လေရဲ့တန်ခိုး အကျိုးအာနိသင်

ရှေးအခါက ဖြစ်ပါတယ်။ ရခိုင်တို့ရဲ့ ဒေသမှာပဲ ဖြစ်ပါတယ်။
လှဖြူသန်ဆိုတဲ့ ရူးပေါပေါ လူတစ်ယောက် ရှိပါတယ်။
သူဟာ လူပေါလူပျော်မို့ ချစ်ခင်သူပေါပါတယ်။ ဒါကြောင့် အရပ်တကာသို့ လှည့်လည် စားသောက် ပြီး နေတတ်ပါတယ်။

သူဟာ သွားလေရာအရပ်တိုင်းမှာ မိတ်ဆွေတွေရဲ့အိမ်တွေမှာ တစ်လကိုးသတင်း နေထိုင်တတ်ပါတယ်။
ပြီးမှ တစ်ရွာသို့ ရွှေ့ပြောင်းပြီးတော့ တစ်လကိုးသတင်း နေတတ်ပြန်လေတယ်။

ဒီလိုနဲ့ လှဖြူသန်မှာ မိမိအိမ်ယာဆိုပြီးတော့ သီးသန့်မရှိသူပါ။
သူဟာ တွေ့ရာရာ တွေ့ရာအိမ်မှာ နေထိုင်ပြီး ကြုံရာကျရာ အလုပ်ကို လက်တိုလက်တောင်း ၀ိုင်းလုပ် ၀ိုင်း စားပြီး လုပ်ကိုင် အသက်မွေးတတ်သူပဲ ဖြစ်ပါတယ်။
တစ်နေ့မှာတော့ သူဟာ သူ့အသိမိတ်ဆွေဖြစ်တဲ့ အိမ်တစ်အိမ်မှာ တည်းခိုလို့ နေခဲ့ပါတယ်။
အဲဒီမှာ လှဖြူသန် တစ်ခါမှ မစားဘူးတဲ့ ဟင်းတစ်မျိုးကို စားသောက်ခဲ့ရပါတော့တယ်။

"ဟင်... ခံတွင်းတွေ့လိုက်တာ"
"အင်း... ကောင်းမှကောင်းပဲ..."
အဲဒီဟင်းကို လှဖြူသန် သိပ်ကြိုက်သွားတယ်။ ဒါကြောင့် သူ့မိတ်ဆွေရဲ့ ဇနီးကို မေးဖြစ်ပါတယ်။

"တစ်ခုလောက် မေးပါရစေ..."
"မေးပါရှင်..."
"ခင်ဗျား ဒီနေ့ချက်တဲ့ဟင်းကို ကျုပ်သိပ်ကြိုက်တယ်။ ပြီး... စားလို့ကောင်းတယ်လို့ တွေးမိပါတယ်။ ဒီဟင်းက ဘာဟင်းလဲဗျ..."
လှဖြူသန်က မေးလိုက်ပါတယ်။ ဒီတော့ မိတ်ဆွေဇနီးဖြစ်သူက...

"ဒီနေ့ ကျွန်မချက်တဲ့ဟင်းက တခြားမဟုတ်ပါဘူးရှင်... ခရီးသီးနဲ့ ငါးသလောက် ရောချက်တာပါပဲ"
"ဟုတ်လား"
"ဟုတ်ပါတယ်...၊ ဒါနဲ့ ဘာဖြစ်လို့ မေးတာလဲရှင်...၊ ဟင်းမကောင်းလို့လား..."

မိတ်ဆွေဇနီး ကြာမဖြူမှာ ဧည့်သည်က ခုလို သူချက်တဲ့ဟင်းကို မေးလား မြန်းလားလုပ်တော့ စိတ်မလုံပါ...၊ ဒါကြောင့် ခုလို ပြန်မေးလိုက်ရတာပဲ ဖြစ်ပါတယ်။

တစ်ခုခု ၀တ္တရားပျက်ကာ အားနာစရာဖြစ်နေက မခက်ဘူးလား၊ ဒါကြောင့်ပါ...။ ဒီတော့မှ...
"ဟာဗျာ... ကြာမဖြူကလဲ တောက်တီးတောက်တဲ့ မဟုတ်တာ ကျွန်တော်က ပြောပြီးသားပဲ မဟုတ်လား...၊ ဟင်းက သိပ်ကောင်းပါတယ်လို့..."

