မယ်ကံယုံ

ရှေးအခါကဘုရင်မင်းတစ်ပါးတွင် သမီးတော်ခုနစ်ယောက်ဖြစ်ထွန်းခဲ့လေ၏။ တစ်နေ့သ၌ ထိုသမီးတော်တို့ ကို ခေါ်ယူ၍ အသီးသီးမေးမြန်းလေ၏။

“ငါ့သမီးတို့ ယခုစားသောက်ဝတ်ဆင်နေကြရသည်မှာမည်သူ၏ဘုန်းကံကြောင့်ဖြစ်သနည်း”ဟုမေးလေသော် သမီး(၆)ယောက်တို့က“ဖခမည်းတော် ဘုန်းကံကြောင့်ပါ”ဟု လျှောက်တင်ခဲ့ကြလေ၏။

သမီးအထွေးဆုံးဖြစ်သူက“ဘုရားကျွန်မ၏ ဘုန်းကံကြောင့်စားဝတ်ရပါသည်” ဟုသံတော်ဦးတင်လေ၏။

ထိုအခါရှင်ဘုရင်က“နင်တစ်ယောက်ကသာ ငါ့ဘုန်းကံကိုမယုံ၊ ကျန်သမီးများကတော့ ငါ့ဘုန်းကံကိုယုံသည်၊

အဘယ်ကြောင့် ဤသို့ပြောဆိုရသနည်း” ဟုဒေါသဖြစ်လေ၏။

ထို့ကြောင့်သမီးတော်ကို မယ်ကံယုံဟုအမည်ပေးလေသည်။

“နင်၏ဘုန်းကံကိုသိစေအံ့”ဟူသောအကြံဖြင့်မှူးမတ်တို့အားခေါ်ယူလေ၏။ ထို့နောက်အဆင်းရဲဆုံးသော လူ တစ်ယောက်ကိုရှာဖွေစေလေ၏။ မှူးမတ်တို့လည်း လိုက်လံရှာဖွေ၍တင်ဆက်ကြလေလျှင် သမီးတော် မယ် ကံယုံနှင့်ပေးစားထိမ်းမြားခဲ့လေ၏။ ထိုဘုရင့်သမက်တော်သည် ဆင်းရဲသားထင်းခွေ စားသောက်လာသူ တစ် ဦးဖြစ်လေ၏။ ဘုရင်မင်းသည်သမီးတော်နှင့်သားမက်တော်တို့ကို မြို့တော်နှင့်မနီးမဝေးသောတောရွာ ဇနပုဒ် တွင် ထားရှိလေ၏။သမီးတော်ကို(၇)ရက်လျှင်တစ်ကြိမ်ကျ နန်းတော်သို့ဝင်ခွင့်အမိန့်ပေး ထားခဲ့လေသည်။

မယ်ကံယုံလင်မယားတို့သည်တောတောင်တို့မှ ထင်းခွေ၍အသက်မွေးလာခဲ့လေ၏။ တစ်နေ့သ၌ထင်းခွေ သွား စဉ်လမ်းမှား၍တခြားနေရာတစ်ခုသို့ ရောက်သွားလေ၏။ ထိုနေရာတော၌နံ့သာပင် များပေါက်ရောက် လျက် မွှေးကြိုင်သင်းပျံ့နေလေ၏။ထင်းခွေသမားမှာနံ့သာဟူ၍မသိဘဲ ထင်းအမှတ်ဖြင့်ပင် ခုတ်လှဲကာ သယ် ယူလာခဲ့လေ၏။ အိမ်အရောက်နောက်ကျ၍ မယားဖြစ် သူကစောင့်မျှော်နေ၏။ “ခါတိုင်းထက် ယနေ့ နောက် ကျခဲ့လေစွ”ဟုလင်ဖြစ်သူအား မေးလေ၏။ လမ်းမှားခဲ့သောကြောင့် အချိန်ကြာခဲ့ရသည် ဟု  ပြောပြလေ၏။

မယားသည်ရောင်းချရန်အတွက် ထင်းချောင်းများကိုချက်ချင်းခွဲစိတ်လေ၏။ထိုအခါသာမန်ထင်းမီးစာ သစ်မ ဟုတ်ဘဲ မွှေးကြိုင်နံ့သင်းနေသော နံ့သာထင်းဖြစ်မှန်းကိုသိရှိခဲ့ရလေ၏။

ထို့ကြောင့်လင်တော်မောင်အား...“ဤကဲ့သို့ထင်းများကို အများအပြားရနိုင်အံ့လော”ဟုမေးမြန်းလေ၏။

