ငစည်(ငစွေ)အက

ငစည်အကသည် ရခိုင်ပြည်နယ်၊ အထူးသဖြင့် ရမ်းဗြည့်ကျွန်း၌ ကပြသည်ကို ကျွန်တော် မြင်ဖူးခဲ့သည်။ သို့ သော် ရခိုင်သက္ကရာဇ် ၉၉၉-ခု၊ သီရိသုဓမ္မမင်း လက်ထက်က နန်းတွင်းတွင် ငပုသလအမတ် စီစဉ်တင်ဆက် ခဲ့သော ငစည်(ငစွေ) အကနှင့် နောက်ပိုင်း ကပြကြသော ငစည်(ငစွေ)အကတို့မှာ ရည်ရွယ်ချက်ချင်းကား များစွာကွာခြား လေသည်။

သီရိသုဓမ္မမင်း လက်ထက်က မြောက်ဦးမြို့တွင် ကပြသော ငစည် (ငစွေ)အကမှာ နတ်ရှင်မယ်မိဖုရားနှင့် ငကုသလအမတ်တို့က ဘုရင်၏ နံကိုအကြောင်းပြု၍ ဘုရင်သုဓမ္မရာဇာ မြန်မြန် နတ်ရွာစံအောင် တဘောင်၊ ယတြာ၊ အတိတ်၊ နိမိတ်တို့ဖြင့် လုပ်ကြံ ဖန်တီး၍ ကပြခဲ့သောအကဖြစ်သည်။

ရခိုင်ကျေးလက်တွင် နောက်ပိုင်းကပြကြသော ငစည်(ငစွေ) အကမှာမူ နတ်ရှင်မယ်နှင့် ငကုသလအမတ်တို့ က ဘုရင် သုဓမ္မရာဇာအား ယုတ်မာရက်စက်စွာ လုပ်ကြံခဲ့ကြပုံကို နောင်လာ နောက်သားများ သတိသံဝေဂ ရစေခြင်းငှာ ကပြသော ငစည် (ငစွေ)အကဖြစ်သည်။ သို့ကြောင့် ရည်ရွယ်ချက်ချင်းကား များစွာကွာခြား လှ သည်။


စာရေးသူရခိုင်ပြည် အနှံ့အပြားကို မရောက်ဖူးသော်လည်း စာရေးသူတို့၏ ရမ္မာဝတီ ရမ်းဗြည့်ကျွန်း၌ လသာ ညများတွင် ငစည်(ငစွေ)အက ကပြသည်ကို ငယ်စဉ်က အကြိမ်များစွာ မြင်ဖူး၊ ကြည့်ဖူးလေသည်။ ငကုသ လအမတ်နှင့် နတ်ရှင်မယ်တို့သည် ဘုရင် သုဓမ္မရာဇာကို ပူးပေါင်း ကြံစည်ကြစဉ်က မည်သို့သော ပုံစံဖြင့် မြောက်ဦးမြို့၌ ကပြခဲ့ကြသည်ကို မှတ်တမ်းမှတ်ရာတို့တွင် အသေးစိတ် မတွေ့ရပေ။ စာရေးသူ တို့မြင်ဖူး၊ တွေ့ဖူးသောငစည် (ငစွေ)အကမှာ ငစည်ဆရာတစ်ဦးတည်းက ဇာတ်လမ်းတစ်ပုဒ်လုံး ပေါ်လွင်အောင် အသံအမျိုးမျိုး၊ အသွင် အမျိုးမျိုးနှင့် ကွက်စိပ်ဟောသံလို အသံမျိုးစုံနှင့် တစ်ဦးတည်းက ကပြသွားသည်ကို သာ မြင်ဖူးပေသည်။

ငစည်(ငစွေ)အက ဇာတ်လမ်းဇာတ်ကွက် တစ်လျှောက်လုံးတွင် လူငယ်ကြိုက် ရယ်ရွှင်ဖွယ်ရာ ဟာသ များ နှင့် လူကြီးကြိုက်မှတ်သားဖွယ်ရာ အတိတ်၊ နိမိတ်၊ တဘောင်၊ တြင်းနှင့် နောင်ဖြစ် လာမည့် အနာဂါတ် စသည်များ ကိုလည်း ငစည် (ငစွေ)ဆရာက ပြောဆို ကပြသွားလေသည်။

ရခိုင် သက္ကရာဇ် ၉၉၉-ခုတွင် ငကုသလနှင့် နတ်ရှင်မယ်တို့က ဖန်တီးထားခဲ့သော ငစည်အကမှာ အလွန် ရှေးကျသော ရခိုင်ရိုးရာ အကတစ်မျိုးအဖြစ် တွင်ကျန်ရစ်ခဲ့သည်။ သီရိသုဓမ္မမင်း လက်ထက် က မြောက်ဦး မြို့၌ နန်းတွင်း နန်းပြင်ကပြခဲ့သော ထိုအကသည် ကာလကြာသော် ကျေးလက်ထိပျံ့နှံ့ကာ ယဉ်ကျေးမှု တစ်ရပ် အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။

