောင်းမြတ်သော မင်္ဂလာအိပ်မက်တော်ပင် ဖြစ်ပါသည်။ အကြောင်းသောကား ဘုန်းတန်ခိုး အလွန်ကြီးတော်မူမည့် သားတော်ကိုလည်း ရရှိမည်အမှန် ဖြစ်ပါသည်။ ထိုသားတော် လက်ထက် တိုင်းပြည်နိုင်ငံ တိုးတက်ထွန်းကားကြီးကျယ်သောအားဖြင့် ငြိမ်းချမ်းသာယာရှိပါမည်။ ထိုသားတော်သည် ပွင့်တော်မူမည့် မြတ်စွာဘုရားရှင်အား ဖူးတွေ့ရပြီး သာသနာတော် တည်ထွန်းပါလိမ့် မည်”ဟု လျှောက်ထားလေသည်။

မင်းကြီးလည်း အမတ်တော် လျှောက်ထားသော အိပ်မက်စကား အကျိုးသွားကို ကြားသိရလေရာ ၀မ်းသာနှစ်သက်တော်မူသည် ဖြစ်နေသောကြောင့် ၀ိမလအမတ်နှင့်အတူ လျှောက်တင် ဖက်ဖြစ်သော ပြောင်းပြားကျွန်းစား ဒေ၀ကျော်ထင်တို့ကို ပတ္တမြားလက်စွပ်တစ်ကွင်းစီနှင့် အဿပြာတစ်ထောင်စီ ချီးမြှင့်တော်မူကြောင်း ရာဇ၀င်လာ ရှိပါသည်။

၎င်းသားတော်မှာ နေနှင့်လကို အကြောင်းပြု နိမိတ်ရသောကြောင့် “စန္ဒသူရိယ”ဟု ဖြစ်လာသည်။ သို့ကြောင့် ထိုမင်းကြီး စန္ဒသူရိယမှစပြီး ဖြစ်ထွန်းလာသော မျိုးဆက်မင်းများသည် သူရိယဟူသောအမည်ကို ရှေ့ကထားကာ မင်းပြုခဲ့ကြလေသည်။ ဥပမာ- သူရိယဓိပတိ၊ သူရိယစက္ကစသည်ဖြင့် မင်း(၂၅)ပါးလုံးပင် သူရိယဘွဲ့ကို အမြတ်ပြုခံယူခဲ့ကြကြောင်း တွေ့ရသည်။

နောက် နေနှင့် လေးအမြတ်ပြုသည်မှာ မြတ်ဗုဒ္ဓသည်ပင်လျှင် အာဒိစ္စ၀ံသ နေမျိုးနွယ်ဖြစ်သည်ဟူသော ဗုဒ္ဓ၏ဟောတော်မူချက် ဗုဒ္ဓ၀င်ပင်ဖြစ်ပါသည်။ အရှင်သာရိပုတ္တရာ တောင်းပန်လျှောက်ထားတော်မူ သဖြင့် မြတ်ဗုဒ္ဓသည် မိမိ၏မျိုးနွယ်ရင်းမြစ်မှာ နေမျိုးနွယ်ဖြစ်ကြောင်း ဟောကြားတော်မူသည်ကို တွေ့ရှိလေ့ လာရပါသည်။ ရခိုင်မင်း၊ ရခိုင်လူမျိုးတို့မှာ ဗုဒ္ဓဘာသာများ ဖြစ်ကြသည့်အားလျော်စွာ မြတ်ဗုဒ္ဓအား အလွန်ပင်ကြည်ညိုသဒ္ဓါအား ထက်သန်ကြကာ နေကိုလည်း အလေးအမြတ် ပြုကြခြင်းပင် ဖြစ်ပါသည်။

မြောက်ဦးမြို့၊ သျှစ်သောင်းဘုရားကို အာနန္ဒစန္ဒြကျောက်စာ ဂါထာအပိုဒ်-၂၆၊ ၃၂၊ ၄၂၊ ၄၅ တို့တွင် မင်းတို့၏ ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်းကို ဆိုရာ၌ “ကမ္ဘာမြေပေါ်တွင် ထွန်းလင်းတောက်ပသော နေမင်းကဲ့ သို့”ဟု ဖော်ပြပါရှိပါသည်။ နောက် တင့်တင်ခြင်း၊ ကြည်လင်အေးမြခြင်း၊ မွေ့လျော်ဘွယ်ရှိခြင်းတို့ ကို ဖော်ပြရာ၌ “ကမ္ဘာမြေပြင်အထက်၌ ထွန်းလင်းသော နေမင်းကဲ့သို့”ဟု  ဖော်ပြပါရှိပါသည်။