"ဟုတ်ကဲ့ ကျေးဇူးပါ..."

သူ့မိတ်ဆွေဇနီး ကြာမဖြူ ၀မ်းသာသွားတယ်။ ခုတော့ မိတ်ဆွေဇနီးမှာ စိုးရိမ်မှုတွေ ပြယ်ပျောက် သွားခဲ့ပါတယ်။
ဒါကြောင့်ငွေ့ငွေ့လေး ပြုံးနိုင်လာပါတယ်။
ဧည့်သည်က ဆက်ပြောပါတယ်။

"ကျွန်တော် ခုမေးတာက နောင်တစ်နေရာ ရောက်တဲ့အခါ ချက်စားရအောင်လို့ သိထားရအောင် မေးတာ ပါဗျာ... ဟဲ... ဟဲ..."

ခပ်ပေါပေါ လှဖြူသန်က ကြာမဖြူထံက အဲဒီဟင်းချက်နည်းမျိုးကို သင်ယူခဲ့ပါတော့တယ်။

အမှန်ပါပဲ ကြာမဖြူဟာ လှဖြူသန် အလိုရှိတဲ့ ခရမ်းသီးနဲ့ ငါးသလောက်ချက်နည်းကို ကျကျနန ပြောပြ လိုက်ပါတယ်။

အမှန်မှာ ကြာမဖြူဟာ သူချက်တဲ့ဟင်းကို ချီးမွမ်းထောပနာ ပြုတဲ့အတွက်လည်း ဒီခရမ်းသီးနဲ့ ငါးသလောက် ချက်နည်းကို စိတ်ပါလက်ပါ သင်ပေးလိုက်တာ ဖြစ်ပါတယ်။ အဆုံးမှာတော့...
"ကဲ... ရှင်မှတ်မိပလား..."
"ဟုတ်ကဲ့... ကျေးဇူးပါပဲ..."
လှဖြူသန် အသေအချာ မှတ်သားထားလိုက်ပါတယ်။

သူက ဒီလောက်ကောင်းတဲ့ဟင်းကို တစ်နေ့ ကိုယ်တိုင်ချက်စားမယ်လို့ ရည်ရွယ်ထားလို့ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ခုခက်တာက လှဖြူသန်က မေ့တတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီခရမ်းသီးနဲ့ ငါးသလောက်ချက်နည်းဟာ သူ့ဦးနှောက်ထဲမှာ မကြာမီမှာဘဲ မေ့သွားနိုင်တာ သူ့ဘာသာ သူ ကောင်းကောင်းသိထားတာကြောင့်ပဲ ဖြစ်ပါတယ်။

လှဖြူသန်အနေနဲ့ ဒီလောက်ကောင်းတဲ့ ခရမ်းသီးနဲ့ ငါးသလောက်ချက်နည်းကို မမေ့လိုတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် သူ့စိတ်ကို သူသိတဲ့ လှဖြူသန်ဟာ ဒီကိစ္စကို ဘယ်လိုဆောင်ရွက်ရင် မမေ့ဘဲ ဖြစ်နိုင်မယ်ဆိုတာ အကြံဥာဏ် ထုတ်နေမိပါတယ်။

လှဖြူသန် စိတ်ကူးလို့နေခဲ့ပါတယ်။ ဒီလိုနဲ့ အကြံဥာဏ်ထုတ်လို့ လာခဲ့တဲ့ လှဖြူသန်ဟာ အဲဒီအိမ်က မထွက်ခွာမီမှာ အကြံဥာဏ်သစ်တစ်ခုကို ရရှိခဲ့ပါတော့တယ်။

လှဖြူသန်စိတ်မှာ ထွက်ပေါ်လာတဲ့ အကြံသစ်ကတော့ သူ့ပါးစပ်ထဲမှာ မပြတ်အောင် အော်ကျက်နေတာဟာ အကောင်းဆုံးနည်းပဲ ဖြစ်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