စာရေးသူတို့ ရမ်းဗြည့်ကျွန်းတွင် သီတင်း ၀ါလကျွတ်ချိန်မှသည် မိုးဦးမကျမီ အချိန်ထိ ငစည် (ငစွေ) တတ် ခေါ် ငစည်(ငစွေ)ဆရာက ရွာစဉ်လှည့် ကပြသည်။ သူ့အတွက် အခကြေးငွေမှာ တစ်အိမ်လျှင် ဆန်နို့ဆီဘူး တစ်လုံး၊ တတ်နိုင်သူများက ဆန်သုံးလေးတောင်း ပေး၍လည်းကောင်း အက ခိုင်းတတ်ကြ သည်။ အဖိုးအခ သက်သာသလို ကျေးလက်တောရွာများတွင် လရောင်အောက်၌ လည်းကောင်း၊ မီးခွက်၊မီးတိုင်၊ အောက် လင်း ဓါတ်မီး ထွန်း၍ လည်းကောင်း မြေကွက်လပ် တလင်းပြင်တွင် ကပြသည်။ ငစည် (ငစွေ) အကအတွက် လိုအပ်သော ပစ္စည်းများမှာလည်း အပန်းမကြီးလှ။ ဘုရင်၏ ရာဇပလ္လင်အဖြစ် ငစည် (ငစွေ)ဆရာထိုင်ရန် တောရွာတိုင်းတွင်ရှိသော ဆန်ဖွတ်ဆုံ တစ်လုံး(သို့) ကုလားထိုင်တစ်လုံး၊ ငါးသဲ့ရန် ယက်သဲ့တစ်ခု၊ ငစည် (ငစွေ)ရလျှင် ထည့် ရန်ပလိုင်းတစ်လုံး၊ ငစည်အရှာ ထွက်ရန် လှော် တက်တစ်ချောင်း၊ တောင်းတစ်လုံး၊ ဆန်တစ်ခွက်၊ ကန်တော့ပွဲ တစ်ခုသာဖြစ်သည်။

ငစည် (ငစွေ)တတ် ငစည် (ငစွေ)ဆရာ၏ အ၀တ်အဆင်မှာလည်း သာမန်သစ်သစ် လွင်လွင် အ၀တ်အဆင် တစ်ထည် သာဖြစ်သည်။ ငစည်(ငစွေ)၏ အစွယ်ပမာ ရှေ့တည့်တည့်ကို တစ်ထွာတစ်မိုက် အစွန်းထုတ်၍ ပ၀ါကို ခေါင်းပေါင်း ပေါင်းထားပြီး၊ လံချည်စကို နောက်သို့ အမြီးထုတ်၍ ခါးတောင်းကျိုက်ထားသည်။ ငစည် (ငစွေ) ဆရာသည် ဘုရင်အသံ၊ အမတ်အသံ၊ ယောက်ျားအသံ၊ မိန်းမအသံ၊ လှိုင်းအသံ၊ လေသံ၊ အမျိုးမျိုး ကို ဆိုရွတ်၍ ခြေလှမ်းဟန်ကို အဓိကထားကာ လက်ဖျောက်တီးပြီး ဟန်မာန် အပြည့်နှင့် ကပြလေသည်။ ငစည် (ငစွေ)ချင်းကို အသံနေ အသံထားနှင့် ဌာန်၊ ကရိုဏ်းကျကျ ရွှတ်ဆိုကာ တိုင်းပြည်တည်ခြင်း၊ ဇာတ် ကွက် ဖေါ်ခြင်း၊ အပြန်(၃၀) ပါရမည်ဟုသော စည်းကမ်းအတိုင်း ဘုရင် သုဓမ္မရာဇာက ၀ါလှဖြူ(၀ါစိုးဖြူ) မည်သော တင်းဝါးစား အမတ်၏သမီး အလှဂုဏ်သတင်းကြောင့် မိဖုရားမြှောက်ထိုက်၊ မမြှောက်ထိုက်ကို အမတ်မင်းများအား ကြည့်ရှု လေ့လာခိုင်း လိုက်သည်။ ထိုအခါ ၀ါလှဖြူ (ဥပမာ) ကျောင်းသို့ ဆွမ်းပို့သွားရာ ၌ ၀ါလှဖြူ၏ အလှကို မြင်သဖြင့် ကယောင် ချောက်ချား ဖြစ်ကာ အမြင်မှောက်ကြပုံကို “ဆွမ်းအုပ်က ၀ါလှဖြူ ကို ရွက်ယူလား။ ဘုန်းကြီးထက်မှာ ပြူတင်းပေါက်ထိုင်ယာ” စသည်ဖြင့် အမြင်မှောက်ကြပုံကို ပရိသတ်များ ပွဲကျအောင် ကပြနိုင်သည့်အပြင် ရခိုင်ကမ်းရိုးတန်းနှင့် မဇ္စိုမတစ်ခါင် ပြဲပြဲစင်အောင် ဗူးစင်ရွာသား ဘာရဲဖ ငစည် ရှာထွက်ရာ၌လည်း မာန်အောင်ကျွန်းက ငါးမျိုးစုံသည့် သစ်ပုံချောင်းထိ ရောက်ခဲ့ကြောင်းကို ပရိ သတ်များ တ၀ါးဝါး တဟားဟား ဖြစ်အောင် ကပြတတ်လေသည်။