ထို့ပြင် ရခိုင်လူမျိုးတို့သည် “အာရိယန်”အနွယ် အာရိယန်သွေးနှောသော လူမျိုးဖြစ်သည်ကိုလည်း သမိုင်းရာဇ၀င်စကားများရှိသည့်အတိုင်း မနုဿဗေဒ လူ့သမိုင်းသုတေသီများစွာကလည်း ရခိုင်လူမျိုးသည် အာရိယန်သွေး၊ အာရိယန်မျိုးဆက်ဖြစ်ကြောင်း ဆိုကြလေသည်။ သို့ဆိုသည့်အတိုင်း ရခိုင်လူမျိုးတို့ကလည်း မိမိတို့သည်၊ ငါတို့သည် အာရိယန်မျိုးဆက်များ ဖြစ်ကြသည်ဟူ၍ပင် ယုံမှတ်ကြပါသည်။ သို့ ယုံမှတ်ကြသည့် အတိုင်း နေသည် အာရိယန်လူမျိုးတို့၏ အမှတ်သင်္ကေတတစ်ခု ဖြစ်နေရပါသည်။ ထို့ကြောင့်ပင်လျှင် ရခိုင်လူမျိုးတို့သည် ဝေသာလီခေတ်စဦးကပင် နေကို လူမျိုး၏ အမှတ်လက္ခဏာအဖြစ် အသိအမှတ်ပြုလာ ကြကြောင်း ဒင်္ဂါးများက သက်သေတည်ပြနေကြပါသည်။

ရခိုင်ဝေသာလီမင်းတို့သည် ပြည်သုံးဒင်္ဂါးများကို များစွာပင် ခတ်နှိပ်ခဲ့ကြပါသည်။ ထိုသို့ ခတ်နှိပ်ကြသော အခါ ဘုန်းတန်ခိုးကြီးမှု တိုးတက်ထွန်းကားမှု၊ ဂုဏ်ရည်မြင့်မားတို့နှင့် မိမိတို့ရခိုင်လူမျိုးသည် အာရိယန် လူမျိုးအာဒိစ္စ၀ံသအနွယ်ဝင်မျိုးဖြစ်သည်ကို နေအမှတ်တံဆိပ်ဖြင့် ပြသကြပြီး၊ ငြိမ်းချမ်းသာယာရှိ မှု၊ မွေ့လျော်နေဖွယ်ကောင်းသော အရပ်ဒေသဖြစ်မှုကို လခြမ်း၊ လဆန်းပုံသဏ္ဍာန်ဖြင့် တံဆိပ် ခတ်နှိပ် ဖော်ပြခဲ့ကြသည်ကို သမိုင်းရာဇ၀င်မှတ်တမ်းများနှင့် ကျောက်စာများက အခိုင်အမာ သက်သေခံနေ ကြကြောင်း တင်ပြလိုက်ရပါသည်။

နန္ဒာထွန်း

ကျမ်းကိုး

၁။    အာနန္ဒစန္ဒြကျောက်စာ၊ ဦးစံသာအောင်
၂။    ရခိုင်ဒင်္ဂါးများ၊ ဦးစံသာအောင်
၃။    မဟာဗုဒ္ဓ၀င် ပဋ္ဌမတွဲ၊ တိပိဋက မင်းကွန်းဆရာတော်ကြီး
၎။    ရခိုင်ရာဇ၀င်သစ်ကျမ်း၊ ပထမအုပ်၊ ရမ်းဗြဲတောင်ကျောင်းဆရာတ်ာကြီး
၅။    ရခိုင်လျှောက်ထုံးများ၊ နန္ဒာထွန်း

တိုးတက်ရေးသတင်းလွှာ အတွဲ(၃)၊ အမှတ်(၇)မှ-

No comments:

Post a Comment