ဝဋ်လိုက်တတ်တယ်... မောင်မောင်သတိထား

ဒီလိုပါ...။
ဟိုးရှေးရှေးတုန်းက သုမြခိုင်ဆိုတဲ့ လူရွယ်တစ်ယောက်ရှိပါတယ်။ သူဟာ သူ့ဇနီးနဲ့အတူ ရိုးရိုးသားသား လုပ်ကိုင်စားသောက် နေထိုင်ခဲ့ပါတယ်။

အိမ်တွင်းမှု အလုပ်ကိစ္စတွေကိုလည်း သုမြခိုင်က ဇနီးကို ကူညီလုပ်ကိုင်ပေးလေ့ ရှိခဲ့ပါတယ်။

သူဟာ ဇနီးရက်ကန်းယက်နေရင် ထမင်းဟင်းတွေ အဆင်သင့်ဖြစ်အောင် ချက်ပြုတ်ပေးထားလေ့ ရှိတတ် သူလည်း ဖြစ်ပါတယ်။

တစ်နေ့တော့ ဇနီးသည် ရက်ကန်းယက်နေတုန်း ဖြစ်ပါတယ်။
ရက်ကန်းချည်မှာ ယင်ကောင်တွေက စုပြုံနားလို့ နေကြပါတယ်။
ချည်မှာက ထမင်းနဲ့နယ်ပြီး အစာတင်ထားရတဲ့အတွက် ချည်ချေးလို့ခေါ်တဲ့ ထမင်းရဲ့ အနယ်အညှိတွေ ကပ်ငြိနေလို့ ယင်ကောင်တွေ ရက်ကန်းချည်မှာ နားပြီးတော့ ကျကြတယ်။ အကြောင်းကတော့ ထမင်းအညှီ အဟောက် အပုပ်အသိုးတွေကို ခုလို လာရောက် စားသောက်နေကြတာပဲ ဖြစ်ပါတယ်။
ရက်ကန်းယက်နေတဲ့ သုမြခိုင်ရဲ့ဇနီးဟာ ယင်ကောင်တွေကို ပါးစပ်က တဖြစ်တောက်တောက် ဆဲဆိုနေ ပါတယ်။
ဒါကို သုမြခိုင်က နားကြားပြင်းကပ်တာနဲ့ ချည်မျှင်တွေအပေါ်မှာ စုရုံးအုံဖွဲ့နေကြတဲ့ ယင်ကောင်တွေကို လက်ဝါးနှစ်ဖက်နဲ့ သတ်လိုက်ပါတယ်။
အဲဒီမှာ ယင်ကောင် ခုနစ်ကောင် တပြိုင်တည်း သေဆုံးလို့ သွားခဲ့ကြပါတယ်။
အဲဒီ ယင်ကောင် ခုနစ်ကောင်ကို သုမြခိုင်က ဘုရင့်ဆီ ယူလို့ သွားခဲ့တယ်။ ပြီးတော့မှ...

"ဒီမှာပါ ခင်ဗျား ကျွန်တော်မျိုးကြီးရဲ့ လက်ဝါးနှစ်ဖက်နဲ့ တစ်ကြိမ်ညှပ်သတ်ရုံနဲ့ ဒီယင်ကောင် ခုနစ်ကောင် တစ်ခါတည်း သေသွားခဲ့ရပါတယ်"လို့ ဘာမဟုတ်တဲ့ အသေးအမွှား ကိစ္စကလေးကို လာတင်ပြခဲ့ပါတယ်။

ဘာမှ မဟုတ်တာကို အထူးအဆန်းလုပ်ပြီး ရဲရဲဝံ့ဝံ့ လျှောက်တင်လာခဲ့ လိုက်ပါတယ်။
ဒါဟာ ကောင်းတဲ့လက္ခဏာပဲလို့ ယူဆပြီးတော့ အလွန်ကိုပဲ သဘောကျသွားပါတယ်။
ဒါကြောင့် ဘုရင်ကြီးက သုမြခိုင်ကို ဆုတော်ငွေ အဿပြာငါးပြား ချီးမြှင့်လိုက်ပါတယ်။
ပြီးမှ "ငါခေါ်ရင် ဘယ်အချိန်မဆို အဆင်သင့် ဖြစ်နေပြီး ချက်ချင်း လာနိုင်ရမယ်"လို့ အမိန့်တော် ချမှတ်လိုက် ပါတယ်။

သုမြခိုင်လဲ ဘုရင့်အမိန့်တော်ကို နာခံပြီးတော့ အိမ်ပြန်လာခဲ့ပါတော့တယ်...။
သုမြခိုင်နဲ့ သူ့ဇနီးဟာ ဘုရင်ချီးမြှင့်လိုက်တဲ့ ဆုငွေအဿပြာ ငါးပြားရရှိကြတဲ့အတွက် အလွန်ဝမ်းသာနေခဲ့ ပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ ဘုရင်က မင်းစေလုလင်တစ်ယောက်နဲ့ သူ့ကို ဆင့်ခေါ်ခိုင်းလိုက်ပါတယ်။
ဒီတော့ သုမြခိုင်လည်း ချက်ချင်းလိုက်လာပြီး ဘုရင့်ရှေ့တော်မှောက်မှာ ၀င်လို့ ခစားခဲ့ပါတယ်။
အဲဒီမှာ ဘုရင်ကြီးက "အသင်ဟာ သူရသတ္တိနဲ့ ပြည့်စုံသူတစ်ယောက် ဖြစ်လိမ့်မယ်လို့ ယူဆမိ တာကြောင့် ခေါ်ရတာပဲ။ ခု... ငါဘုရင်မင်းမြတ်ရဲ့ မြင်းတွေကို ကျားကြီးတစ်ကောင်က ညအချိန်မှာ ခဏခဏ ၀င်ဆွဲနေတယ်။ ခုတော့ ငါဘုရင်မင်းမြတ်ရဲ့ မြင်းတွေဟာ တစ်နေ့တစ်ခြား လုံးပါး ပါးသွားရ မလို ဖြစ်နေခဲ့ကြပြီကွဲ့"
"မှန်ပါ..."
"ဒါကြောင့် ဒီကျားကြီးကို မောင်မင်းဟာ အရှင် လက်ရဖမ်းလို့ ပေးရမယ်"လို့ တစ်ချက်လွှတ် အမိန့်တော် ချမှတ်လိုက်ပါတော့တယ်။
"ဟင်..."
အဲဒီအမိန့်ကို မထင်မှတ်ဘဲ သုမြခိုင် ကြားလိုက်ရတယ်။ သူ တုန်လှုပ်သွားခဲ့တယ်။ ကိုယ်ကျိုးတော့ နည်းပြီ လို့ တွေးလိုက်ပါတယ်။
"အင်း... ဒီကျားကြီးကို ကျုပ်ဘယ့်နှယ်လုပ် ဖမ်းပေးရနိုင်မလဲ... အင်း... ကျားဆိုတဲ့ သတ္တ၀ါကလဲ လူကို ရန်မူတတ်စမြဲပဲ...၊ အင်း... ငါတော့ ကျားစာလုံးလုံး ဖြစ်ရတော့မယ်"လို့ တွေးပြီးတော့ စိတ်မချမ်း မသာ ဖြစ်နေခဲ့ရပါတော့တယ်။

