နေပူတောင်စာတမ်း အပိုင်း(၁)

 နေပူတောင်ကို ဒေသအခေါ် နေပူတောင်ဟုမခေါ်ကြဘဲ “နပူတောင်”ဟု အလွယ်ဆုံး အမြန်ဆုံးဝေါဟာ ရဖြင့် ငယ်စဉ်ကခေါ်ခဲ့ကြသည်။ ရှေးကတောလိုက် မုဆိုးကြီးများနှင့် တောင်ကြားခရီးကြမ်းကို ခြေလျင် ကူးသန်းသွားလာခဲ့ကြသော ရှေးလူကြီးများကမူ “နေပူခံတောင်”ဟု ခေါ်စမှတ်ပြုကြ၏။ ရှေးလူကြီးများ ကွန်လွန်ကုန်ကြပြီးဖြစ်သဖြင့် နှောင်းလူငယ်တို့ထံ သုတများ လက်ဆင့်ကမ်းထားခဲ့ကြရန်မှာ ရှေ့မီနောက်မီ တို့၏ သမိုင်းပေးတာဝန်သာဖြစ်သည်။ တတ်နိုင်စွမ်း လက်လှမ်းမီသလောက်တော့ ဖြစ်တန်ရာ၏။ ရှေးလူ ကြီးတို့က ဤမြို့နှင့်ဤလမ်းကို “တောင်ဂုတ်မြို့နှင့် တောင်ဂုတ်တောင်ကြားလမ်း”ဟုသာ အရေးအသား အသုံးအနှုန်းများ ရှိခဲ့ကြသည်။ ဗြိတိသျှ ကိုလိုနီခေတ်တွင် (TAUNGUP - တောင်ဂတ်)ဟု ရေးသားသုံးစွဲ မှု ပြုခဲ့၏။ တောင်ကုတ်ချောင်းသည် တောင်ကြားလမ်း၏ အထွတ်အထိပ် မိုးထိတောင်(အမြင့် ၃၈၂၈ ပေ)၏ အရှေ့ဘက်ရေဆင်းအနီး ရိုးမတောင်၏ ဂုတ်ကြောမှ အစပြုမြစ်ဖျားခံသဖြင့် “တောင်ဂုတ်ချောင်း”ဟု ခေါ် စမှတ်ပြုကြောင်း နာကြားဖူးသည်။

    ချောင်းကိုအစွဲပြု၍ မြို့ရွာအမည် ခေါ်ဝေါ်သမုတ်လေ့ရှိကြသဖြင့် ရိုးမတောင်ပေါ်၌ တောင်ဂုတ် မြို့နှင့် တောင်ဂုတ်တောင်ယှဉ်တွဲ၍ ရှိခဲ့ပေလိမ့်မည်။ မြို့နေရာအဆင့်ဆင့် အချိန်အခါနှင့် အခြေအနေ အရ တောင်ခြေပိုင်းသို့ ရွှေ့ပြောင်းလာသောအခါ တောင်ဂုတ်တောင်သည် ရိုးမတောင်ပေါ်၌ ဒဏ္ဍာရီ ပုံပြင်ဆန်ဆန် ကျန်ခဲ့ရသည်။ မြို့အမည်မူကား အမရပူရပြည့်ရှင် ဗဒုံမင်း၏ ကျူးကျော်စစ်၊ တောင်စဉ်ခုနစ် ခရိုင် ရခိုင်မင်းဘွဲ့မည်ခံ တောင်မင်းကျော်ထွီး၏ ခုခံစစ်၊ ဗိုလ်ချင်းပျံအပါအ၀င် ဒေသအနှံ့ ငပိုးလုံး၊ ငခွက်ပေါက်၊ ကျွဲတစ်ကောင်နိုင်တို့၏ တွန်းလှန်စစ်နှင့် နောက်ဆုံးကြီးမားပြင်းထန်လှသော ဒုတိယကမ္ဘာ စစ်ကြီး၏ စစ်တလင်းပြင်ဖြစ်ခဲ့ရကာ “ဂုတ်”မြို့မှသည် “ကုတ်”မြို့ဆီသို့ အတွေးအမြင် အယူအဆအမျိုးမျိုး တို့၏ ဒဏ်ရာဒဏ်ချက်နှင့် ပြောင်းလဲခေါ်ဝေါ် သုတ်ခဲ့ကြဟန်တူချေသည်။

ထိုနည်းတူစွာ မြို့အစပ်မှ လှမ်းမျှော်ကြည့်လိုက်လျှင် အရှေ့တောင်ဘက်ခပ်ကျကျ၌ ယခုခေတ်အခေါ် ရန်ခေါ်တောင်ကြီးကို ထီးထီးမားမား တွေ့မြင်နိုင်သည်။ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကျော်ကာလအထိ ကညင်၊ ကညောင်း ဒေသအခေါ် တောင်စလဲ အစရှိသဖြင့်သော သစ်ပင်ကြီးမျိုးစုံကို ဖယောင်းတိုင်ကြီးများ အစီအရီစိုက်ထားသည့်နှယ် မြို့အစပ်မှ တွေ့မြင်ကြရဖူးသည်။ ၁၉၆၃-ခုနှစ် ဖွင့်လှစ်ခဲ့သော အထက် တန်းကျောင်းကြီး၏ အရှေ့တောင်ထောင့် ၀ရံတာလက်ရမ်းတန်းနှင့် မြို့မဘောလုံးကွင်း ဂရင်းစတင်းခေါ် ပွဲကြည့်စင်ပေါ်တို့မှ မျက်စိပသာဒဖြစ်ဖွယ် ရှုခင်းကို လွမ်းမောဖွယ်ကြည့်ယင်း “တောင်ဂုတ်မြို့၏ ဖူဂျီယာ မား”ဟု အထပ်ထပ် ရေရွတ်ခဲ့ကြဖူးသည်။