ငစည်(ငစွေ)ဆရာသည် ပထမဦးဆုံး အောင်အတိတ် အောင်နိမိတ်ယူကာ အနန္တော အနန္တ ငါးပါးကို ရှိခိုးဦး တင် ကန်တော့သည်မှာ-

“××× အောင်မင်္ဂလာ အောင်နိမိတ်နှင့်၊ဘိသိတ်ဖြာကေ အောင်ရာသမှု အောင်ပါလေ၊ ဇောယျတုန အောင် ဆုကိုရှာ အောင်မ မောင်အောင်သံပလို့ ဥာဏဂမ္ဘီ၊ ဥာဏ်သင်္ဂီ ဥာဏ်ဆီတစ်လုံး ပဒေသာ လိုရာသုံးကေ၊ ဥာဏ်ဘုန်းတော်ကြွ အာကာသမှာ သရဏ၀ီလက်ချေ၊ တိမ်တိုက်ထဲမှာ အလင်းပြလို့ ဗုဒ္ဓဥာဏ်ရှင် ကိုးဂုဏ် အင်ကို ကျွန်လျှင် လိမ္မာကန်တော့ပါရဲ့။ မာတာမိခင်၊ ကျေးဇူးရှင် ဖခင်ကိုလည်း ကာယ၀စီ မနောချီ ဆယ်လီ ညွှတ်ခ သီးနှိမ်ချလို့ သိပ္ပပညာ ဆယ့်ရှစ်ဖြာကို လိမ္မာစေကြောင်း မြတ်ဆရာ ၀ိဟာကျောင်းမှာ နည်းကောင်း ခံလို့ ကျီး သန္တာပျံကာဝဲကေ ရမ်းဗြည့်သားမှာ××××”

ငစည်(ငစွေ)ဆရာက ထိုသို့အနန္တောအနန္တငါးပါးကို ရှိခိုးပြီးသောအခါ ငစည်(ငစွေ)အက တတ်အောင် သင် ကြားပေးသော သူ့ဆရာနာမည်၊သူ့အရပ်သူ့ရွာကို ဖေါ်ကျူးချီးပသည်မှာ-

“××× စိမ့်စမ်းရေ ဥာဏ်ကျယ်ဆရာ ရှေ့တောင်ရွာမှာ ဆရာဂုဏ်ထွန်း အပြည်ပြည်လာ နေဆန်းကေ ကျော် ပန်းလိမ္မာ၊ ကျွန့်ဆရာကို၊ ဆယ်ဖြာလက်ဦး  ကန်တော့ဖူးခါ၊ သက်ဝေ ထွန်းရောင် အပျို့မြင်ကေ၊ ကြင်မ၀လို့ ကျော်ပန်း မောင်က××××”

အပျိုမြင်တိုင်းကို သူချစ်၍ ကြင်၍ မ၀နိုင်ကြောင်းကို ဆိုလိုက်သောအခါ ပရိသတ်များမှာ ၀ါးခနဲ ပွဲကျသွားကြ သည်။ အပျို မြင်သမျှကို ချစ်ချင် ကြင်ချင်သည်ဆိုသော ငစည်(ငစွေ)ဆရာ ဦးကျော်ပန်း၏ အသက်(၅၀) ကျော်(၆၀) အရွယ်၏ သရုပ်ပြသွားဟန်မှာ ပရိသတ်ကို ပတ်တုတ်မရအောင်ဖြစ်စေ၏။

ထို့နောက် ငစည်(ငစွေ)ရှာ သွားရမည်ဖြစ်သောကြောင့် မိုးလင်းခါနီး၌ အအိပ်ကြီးသော ဇနီးသည်၏ တင်ပါး ကို ဗုံတီးသလို တီး၍ နှိုးရဟန်၊ အအိပ်ကြီးပြီး အိပ်ရာထဲ သေးပေါက်သဖြင့် လင်ခယောက် စိုသွားဟန်၊ ပွဲပြင် သွားရာ၌ လှချင် ပချင်လွန်း၍ သူများဆီမှ ငှားဝတ်ထားသော လက်ကောက်၊ နားဋောင်းတို့ကို ပိုင်ရှင်ထံ ချက်ချင်း ပြန်မပေးသေးဘဲ ရွာရိုးကိုးပေါက်လျှောက်ပြီး ခွေးတစီစီနှင့် ဟန်ရေးပြနေတတ်သော သူ့မိန်းမပုံ ကို-