အဲဒီအကြံဥာဏ်သစ်ကို ရသွားတဲ့ လှဖြူသန်ဟာ အစမ်းသဘောအနေနဲ့ သူ့နှုတ်က...
"ခရမ်းသီးနဲ့ ငါးသလောက်၊ ခရမ်းသီးနဲ့ ငါးသလောက်" ဆိုပြီးတော့ တစ်နေ့လုံး အောက်ကျက်နေခဲ့ပါတယ်။

သူ ခုလို အော်နေပေမယ့် သူ့အသံက တိုးတိုးလေးမို့ နောက်လူတွေက မကြားကြရပါ...။

လှဖြူသန် အစမ်းသဘော အော်ဆိုမှတ်သားခဲ့တာ အဆင်ပြေပါတယ်။
ဒါကြောင့် နောက်တစ်နေ့မှာတော့ အဲဒီအိမ်က သူ ထွက်ခွာလာခဲ့ပါတော့တယ်။

"ဒီတစ်ခါတော့ တန်တယ်ဟေ့..."

လှဖြူသန်ဟာ အိမ်ကထွက်ကတည်းက တစ်လမ်းလုံး "ခရမ်းသီးနဲ့ ငါးသလောက်၊ ခရမ်းသီးနဲ့ ငါးသလောက်"ဆိုပြီးတော့ တိုးတိုးလေး မှတ်သား ရွတ်ဖတ်လို့ သွားနေခဲ့ပါတယ်။

ဒီလို ရွတ်လာတဲ့ လှဖြူသန်ဟာ တစ်နေရာသို့ ရောက်တဲ့အခါမှာတော့ သူ့ပါးစပ်က အရွတ်မရပ်ဘဲနဲ့ လူမှာတော့ ခဏမျှ နားနေမိလိုက်ပါတယ်။

သူ အဲဒီလို နားနေပေမယ့် သူ့ပါးစပ်ကတော့ "ခရမ်းသီးနဲ့ ငါးသလောက်" ဆိုပြီး ဆိုမြည် ရွတ်တွားလို့ သာ နေနေခဲ့ပါတယ်။

ဒီလိုနဲ့ သူ ခရီးဆက်ခဲ့ပါတယ်။
ဒီလိုနဲ့ ခရီးဆက်လာခဲ့တဲ့ လှဖြူသန်ဟာ ချောင်းနံဘေးတစ်နေရာဆီ ရောက်ခဲ့ပါတယ်။
အဲဒီမှာ အမှတ်တမဲ့နဲ့မို့ ကမ်းပေါ်က ချောင်းထဲသို့ ခြေချော်ကျလို့ သွားခဲ့ပါတော့တယ်။

ပြီး... သူရေထဲ နစ်သွားခဲ့ပါတယ်။ သူ ရေထဲက မွှန်ထူပြီး မသေရုံတမယ် ပြန်တက်လာနိုင်ခဲ့ပါတယ်။

အဲဒီမှာ... လူမသေပေမယ့် သေလောက်အောင် ဝေဒနာကို သူခံစားလိုက်ရပါတော့တယ်။
အဲဒါကတော့...
သူတစ်သက်တာ အကောင်းဆုံးဟင်းချက်နည်းဖြစ်တဲ့ ခရမ်းသီးနဲ့ ငါးသလောက် ဟင်းချက်နည်း အကြောင်း ကို မေ့လို့သွားခဲ့တာကြောင့်ပါပဲ။

"ဒုက္ခပါပဲ..."
သူ တစ်ကယ် မေ့သွားခဲ့ပါပြီ။ သူ အထပ်ထပ် စဉ်စားကြည့်ပါတယ်။
ဒါပေမယ့် ဘာနဲ့ဘာကို ဘယ်လိုပေါင်းချက်တယ်ဆိုတာ သူမမှတ်မိတော့ပါဘူး။
မိမိ တစ်သက်တာမှာ ဒီဟင်းလောက် ကောင်းတဲ့ဟင်းကိုလဲ သူတစ်ခါမှ မစားဖူးခဲ့မိပါဘူး။

နောင်အခါ ကိုယ်တိုင် ကိုယ်ပိုင် ချက်စားဖို့ရာ နည်းနာနိသျှနဲ့တကွ ဟင်းအမည်ကိုပါ မှတ်သားခဲ့ပါလျက်နဲ့ ခုလို မေ့သွားရတာအတွက် လှဖြူသန် ယူကျုံးမရဖြစ်လို့ နေ နေပါတော့တယ် ဆိုတာပါ...။