       ယခုအခေါ် ရန်ခေါ်တောင်ကို ရှေးလူကြီးတို့က ဘေးအန္တရာယ်အပေါင်းတို့မှ ကင်းလွတ်ရာ ကင်း လွတ်ကြောင်း ခိုလှုံရာ “ရန်ခို”တောင်ဟုသာ ခေါ်ဝေါ်ခဲ့ကြသည်။ ရန်ခေါ်တောင်တွင် ရွာပုန်း၊ ရွာရှောင် အများအပြားနှင့် သဘာဝပေါက်မဟုတ်သော သရက်၊ ပိန္နဲ၊ ရှောက်၊ သံပုရာနှင့် ဆေးဖက်ဝင်အပင် အမျိုးမျိုး တို့ စိုက်ပျိုးထားရှိခဲ့ကြောင်း နာကြားဖူးခဲ့၏။ ယခုမူ ကျွန်ုပ်တို့ လွမ်းမောဖွယ် မျှော်ကြည့်မဆုံးဖြစ် ခဲ့ကြ ရသော “တောင်ဂုတ် ဖူဂျီယာမား”၏ တောင်ကြော၊ တောင်ကြား၊ ချိုင့်ဝှမ်းတစ်လွှားမှ သစ်တော ၀ါးတော ကြီးများ ဘယ်ဝယ်ဘယ်ဆီ မြန်းခဲ့ပြီမသိ။ ဘယ်သူ ဘယ်ဝါ၊ ဘယ်လူတကာတို့ ဘယ်အရာ၊ ဘယ်အတွက် ၀ါးမြိုလျက် ဖြုန်းတီးဖျက်ဆီးလိုက်ကြပြီမသိ။ ဒေသဖွံ့ဖြိုး မည်သူများ အကျိုးခံစားလိုက်ရချေပြီ မသိ။ ဒေသခံ တို့ ခံစားကြရသည်မှာ ရန်ခိုတောင် တောင်ကတုံးမှ နေပူရှိန်ရောင်ပြန်ဟပ်သည့် ဝေဒနာ၊ ထင်းရှား၊ ၀ါးရှား၊ စမ်းရေများ ခမ်းခြောက်ပြီး အပူရှိန်မြင့်တက်လာသည့် ဒဏ်တို့သာတည်း။ ထို့အတွက် “ရန်ခိုတောင် တောင် ကတုံးကို သျှောင်ပြန်၍ ထုံးပေးကြပါ”ဟု ကြွေးကြော်လိုက်ရပါသည်။

    တောင်ကတုံးကို သျှောင်ပြန်ထုံး၍ ရကောင်းရနိုင်သော်လည်း ထုခွဲဖြိုဖျက်ပြီးမှ ကျောက်စိုင်ကျောက်ခဲ အဖြစ် ပြန်ဆက်၍ မရနိုင်တော့သည်က နေပူတောင် မာဘဲလ်ကျောက် (Marble)ဖြစ်၏။ ခွဲစိတ်ဖြတ်တောက် ထုတ်ယူပြီးမှ နှစ်သန်းပေါင်းရာကျော်အောင် စောင့်ဆိုင်းပြီးတောင်မှ အစားထိုး၍ မရနိုင်သည့် အရာသည် လည်း ထိုကျောက်ဆောင်ကြီးပင် ဖြစ်သည်။ “နေပူတောင်ကျောက်ဆောင်” ကြီးအတွက် ဘူမိဗေဒ ရှုထောင့်နှင့် သမိုင်းနောက်ခံဖြစ်ရပ်များကို လက်လှမ်းမီသလောက် လက်ဆင့်ကမ်း လိုက်ရပါသည်။

တည်နေရာ

    နေပူတောင်သည် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ ပဲခူးတိုင်း ပြည်မြို့သို့ အရောက် ရခိုင်ရိုးမကို ဖြတ် သန်းဖောက်လုပ်ထားသော တောင်ကုတ်တောင်ကြားလမ်း အနီးကပ်ရက်သား တည်နေသည်။ တောင် ကုတ်မြို့မှ (၂၉ မိုင် ၄ ဖာလုံ)ခန့်အကွာ ရိုးမကားလမ်းပေါ်မှ တောင်ဖက် (၂)မိုင်ကျော်ခန့်တွင် ထီးထီးမားမား တည်ရှိနေ၏။ အရှေ့လောင်ဂျီကျူ၌ (၉၄ံ.၃၂ '.၃”)နှင့် မြောက်လတ္တီကျူ၌ (၁၈ံ. ၄၂')တွင် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ (၂၂၂၃)၌ တည်ရှိသည်။ ထိုမှ တောင်ဖက်မလှမ်းမကမ်းအစပ်တွင် သူဋ္ဌေးချောင်းသို့ စီးဝင်သော ရေကောက်ချောင်းဖျားကွေ့ဝိုက် စီးဆင်းနေသည်။

