ဦးဘမြိုင်ကို ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ အောင်စေတီရပ်ကွက်တွင် အဘ လယ်ဝန် ဦးသာလှ၊ အမိ ဒေါ်အောင်ခိုင်ညိုတို့မှ ၁၈၉၄ ခုနှစ် ဖော်ဖော်ဝါရီလ (၂၁)ရက်၊ ၁၂၅၅ ခုနှစ် တပို့တွဲလဆုတ် (၂)ရက်၊ ဗုဒ္ဓဟူးနေ့တွင် မွေးဖွားခဲ့သည်။ အသက် (၄)နှစ်အရွယ်တွင် မိခင်ကွယ်လွန်၍ အဖိုးအဖွားနှင့် အဘ ဦးသာလှတို့က ပြုစုစောင့်ရှောက်ခဲ့ကြသည်။ ရမ်းဗြဲမြို့ မြန်မာစာအလယ်တန်းကျောင်းတွင် ပညာစတင် သင်ကြားသည်။ ဒုတိယတန်းအောင်မြင်သောအခါ ရမ်းဗြဲမြို့၌ အင်္ဂလိပ်ဘာသာကျောင်းမရှိ၍ စစ်တွေမြို့ St. An's Convent ခရစ်ယာန်သာသနာပြုကျောင်း (စိန့်အဲ(န်)ကွန်ဗင့်မိန်းကလေးကျောင်း)သို့ ပြောင်းရွေ့၍ ပညာဆက်လက် သင်ကြားသည်။ ယင်းကျောင်းမှ (၅)တန်းအောင်သောအခါ ရန်ကုန်မြို့ရှိ "ရန်ကုန် ဟိုက်စကူး"ကျောင်းသို့ ပြောင်းရွေ့၍ ပညာဆက်လက်သင်ကြားသည်။
၁၉၁၃ ခုနှစ်တွင် ကာလကတ္တား တက္ကသိုလ် စာမေးပွဲကိုလည်းကောင်း၊ မြန်မာနိုင်ငံ ပညာရေးဌာနက စစ်သော ဟိုက်စကူးဖိုင်နယ် စာမေးပွဲကိုလည်းကောင်း အောင်မြင်ခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် ရခိုင်ပြည် နယ်၊ မြောက်ဦးမြို့၊ တောင်ရပ်ရွာနေ ကုန်သည်ကြီး ဦးအောင်ပြည့်ဇုံနှင့် ဇနီး ဒေါ်လှဇံဦးတို့၏ သမီး ဒေါ်အောင်လှမေနှင့် အိမ်ထောင်ပြုသည်။ ရန်ကုန်ကောလိပ်တွင် ဆက်လက်ပညာသင်ကြားရာ ဥပစာဝိဇ္ဇာအထက်တန်း စာမေးပွဲတွင် ပထမရ၍ စကော်လားရှစ်အဖြစ် တစ်လလျှင် ရွှေဒင်္ဂါးတစ်ကျပ် ချီးမြှင့်ခြင်းကို ခံရသည်။ ၁၉၁၇ ခုနှစ်တွင် ၀ိဇ္ဇာ (ပါဠိဂုဏ်ထူး)တန်းကို အောင်မြင်ခဲ့သည်။ ရန်ကုန်ကော လိပ်တွင် ၀ါသနာအလျောက် ဆရာလုပ်လိုသော်လည်း ဖခင်၏ တိုက်တွန်းချက်အရ ၁၉၁၇ ခုနှစ်၊ ဇန်န၀ါရီ လတွင် မြို့ပိုင်အလုပ်ကို စတင်လုပ်ကိုင်ခဲ့သည်။ ရန်ကုန်မြို့ ပြည်ထဲရေးဌာနလက်အောက် စာတော်ပြန် ဌာန၌ လက်ထောက် အစိုးရစာတော်ပြန်အဖြစ် အမှုထမ်းရင်း နေ့စဉ် ဥပဒေ၀ိဇ္ဇာတန်းကို သင်ကြားဖြေဆို ရာ ပထမ ရခဲ့သည်။
၁၉၂၈ ခုနှစ်တွင် ရာဇ၀တ်ဌာနမှ တရားရေးဌာနသို့ တရားမ၀န်ထောက်အဖြစ် ပြောင်းရွေ့လုပ်ကိုင်သည်။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် ရန်ကုန်၊ မန္တလေး၊ ဇီးကုန်း၊ ပြည်၊ မုံရွာ၊ ပုသိမ်၊ ၀ါးခယ်မနှင့် မြောင်းမြ မြို့တို့တွင် လှည့်လည် အမှုထမ်းခဲ့သည်။
ပြည်မြို့တွင် တရားမ၀န်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် အင်္ဂလိပ်လူမျိုး အရေးပိုင်က ၎င်း အား မြန်မာတစ်ယောက်က ရိုက်ပုတ်သည်ဟု တိုင်ကြား တရားစွဲဆိုရာ ယင်းအမှုကို ဦးဘမြိုင် စစ်ဆေး သည့်အခါ သက်သေများ၏ ထွက်ဆိုချက်အရ အမှုမခိုင်လုံသဖြင့် တရားခံအား လွှတ်လိုက်သည်ကို အရေးပိုင်က မကျေနပ်၍ မင်းကြီးကို တိုင်ကြားသည်။ မင်းကြီးကိုယ်တိုင် စစ်ဆေးသည့်အခါ တရားခံအား ဥပဒေအရ လွှတ်လိုက်ခြင်းမှာ မှန်ကန်နေ၍ မင်းကြီးက တရားသူကြီးတို့တွင် ရှိအပ်သော "ကြောက်ရွံ့ခြင်း ကင်းခြင်း၊ အထက်လူ အောက်လူဟူ၍ မခွဲခြားဘဲ ဥပဒေအရသာ မှန်ကန်စွာ တရားစီရင်ခြင်း" အစရှိသော အရည်အချင်းများ ဦးဘမြိုင်တွင် ရှိသည်ဟု ချီးမွှမ်းပြောဆိုခဲ့သည်။