ဒီလိုနဲ့ အိမ်ကိုရောက်လာခဲ့ပြီး သူ့ဇနီးသည်ကို အကျိုးအကြောင်း ပြောပြလိုက်ပါတယ်။

"ငါ မင်းနဲ့တော့ သေကွဲ ကွဲရတော့မှာပဲကွာ...၊ ဟီး... ဟင်း..." ပြောပြီး ငိုယိုနေတော့တယ်။

အဲဒီမှာ ဇနီးဖြစ်သူက ယောက်ျားရင့်မကြီးက ငိုယိုတာလဲ ဘ၀င်မကျပါ...၊ ပြဿနာကို ငိုယိုပြီး ရင်ဆိုင်တာကိုလဲ ဇနီးသည်က ဘ၀င်မကျပါ...၊ ဒါကြောင့်...
"ယောက်ျားတန်မယ့်နဲ့ ဒီလောက်တောင် သတ္တိကြောင်ရသလား...၊ ကျားဆိုတဲ့ သတ္တ၀ါဟာ လူလိုတော့ အကြံဥာဏ်ရှိတဲ့ သတ္တ၀ါမျိုး မဟုတ်ပါဘူးရှင်...၊ ဒါကြောင့် လူကြံရင် ကျားဟာ ခံရမှာပဲ...၊ ဒီလောက်တောင် မှ ဘာကြောက်နေစရာ လိုလဲ...၊ ဘာမှ မှုမနေပါနဲ့ ရဲရဲဝံ့ဝံ့သာ ရင်ဆိုင် ရှင်းလင်းလိုက်စမ်းပါရှင်"လို့ သုမြခိုင်ဇနီးက ရဲဆေးတင်လို့ ပေးလိုက်ပါတယ်။

ဒါကြောင့် သုမြခိုင်လဲ ကြောက်လန့်တဲ့စိတ်တွေ ရုတ်ခြည်းပျောက်သွားခဲ့ပြီး ကျားနဲ့ ရင်ဆိုင်ဖို့ သူ့ကိုယ်သူ ဆုံးဖြတ်လိုက်ပါတော့တယ်။
"ချမယ်ကွာ"

နောက်တစ်နေ့မှာတော့ သုမြခိုင်ဟာ ဘုရင့်ဆီးကို သွားပြီးတော့ ဒီကနေ့ပဲ ကျားကြီးကို သူဖမ်းတော့မယ် လို့ဆိုလိုက်ပါတယ်။
"ဟင်..."
"မှန်ပါ... ဒါကြောင့် ကျွန်တော့်ကို မြင်းကြီးတစ်ကောင်ကို စိတ်တိုင်းကျ ရွေးယူဖို့ ခွင့်ပြုပါ"လို့ လျှောက်တင် လိုက်တယ်။
ဘုရင်က သုမြခိုင်ကို ကြိုက်တဲ့မြင်းတစ်ကောင် ရွေးယူဖို့ ခွင့်ပြုလိုက်ပါတယ်။

သုမြခိုင်ဟာ ညအချိန် ဘုရင်မင်းမြတ်ရဲ့ မြင်းခြံထဲဝင်ပြီးတော့ သန်မာထွားကြိုင်းတဲ့ မြင်းတစ်ကောင်ကို အမှောင်ကြီးထဲမှာ မမြင်မစမ်းနဲ့ လိုက်ပြီး ရှာနေခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ ကျားကြီးကလည်း မြင်းခြံထဲ ၀င်ပြီးတော့ မြင်းတစ်ကောင်ကို ကိုက်ဖို့ ချောင်းလို့ နေခဲ့ ပါတယ်။
သုမြခိုင်လည်း မြင်းတွေကို တစ်ကောင်ပြီးတစ်ကောင် စိတ်တိုင်းကျ စမ်းသပ်ရွေးချယ်လို့ နေခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ သုမြခိုင်ဟာ ကျားကြီးရဲ့ ကိုယ်ကို သူ့လက်တစ်ဖက်နဲ့ စမ်းမိသွားခဲ့ပါတယ်။

"ဟင်..."
ကျားကြီးဟာ တခြားမြင်းတွေလို မဟုတ်ဘဲ ၀၀တုတ်တုတ်ကြီးနဲ့ပဲ...။ ပြီး... သူ့အမွှေးတွေကလည်း အလွန်ချောမွေ့နေလို့။ သူမြခိုင်က သဘောကျလို့ သွားခဲ့ပါတယ်။
"အင်း... ဒီမြင်းဟာ တယ်ထူးဆန်းပါလား"လို့ တွေးမိတယ်။
ကြည့်လေ အမွှေးတွေကလည်း အလွန်ချောမွေ့တယ်...၊ အသားအရည်ကလည်း သန်မာဖွံ့ဖြိုးလှတယ်။
"အင်း... ဒီမြင်းဟာ သာမန်မြင်းတစ်ကောင်တော့ မဖြစ်နိုင်ဘူး။ ဘုရင်ကိုယ်တိုင် စီးတဲ့ မြင်းကောင်း၊ မြင်း သန့်ထဲက တစ်ကောင်ကောင်ပဲ ဖြစ်ရမှာပဲ"လို့ ယူဆလိုက်တယ်။

ဒါကြောင့် သုမြခိုင်က ကျားကြီးကို မြင်းအထင်နဲ့ ကြိုးတစ်ကောင်းနဲ့ အမိအရချည်လိုက်ပြီး အတင်းဒလကြမ်း ဆွဲထုတ်လို့ လာခဲ့ပါတော့တယ်။