ကမ္ဘာဦးအစ

    ခရီးတေးယယုဂ် (Cretaceous) လွန်ခဲ့သည့်နှစ် ၁၃၅ သန်းခန့်က ကမ္ဘာဂြိုဟ်ကြီး တစ်ဝှမ်းလုံး အကြီးမား ဆုံးနှင့် အပြင်းထန်ဆုံးမြေလှုပ်ရှားမှု၊ ပြောင်းလဲမှုကြီး ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိ အမြင့် ဆုံးတောင်တန်းကြီးများ ပေါ်ပေါက်ခဲ့သည်။ ဟိမ၀န္တာတောင်တန်း၊ အဲလ်ပ် တောင်တန်း၊ ရော့ကီးတောင် တန်း၊ အင်းဒိစ်တောင်တန်းနှင့် ရခိုင်ရိုးမတောင်တန်းတို့ ပါဝင်၏။ လွန်ခဲ့သော နှစ်(၆၃)သန်းလောက်တွင် ရခိုင်ရိုးမသည် သက်နှောင်းကပ် (Cenozoic Era) ပင်လယ်ပြင်ကြီးတါင် စုန့်စုန့်တက်ချည်၊ ရပ်နားချည်ဖြင့် ကျွန်းဆက်များ အဖြစ်ပေါ်ထွက်လာသည်။

    လွန်ခဲ့သော နှစ်(၁)သန်းမှ (၅)သောင်းသော ကာလအတွင်း ရခိုင်ရိုးမနှင့် ယခု မြန်မာပြည် အလယ် ပိုင်း ဖြစ်ပေါ်မည့်နေရာ တစ်ဝှမ်းလုံးတွင် မီးတောင်ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိခဲ့ သည်။ ချော်ရည်၊ ချော်ခိုးများ၊ ကြိမ်ဖန်များစွာ မှုတ်လွှတ်အန်ထုတ်လျက် မြေပြင်သို့ စုန့်စုန့်တက်ဆဲ ပင်ဖြစ်သည်။ ငလျင်လှုပ်ချက်များနှင့် မြေလွှာလှုပ်ရှား ရုန်းတက်ပြောင်းလဲချက်များကြောင့် တိမ်းစောင်း တွန့်ခေါက်ခဲ့ပြီး တွန့်ခေါက်တောင်တန်းများ ဖြစ်ပေါ်လာသည်။

    ပြင်းထန်သော မီးတောက်ပေါက်ကွဲမှုများကြောင့် မီးသင့်ကျောက်များ (Igneous rock)နှင့် ထုံးကျောက်(Lime Stone)မှ အသွင်ပြောင်းကျောက် (Metamorphic Rock)များ ဖြစ်ပေါ်လာသည်ဟု ဘူမိပညာရှင်တို့က ကျောက်ချက်ချသည်။ နေပူတောင် မာဘဲလ်ကျောက်ဆောင်ကြီးသည်လည်း ထိုသို့ဖြစ်ပေါ် ပြောင်းလဲလာကြောင်း မှတ်ချက်ပြုကြသည်။ ဘူမိဗေဒသုတေသနဂျာနယ်တစ်စောင်၌မူ ရခိုင်ရိုးမခေါင်ခေါင် ပတ်ဝန်းကျင်မှ အနည်ကျကျောက် (Sedimentary Rock) အဆက်အသွယ်မရှိ ထီးထီးမားမားရှိနေခြင်းမှာ အခြားသောနေရာတစ်ခုခုမှ မျောပါလာခြင်း ဖြစ်နိုင်သည်ဟု ယူဆကြောင်း ဆိုသည်။ ထိုယူဆချက်သည် မှန်ကန်ချင်မှ မှန်ကန်ပေလိမ့်မည်။ ကမ္ဘာမြေလွှာအပြင်ဘက်သို့ ထိုးထွက်နေသော မျက်မြင်အရှိ ကုဗပေ (၃၄၉)သန်း၊ (၂)သိန်း၊ (၃)သောင်း၊ (၇)ထောင်၊ (၅)ရာကိုကြည့်၍ ခန့်မှန်းချက်တစ်ခုသာ ဖြစ်သည်။ ကမ္ဘာမြေထုအတွင်း မည်ရွေ့မည်မျှအထိ နက်နက်ရှိုင်းရှိုင်း တည်ရှိနေမည်ကို မည်သူမျှ အတိအကျ မသိနိုင်ချေ။ ယခုမျက်မြင် တောင်ခါးပန်းမှ တောင်ဘက်ချောက် ကမ်းပါးကြီးသည် ပေ(၄၀၀)ခန့် ထိုးဆင်းသွားပြီး ရေကောက်ချောင်းဖျားကို ကူးကာ မြေလွှာအောက် ထိုးဝင်သွားသည်။ တစ်ချို့က ခမောင်းတုံးရွာနှင့် ဂျီဝရွာအကြား ပင်လယ်ရေစစ်ချိန် ကျောက်ဆောင်တန်း ကြီးအောင်ခြေ၌ အလားတူ ကျောက်မျိုး တွေ့ရှိကြသည်ဟု ဆို၏။