၁၉၄၀-၄၁ ခုနှစ်တွင် သခင်များ ဆူပူ၍ နာမည်ကြီး လူကြမ်း ရာဇ၀တ်ဝန်ထောက် "မစ္စတာရိုလင်း" ကို မြောင်းမြမြို့သို့ စေလွှတ်၍ အခြေအနေကို ထိန်းသိမ်းစေခဲ့ရာ သခင်ပေါင်း (၇၀၀)ခန့်ကို ဖမ်းဆီး ပြီး ခြောက်ရာဘက် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးဘမြိုင်၏ရုံးသို့ တရားစွဲဆိုခဲ့သည်။ အမှုများကို စစ်ဆေးကြည့်ရာ သက်သေမခိုင်လုံသဖြင့် သခင်များအားလုံး လွှတ်ပေးခဲ့သည်။
၁၉၄၁ ခုတွင် "အမှုထမ်းကောင်းတံဆိပ်" (အေ၊တီ၊အမ်) ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ၁၉၄၂ ခုနှစ်၊ ဒီဇင်ဘာ (၈)ရက်နေ့တွင် မြောင်းမြမြို့မှ စစ်တွေမြို့သို့ တရားမ၀န်ထောက်အဖြစ် ပြောင်းရွှေ့အမှုထမ်းဆောင်သည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားသဖြင့် စစ်တွေမြို့တွင် ရက်ပေါင်း (၂၀)ခန့်သာ နေခဲ့ရပြီး စစ်ဘေး ဒဏ်ကြောင့် မြောက်ဦးမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ စစ်အတွင်း မြောက်ဦးမြို့မှတဖန် ကျောက်ဖြူခရိုင်၊ စနဲရွာ၊ ရမ်းဗြဲမြို့၊ လက်ပံရွာတွင် နေထိုင်စဉ် ဂျပန်များက တရားသူကြီးလုပ်ရန် ခိုင်းလာရာ မငြင်းဆန်ဝံ့သဖြင့် စက်ရှင်တရားသူကြီးအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ သည်။ ၁၉၄၄ ခုနှစ်တွင် ဂျပန်များအရေးနိမ့်၍ ဆုတ်ခွာသည့်အခါ ဦးဘမြိုင်အား ၎င်းတို့နှင့်အတူ ခေါ်ယူ သွားပြီး ပြည်မြို့ "နိဗိန္ဒချောင်"တွင် ထားရစ်ခဲ့သည်။
ပြည်မြို့ကို မဟာမိတ်တပ်များ ပြန်လည်သိမ်းပိုက်သည့်အခါ ယခင်ကပင် လက်တွဲလုပ်ကိုင်ဘူးခဲ့သော အင်္ဂလိပ်လူမျိုး မင်းကြီးနှင့် ပြန်လည်တွေ့ဆုံကြရာ မင်းကြီးက အထူးအစီအစဉ်ဖြင့် ဦးဘမြိုင်အား စစ် သင်္ဘော၊ စစ်လေယာဉ်တို့ဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ပြန်ပို့ပေးပြီး အထူးတရားသူကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ကျောက်ဖြူမြို့မှ မြင်းခြံမြို့သို့ စက်ရှင်တရားသူကြီးအဖြစ် ပြောင်းရွှေ့တာ ၀န်ထမ်းဆောင်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် မြင်းခြံမြို့မှ စစ်တွေမြို့သို့ ပြောင်းရွှေ့ခဲ့ပြီး စစ်တွေမြို့မှာပင် အလုပ်မှ အငြိမ်းစားယူခဲ့သည်။