လင်မောင်ကလည်း...“ယူ၍မကုန်နိုင်အောင်ရှိလေသည်”ဟုပြောပြလေ၏။ထိုနံ့သာထင်းများကို ခွဲစိတ်လျက် သူဌေးသူကြွယ်လူချမ်းသာတို့ထံသွား၍ ရောင်းချခဲ့လေ၏။

နောက်နေ့များ၌လည်း နံ့သာထင်းများကိုပင်ခွဲ၍ပေးခဲ့လေ၏။ထိုသို့ နံ့သာထင်းများကိုခွေ ၍ ရောင်းချ လာခဲ့ ရာ တစ်နေ့ထက်တစ်နေ့ငွေကြေးများစွာရလာ၏။ တစ်နေ့တွင်နံ့သာတောကိုလွန်၍ ကျောက်သံပတ္တမြားများ ရှိရာ တောင်တစ်တောင်သို့ ရောက်ရှိသွားခဲ့လေ၏။ ထင်းခွေယောက်ျားကားကျောက်သံ ပတ္တမြား မှန်းမသိ၍ ထင်းများကိုသာ လိုက်လံရှာဖွေခဲ့လေ၏။ ထိုနေ့တွင် ထင်းကိုမရရှိလေသဖြင့် သားငယ် ၊သမီး ငယ်များကစား စရာအဖြစ် ပတ္တမြားလုံးအနည်းငယ်ကို ကောက်ယူ၍ ပြန်လာခဲ့လေ၏။

အိမ်သို့ရောက်သောအခါ မယားဖြစ်သူအား ပြလေ၏။“ငါထင်းမရသည့်အဆုံး၊ကျောက်လုံးအနည်းငယ်တော့ ကောက်ယူခဲ့၏။လှပ၍ ကလေးကစားရန်ကောင်းမည်ဟု ထင်ပေသည်”ဟုပြောလေ၏။မယားဖြစ်သူကြည့်ရှုလေရာ အဖိုးတန် ရတ နာမှန်းသိရှိလေ၏။

ထိုအခါမယ်ကံယုံက... “ကျောက်သံပတ္တမြားတို့ဖြစ်သည်၊ အလွန်အဖိုးထိုက်တန်သည်၊ အများအပြားရနိုင်အံ့ လော”ဟုမေးမြန်းလေ၏။

“ယူမကုန်အောင်တောင်လုံးပြည့်နေသည်” ဟုပြောလေသည်။

ထို့ကြောင့် နောက်တစ်နေ့တွင် လင်မယားနှစ်ယောက်လုံး သွားရောက်သယ်ဆောင်ခဲ့ကြလေ၏။ ရရှိလာ သော ကျောက်သံပတ္တမြားတို့ကိုရောင်းချလေလျှင် ငွေအသပြာများစွာရ၍ ကြွယ်ဝချမ်းသာ လာခဲ့ရလေ ၏။ ထိုငွေတို့ဖြင့်အိမ်ကောင်းရာသန့်ကြီးစွာဆောက်လျက် အေးချမ်းစွာနေလာခဲ့ကြလေ၏။ ရှေးကကဲ့သို့ ထင်းခွေ ရန်လည်းမလိုတော့ဘဲ သူတို့ဘုန်းကံအလျောက်ဆင်းရဲသားဘ၀မှ လွတ်မြောက်ကာ ချမ်းသာ ကြွယ်ဝသူ အဖြစ်သို့ ရောက်လာခဲ့ကြရလေ၏။

မယ်ကံယုံသည် မိမိကံကြောင့် စားသောက်ချမ်းသာရှိနေရခြင်းကို ခမည်းတော်မင်းအားအသိပေးရန် စိတ် ဖြစ်လာလေ၏။ထို့ကြောင့် တစ်နေ့သ၌ ပြည်တန်ပတ္တမြားနှင့်အဖိုး မဖြတ်နိုင်သောကျောက် သံပတ္တမြား သုံး လေးလုံးတို့ကို ယူလျက်နန်းတော်သို့ သွားရောက်ခဲ့လေ၏။ နန်းတော်သို့ရောက်သော အခါ ခမည်းတော် မျက် နှာသစ်တော် ရေထည့်သောရေတကောင်းထဲ၌ ထည့်ထားခဲ့လေ၏။