နေပူတောင်ကျောက်သည် ထုံးကျောက်အမျိုးအစားတွင် ပါဝင်သည်။ အပေါ်ယံကျောက်စ၊ ကျောက်နများ ကိုကြည့်၍ နို့နှစ်ရောင်၊ ကျောက်ညိုရောင်၊ အုန်းခွံရောင်နှင့် ချော့ကလက်အရောင်များအဖြစ် အကြမ်းဖျင်း ခွဲခြားနိုင်သည်။ ကျောက်လွှာများသည် အညိုရောင်၊ အဖြူရောင်၊ နီညိုရောင်၊ နက်ပြာရောင်၊ ချော့ကလက်ရောင်ရင့်ရင့်စသည်ဖြင့် အကြောလွှာများ ဖြာထွက်နေသည်မှာ ကျောက်သား ၏ အလှကို ပဏာရစေပါသည်။ ကျောက်သားများထဲတွင် ယှေလကျောက် (Copper Cretaceous)၊ သဲကျောက် (Agillaceous)၊ ကယ်လ်စီယမ်ကာဗွန်နိတ်၊ အလူမီနီယံအောက်ဆိုဒ်၊ ဆာလ်ဖာဒိုင်အောက်ဆိုဒ်၊ ဆိုဒီယံမိုနောက်ဆိုဒ် အစရှိသော ဒြပ်ပေါင်းများဖြင့် ဖွဲ့စည်းထားကြောင်း တွေ့ရသည်။ ယှေလကျောက် သည် နှစ်သန်း(၇၀)မှ (၁၃၅)သန်းနှင့် သဲကျောက်သည် နှစ် (၂၅)သန်းမှ သန်း(၆၀)ကျောက်များ ဖြစ်ကြောင်း သိရသည်။

နေပူတောင်လမ်းခင်းကျောက်

၁၉၆၂-ခု၊ မတ်လ (၂)ရက်နေ့ ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်သော တော်လှန်ရေးကောင်စီ အာဏာသိမ်းချိန် အထိ တောင်ဂုတ်တောင်ကြားလမ်းသည် လှည်းလမ်းသာသာရှိခဲ့သည်။ နွေရာသီ၌ ချက်ပလက် အင်ဂျင်သုံးကား၊ ဒေါ့ဂျက်ခေါင်းတိုကားများ သုံးည၊ လေးညခန့်အိပ်၍ ဖြတ်သန်းစပြုလာသည်။ ဆင်အုပ်ကြီးများနှင့် လူသားစား ကိုးတောင်ကျားကြီးများ၏ အန္တရာယ်ကား ကြီးမားလွန်းလှ၏။ ဒုတိယ ကမ္ဘာစစ် အင်္ဂလိပ်တို့ အိန္ဒိယသို့အဆုတ်၊ ဂျပန်အ၀င် ဗမာပြည်မှ ပြေးလာကြသော ကုလားမျိုးစုံ (အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလီ) ရာပေါင်း၊ ထောင်ပေါင်းများစွာသည် အုပ်စုလိုက်၊ အဖွဲ့လိုက် တောင်ဂုတ်တောင် ကြားလမ်းတလျှောက် ရိုးမကိုကျော်ဖြတ်ကြသည်။ ရိုးမကျားကြီးများသည် ထိုစဉ်ကပင် လူသားအရသာ ကို ကောင်းမှန်းသိပြီး ၀၀ကြီးစားဖူးခဲ့ကြသည်။ ထို့ကြောင့် နောက်ပိုင်းဒေသခံတို့ လှည်းအုပ်၊ နွားအုပ်ကြီး များနှင့် ကူးသန်းသွားလာကြသောအခါ သတိကြီးစွာထား၍ ကာကွယ်သွားလာခဲ့ကြသည်။ ကျွန်ုပ်ဖခင် ၏ တောင်ကြားခရမ်းလမ်းကို စက်ဘီးဖြင့်ဖြတ်သန်း အတွေ့အကြုံများအား ထိတ်လန့်ရင်ဖိုဖွယ် နားထောင်ခဲ့ရဘူးသည်။ ကျားနှင့်ရင်ဆိုင်တွေ့ရပုံ၊ သုံးလေးရက်ခရီး သစ်ပင်မြင့်မြင့်ပေါ် လင့်စင်ထိုး၍ အိပ်ရပုံတို့မှာ မဟာစွန့်စားခန်းကြီးများပင်။

    ၁၉၆၃-ခုနှစ် စာသင်နှစ်မှစ၍ တောင်ကုတ်အထက်တန်းကျောင်းကြီး စဖွင့်ခဲ့သည်။ နောက်ထပ် (၅)နှစ် (၆)နှစ်ခန့်လောက်တွင် ကျယ်လောင်ပြင်းထန်သော ပေါက်ကွဲသံကြီးများသည် ဆရာ/ဆရာမ များနှင့် ကျောင်းတော်သူ ကျောင်းတော်သားတို့ကို မကြာမကြာ အထိတ်တလန့် ဖြစ်စေခဲ့၏။ မိုင်(၃၀)ခန့်အကွာ ရိုးမတောင်ပေါ်မှ ပျံ့လွင့်လာသော မိုင်းဗုံးခွဲသံကို နှစ်စဉ်ဆက်တိုက် ကြားနေခဲ့ကြရ သည်။ မိုင်းခွဲသံကြားတိုင်း “အဝေ့...နေပူတောင်က၊ အဝေ့...နေပူတောင်က”ဆိုသော အာမေဋိတ်ဖြင့် နေပူတောင်ကို ကျွမ်းဝင်နေပြီး ဖြစ်ခဲ့ကြသည်။