ကျားဟာလည်း ကြောက်ကြောက်လန့်လန့်နဲ့ "ငါတော့ ခက်ပြီ...၊ ဘယ်လိုသတ္တ၀ါမျိုးနဲ့ လာတွေ့ လို့ နေပါလိမ့်...၊ ငါ့ကျောကုန်းကိုလည်းပဲ သူပွတ်စမ်းလို့ ကြည့်ခဲ့တယ်...၊ ပြီး... ငါ့ပါးစပ်နားကိုလဲ သူဟာ တိုးတိုးနဲ့ ဘာတွေပြောနေမှန်း ငါမသိခဲ့ဘူး...၊ အင်း... ဒီသတ္တ၀ါဟာ ငါ့ကိုသတ်ဖို့ ခေါ်လာခဲ့တာပဲ ဖြစ်လိမ့် မယ်"လို့ ယူဆလိုက်ပြီးတော့မှ သူ ရုန်းကန်တော့တယ်။
အဲဒီမှာ ကျားကရုန်းကန်လေ သုမြခိုင်က ဆွဲလေနဲ့ နောက်ဆုံးတော့ ကျားဟာ အမောဆို့ပြီး သေသွား ခဲ့တော့တယ်။
"ဟင်... သေသွားခဲ့ပြီ..."

မနက်မိုးလင်းတော့ သူကြိုးချည်ပြီး ဆွဲယူလာခဲ့တာဟာ ထူးခြားတဲ့ မြင်းတစ်ကောင်မဟုတ်ဘဲ ဘုရင်ကြီးက သူ့ကိုသတ်ခိုင်းထားတဲ့ ကျားကြီးပဲ ဖြစ်လို့နေခဲ့ပါတော့တယ်။

ဒီလို တိုက်ဆိုင်လွန်းတာတွေးပြီး သုမြခိုင် အလွန်အံ့သြလို့ သွားခဲ့ပါတယ်။
သူ့အဖြစ်ကိုလည်း သူတွေးကြည့်ပြီးတော့ ကြက်သီးမွှေးညှင်း ထမိသွားခဲ့ပါတယ်။
"အင်း... ဒါဟာ လူမစွမ်း နတ်မဆိုတာပဲလား"လို့ သူ့ကိုယ်သူ မရွံ့မရဲ တွေးပြီးမှ နှစ်သိမ့်ကျေနပ် မှုတော့ ဖြစ်မိလို့ သွားခဲ့ပါတယ်။
ဒါကြောင့် သုမြခိုင်ဟာ ၀မ်းသာအားရနဲ့ ကျားသေကောင်ကို ထမ်းယူခဲ့ပြီးတော့ ဘုရင်ကို ဆက်သလိုက် ပါတယ်။

ဘုရင်ကြီးလဲ သုမြခိုင်ကို ဆုတော်ငွေ အဿပြာငါးရာ ချီးမြှင့်လိုက်ပါတယ်။
တိုင်းသူပြည်သားလူအများကလည်း သုမြခိုင်ဟာ အမှန်ရဲစွမ်းသတ္တိနဲ့ ပြည့်စုံသူတစ်ယောက် ဖြစ်တယ်လို့ ယူဆသွားကြတယ်။
ဒါကြောင့် တစ်တိုင်းပြည်လုံးရှိ ယောက်ျား၊ မိန်းမတို့က သဲူကောင်း သုမြခိုင်လို့ ခေါ်တွင်လိုက်ကြပါတော့ တယ်။
ဘုရင်ကြီးကိုယ်တိုင်ကလည်း အားကိုးအားထား ပြုလို့ လာခဲ့ပါတယ်။
တိုင်းသူပြည်သား လူအများကလည်း ကြောက်ချစ်ရိုသေ ရှိခဲ့ကြပါတော့တယ်။

အဲဒီလိုနဲ့ပဲ နေခဲ့ကြရာက တစ်နေ့မှာတော့ မိကျောင်းကြီးတစ်ကောင်ဟာ မြစ်ပြင်မှာ သောင်းကျန်းပြီး နေ ခဲ့ပြန်တော့တယ် ဆိုပါတယ်။
ခရီးသွားလာသူတွေနဲ့ တံငါသည်တွေတို့က ဘုရင်ကြီးထံသို့ လျှောက်တင်လာခဲ့ကြတယ်။
ဘုရင်ကြီးမှာ မနေသာတော့ပါ။ ဒါကြောင့် ဘုရင်မင်းမြတ်က သုမြခိုင်ကို ခေါ်ပြီး မိကျောင်းကို နှိမ်နှင်းဖို့ တာဝန်ပေးကြောင်း အမိန့်တော် မှတ်လိုက်ပါတယ်။
"ဘုရား... ဘုရား... ငါတော့ ဒုက္ခလှလှ ရောက်ပြန်ပြီ..."
သုမြခိုင် တွေးမိလိုက်ပါတယ်။ သုမြခိုင်ဟာ သူ့အကြောင်း သူအသိဆုံးမို့ ဆောက်တည်ရာမရ ဖြစ်သွားခဲ့ ရပါတယ်။

ဒါကြောင့် တုန်တုန်ရီရီနဲ့ သူ့မိန်းမဆီ ပြန်လာခဲ့တယ်။ မိန်းမက မေးတော့ အကျိုးအကြောင်း ရှင်းပြလိုက် ရပြန်ပါတယ်။ ဒီတော့ ဇနီးသည်က...
"ရှင့်ကို ဘုရင်နဲ့ တစ်တိုင်းပြည်လုံးက သူရဲကောင်းကြီးလို့ ထင်နေကြတယ်လေ...၊ ဒါကြောင့် ရှင်ဟာ သူရဲကောင်းကြီး ပီသအောင် အစွမ်းသာပြလိုက်ပါတော့ရှင်...၊ ဒီ မိကျောင်းဆိုတဲ့ သတ္တ၀ါဟာ ကုန်းပေါ်မှာ ဘာမှ မလုပ်တတ် မကိုင်တတ်ပါဘူး...၊ ရေမှာသာ ကျွမ်းကျင်တဲ့ ဒီလိုတိရစ္ဆာန်မျိုးဟာ အကြံဥာဏ်မရှိပါဘူး။ ရှင်က ဒီလို ငတုံးကို အလိုလိုနေရင်း တွေးကြောက်နေတာဟာ သိပ်ရှက်ဖို့ ကောင်းတာပဲ...၊ လုပ်စမ်းပါ...၊ သတ္တိပြလိုက်စမ်းပါရှင်"လို့ ဆိုလိုက်ပါတယ်။

ဇနီးသည်မှာ ပါးနပ်သူမို့ သာသာနဲ့ နာနာ နှက်လိုက်တာပါပဲ...။ အဲဒီလို ခပ်မြှောက်မြှောက်နဲ့ မခံချင်အောင် ကို ပြောလိုက်တာပဲ ဖြစ်ပါတယ်။ သုမြခိုင်ဟာ လာမယ့်ဘေးကိုတော့ တွေးကြောက်နေလို့ မဖြစ်တော့ဘူး။