ရှင်ဘုရင်သည် မိုးလင်းချိန်၌မျက်နှာသစ်ရန်ရေတကောင်းကိုယူစေ၏။ရေကိုစောင့်ငှဲ့လေလျှင် ကျောက်သံ ပတ္တမြားတို့ကို တွေ့ရလေ၏။ 

ထိုအခါမှူးမတ်တို့အား “မနေ့ကနန်းတော်သို့မည်သူတက်လာဘိသနည်း” ဟုမေးမြန်းစုံစမ်းလေ၏။

“သမီးတော်မယ်ကံယုံ တက်သည်ကိုမြင်ရပါကြောင်း” ဖြင့်လျှောက်တင်ခဲ့ကြလေ၏။

ဘုရင်မင်းလည်း သက်သေမထင်ရှားသဖြင့် တစ်ဦးတစ်ယောက်ကိုမျှမပြောဆိုဘဲ တိတ်ဆိတ်စွာနေခဲ့လေ၏။ 

နောက်ခုနစ်ရက်တစ်ပတ်ကြာသောအခါ မယ်ကံယုံတစ်ဖန်နန်းတော်၌ ၀င်ရောက်ပြန်လေ၏။ ထိုအခါ၌ လည်း ကျောက်သံပတ္တမြားလေးလုံးငါးလုံးကိုယူသွားခဲ့လေ၏။ ပထမထည့်ထားခဲ့သည့်အတိုင်း မျက်နှာသစ် တော် ရေတကောင်း၌ပင် ထည့်ထားခဲ့လေ၏။ ဘုရင်မင်းလည်း ခါတိုင်းမျက်နှာသစ်ရေ သုံးနေကျရေ တ ကောင်းမှရေကိုငှဲ့၍ထည့်လေ၏။ ထိုအခါ ပတ္တမြားလုံးများကိုပင် တွေ့ရပြန်လေ၏။

ဤသို့ဒုတိယအကြိမ်၌လည်း မှူးမတ်တို့ကိုခေါ်ယူ၍ စုံစမ်းလေ၏။

“ယမန်နေ့ညက နန်းတော်သို့မည်သူတတ်ရောက်ခဲ့လေသနည်း”ဟု မေးမြန်းလေ၏။

မှူးမတ်တို့ကလည်း အမှန်အတိုင်း..“သမီးတော်မယ်ကံယုံတက်ရောက်ခဲ့ကြောင်းပါဘုရား”ဟုသံတော်ဦးတင် ကြလေ၏။

ထိုအခါ ဘုရင်မင်းသည် ယုံကြည်လာခဲ့ရလေ၏။ထို့ကြောင့်သမီးတော်ကို ရှေ့တော်မှောက်သို့ဝင်ရောက်စေ ဟုအမိန့်တော်ချမှတ်ခဲ့လေ၏။ သမီးတော်မယ်ကံယုံကို ခေါ်လေပြီးနန်းတော်သို့ရောက်လာစေ၏။  ရောက် လေသော်ခမည်းတော် ရှေ့မှောက် အခစားဝင်ရန် ပြောကြားလေ၏။

ခမည်းတော်ရှေ့မှောက်မယ်ကံယုံလည်း ရောက်ရှိ၍ရှိခိုးဦးတင်ကာ ခစားနေခဲ့လေ၏။

ထိုအခါဘုရင်မင်းက...
“သမီးတော်မယ်ကံယုံလား၊ သမီးတော်သည် ဤကျောက်သံပတ္တမြားတို့ကို ထားရှိခဲ့သည်မှာမှန်သလော” ဟု မေးမြန်းလေ၏။

“ဟုတ်မှန်ပါကြောင်း”သမီးတော်လည်း လျှောက်တင်ခဲ့လေ၏။

ထိုအခါ ရှင်ဘုရင်ကလည်း...
“သမီးတော် ကိုယ့်ကံနှင့်ကိုယ် စားဝတ်နေကြောင်းလျှောက်တင်ခဲ့ချက်မှာ မှန်ကန်ပေသည်”ဟု အမိန့်တော် ရှိခဲ့လေ၏။

ထို့ကြောင့်သမီးတော်နှင့် သမက်တော်တို့ကိုခေါ်ယူသိမ်းဆည်းလေ၏။ အိမ်ရှေ့မင်းအဖြစ် သမက်တော်ကို ခန့်အပ်၍ သမီးတော်နှင့်ကြည်ဖြူစွာစံစားစေတော်မူခဲ့လေသတည်း။

အရှင်စက္ကိန္ဒ (ရခိုင်တံခွန်ပုံပြင်များ)

No comments:

Post a Comment