    ရခိုင်ရိုးမတောင်တန်းသည် တွန့်ခေါက်တောင်တန်းကြီးဖြစ်သည်။ အနည်ကျကျောက်များဖြင့် ဖွဲ့စည်းထားသဖြင့် အပေါ်ယံမြေလွှာကို သန်းထန်သော ရခိုင်မိုးက တိုက်စားသည်။ အမြဲစိမ်းသစ်တော၊ ၀ါးတောကြီးများ ထူထပ်စွာ ပေါက်ရောက်ခဲ့သည်။ ငယ်စဉ်ဘ၀ ရိုးမကို ဒေါ့ဂျစ်ခေါင်းတိုကားဖြင့် လည်းကောင်း၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးကော်ပိုရေးရှင်းပိုင် အာရ်တီစီဆိုသော ကားများဖြင့် လည်းကောင်း ဖြတ်ဖူးခဲ့သည်။ စိမ်းလန်းစိုပြေသော ရိုးမ၏ အအေးဓါတ်ကြောင့် မိုးတိမ်တိုက်ကြီးတို့ သည့် မြင့်မြင့်မားမား မရွေ့လျားနိုင်ခဲ့ကြချေ။ အမြင့်ပေ (၂၀၀၀)ကျော်၊ (၃၀၀၀)ကြားလောက်သော ရိုးမကားလမ်းပေါ်မှ တောင်အောက်ခြေ၌ မိုးရွာနေသည်ကို မြင်ဖူးခဲ့သည်။ တစ်ခါတစ်ရံ ကောင်းကင် မှ လေယာဉ်ပျံတို့ မိုးတိမ်တိုက်ကို အထိရိုးကျော်ကားများ ကြုံတွေ့ရ၏။ မြူဆိုင်းလွန်းသဖြင့် ကားရပ်၍ အချိန်အတန်ကြာ စောင့်ဆိုင်းခဲ့ရသည်လည်း ရှိသည်။

    တောင်ကုတ်တောင်ကြားလမ်းမြေ၏ အောက်ခံကို (၁၀)လက်မ၊ (၉)လက်မမှသည် အားလူးကျောက်ခေါ် အရွယ်အစားအတိမျိုးစုံဆိုဒ်စုံကျောက်ဖြင့် အမာခံပြုရသည်။ ဘေးရေနှုတ်မြောင်းများ ဖောက်ရသည်။ လမ်းခင်းကျောက်များ ရှာဖွေစုဆောင်း ထုခွဲ၍ ကျင်းဖွဲ့ထားရသည်။ တောတောင်၊ လျှိုမြောင်၊ ချောက်ကမ်း ပါး အစရှိသည်သို့ လမ်းခင်းကျောက်များအတွက် လမ်းဖောက်ရသည်။ စရိတ်ဝင်သည်။ လက်ဝင်သည်။ ပင်ပန်းခက်ခဲလွန်းခဲ့ကြသည်။

    နေပူတောင်သို့ (၂)မိုင်ကျော်ခန့်ခရီးကို လမ်းဖောက်၊ မိုင်းခွဲ၊ ကျောက်ထု၊ ကျင်းဖွဲ့၊ လမ်းဘေးပုံကတည်းက စရိတ်မ၀င်၊ လက်မ၀င်၊ ပင်ပန်းခက်ခဲမှု လျော့ပါးသွားခဲ့ကြပြီ ဖြစ်၏။ တောင်ဂုတ်တောင်ကြားလမ်း ၏ နေရာအစိတ်အပိုင်းတော်တော်များများသည် ကြွေထည်ရောင် ပြောင်လက်နေ၏။ မာဘဲလ်ကျောက်၏ တန်ဖိုးကို မသိ၍ပင်လော၊ သိသိကြီးနှင့် အသုံးမပြုတတ်၍ပင်လော ဆိုသည်ကို ထိုခေတ် ထိုအခါက နိုင်ငံ ၀န်ထမ်း ဦးဆောင်ဦးရွက်ပြူသူ ခေါင်းဆောင်ကြီးများသာ သိကြပေရော့မည်။

    စစ်အာဏာသိမ်း ခေါင်းဆောင်ကြီးများသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖွဲ့စည်းတည်ဆောက် သည်။ စစ်တိုင်းကြီးများဖွဲ့၍ အုပ်ချုပ်နေရာမှ တိုင်း(၇)တိုင်း၊ ပြည်နယ် (၇)ပြည်နယ် ခွဲ၍ ပြည်ထောင်စု အမည်ခံသည်။ ရခိုင်ရိုးမ အရှေ့ဖက်ခြမ်း ဆင်တဲ၊ ဥသျှစ်ပင်၊ ထုံးဘို၊ ကမြိုင် အစရှိသည်ဖြင့် ရိုးတောင်ခြေ အရှေ့ဘက်ခြမ်းတွင် ကာကွယ်ရေး စစ်လက်နက်ပစ္စည်းစက်ရုံများ၊ အကြီးစား စက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံများ အစီအရီ တည်ဆောက်လာသည်။ ဂျပန်နှင့် ဂျာမန်လူမျိုး ပညာရှင်များ ရောက်ရှိလာသည်။