ပြေးတွေ့မှပဲ ကောင်းလိမ့်မယ်လို့ သိမြင်လာခဲ့တယ်။ ဒါကြောင့် ဘုရင့်ဆီသွားပြီး လိုအပ်တဲ့ လက်နက် ပစ္စည်းတွေကို ယူဆောင်သွားဖို့ တောင်းခဲ့ပါတယ်။
ဘုရင်က ကိုယ်တော်တိုင် ကိုင်ဆောင်တဲ့ သန်လျက်တော်နဲ့ သူအလိုရှိတဲ့ တခြားလက်နက်တွေ ကိုပါ ပေးလိုက်ပါတယ်။
ဒါနဲ့ သုမြခိုင်ဟာ လှေတစ်စင်းနဲ့ မြစ်ပြင်ထဲ ထွက်သွားခဲ့ပြီး ဟိုဟိုဒီဒီ လျှောက်သွား လှော်ခတ်ရင်းနဲ့ နေခဲ့ တယ်။

ဒီလိုနဲ့ မြစ်ပြင်ကွေ့ တစ်နေရာမှာတော့ မိကျောင်းကြီးနဲ့ ပက်ပင်းတိုးနေကြရပါတော့တယ်။
သုမြခိုင်လည်း ကြောက်လန့်တကြီးနဲ့ ပြေးစရာလည်း လမ်းမရှိလို့ အရဲစွန့်ပြီး သူ့လက်ထဲရှိတဲ့ သန်လျက်နဲ့ လှမ်းပေါက်လိုက်ပါတယ်။ သံလျက်ဟာ မိကျောင်းရဲ့ ခေါင်းတည့်တည့်ကို စိုက်လို့ နေပါတော့တယ်။

မိကျောင်းဟာ နဂိုကတည်းက ကျောက်ဆောင်တစ်ခုမှာ အစာဖမ်းရင်းက ၀င်တိုက်မိလို့ ခေါင်းကွဲတဲ့ဒဏ်ရာ ရနေခဲ့တာပဲ ဖြစ်ပါတယ်။

သူဟာ လူကို ရန်မူဖို့နေနေသာသာ သူ့ဘာသာကို သူတောင် အနိုင်နိုင် သွားလာနေတုန်း သုမြခိုင် ပစ်လိုက်တဲ့ သန်လျက်က ခေါင်းကို တည့်တည့် ထိုးစိုက်သွားတော့ အခြေအနေမှာ ပိုဆိုးလို့ သွားခဲ့ပါတယ်။

ဒါကြောင့် မိကျောင်းကြီးဟာ သုမြခိုင်ကို ရန်မမူနိုင်တော့ဘဲ တချိုးတည်း ထွက်ပေးခဲ့ပါတော့တယ်။
သုမြခိုင်လည်း မရဲတရဲနဲ့ နောက်ယောင်ခံလိုက်ပြီး လိုက်သွားခဲ့ပါတယ်။
ဒါပေမယ့် မိကျောင်းဟာ ဘယ်ဘက် ထွက်သွားတယ်ဆိုတာ မသိလိုက်ပါဘဲ မျက်ခြည်ပြတ်တောက် သွားစေခဲ့ပါတယ်။ ပြီးတော့ သူ့မှာ ကြောက်လဲကြောက်တာနဲ့ပဲ အသာလေးလျှိုပြီး ပြန်လာခဲ့ပါတယ်။

စိတ်ထဲမှာလည်း...
"အင်း... ထိပ်တိုက်တွေ့ရင် ခက်မယ်...၊ ငါလစ်မှပဲ...။"

ဒီလိုနဲ့ ဆိပ်ကမ်းတစ်ခုရောက်လို့ တံငါသည်တွေ ၀ိုင်းဖွဲ့ပြီး ဆူဆူညံညံ ဖြစ်နေကြတာ တွေ့လိုက်ရပါတယ်။
ဒါကြောင့် အရဲစွန့်သွားကြည့်လိုက်တော့ သူ့သန်လျက်နဲ့ ပစ်ထည့်လိုက်တဲ့ မိကျောင်းကြီး ဖြစ်နေတာ တွေ့ လိုက်ရတယ်။ ပြီး ခုနေ... သူ့ကို အားလုံးက ၀ိုင်းကြည့်နေကြတာပါပဲလား...။
မိကျောင်းဟာ တံငါသည် ပိုက်ထဲမှာ လာဝင်ခဲ့လို့ တံငါသည်တွေက ၀ိုင်းဝန်း ကမ်းပေါ်ဆွဲတင်ပြီးတော့ တစ်ယောက်တစ်ချက် ရိုက်ပုတ်နေခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် သုမြခိုင်က...
"ဟင်... ခင်ဗျားတို့ ကျုပ်ကို မသိကြဘူးလား... သူရဲကောင်း သုမြခိုင်ဆိုတာပါ။ အဲဒီ မိကျောင်းကို ဘုရင်မင်းမြတ်က လိုက်ဖမ်းခိုင်းလို့ ငါ လိုက်ဖမ်းလို့ နေခဲ့ရတယ်။ ဒီမှာ ငါပစ်လိုက်တဲ့ သန်လျက်ဟာ မိကျောင်းရဲ့ ခေါင်းကို ထိုးစိုက်သွားခဲ့တာ ဒီမှာ တွေ့ကြရဲ့လားဗျ"
"ဟင်..."
အားလုံး အံ့သြသွားခဲ့ကြတယ်။ သူက ဆက်ပြောပါတယ်။
"ဒါဟာ ငါ့သန်လျက်ပဲ...၊ ဒါကြောင့် ခင်ဗျားတို့နဲ့ ဘာမှမဆိုင်ဘူး။ ငါနဲ့သာ ဆိုင်တယ်။ ခင်ဗျားတို့ ဒီမိကျောင်း ကို ဘာကြောင့် သတ်ပစ်ရသလဲ...၊ အခု မိကျောင်းကို ရှင်လာအောင် လုပ်ပေးရမယ်...၊ မလုပ်နိုင်က ဒဏ်ငွေ ငါးရာဆောင်စေ"လို့ သုမြခိုင်က ခြိမ်းခြောက်ပြီးတော့ အမိန့်ပေးလိုက်ပါတယ်။
"ဒုက္ခပါပဲ..."
တံငါသည်တွေကလည်း သုမြခိုင်ကို အလွန်ကြောက်ရွံ့ကြပြီးတော့ ရှင်အောင်လည်း ဘယ်လိုမှ ပြန် မလုပ်နိုင်ကြတော့လို့ ဒဏ်ငွေငါးရာ ဆောင်လိုက်ကြရပါတယ်။

