ရှီးရှီးအခါက ရွာတစ်ရွာတွင် မုဆိုးမတစ်ယောက် ဟိ၏။ ထိုမုဆိုးမတွင် သားလူပျိုတစ်ယောက် ဟိလီသည်။ သူ့မာ အလွန်တရာပျင်းသူတစ်ယောက် ဖြစ်၍ ရွာသားများက “ငပျင်းထွေ” ဟု ခေါ်ကြလီသည်။
ငပျင်းထွေမှာ နာမည်နှင့်လိုက်အောင်ပင် မည်သည့်အလုပ်ကို မှ လုပ်ချင်စိတ်မဟိပေ။ မိခင်ဖြစ်သူ က တောမှထင်းခြွီ ၍ရောင်းခြင်း၊ ဆန်အငှားဖွပ်ခြင်း၊ လူအိမ်ရို့၌ အတိုအစလုပ်ပီးခြင်း စသည်ဖြင့် မိမိဝမ်းစာ အပြင် သားငပျင်းအတွက်ပါ လုပ်ရသဖြင့် လွန်ပင်ပန်းဆင်းရဲလီသည်။ မိခင်အား သနားကရုဏာ သက် ကြသော ရွာသားများက ငပျင်းထွေကို သူများနည်းတူ လုပ်စားရန် အတွက် ချော့၍ တစ်ခါ၊ ခြောက်၍ တစ်ဖုံ၊ သရော်၍ တစ်မျိုး နားဝင်အောင် ပြောပြကြသော်လည်း အချည်းနှီးရာ ဖြစ်လီသည်။
တစ်ရက်နိန့်အခါ၌ ရွာမှ ငပျင်းထွေ၏အပေါင်းအဖော်များသည် ထင်ခြွီရန်နန့် ၀ါးခွတ်ရန် တောသို့ လားကြလီသည်။ ငပျင်းထွေလည်း မိမိအိမ်မှ မိခင်၏ဒါးကုတ်သျှေကိုယူပြီး အတူလိုက်ပါ လာလီ သည်။ တောသို့ရောက်သောအခါ ငပျင်းထွေမှာ ထင်းခြွီ၊ ၀ါးခွတ်မည့်အစား အရိပ်ကောင်းသော အပင် တစ်ပင်အောက်တွင် တယှူးယှူး အိပ်နီလီသည်။ သူ့မိတ်ဆွေများမှာ မိမိရို့အလိုဟိသော ထင်း၊ ၀ါးများ ခွတ်ပြီးမှရာ သူ့ကိုအိပ်ရာက နှိုးကြလီသည်။ ယင်းနောက် မိတ်ဆွေများ မလို၍ မြှောက်ပစ်ခသော ၀ါးတစ်လုံးကို ကောက်ယူပြီး မိတ်ဆွေများနှင့်ရွာသို့ ပြန်လာလီသည်။
အိမ်သို့ရောက်သောအခါ ပါလာသောဝါးကို နှီးဖြာလျက် မြှုံးတစ်လုံးရက်လီသည်။ ပြီးနောက် တခြား ရွာသားများကဲ့သို့ ချောင်းတွင် ငါးမထောင်ဘဲ မြှုံးထဲ၌ နပျိုးသီးတစ်လုံးထည့်ကာ ရွာပြင်ဟိ ညောင်ပင် ထက်တွင် တင်ထားခီသည်။ နောက်တစ်နိန့်နီဝင်ချိန်၌ လာကြည့်သောအခါ မည်သည့်ငှက်မျှမကျဘဲ အစာနပျိုးသီး ကုန်နီသည်ကို တွိရလီသည်။ နောက်တစ်နိန့်တွင်လည်း ယင်းနည်းအတိုင်းပင် မည်သည့် သက်ဟိသတ္တ၀ါကိုမျှ မတွိရပေ။ သို့သော်လည်း ငပျင်းထွေ စိတ်ပျက်ခြင်းမဟိဘဲ အစာနပျိုးသီး တစ်လုံး တက်စား နှစ်လုံးထည့်ကာ ထောင်ထားခပြန်လီ၏။