    နေပူတောင် မာဘဲလ်ကျောက် အဖိုးတန်ပုံကို ထိုထိုသော လူမျိုးတို့ပြောပြမှ သိခဲ့ရသလောဟု မေးခွန်း ထုတ်စရာ ဖြစ်ခဲ့၏။ ဂျပန်လူမျိုးတို့ ကမ္ဘာကျော်ငပလီသို့ ရေချိုးဆင်းရန် တောင်ကုတ်တောင်ကြားလမ်း ကို ဖြတ်ကြပြီ။ ရိုးမတောင်ပေါ်မှ အေးမြသော အတွေ့အထိနှင့် ပဿဒဖြစ်ဖွယ်ရှုခင်းတို့ကို တွေ့ထိ ခံစားနိုင်ကြရန် ကားများကို လမ်းဘေးရပ်၍ ဆင်းလျှောက်ကြသည်။

    ထိုစဉ်က ရခိုင်ရိုးမတောင်ကြောကြီးတစ်ခုလုံး သစ်တော၊ ၀ါးတောကြီးများ ထူထပ်စွာ ပေါက်ရောက်နေ သည်။ လူသုံးလေးယောက်ဖက် လုံးပတ်ခန့်ကြီးများပြီး ခေါင်းပေါင်းကျွတ်မျှ မော်ကြည့်ရသော အဖိုးတန်သစ် ပင်ကြီးများကိုကြည့်ကာ ပြင်တွင်းထုတ်ကုန်အမျိုးမျိုးအဖြစ် ဝေဖန်သုံးသပ်ကြသည်။ စိတ်ကူးဖြင့် စက္ကူစက် ရုံကြီးများ တည်ဆောက်ကြသည်။ တောင်စဉ်၊ တောင်ကြားတစ်လျှောက် ဒလဟောစီးဆင်းပြီး မြစ်ချောင်း၊ သမုဒ္ဒရာကြီးအထိ စီးဝင်သွားသော မိုးရေများကိုကြည့်ကာ စိတ်မှန်းဖြင့် ရေကာတာကြီးများဆည်၍ မိုးရေဂါလံပမာဏကိုလည်း မှန်းဆကြသည်။

    ကြွေထည်ရောင်ပေါက်နေသော ရိုးမလမ်းကို အာရုံစူးစိုက်မိသည်။ လမ်းဘေး ထုခွဲ၊စုပုံ ထားသော ကျောက်စကျောက်နများကို ကောက်ယူသုံးသပ်သည်။ ဤမာဘဲလ်ကျောက်များ အဘယ် အရပ်က ထွက်ရှိသနည်။ စူးစမ်းလိုအသိဖြင့် နေပူတောင်ရှိရာသို့ ကားများဖြင့် ၀င်ကြည့်သည်။ မာဘဲလ်ကျောက်ဆောင်ကြီးကို မိုင်းဖြင့်ခွဲ၍ အရွယ်အစားဆိုဒ်စုံ ထုဆစ်နေကြသည်ကို မြင်တွေ့ရသောအခါ ရင်ဘတ်ကိုထု၍ ပြေးထွက်လာကြသည်။ ကျောက်စ နမူနာများကို ကောက်ယူပြီး ဂျပန်သံရုံးမှတစ်ဆင့် သူ့နိုင်ငံသို့ အမြန်ဆုံးပို့သည်။ မာဘဲလ်ကျောက် ၀ယ်ယူရေးကိုယ်စားလှယ်များ အပြေးအလွှား ရောက်လာ ကြသည်။ အပေါ်ယံမျက်မြင် အနေအထားကို ကြည့်ရှုသည်။ သုံးသပ်ပိုင်းဖြတ်၍ ၀ယ်ယူရရှိရေး ကမ်းလှမ်း သည်။ ဒေါ်လာ ကုဋေပေါင်းများစွာတန်သည် ဟူသတတ်။

အရောင်းအ၀ယ်၊ အလျှော့အတင်း၊ အညှိအနှိုင်း

    ၁၉၇၀-ပြည့်လွန် တစ်နှစ်ခန့်ဖြစ်မည်။ ဗိုလ်တစ်ထောင်သတင်းစာ၏ ရှေ့မျက်နှာဖုံး၌ လက်မ၀က်ခန့် စာလုံးမဲကြီးဖြင့် “ပြည်ခရိုင်၊ ပန်းတောင်းမြို့အပိုင် မိုင်(၇၀)အကွာရခိုင်ရိုးမပေါ်မှာတွေ့ရှိ၊ ဒေါ်လာ ကုဋေ(၉၀၀)တန်ဖိုးရှိ နေပူတောင်မာဘဲလ်ကျောက်ဆောင်ကြီး”ဟု ပါရှိလာသည်။ ပြည်ခရိုင်၊ ပန်းတောင်းမြို့အပိုင် မိုင်(၇၀)အကွာဟုဆိုသဖြင့် ကျွန်ုပ်တို့ မြို့နယ်တွင်း မိုင်(၃၀)ခန့်အကွာက မိုင်းခွဲ၊ ကျောက်ထု၊ လမ်းခင်းနေသော နေပူတောင်မဖြစ်နိုင်။ အခြားနေပူတောင်တစ်ခုသာဟု မှတ်ယူခဲ့ကြသည်။ အမှန်မှာ ကျွန်ုပ်တို့ မြို့နယ်အပိုင် နေပူတောင်မှ နေပူတောင်အစစ်ပင်ဖြစ်၏။