သုမြခိုင်ဟာ တံငါသည်တွေဆီက ငွေငါးရာကို ယူလိုက်ပါတယ်။
ပြီး... မိကျောင်းကို လှေပေါ်တင်ပြီးတော့ လှော်ထွက်လာခဲ့ပါတယ်။ ဘုရင်နဲ့ ကြားကြားသမျှ  တိုင်းသူပြည် သားတွေက သူ့ လုပ်ဆောင်ချက်ကို အံ့သြလို့ နေကြပါတယ်။
သုမြခိုင်ဟာ သာမန်လူတစ်ယောက် မဟုတ်ဘူးဆိုတဲ့ ထင်မြင်ချက်ပါပဲ...။
သူဟာ အင်မတန် သူရသတ္တိနဲ့ ပြည့်စုံတဲ့ လူထူးလူဆန်း တစ်ယေက်ပဲ ဖြစ်တယ်ဆိုပြီးတော့ သုမြခိုင်နဲ့ မိကျောင်းကြီးကိုပဲ လာရောက် ကြည့်ရှုကြပါတော့တယ်။

ဘုရင်ကြီးကလည်း သုမြခိုင်ဟာ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ သူရဲကောင်းလို့ ဆိုပြီးတော့ ချီးကျူးထောမနာပြုပြီး ဆုလက်ဆောင်တော်တွေ အများအပြားနဲ့ အဿပြာ တစ်ထောင်တိတိ ချီးမြှင့်လိုက်ပြန်ပါတယ်။
ခုတော့ သုမြခိုင်ဟာ ၀မ်းသာအားရနဲ့ လက်ဆောင်တွေနဲ့ ဆုတော်ငွေတစ်ထောင်ပါယူပြီး သူ့မိန်းမဆီ ကို ပြန်လာခဲ့ပါတယ်။

ဒီလိုနဲ့ ဇနီးမောင်နှံနှစ်ဦးဟာ ချမ်းချမ်းသာသာနဲ့ နေထိုင်ကာ စားသောက် ပျော်ရွှင်လို့ နေခဲ့ကြပါတယ်။
နောက်များ မကြာမီမှာလည်း ခိုးသားငါးရာနဲ့တကွ ဆူပူသောင်းကျန်းနေကြလို့ တိုင်းသူပြည်သားတွေ က နှိမ်နင်းပေးဖို့ ဘုရင့်ကို လျှောက်တင်ကြပြန်ပါတယ်။
ဘုရင်လည်း သုမြခိုင်ကို ဆင့်ခေါ်ပြီး တိုင်းပြည်အတွင်း ဆူပူထကြွနေတဲ့ ခိုးသားငါးရာကို နှိမ်နင်းပေးဖို့ အမိန့်ပေးလိုက်ပြန်ပါတယ်။
ဒီအမိန့်ကို နာခံရပြီးတဲ့ အခါမှာတော့ သုမြခိုင်ဟာ စိတ်မချမ်းအသာဖြစ်ပြီး အိမ်ပြန်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ညဥ့်ကျရောက်တဲ့အခါကျတော့ အမိန့်တစ်ခု ပေးလာလိုက်ပြန်ပါတယ်။

ဒီအမိန့်ကို နာခံရတဲ့အခါ သုမြခိုင်ဟာ စိတ်မချမ်းမသာဖြစ်ပြီး အတွေးတွေ ဆူဝေလာခဲ့ပြန်ပါတယ်။
ဒီ့နောက်တော့ သူ့မိန်းမကို အကျိုးအကြောင်းပြောပြပြီး ထုံးစံအတိုင်း ငိုယိုပြီး နေပြန်ပါတော့တယ်။
အိပ်ယာထဲမှာ လှဲပြီး မစားနိုင် မသောက်နိုင်နဲ့ တမှိုင်မှိုင် တတွေတွေ ဖြစ်နေခဲ့ပါတယ်။
အဲဒီမှာ သူ့မိန်းမဟာ အရင်ကလိုပဲ အားပေးစကားမျိုး ပြောပြပြန်တယ်။

ဒီတစ်ခါကျတော့ သုမြခိုင်ဟာ သူ့မိန်းမပြောတာကို နားမ၀င်တော့ပါဘူး။ သူ့မိန်းမကလည်း စိတ်မပျက်ပါဘဲ သုမြခိုင် မခံချင်အောင် ထပ်ပြောခဲ့ပါတယ်။ မြှောက်ပင့်ပြီးလည်း ပြောပါတယ်...။
"ဟင်..."
ပြောဖန်များလာတော့ ဘုရင့်ဆီသွားပြီးတော့ သန်လျက်တော်ကို တောင်းလိုက်ပြန်ပါတယ်။
သုမြခိုင်ဟာ တစ်တောဝင် တစ်တောတက်သွားရာ သုံးရက်မြောက်တဲ့နေ့တစ်နေ့မှာ တစ်ရွာက ထွက်လာ လို့ တခြားရွာတစ်ရွာအသွားလမ်းခုလတ်မှာ မိုးချုပ်သွားတာနဲ့ လမ်းဘေးမှာ တွေ့ရတဲ့ ညောင်ပင်ကြီးပေါ် တက်ပြီး အိပ်နေလိုက်ရပါတော့တယ်။
"ဘာတတ်နိုင်မလဲ ဖြစ်သလိုပဲပေါ့..."
သူ့ကိုယ်သူ စိတ်ထဲက ပြောနေခဲ့ပါတယ်။

ဒီလိုနဲ့ ညကျတော့ သုမြခိုင် အိပ်နေတဲ့ ညောင်ပင်အောက်မှာ ခိုးသားငါးရာတို့က လာပြီး စုဝေးကြပါတယ်။
သူတို့ တိုက်ခိုက်ယူလာခဲ့ကြတဲ့ ခိုးရာပါ တိုက်ရာပါ ပစ္စည်းတွေကို ဝေစုခွဲလို့ နေကြပါတယ်။
သုမြခိုင်လည်း ညောင်ပင်အောက်က စကားပြောသံတွေကြောင့် အိပ်ရာခွကြားက နိုးထလို့ လာခဲ့ပါတယ်။
အောက်ကိုငုံ့ကြည့်လိုက်တော့ ခိုးသားငါးရာတို့မှာ ဝေစုခွဲနေကြတာကို မြင်တာနဲ့ သုမြခိုင်ဟာ သိပ် ကို ကြောက်လန့်သွားပြီး ညောင်ပင်ထိပ်ဖျားဆီကို တက်၍ ပြေးခဲ့ပါတော့တယ်။