အငြိမ်းစားယူပြီး လွှတ်တော်ရှေ့နေ (ဗဟိုတရားရုံးရှေ့နေ)အဖြစ် လုပ်ကိုင်နေစဉ် မြို့မိမြို့ဖများက တိုက် တွန်းတင်မြှောက်သဖြင့် မြူနီစပယ် ဥက္ကဌအဖြစ် လည်းကောင်း "စကော်လားရှစ်အသင်း"၏ ဥက္ကဌအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် ရမ်းဗြဲမြို့ မဲဆန္ဒနယ်မှ ပါလီမန်အမတ်အဖြစ် အရွေးခံခဲ့ရပြီး ၁၉၅၁ ခုနှစ်တွင် "ရတည" (ရခိုင်တိုင်းရင်းသားညီညွတ်ရေးအဖွဲ့)ကို ဖွဲ့စည်းရာတွင် ပါဝင် ခဲ့ပြီး အဖွဲ့ဝင် (၁၂)ဦးတို့ကို ဥက္ကဌအဖြစ် ဦးဆောင်ခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် တဖန် ရမ်းဗြဲမြို့ မဲဆန္ဒနယ်မှ ပါလီမန်အမတ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး ၁၉၆၁ ခုနှစ်တွင် "ရခိုင်ရေးရာဝန်ကြီးနှင့် ပြန်ကြားရေးဌာန ၀န်ကြီး" တာဝန်များကို ပူးတွဲထမ်းဆောင်ခဲ့သည်။
ဖ၊ဆ၊ပ၊လ အစိုးရက ပါလီမန်တွင် ပုဒ်မ ၅၀၀ ကို တင်သွင်းခဲ့စဉ်က ဦးဘမြိုင်က ဥပဒေအကျိုး အကြောင်းထောက်ပြပြီး ဦးဆောင် ကန့်ကွက်ခဲ့သဖြင့် ယင်းဥပဒေကြမ်းကို ဖ၊ဆ၊ပ၊လ အစိုးရက ရုပ်သိမ်း ခဲ့ရသည်။ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ သုံးခရိုင် ညီညွတ်မှုရရှိအောင် ဆောင်ရွက်ခဲ့သည်။ ၁၉၆၂ ခုနှစ် ဇန်န၀ါရီလတွင် ၀န်ကြီးအဖြစ် နုတ်ထွက်စာတင်ခဲ့ရာ ထိုစဉ်က ၀န်ကြီးချုပ်ဖြစ်သူ ဦးနုက လက်မခံသဖြင့် ရခိုင်ရေးရာနှင့် ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီးအဖြစ် ဆက်လက်လုပ်ကိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ် ဖေဖော် ၀ါရီလတွင် ရုရှားပြည် မော်စကိုမြို့သို့ သွားရောက်လေ့လာခဲ့သည်။
၁၉၆၂ ခုနှစ်၊ မတ်လ (၂)ရက်နေ့တွင် တော်လှန်ရေးကောင်စီက ယိမ်းယိုင်နေသော တိုင်းပြည်၏အခြေ အနေကို သမိုင်းပေးတာဝန်အရ ထိန်းသိမ်းလိုက်သောအခါ အနားယူပြီးနောက် ဆင်းရဲသော ကျောင်းသား လူငယ်တို့အား အင်္ဂလိပ်စာကို အခမဲ့စေတနာဖြင့် သင်ကြားပေးခြင်း၊ အားလပ်သည့်အချိန်များတွင် ကျေးဇူး ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလ၏ ၀ိပဿနာတရားများကို နေ့စဉ် အချိန်မှန်မှန် အားထုတ်ခြင်းတို့ဖြင့် အချိန်ကို ကုန်လွန်စေခဲ့သည်။ စာပေ၊ အားကစားနှင့် ဘာသာရေးတို့ကို ၀ါသနာပါပြီး လေ့လာလိုက်စား အားထုတ်ခဲ့သည်။
၁၉၂၁ ခုနှစ်တွင် ပုဏ္ဏားကျွန်းမြောက်ပိုင်းရှိ "ခမွီး"လူမျိုးတို့အကြောင်းကို လေ့လာပြီး "မြန်မာပြည် သုတေ သနသင်းဂျာနယ်"တွင် ကျမ်းပြုစာတမ်း ရေးသားပြုစုခဲ့သည်။
၁၉၇၉ ခုနှစ်၊ ဧပြီလ (၉)ရက်နေ့ နံနက် (၁)နာရီအချိန်တွင် ရန်ကုန်မြို့ ကျောက်မြောင်းရပ်၊ အမှတ်(၆)၊ သြဘာလမ်းနေအိမ်တွင် ကွယ်လွန်ခဲ့သည်။ ဦးဘမြိုင်တွင် ဇနီး ဒေါ်အောင်လှမေနှင့် သားသမီး (၇)ယောက် ရှိသည့်အနက် သမီး ဒေါ်ငွေအောင်၊ ဒေါ်မိုး၊ ဒေါ်မေ၊ ဒေါ်အေးမြိုင်နှင့် သား ဦးစံထွန်းကျော်၊ ဦးထွန်းဝင်းတို့ ကျန်ရစ်ခဲ့သည်။ သားကြီး ဦးကျော်အောင်မှာ အသက် (၅၀)နှစ်တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။
နိုင်ငံအကျိုးပြု အဖိုးတန်ရတနာများ (၂) - အေးသိန်း စာအုပ်မှ -
No comments:
Post a Comment