ဒါကြောင့် လှဖြူသန် အကြိမ်ကြိမ် စဉ်းစားပါတယ်။ ဒါပေမယ့် အသိမှာ ပြန်ပေါ်မလာခဲ့တော့ပါ။

ဒါကြောင့် နောက်ဆုံးမှာတော့ အဲဒီပစ္စည်းတွေဟာ ချောင်းထဲကျ မြုပ်သွားခဲ့ပြီး ဖြစ်ပုံရကြပါတယ်။
ဒါကြောင့် သူ့စိတ်ဆီ ပြန်ပေါ်လို့ မလာတောဘူး ထင်မှတ်လိုက်ပါတော့တယ်။
ဒါကြောင့် ဒီပစ္စည်းဟာ ဒီနေရာ ဒီချောင်းထဲမှာပဲ ရှိနိုင်တယ်လို့ တွေးပြီးတော့ ဒီအတိုင်းဖြစ်ရမယ်ပဲ ဆုံးဖြတ် ထားလိုက်ပါတယ်။

ဒါကြောင့် တစ်ယောက်တည်း ချောင်းထဲဆင်းကာ...
ငုပ်လိုက် စမ်းလိုက်နဲ့ အလုပ်တွေ များသထက် များလို့ နေပါတော့တယ်။
"ကဲ... မင်းဘယ်ပြေးမလဲ ဟင်းချက်နည်းရယ်"

အဲဒီလို လှဖြူသန် ရေငုပ်နေလို့ အတော်ကြာသွားတဲ့အခါ အဘိုးကြီးတစ်ယောက်ဟာ ချောင်းစပ်မှာ ပေါ်လို့ လာခဲ့ပါတယ်။
သူဟာ ကိစ္စတစ်ခုနဲ့ ဒီနေရာဆီ ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီမှာ အမောတကောဖြစ်နေတဲ့ လှဖြူသန်ကို ကြည့်ပြီးတော့...
"ငါ့မြေးက ဘာအဖိုးတန်ပစ္စည်းတွေ ကျသွားလို့ ဒီလောက်ထိ သည်းကြီးမည်းကြီး ရေထဲ ငုပ်နေရတာလဲ ကွာ...၊ တော်ကြာ မွမ်းပြီး သေသွားမှဖြင့်ကွာ..."

အဘိုးကြီးက ကရုဏာအပြည့်နဲ့ ဆိုလာပါတယ်။ သားသမီးချင်း ကိုယ်ချင်းစာစိတ်မျိုးနဲ့ပါ။ မေးလာခြင်းပါ...။
"ကျွန်တော် တစ်သက်လုံးစုထားတဲ့ ရတနာပစ္စည်းတစ်ခု ဆိုပါတော့ အဘိုးရယ်"
"ဟုတ်လား...၊ နှမြောစရာကြီး"
"ဟုတ်ပါတယ်...၊ အစကတော့ မပျောက်ပါဘူး...၊ ခု ဒီချောင်းနံဘေးရောက်မှ ကမ်းပါးပြတ်တစ်ခု နင်းမိ တာနဲ့ ခုလို လူပါအကျ ပျောက်ဆုံးလို့ သွားခဲ့ရတာ ပါပဲဗျာ"
"ဖြစ်ရလေကွာ... ကျွတ်... ကျွတ်..."

လှဖြူသန်က တကယ့်အဖိုးတန်ရတနာတစ်ခု ကျပျောက်သွားတဲ့အလား ညည်းတွားခံစား ပြောဆိုလိုက် ပါတယ်။

အဘိုးကြီးမှာ စိတ်မကောင်းပါ။ တကယ့် အဖိုးတန်ပစ္စည်းပျောက်သွားလို့ ခုလို အပင်ပန်းခံ ငုပ်စမ်းနေရ တာပဲ ဖြစ်မယ်။ ဒီလောက် သည်းသည်းမည်းမည်း ငုပ်စမ်းနေခဲ့တာလဲ ဖြစ်မယ်လို့ ယူဆလိုက်မိပါ

တယ်။

ဒါကြောင့် ဘာမှထပ်မမေးတော့ဘဲ ကူညီတဲ့အနေနဲ့ လှဖြူသန်နဲ့ အတူ အ၀တ်ချွတ် ရေ၀င်ငုပ်လိုက် ပါတော့တယ်။