အောက်သို့ကြည့်လိုက် အပေါ်ကြည့်လိုက်နဲ့ပဲ တဖြည်းဖြည်း မြင့် မြင့်လာခဲ့ပြီးတော့ တက်မှန်းမသိ တက် တက်ပြီး လာခဲ့ပါတော့တယ်။
အဲဒီလိုတက်ရင်းနဲ့ အကိုင်းဖျားရောက်နေတာကို သူမသိလိုက်ဘူး။ ကြောက်စိတ်တွေနဲ့ မွှန်ထူလို့ နေခဲ့ပါ တယ်။
ဒါကြောင့် ညောင်ကိုင်းကျိုးကျပြီးတော့ ညောင်ပင်အောက်မှာ ၀ိုင်းဖွဲ့နေကြတဲ့ ခိုးသားငါးရာအပေါ် ၀ုန်းကနဲ ထိုးကျလို့ လာခဲ့ပါတော့တယ်။
သုမြခိုင်ဟာ ကြောက်အားလန့်အားနဲ့ "ဟေ့ လာလေရော့ဟေ့"လို့ အောမိအော်ရာ ပါးစပ်က ထွက်သွားခဲ့ပါ တယ်။

ခိုးသားငါးရာကလည်း ညောင်ပင်စောင့် ရုက္ခစိုးလို့ ထင်ပြီးတော့ ကြောက်လန့်ပြီး ခြေဦးတည့်ရာ ထွက်ပြေး ခဲ့ကြပါတော့တယ်။
ညောင်ပင်အနားမှာရှိတဲ့ ရွှံ့နွံအင်းထဲ အကုန်ကျသွားခဲ့ကြပါတယ်။ ဒီရွှံ့နွံအင်းထဲ ကျသွားသူတိုင်း ဟာ ပြန်မတက်နိုင်ဘဲ လှုပ်လေမြှုပ်လေနဲ့ နစ်မြှုပ်သေလို့ သွားတတ်ကြမြဲ ဖြစ်ပါတယ်။

သုမြခိုင်ဟာ ဒီအဖြစ်အပျက်ကို အကုန် အစဆုံး မြင်တွေ့နေရတာနဲ့ ဘုရင့်ဆီသွားပြီးတော့ ခိုးသားတွေကို သူအကုန် သတ်ပစ်ခဲ့ပြီ ဖြစ်ကြောင်းနဲ့ အလောင်းတွေကိုလည်း ရွှံ့နွံအင်းထဲ ပစ်ထားခဲ့ကြောင်း

လျှောက်တင်လိုက်ပါတယ်။
ဘုရင်က ၀မ်းသာအားရနဲ့ ချီးကျူးစကား ပြောဆိုပြီးတော့ ဆုတော်ငွေများ အဿပြာတစ်သိန်းတိတိကိုလည်း ချီးမြှင့်လိုက်ပါတယ်။
ခုတော့ တစ်တိုင်းပြည်လုံးမှာ ခိုးသားဓါးပြရန်တွေနဲ့ သူတို့ရဲ့ အန္တရာယ်တွေ ကင်းရှင်းလို့ သွားခဲ့ပါတော့ တယ်။
ခုတော့ အေးငြိမ်းသာယာစည်ကား အေးချမ်းလို့ သွားခဲ့ပါတော့တယ်။
သုမြခိုင်ဟာ ဘုရင်က ချီးမြှင့်လိုက်တဲ့ ဆုတော်ငွေ အဿပြာတွေနဲ့ ချမ်းချမ်းသာသာ နေရရှာပါတော့တယ်။

အဲဒီလိုနေရင်းနဲ့ပဲ တစ်နေ့မှာတော့ သူဟာ ငါးမျှားသွားရာ ပင်လယ်ကမ်းစပ်နားမှာ ဆူဆူညံညံ အသံတွေ ကြားတာကို သွားကြည့်မိလိုက်ပါတယ်။
အဲဒီမှာ သင်္ဘောကြီးတစ်စင်း ဆိပ်ကမ်းကပ်နေတာ တွေ့လိုက်ရတယ်။
သုမြခိုင်ဟာ အဲဒီသင်္ဘောကြီးအနားမှာနေရင်း တစေ့တစ်စောင်း အကဲခတ်ရင်းနဲ့ ငါးဆက်မျှားလို့ နေ နေ ခဲ့ပါတယ်။

အဲဒီမှာ သင်္ဘောသားနှစ်ယောက်ဟာ တံငါသည် သုမြခိုင်အနား လာခဲ့ပြီးတော့ အမှုမဲ့ အမှတ်မဲ့နဲ့ပဲ စကားကို ပြောနေကြပါတယ်။
သင်္ဘောသားတစ်ယောက်က "တို့ ဘုရင်ကြီးဟာ သိပ်ကို ဇ၀နဥာဏ်ရွှင်တယ်။ ဖရုံသီးတစ်လုံးထဲမှာ အစေ့တစ်စေ့ထဲဖြစ်အောင် ကြံကြံဖန်ဖန် လုပ်နိုင်တာ ငါတော့ ချီးကျူးလို့ မဆုံးနိုင်ပါဘူးကွာ...။ ဒီလျှို့ဝှက် ချက်ကို တကယ်တမ်းကျ ဘယ်သူက သိနိုင်မှာလဲကွ"လိုပ ပြောသံ ကြားရလို့ သုမြခိုင် မှတ်ထားလိုက် ပါတယ်။