“ဘုဝေမိလေ ဘုဝေမိ၊ ဘုဝေမိ။ အရင်ရာလည်းထ၊ ထပါယင့်လေ၊ အယိုးလေး၊ အယိုးလေး။ ယားယားယူယူ ငါ့နံပါးအိပ်တေသူ၊ ငါ့နားထိုင် တင်ပျဉ်ကြီးမ ဗုံတီးမလိုင် မယားလိုင်။ မိုးလင်းနိမ်ခါ ဆန်ကိုပြာ ကြက်လာ မလိုင် အယိုးလိုင်။ ပွဲသို့လားခါ သူ့လက်ကောက်ကို ငှားလို့ပန် ပြန်ခါပီးခ အိပ်ရာဝင် လင်ခယောက်ကို သီး ပေါက်မလိုင် အယိုးလိုင်၊××× နေ့ခြင်းကြောင်တောင် ခွီးဟောင်မလိုင် အယိုးလိုင်”

 ဟု မိန်းမဖြစ်သူကို ငယ်ကျိုးငယ်နာဖေါ်၍ နှိုးလိုက်သောအခါ မိန်းမက စိတ်ဆိုးပြီး ထလာသည်ကို ချော့ပြန် သည်မှာ-

“ ××× အ၀န်းကိုးရာ၊ မဇ္စိုမာ လက်ျာကျငန်း အနောက်ပြည် ငစည်ရှာ လားပါခိမယ် အထွေထွေ ဘုဝေမိကို မှာခဲ့ မယ်ကား။ သုံးပေါ်နိမ် နိမ်မွန်းစောင်းမှာ ငါးရှာခေါ် မတော်သည့်ခိုက် လှကေသွယ် မယ်မလိုက်ကေ့၊ ငါးချင်းမတူ ငါးတောက်တူ ငါးခူစူးကေ့ အီးလိမယ်နှောင်း၊ ဟင်းရှာခေါ် မတော်သည်ခိုက် လှကေ သွယ် မေမလိုက်ကေ့၊ တန်းပျင်းကုန်းဖြီ မောင်မရောက်မီ ကုန်ပတ်စီ၊ ယင်းဟာမလောက် မောင်းဂါတိုင် တိုင် ခြောက်လုံးကို ထင်းပေါက် ဆိတ်လီ၊ ပေါက်ဆိတ် လီနှ၊ နောက်ဆုံးတစ်တွေ လှသက်ဝေကို မှာခဲ့မည်ကား ငကြောင်ချေကို ၀ါစိထုတ် ကျားကြုတ်ကိုက်မေ ငါ့နှမမှာ ကိုယ်နှင့်အတူ တင်သိပ်လီနှောင်း တင်သိပ်လီ × ××”

ငစည်(ငစွေ)ရှာ သွားရမည့် ဘာရဲဖက သူ့မိန်းမကို ချော့မော့ဖျောင်းဖျ ချစ်ကြောင်းပြလိုက်သောအခါ မယား သည်က ဘာရဲဖကို စိုးရိမ်၍ တစ်ခါမှာပြန်သည်မှာ-

“×××အငယ်ကပင် ချစ်ကျွမ်းဝင် သားရှင်ဖကို မှာလိုက်မေကား-(မိန်းမသံနွဲ့နွဲ့နှင့်) ဂြိုးချေကူကေ မပူလီကေ့၊ ကိုယ့်မှာကြင် သျှင်ရေကြီး အရီသားလိုင်။ ကျီးကန်းအာကေ မရှာလီကေ့၊ ကိုယ့်သဇင် နောက်ပြန် ထားကေ ချစား မောင်လှိုင်၊ ငှက်တော်ထိုး မညှိုးလီကေ့၊ အသားဖြူကို မယူလီကေ့၊ အသားပြာကို မရှာလီ ကေ့၊ ခါးထ မီ မလိမ်လီကေ့၊ ဆံတောက်ကော့ကော့ နောက်ကျော့ကျော့န အပျိုမတိကိုလည်း အကြိုက်လီ ကေ့နှောင်း ×××”

ဤသည်တို့မှာ ဇာတ်သဘောအရ လူငယ်ကာလသား ကာလသမီးများ အကြိုက်နှစ်ပါးသွားခန်းဟု ပြော၍ရ သည်။

ဖိုးကျော့

No comments:

Post a Comment