တစ်ခါတစ်ရံမှ လှဖြူသန်ကို အဘိုးကြီးက...
"မင်းပစ္စည်းက ဒီနားက ကျသွားသလား...၊ ဘယ်နားက ကျသွားသလဲကွ..."
ဒီလောက်ပဲ မေးမြန်းပါတော့တယ်။ ဒီထက်ပို မမေးသင့်ဘူးလဲ သိထား နားလည်လိုက်ပါတယ်။

တကယ့်အဖိုးတန်ပစ္စည်းမို့သာ ခုလို ဖွင့်မပြောနိုင်ဘဲ ဖြစ်နေတယ်လို့ ယူဆနားလည်လိုက်တာကြောင့် လဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ အဘိုးကြီးနဲ့ လှဖြူသန်တို့ဟာ တစ်နာရီကျော်ကျော်မျှ ငုပ်လိုက်စမ်းလိုက်နဲ့ ရှာကြတဲ့အခါ နှစ်ယောက် စလုံးမှာ ချမ်းစပြုလာ ခဲ့ကြပါတော့တယ်။

လှဖြူသန်မှာ လူငယ်တစ်ယေက်ဖြစ်တာကြောင့်၊ ပြီးတော့ မိမိရဲ့ အဖိုးတန်ပစ္စည်းဖြစ်တာကြောင့် ခုလို သည်းသည်းမည်းမည်း ဇွဲရှိနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ခုတော့ အဘိုးကြီးမှာ မဟန်နိုင်တော့ပါ။ ချမ်းလာခဲ့ပြီ။

အမှန်မှာ လှဖြူသန် ခုလို ငုပ်စမ်းနေခဲ့တာဟာ အဘိုးကြီးထက် တစ်နာရီကျော်မှ စောနေခဲ့ပါသေးတာ ဆိုခဲ့ပြီး ဖြစ်ပါတယ်...၊ သူ ခုလို ခံနိုင်တာ သူ့ပစ္စည်းရလိုဇောကြောင့်...၊ ပြီး... ငယ်ဂုဏ်ကြောင့်ပါ။

အဘိုးကြီးမှာတော့ မသက်သာပါဘူး။
အသက်အရွယ် ကြီးသူဖြစ်ပြီး အားအင်ပါ နည်းပါးနေခဲ့ပြီးသူ ဖြစ်တာကြောင့်ပဲ ဖြစ်ပါတယ်။

ခုတော့ လှဖြူသန်နဲ့ အဘိုးကြီးတို့ နှစ်ယောက်စလုံး ချမ်းတုန်လာခဲ့ကြပါပြီ...။

ဒါကြောင့် နှစ်ယောက်သား တိုင်ပင်ပြီးတေ ကမ်းစပ်သို့ တက်ပြီး နေပူဆာ လှုံကြပါတော့တယ်။
ခဏကြာတော့ အပူရှိန်နဲ့ အအေးတွေ အသင့်အတင့်ပျောက်တော့ ရေထဲ ဆင်းငုပ်ကြပြန်ပါတယ်။
ဒီလိုနဲ့ ဆင်းလိုက် ငုပ်လိုက် တက်လိုက် နားလိုက်နဲ့ ရှိနေခဲ့ကြပါတယ်။
ခန္ဓာကလည်း ပူလိုက်အေးလိုက်နဲ့ပါ...။ ၀မ်းထဲကလဲ ဆာလိုက် ဟာလိုက် နစ်လိုက်နဲ့ပါ...၊ အတော် ကြာခဲ့ပါတယ်။