ဒီလို သုမြခိုင် ငါးမျှားနေတုန်းမှာပဲ ၀တ်ကောင်းစားလှ ၀တ်ဆင်ထားတဲ့ လူကြီးတစ်ယောက်ဟာ သင်္ဘောပေါ်က ဆင်းလာခဲ့ပါတယ်။
သုမြခိုင် ငါးမျှားတဲ့နေရာကို ရောက်တဲ့အခါ သင်္ဘောပေါ် ခဏလိုက်ခဲ့ဖို့ တောင်းတောင်းပန်ပန်နဲ့ ပြောလို့ သုမြခိုင်လည်း အဲဒီသင်္ဘောပေါ်က ဆင်းလာခေါ်တဲ့ လူကြီးနဲ့အတူ တက်လိုက်ပါလို့ သွားခဲ့ပါတော့တယ်။
သင်္ဘောပေါ် ရောက်တဲ့အခါကျတော့ သူတို့ရဲ့ အထက်လူကြီးလို့ ထင်ရတဲ့ လူကြီးတစ်ယောက်က သုမြခိုင် ကို ဆီးကြိုလို့ နေ နေခဲ့ပါတယ်။
ဒီလူကြီးက သုမြခိုင်ကို နေရာထိုင်ခင်း ပေးလိုက်ပါတယ်။
ဒီနောက် သူတို့ဟာ အတိုင်းတိုင်းအပြည်ပြည်ကို လှည့်လည်ပြီး သွားလာနေတဲ့ ပညာသည်ကြီးတွေ ဖြစ် တယ်ဆိုတာ သိလိုက်ရပါတယ်။
ဒီတိုင်းပြည်ကို အုပ်ချုပ်တဲ့ ဘုရင်ကြီးနဲ့လည်း ပညာစမ်းလိုကြတယ်။
သူတို့ဘက်က ရှုံးရင် သူတို့သင်္ဘောပေါ်မှာ ပါလာတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ စိန်၊ ကျောက်၊ ပတ္တမြား၊ နီလာ၊ ရွှေ၊ ငွေ ဥစ္စာရတနာတွေကို ပေးမယ် ပြောပါတယ်။ သင်တို့ဘက်က ရှုံးခဲ့ရင် သင်တို့ရဲ့နန်းတော်နဲ့ တိုင်းပြည်ကို အပ်ရမယ် ဆိုပါတယ်။
"ဟင်..."
"ဟုတ်တယ်"
"ဒီအတိုင်း သဘောတူက ၀န်ခံကတိပြုကြပြီးတော့ ပညာစမ်းရအောင် သင်တို့ရဲ့ဘုရင်ကြီးကို သွားပြော ချည်ပါ"လို့ ခိုင်းလိုက်ကြပါတော့တယ်။

"ဟင်..."
သုမြခိုင် အံ့သြသွားပါတယ်။ နောက်တော့မှ...
"ကောင်းပါပြီ"လို့ ၀န်ခံခဲ့ပြီးတော့ သူတို့ပြောတဲ့အတိုင်း ဘုရင်ကြီးကို သွားရောက်လျှောက်တင်လိုက် ပါတယ်။
ဘုရင်ကြီးကလည်း ဒါမျိုးကို ၀ါသနာပါလှသူမို့ ချက်ချင်းပဲ သဘောတူလိုက်ပါတယ်။
ဒါကြောင့် နှစ်ဦးနှစ်ဖက် ၀န်ခံကတိပြုကြပါတော့တယ်။
နောက်တစ်နေ့မှာတော့ ပွဲကြီးလမ်းကြီး ဆင်ယင်ပြီးတော့ ဘုရင်နဲ့ သင်္ဘောသားတို့က သူတို့ယူလာတဲ့ ဖရုံသီးကြီးကို ပွဲခင်းအလယ်မှာ ခင်းထားပြီးတော့...
"ဒီ ဖရုံသီးထဲမှာ အစေ့ ဘယ်နှစ်စေ့ ရှိတယ်ဆိုတာ တိတိကျကျ ပြောပါလော့" ဘုရင်မင်းမြတ်ကို ဆိုလိုက် ပါတယ်။
သင်္ဘောပေါ်မှာ ပါလာတဲ့ လူကြီးဖြစ်သူက ဘုရင်ကြီးကို မေးမြန်း ဖြေခိုင်းလိုက်တာပဲ ဖြစ်ပါတယ်။
ဘုရင်ကြီးဟာ သူမမြင်ရတဲ့ ဖရုံသီးကြီးရဲ့ အတွင်းပိုင်းမှာရှိတဲ့ အစေ့ကို မခန့်မှန်းနိုင်ပါဘူး။
ဒါကြောင့် အကြံရခက်လွန်းလို့ သုံးရက်စဉ်းစားခွင့်ပြုဖို့ ပြောလိုက်ပါတော့တယ်။
သင်္ဘောသားတွေလည်း သဘောတူလိုက်ကြပါတယ်။ ဘုရင်ကြီးဟာ မစားနိုင် မသောက်နိုင်နဲ့ဘဲ ပူပင်သောက ရောက်လို့ နေခဲ့ပါတယ်။

သုမြခိုင်လည်း ဘုရင်မင်းမြတ် အကျပ်အတည်း အခက်အခဲနဲ့ ရင်ဆိုင်တွေ့ကြုံနေရတာကို ခုလို အစားပျက် အအိပ်ပျက် မဖြစ်ဖို့ရာကို တွေ့ဆုံ နှစ်သိမ့်ပြီးတော့မှ...
"ဒီ ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ အစားပျက် အအိပ်ပျက် ဖြစ်မနေပါနဲ့ ဘုရင်မင်းမြတ်၊ စိတ်ချမ်းချမ်း သာသာနဲ့ နေတော်မူပါ...။ သုံးရက်စေ့တဲ့နေ့မှာ ဒီဖရုံသီးကြီး အတွင်းမှာရှိတဲ့ အစေ့ကို တိတိကျကျ ကျွန်

တော်ပြောပါ့မယ် စိတ်ချတော်မူပါ"လို့ လျှောက်တင်လိုက်ပါတယ်။
ဘုရင်လည်း အတော်ဝမ်းသာလို့ သွားခဲ့ပါတယ်။
နောက်ရက်တွေမှာလည်း သုမြခိုင်ကိုသာပဲ စိတ်ချလက်ချ အားကိုးရလိမ့်မယ်လို့လဲ သူ ယုံကြည်စွဲမြဲထား လိုက်ပါတော့တယ်။

ဒီလိုနဲ့ သုံးရက်စေ့တဲ့နေ့မှာ သုမြခိုင်က ဘုရင့်ကို ဖရုံသီးထဲမှာ အစေ့က တစ်စေ့ထဲသာရှိတာ ပြောပြ လိုက်ပါတယ်။
ဘုရင်လည်း ပြိုင်ပွဲ အခမ်းအနားမှာ သုမြခိုင်ပြောတဲ့အတိုင်း ဒီဖရုံသီးထဲမှာ အစေ့တစ်စေ့ပဲရှိတယ် လို့ ပြောပြလိုက်ပါတယ်။ ပြီး... ဖရုံသီးကို လူထု ပရိသတ်အလယ်မှာ ခွဲကြည့်ကြတဲ့အခါမှာတော့...
"ဟင်..."
"ဟာ..."
အားလုံး အံ့အားသင့်ကုန်ကြပါတော့တယ်။ မှန်နေတယ်။
ဒါကြောင့် ဘုရင်က အနိုင်ရတာနဲ့ သင်္ဘောမှာပါလာတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းဥစ္စာတွေကို သိမ်းပိုက်ခဲ့ ရပါတယ်။
သုမြခိုင်လည်း တန်ဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းဥစ္စာတွေကို ဘုရင့်ဆီက သိမ်းပိုက် ရရှိခဲ့ပါတော့တယ်။
သုမြခိုင်ကိုလည်း ဘုရင်က သူ့လုပ်ဆောင်ချက်တွေရဲ့ ကျေးဇူးကြောင့် ချီးကျူးမဆုံးဖြစ်ပြီး အိမ်ရှေ့အရာ ပါ ပေးအပ်ချီးမြှင့်လိုက်ပါတော့တယ်။