    ၁၉၇၃-၇၄ တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖွဲ့စည်းကာ ရခိုင်တိုင်းကို ရခိုင်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။ စစ်ဗိုလ်ကြီးများကို ဘောင်းဘီချွတ်ခိုင်းကာ အရပ်ဝတ် ၀တ်စေပြီး ပြည်နယ်ပါတီကောင်စီ ထိပ်ပိုင်းဥက္ကဌ၊ အတွင်းရေးမှူးနေရာများကို ယူခိုင်းထားသည်။ အလယ်အလတ်ပိုင်းနှင့် အောက်ခြေပိုင်း တွင် နိုင်ငံရေးကို သိနားလည်ခြင်းမရှိသူ သို့မဟုတ် သိနားလည်သော်လည်း လူကြီးလုပ်စားရန် ရွေးစရာ လမ်းမရှိသဖြင့် ပါဝင်သူ အများစုဖြစ်သည်။ ရွေးစရာလမ်းမရှိသဖြင့် ရနိုင်သမျှလောက်တော့ မြို့နယ် အကျိုးကို ဆောင်ရွက်ရန်ဟူသော အကြောင်းပြချက်ဖြင့် ပါဝင်သူ တစ်ရာခိုင်နှုန်းမျှ ပြည့်ချေမည်မဟုတ်။

    မည်သို့ဆိုစေကာမူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမည်ခံထား သဖြင့် မြို့နယ်အကျိုးအတွက် တောင်းဆိုမှုပြုခဲ့သူတို့ကား ရှိတော့ရှိ၏။ လက်ချိုးရေတွက်၍ ရ၏။ တစ်ဖက်မှ နေပူတောင်ကို ဈေးဖြတ်ဝယ်ယူနိုင်ရေးအတွက်ဂျပန်တို့ကကြိုးစားကြသည်။ နေပူတောင် ကျောက် ဒေါ်လာများစွာတန်ဖိုးရှိသည်ဟု ဆိုလိုက်သည်နှင့် အောက်ခြေမှပုဂ္ဂိုလ်တစ်ချို့က လမ်းဘေးစုပုံထားသော မည်သည့် နေပူတောင်အနွယ် ၀င် ကျောက်တုံးကျောက်ခဲကိုမျှ မည်သူတစ်ဦးတစ်ယောက်မျှ မကောက်ရ၊ မကိုင်ရ၊ မသယ်ဆောင် ရ။ ကျောက်ပုံအနီး ကားမရပ်ရဟူ၍ နှုတ်မိန့်ထုတ်ကြသည်ဆိုသတတ်။

    မကြာမြင့်မီကာလအတွင်း ထိုစဉ်က ဂျပန်ဝန်ကြီးချုပ်တာနာကာ ဦးဆောင်သော နေပူတောင် မာဘဲလ်ကျောက် ၀ယ်ယူရေးအဖွဲ့ ရောက်ရှိလာခဲ့ကြောင်း ကြားလိုက်ရသည်။ ပွင့်လင်းမြင်သာမှုမရှိသော တစ်ပါတီစစ်အာဏာရှင်အုပ်ချုပ်မှုအောက်တွင် သတင်းစကားစများ ပျံ့လွင့်ထွက်လာသည်။ ထို့အတွက်ကြောင့် အဘယ်မျှလောက်ထိ မှန်ကန်မည်ဆိုသည်ကို စံတစ်ခုထား၍တော့ မရနိုင်ပေ။

    ဂျပန်ဝန်ကြီးချုပ် တာနာကာက ၀ယ်ယူရေးအတွက် ညှိုနှိုင်းပြောဆိုကြရာတွင်ဂျပန်နှင့်မြန်မာသည် ယခုမှ ထိတွေ့ဆက်ဆံကြရသည်မဟုတ်။ လွန်ခဲ့သော (၁၇)ရာစု အလယ်ခန့်လောက်ကပင် ဂျပန်လူမျိုး ဆာမူရိုင်းစစ်သည်များ ရခိုင်ဘုရင်ထံ စစ်မှုထမ်းခဲ့ကြကြောင်း ပါဝင်သည်ဟုဆိုသည်။

    ဂျပန်ဝန်ကြီးချုပ် တာနာကာက နေပူတောင် မျက်မြင်အရှိ ကျောက်တစ်ဆောင်လုံးကိုတွက်ချက်ပြီး ၀ယ်ယူရေးစာချုပ် ချုပ်လိုသည်။ သက်ဆိုင်ရာ မြန်မာအစိုးရဘက်မှ လက်မခံသဖြင့် နောက်ဆုံး လေးပုံ တစ်ပုံ အရောင်းအ၀ယ်ပြုလုပ်ရန် သဘောတူကြကြောင်း သိရှိရသည်။ ထိုစဉ်က ကာလပေါက်ဈေး (၁)ကုဗမီတာလျှင် (၁၂၉၈ိ/ ၄၀ါး)ဖြင့် တွက်ချက်လျှင် အမေရိကန်ဒေါ်လာ သန်း(၉၀၀၀)ရှိသည်ဟု သိရ၏။ မြေလွှာပေါ်ထိုးထွက်နေသော မျက်မြင်အရှိ ကျောက်သားကုဗပေမှာ (၃၄၉)သန်း၊ (၂)သိန်း၊ (၃)သောင်း၊ (၇)ထောင်၊ (၅)ရာရှိကြောင်း ဆို၏။

