ဆင်းရဲသားထင်းခွေသမားနှစ်ယောက်

ရှေးအခါက ထင်းခွေ၍ စားသောက်ခဲ့ကြရသော ဆင်းရဲသားနှစ်ယောက်ရှိကြလေ၏။ ၄င်းတို့သည် ထင်းခွေ၍ ရောင်းချရမှသာလျှင်ထမင်းနပ်မှန်ကိုစားသောက်ခဲ့ကြရ၏။ ထို့ကြောင့်နေ့မပျက်ဘဲထင်းခွေလျက်အတူတကွ နေ့စဉ်ရောင်းချလာခဲ့ကြလေ၏။

တစ်နေ့သ၌ထင်းခွေသွားရန် အိမ်မှထွက်ကြလေ၏။ တစ်ယောက်က“မိတ်ဆွေ အလျင်သွားလေ၊ ငါကနောက် မှလာခဲ့မည်” ဟုပြောလေ၏။ ထိုအခါတစ်ယောက်တည်း ခွဲခွာလျက်သွားလေရာ ညောင်ပင်တစ်ပင်ကိုတွေ့ လေ ၏။ ထိုညောင်ပင်၌ညောင်ကိုင်းတစ် ကိုင်းသည် ခြောက်သွေ့လျက်ရှိနေ၏။ထိုအကိုင်းကို ထင်းအလို့ငှာ ခုတ်ဖြတ်ရန်ပြုလုပ်လေ၏။

ထိုအခါ ညောင်စောင့်နတ်က ထွက်ပေါ်လာလေ၏။“အသင်လူသား၊ ငါ့အကိုင်းကို မည်သို့ခုတ်ဖြတ်အံ့နည်း” ဟုပြောဆိုလေ၏။ ထင်းခွေသမားက “ထင်းအဖြစ်အသုံးပြုရန် ခုတ်ဖြတ်လိုပါသည်”ဟုပြန်ပြော၏။ “ထိုသို့ ဆို ကငါလိုက်ခဲ့မည်၊ငါ့အကိုင်းကို မခုတ်နှင့်”ဟုပြောပြီးလျှင် ညောင် ပင်စောင့်နတ် သည် နောက်က လိုက်ပါ ခဲ့လေ ၏။

ထင်းခွေသမားည် အိမ်သို့ရောက်လေသော် မယားဖြစ်သူအား ပြောပြလေ၏။ မယားက“ထင်းလဲမရခဲ့၊ အာ ဂန္တု တစ်ယောက်ပင်နောက်မှ လိုက်ပါလာချေသေး၏။” ဟုပြောဆိုလေ၏။ ထို့နောက်အိမ်မှ ပိုချန်ရှိသမျှ ဆန် ကို ချက်ပြုတ်၍ ကျွေးမွေးခဲ့လေ၏။ညောင်စောင့်နတ်သားသည် ညဥ့်အခါတွင် ခြေရင်း ၌ ရွှေတစ် ပုံချပေးခဲ့ လျက် ကွယ်ပျောက်သွားခဲ့လေ၏။

ထိုထင်းခွေသမားသည် နေ့ချင်းချမ်းသာလာခဲ့လေ၏။ ထိုသူ၏အဖြစ်ကို အဖော်မိတ်ဆွေက မြင်၍ လာလေ ၏။ ထို့နောက်“မိတ်ဆွေကလူချမ်းသာဖြစ်ခဲ့လေပြီ၊ မည်သို့ပြုလုပ်၍ လူချမ်းသာရလေသနည်း” ဟုမေးမြန်း စုံစမ်း လေ၏။ ထိုအခါမိမခုတ်ဖြတ်ရန် ပြုလုပ်ခဲ့သော ညောင်ကိုင်းကို ညွှန်ပြပြောဆိုလိုက်လေ၏။

၎င်းသည် မိတ်ဆွေပြောလိုက်သော အကိုင်းကို ခုတ်ဖြတ်ရန် သွားလေ၏။ခုတ်မည်ပြု လျှင်ညောင် ပင်စောင့် နတ်ကထွက်ပေါ်လျက် မေးမြန်းလေ၏။ ၄င်းလည်း ပြောပြခဲ့လေလျှင် ခုတ်ဖြတ်ရန်တားမြစ်လေ၏။ “သင့် နောက်ပါးက ငါလိုက်ပါကူညီမည်”ဟုဆိုကာ အတူတကွလာခဲ့ကြလေ၏။အိမ်သို့ရောက်လေသော် မယား ဖြစ် သူက ထင်းမရခဲ့သဖြင့် ဆူပူလေ၏။ထမင်းလည်းမကျွေးဘဲအငတ်နေစေကာ အိပ်ပျော်ခဲ့ရလေ၏။

ညောင်ပင်စောင့်နတ်ကား ထိုလင်မယားအကြား၌ ညဥ့်အခါ ကွယ်ပျောက်သွားလေ၏။ နံနက်မိုးလင်းသော အခါ ထိုလင်မယားနှစ်ယောက် နိုးကြလေ၏။ ထိုအခါ လင်ဖြစ်သူက ရွှေများကို တွေ့မြင်ရသဖြင့် ၀မ်းသာ အားရရှိလေ၏။ မယားဖြစ်သူက ကြည့်လေရာ မစင်ချေးများကို မြင်ရလေ၏။ ၄င်းတို့သည်ကံအကျိုးပေး မတူကြလေသောကြောင့် အချင်းချင်း ကွဲကွာခဲ့ကြရလေ၏။ထိုအခါမှ လင်ဖြစ်သူသည် ထိုရွှေကို ပိုင်စိုး သုံး စားခဲ့ရလေသဖြင့် ချမ်းသာကြွယ်ဝခဲ့ရ လေသတည်း။

အရှင်စက္ကိန္ဒ (ရခိုင်တံခွန်ပုံပြင်များ)

No comments:

Post a Comment