အဲဒီမှာ သူ့ ငယ်နိုင်ဇနီးဖြစ်သူက...
"ရှင်မကြောက်နဲ့တော့၊ ကောင်းကောင်းနေတော့..."
"အဲပါကွ...၊ မင်းလည်း ငါ့ကို ဇွတ်တရွတ် မနိုင်ဝန် ဖိမခိုင်းပါနဲ့တော့..."
"ကဲ ဒါဖြင့် ကျေရော ကျေရော" မိန်မက သဘောတူတော့ သူကလည်း အားကျမခံ...
"အဲ... သာဓု... သာဓု... သာဓု..." ခေါ်ဆိုလိုက်ပါတယ်။

ဒီလိုနဲ့ သူတို့ဟာ အများတွက်တာ နိုင်ငံမှာ အရှိန်အ၀ါကြီးပြီးသား ဖြစ်တဲ့အတွက် သုမြခိုင်ဟာ အိမ်ရှေ့ မင်းသားဖြစ်ပြီးတဲ့နောက်မှာ ပါးနပ်သူပီပီ ပါးပါးနပ်နပ်နဲ့ အလိုက်သင့် မျှောလိုက်လို့ နေခဲ့ပါတယ်။
ဇနီးသည်ကလည်း ဘယ်လို တွန်းထိုး မြှောက်ကော်မှုကိုမှ မလုပ်ဆောင်ခဲ့တော့ပါ...။
ဒါကြောင့် ဘေးရန်ကင်းပြီး အေးချမ်းသာယာ နေထိုင်လာခဲ့ကြပါတော့တယ်။

ခုတော့ အကြံကောင်းပြီး သူ့ချစ်ဇနီး အိမ်ရှေ့စံမိဖုရားနဲ့အတူ ချမ်းချမ်းသာသာ နေထိုင်လို့ နေနိုင် လာခဲ့ကြတော့တယ် ဆိုတာပါ...။
ဒါပေမယ့် ၀ဋ်လည်တယ် ခေါ်ရမလား မသိပါ...။ လူပါး ပုလင်းကွဲထိတယ် ခေါ်ရမလား မသိပါ...။
သူတို့ဇနီးမောင်နှံဟာ တစ်နေ့မှာတော့ ရေကန်အနားမှာ အပန်းဖြေ လမ်းလျှောက်လို့ နေခဲ့ကြပါတယ်။
အဲဒီမှာ ကြည်လင်တဲ့ရေကို ကြည့်ပြီးတော့ သုမြခိုင်ကို ဇနီးဖြစ်သူက ခုလို ပြောလိုက်ပါတယ်။
"တို့... ရေဆင်းကူးကြရအောင်လား..."
"ကူးချင်ပါရဲ့ကွာ...၊ ဒါပေမယ့် ငါ့ဆီမှာ ရေကူးလဲ ပါမလာခဲ့ပါဘူး"
"ကျွန်မမှာလည်း မပါခဲ့ပါဘူး။ ဒါပေမယ့် ဘာဖြစ်သေးလဲ မိမွေးတိုင်း ဖမွေးတိုင်း ဆင်းကူးကြတာပေါ့ ရှင်ရဲ့"
ဒီနောက် နှစ်ယောက်သား ဆင်းကူးခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ လယ်ပိုင်ရှင် အမျိုးသမီးတွေ အပြည့် တင်ထားတဲ့ လှည်းတစ်စီးက ကန်အနားမှာ ထိုးရပ်လာခဲ့ပါတယ်။ "ဟာ..." သုမြခိုင်နဲ့ ဇနီးသည်တို့က

ကသောကမြောနဲ့ ကမ်းပေါ်ပြေးတက်ခဲ့ကြပါတယ်။
သူတို့ဟာ အ၀တ်အစားကို ကမန်းကတန်းကောက်ယူပြီးတော့မှ ချုံရှိရာဘက် ပြေးခဲ့ကြပါတယ်။
သုမြခိုင်က သူ့ခါးအောက်ပိုင်းကို အင်္ကျီနဲ့ ပတ်ပြီး ပြေးလာခဲ့ပါတယ်။
ဇနီးဖြစ်သူကတော့ မိမိရဲ့ ၀တ်ရုံကို ခေါင်းမှာစွပ်ပြီး ခါးအောက်ပိုင်းဗလာနဲ့ ပြေးခဲ့ပါတယ်။

သူတို့ဟာ ချုံပုတ်အကွယ်အရောက်မှာ အသက်ကို အနိုင်နိုင်ရှူရင်းနဲ့ သုမြခိုင်က ပြောတာက...
"ဟူး... ဘယ်သူမှ တို့ကို သတိမထားမိလိုက်ကြဘူး ထင်ပါရဲ့...၊ ဒါနဲ့ မသိလို့ မေးရဦးမယ်...၊ မင်းရဲ့အ၀တ်အစားနဲ့ ခေါင်းကိုပဲ ဘာလို့ ဖုံးထားရတာလဲကွာ"
"ကျွန်မရဲ့ မျက်နှာကို သူတို့မြင်သွားရင် ကျွန်မဘယ်သူလဲဆိုတာ သူတို့အားလုံး သိကြမယ်လေ အဲဒါကြောင့်ပါ"
ဥာဏ်ကြီးရှင်ဇနီးစကား ကြားပြီးတဲ့အခါမှာတော့ သတ္တိရှင် သုမြခိုင်နှုတ်က ထွက်လာတဲ့စကားကတော့ ဒီလိုပါ...။
"ဟာ..."

အောင်ထွန်းပေါ်
လေရဲ့တန်ခိုး အကျိုးအာနိသင်နှင့် ရခိုင်ရိုးရာ ဟာသပုံပြင်များမှ-

No comments:

Post a Comment