အဲဒီလို ရှိနေစဉ်မှာ လှဖြူသန်ဆီက လေလည်သံကြီး "ဘူ"ကနဲ အသံတစ်ခု ထွက်လာခဲ့ပါတယ်။
မကြာမီမှာပဲ အဘိုးကြီးဟာ သူ့ရဲ့ နှာခေါင်းထဲမှာ အနံ့ဆိုးကြီး တစ်ခုကို ရရှိလာခဲ့ပါတယ်။ ဒါနဲ့ပဲ...
"သြော်... မင်းလွှတ်လိုက်တဲ့ လေကလည်း ခရမ်းသီးနဲ့ ငါးသလောက်ချက်တဲ့ အစော်နံလိုက်တဲ့ ဟင်းကွာ... ထွီ..." ပြောရင်း နှာခေါင်းပိတ်ခါ ဆိုလိုက်ပါတယ်။
အဘိုးကြီး ပြစ်တင်စကားအဆုံးမှာတော့ လှဖြူသန်မျက်နှာမှာ စိတ်မဆိုးတဲ့အပြင် သူ့မျက်နှာ ၀င်းပလို့ သွားခဲ့ပါတယ်။

"ဟာ... ရှာနေတာ ရပါပြီဟေ့..."
ခုတော့ အရူးတစ်ယောက်ပမာ လှဖြူသန် အဘိုးကြီးကို ပွေ့ဖက်လိုက်ါပတယ်။
ပြီးတော့ အဘိုးကြီးကို ဂရုလုံးဝမစိုက်တော့ပါဘဲ ပုံချထားတဲ့ သူ့လုံချည်နဲ့ အင်္ကျီကို ကောက်ယူဝတ်ဆင်ပြီး အဲဒီနေရာက တချိုးတည်း ထွက်ခွာလို့ သွားခဲ့ပါတယ်။ သူ့နှုတ်ကလည်း တစ်စုံတစ်ခုကို ရွတ်ဆိုကာနဲ့ပါ...။

အဲဒီအခြင်းအရာကို နားမလည်နိုင်တဲ့ အဘိုးကြီးမှာ လှဖြူသန်နောက် ပြေးလို့ လိုက်ခဲ့ပါတယ်။ ပြီးမှ...
"မင်း ဆက်မငုပ်တော့ဘူးလား...၊ မင်းပစ္စည်းက ရသွားခဲ့ပြီလားကွ..."
အဘိုးကြီးက ဂရုတစိုက် မေးလိုက်ပါတယ်။ အဲဒီမှာ လှဖြူသန်က တက်ကြွစွာနဲ့ပဲ...
"ကျွန်တော့်ပစ္စည်း ပြန်ရခဲ့ပြီဗျ..."
"ဟင်..."
အဘိုးကြီးမှာ နားမလည်နိုင်ပါ...၊ ဒါကြောင့်...
"မင်းပစ္စည်း ဘယ်မှာလဲ...၊ ဘယ်ကရသလဲကွ"လို့ သူမသိတာကို ရှင်းလင်းအောင် မေးလိုက်ပါတယ်။ ဒါကို စိတ်မရှည်တဲ့ လှဖြူသန်က...
"ကျွန်တော့်ပစ္စည်းကို အဘိုးဆီကပဲ ရတယ်ဗျ"
"ဟင်..."
"ဟုတ်တယ်... အဘိုးဆီကပဲ ရတယ်"
"ဟေ့... ဘယ်မှာလဲ...၊ ဘယ်ဟာလဲ...၊ ပြစမ်းပါကွာ ငါမှမသိတာ၊ ငါသိချင်လှတယ်" ဆိုလိုက်တော့မှ လှဖြူသန်က ပြုံးဖော်ရလာရာက...
"ခုနက အဘိုးပြောလိုက်တဲ့ ခရမ်းသီးနဲ့ ငါးသလောက်ဗျ..."
"ဟေ... ဘယ်လို... ဘယ်လို..."
ရှင်းမှ ပိုရှုပ်နေတဲ့ ဇာတ်လမ်းကို လှဖြူသန်က အကြောင်းစုံ ပြောပြလိုက်ပါတယ်။

"အိမ်တစ်အိမ်က ဟင်းချက်ကျွေးတာ ကောင်းလွန်းလို့ နောင်မှာ ကိုယ်ပိုင် ချက်စားရအောင် မှတ်ထားခဲ့တာ၊ အဲဒီလို မှတ်သားလာရင်းက ချောင်းထဲ ပြုအကျမှာ အဲဒီအမှတ်အသားဟာ ရေထဲကျသွားခဲ့ပြီ

ထင်လို့ ရှာဖွေရေငုပ်ခဲ့ရတာ...၊ အခု အဘိုးပြောလိုက်တဲ့အထဲမှာ ပါလာမှ ပြန်မှတ်မိသွားလို့ ကျေးဇူးတင် လိုက်ရတာ" ပြောဆိုလိုက်ပါတယ်။

အဲဒီတော့မှ သူ့အပြောကို ပါးစပ်အဟောင်းသား ဖြစ်သွားသူ အဘိုးကြီးက...
"ဒီ အီးပေါက်တဲ့ ခရမ်းသီးနဲ့ ငါးသလောက်ချက်ကိုများကွာ...၊ မင်းမို့သာ ရာရာစစ ဟင်း..."