    မြန်မာ၊ ဂျပန် ရောင်းသူနှင့်ဝယ်သူတို့ အပြန်အလှန် အလျှော့အတင်း အကျိုးအမြတ် ညှိနှိုင်းကြသည်။ ဂျပန်က ၀ယ်ယူခွင့်ရရှိသော လေးပုံတစ်ပုံကို တောင်ကုတ်မှ သံတွဲ မေရိုးဘေးသင်္ဘောဆိပ်သို့ ရထားလမ်းဖောက်မည်။ ထိုမှ သင်္ဘောကြီးများနှင့် ဂျပန်သို့ ပို့ဆောင်မည်ဟု ဆိုသည်။ မြန်မာဘက်မှ ဧရာဝတီမြစ်ကူးတံတား ထိုးပေးစေလိုသည်။ ပြီးမှ ပြည်မြို့မှ ရန်ကုန်သို့ ရထားလမ်းပိုင်း တိုးတက်ကောင်းမွန်အောင် ပြုလပ်စေပြီး ကြည့်မြင်တိုင်ဆိပ်ကမ်းမှ ဂျပန်သို့ သယ်ယူကြစေလိုသည်။ ဂျပန်တို့အလိုကျဆိုလျှင် ခရီးတိုနှင့် သင်္ဘောပေါ်သို့ရောက်ရှိပြီး ကုန်ကျစရိတ်သက်သာကာ အကျိုးအမြတ်ပို၍ရှိမည်။ ဒေသခံတို့ အလိုအရဆိုလျှင် တောင်ကုတ်-သံတွဲဒေသ၏ ဖွံ့ဖြိုးရေးကို မြင်တွေ့နိုင်မည်။ မြန်မာတို့အလိုအရ ထိုစဉ်က မြစ်ကြီးများကို ကူးဖြတ်သော တံတားဆိုသည်မှာ စိတ်ကူးယဉ်အိပ်မက်မျှသာ ဖြစ်သဖြင့် ဂျပန်တို့၏ မာဘဲလ်ကျောက် မက်မောလိုချင်မှုကို အခြေပြု၍ ပြည်-ရန်ကုန်လမ်းတစ်လျှောက်လုံး၏ ဖွံ့ဖြိုးမှုကို ရအောင်ယူလိုဟန်တူသည်။

    ဂျပန်တို့သည် နေပူတောင်ကျောက်ကို လိုချင်လွန်းသဖြင့် မဆလ စစ်အစိုးရ၏ လိုလားမှုမှန်သမျှကို လိုက်လျောကာ လေးပုံတစ်ပုံဝယ်ယူရေး စာချုပ် ချုပ်ဆိုလိုက်ကြကြောင်း ကြားသိလိုက်ရ၏။

    သို့သော် ဂျပန်ဝန်ကြီးချုပ် တာနာကာ ဂျပန်သို့ပြန်ရောက်ပြီး မကြာခင်အတွင်း ထိုစဉ်က ပြင်သစ် ပိုင် လော့ဟိလေယာဉ်ကုမ္ပဏီမှ လာဘ်စားမှုဖြင့် ပြုတ်သွားသည်ဆို၏။ နောက်တက်လာသော ဂျပန်အစိုးရသစ်မှ တာနာကာနှင့်ချုပ်ဆိုခဲ့သော စာချုပ်အတိုင်း ၀ယ်ယူရေးကို ဆက်လက် လုပ်ဆောင်ရန်ရှိသော်လည်း ဧရာဝတီမြစ်ကူးတံတားကိုမူ မြန်မာအစိုးရက ထက်ဝက်ကျခံရန် အဆိုပြုကြောင်းကြားရသည်။ ထိုစဉ်က အစိုးရသည်လည်း တစ်ပါတီစစ်အာဏာရှင် အရပ်သားတစ်ပိုင်း အစိုးရသာဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းနှင့် ပြည်တွင်းစစ် မီးတောက်မီးလျှံကြား ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံဘ၀သို့ လျှောဆင်းနေပြီဖြစ်၏။ ထို့ကြောင့် မြစ်ကူးတံတားကုန်ကျစရိတ်ကို ကျခံနိုင်ခြင်းမရှိသဖြင့် နေပူတောင် မာဘဲလ်ကျောက်အရောင်းအ၀ယ် ရပ်ဆိုင်းသွားကြောင်း သိလိုက်ရသည်။

ဦးမြင့်ဆွေမောင် (၀ိဇ္ဇာ-သမိုင်း)
ဘွဲ့ယူမှတ်ပုံတင်အမှတ် - ၇၈၃၉၇(၇၈/၇၉)
ထောင်ဝင်အမှတ် - ၅၃၁၇/စီ (၈၆/၈၈)


ကျမ်းကိုးစာရင်း


မြန်မာနိုင်ငံသမိုင်းမစတင်မီခေတ်
လွန်ခဲ့သော နှစ်သန်း (၁၆၀)က မြန်မာပြည်
ဘူမိဗေဒ သုတေသနဂျာနယ်
နေပူတောင်အလှဆင်ကျောက်-လင်းနောင်(တောင်ကုတ်)
ရခိုင်ပြည်နယ် ပထ၀ီအနေအထား
ဘ၀တစ်သက်တာ မှတ်တမ်း

No comments:

Post a Comment