ပြောချင်ရာပြောပါ...၊ ဒါပေမယ့် အဘိုးကြီး စကားမုံးမီမှာဘဲ လှဖြူသန်ဟာ သူ့အပါးက လှစ်ကနဲ ပြေး ထွက်လို့ သွားခဲ့တယ် ဆိုတာပါ...။

ပြီး... လှဖြူသန်မှာ သူ့နှုတ်က တတွက်တွက် ရွတ်လို့ပါ။ အဘိုးကြီးမှာလဲ နှုတ်က တတွက်တွက် ပြစ်တင် ကာနဲ့ပါ။ "ငါက လူကောင်းသူကောင်းလို့ ထင်ခဲ့တာ...၊ မင်းက အရူးအပေါ ငပေါက်ပဲကွ" အဘိုး

ကြီးက ပေါက်ကွဲ ရေရွတ် နေလိုက်ပါတယ်။

ဒါပေမယ့် လှဖြူသန်မှာ ဂရုမစိုက်နိုင်တော့ပါ...၊ သူမြတ်နိုးတဲ့အရာ ရခဲ့ပြီမို့ သူ့မှာတော့ အထူးဂရုတစိုက် နဲ့ပါ...။

"ခရမ်းသီး ငါးသလောက်...၊ ခရမ်းသီး ငါးသလောက်" အော်ရင်း ရှေ့သို့ လျှောက်လှမ်း သွားနေမြဲ သွားနေ ခဲ့တယ် ဆိုတာပါ။

ဒါနဲ့ မပြီးသေးပါ...။ အဘိုးကြီးက...
"ခရမ်းသီးစား ၀မ်းသွား...၊ ငါးသလောက် အီးပေါက်...၊ ပြီး... အသက်ပျောက် မပျောက်ခင်ထူး အရူးကောင် ငကြောင်လူန လူ့ဗာလ ဟေ့... လူ့ဗာလ..."

အဘိုးကြီး ဘာပြောပြော လှဖြူသန် မကြား မသိတော့ပါ...၊ ဘာကြောင့်ဆို သူလိုချင်တာ ရခဲ့လို့သာ ၀မ်းသာအားရနဲ့ပါ ရှေ့တူရှုအရောက် လျှောက်နေသူမို့သာပါလေ...။

အဘိုးကြီးကတော့ လှဖြူသန် နောက်ကျောကို ကြည့်ကာ၊ နောက်ကွယ်ကနေပြီး လောကထဲမှာ လူဖြစ် လာပြီး လူတန်းစေ့ မမီသူ အရူးအပေါ တစ်ယောက်ကို တွေ့ရမှုအပေါ်မှာ ကရုဏာဒေါသနဲ့ မြည်တွန်

ပေါက်ကွဲ နေမိခြင်းသာ ဖြစ်ရတယ်ဆိုတာပါ...။

အဘိုးရဲ့ ဒီဝေဒနာအပေါ်မှာတော့ လှဖြူသန် တစ်ယောက်မှာ ခံစားဝင်စားမှုအရာ ဘာဆိုဘာမှ မသိသား ဆိုးရွားစွာနဲ့ပါ...။

ဘာလို့ဆို သူ့ဘ၀မှာ သူလိုချင်တဲ့အရာ လေရဲ့အကျိုး အဖိုးအနဂ္ဃကို သူအမှန်တကယ် ရရှိခံစားသွားခဲ့ပြီး မဟုတ်ပါလားဗျာ ဆိုတာပါ...။

အောင်ထွန်းပေါ်
လေရဲ့တန်ခိုး အကျိုးအာနိသင်နှင့် (ရခိုင်ရိုးရာ ဟာသပုံပြင်များ) စာအုပ်မှ-

No comments:

Post a Comment