ယင်းနိန့်မှ သုံးရက်မြောက်နိန့် နီဝင်တရူးအချိန်တွင် ငပျင်းထွေသည် ထုံးစံအတိုင်း မိမိမြှုံးကိုကြည့်ရန် လာလီသည်။ ညောင်ပင်သို့ရောက်၍ မော်ကြည့်လိုက်ရာ မြှုံးထဲ၌ ဖြူဖြူသဏ္ဌာန်တစ်ခုကို လှုပ်လှုပ် ရွရွ မြင်ရလီသည်။ သူ့စိတ်ထဲ၌မူ ဗျိုင်းဖြစ်လိမ့်မည်ဟု ထင်နီလီသည်။ သို့သော် အံ့သြဖွယ်ကောင်းသည်မှာ မြှုံးထဲ၌ ကျနီသောအရာသည် ငပျင်းထွေထင်သည့်အတိုင်း ဗျိုင်းမဟုတ်ပေ။ ထိုအရာမှာ ရုက္ခစိုးဖြူသျှေ တစ်ကောင် ဖြစ်နီ၏။ ငပျင်းထွေမာ ၀မ်းသာခြင်း၊ အံ့သြခြင်းရို့နှင့်မျက်လုံးမျက်ဆံပြူးကာ ပါးစဟောင်းလောင်းနှင့် တအောင့်တမော စကားမပြောနိုင်ဘဲ ငေးကြည့်နီလီသည်။ သူသည် အသျှေခါက အိပ်ရာတွင် မိခင်ပြောပြသော ရုက္ခစိုး ၀တ္ထုများကို နားထောင်ဖူးခသည်။ ရုက္ခစိုးဖြူနှင့် တွိသောအခါ လိုသည့်အရာတို့ တောင်းက ရသည်ဟုလည်း ကြားဖူးခလီသည်။
ရုက္ခစိုးဖြူသျှေသည် ကြောက်အားလန့်အားနှင့် လွှတ်ပါမည့် အကြောင်း ငပျင်းထွေအား တောင်းပန်လီ သည်။ ငပျင်းထွေက ကိုယ်လိုသည့်အရာကိုပီးမှ လွှတ်မည်ဟု ပြောရာ ရုက္ခစိုးဖြူသျှေက ကတိခံလီသည်။ ထိုအခါ ငပျင်းထွေက လူများကို မွိန့်စီနိုင်၊ ဂျွမ်းထိုးစီနိုင်သော အရာတစ်ခုပီးရန် တောင်းလီသည်။ ရုက္ခစိုးဖြူသျှေကလည်း မိမိတန်ခိုးဖြင့် ပုလွီတစ်ခုကို ဖန်ဆင်းပြီး “မွိန့်လီကျာလီ၊ ဇောက်ထိုးလီ” ဟု ပါးစပ်မှဆို၍ ဤပုလွီကိုမှုတ်ကာ ကိုယ်မွိန့်စီချင်၊ ဂျွမ်းထိုးစီချင်သော လူများကို မွိန့်စီလိမ့် မည်ဖြစ်ကြောင်းပြော ပြီး ပုလွီကို ပီးလီသည်။ ငပျင်းထွေမာ ချက်ချင်းမယုံသိ၍ ညောင်ပင်နားတွင် လားနီသော နွားတစ်ကောက်ကို ရုက္ခစိုးဖြူသျှေ ပြောသည့် အတိုင်းဆိုပြီး ပုလွီကိုမှုတ်လိုက်ရာ နွားမာ ချပြောင်းချပြန်နှင့် ဂျွမ်းပြန်နီလီရာ ငပျင်းထွေ အမှုတ်ရပ်လိုက်မှ နွားလည်း တန့်လားလီသည်။ ငပျင်းထွေမှာ တဟားဟားနှင့် အလွန်သဘောကျပြီး ရုက္ခစိုး ဖြူသျှေအား မြှုံးမှ လွှတ်လိုက်လီသည်။
အိမ်သို့ရောက်၍ မိခင်အားအကြောင်းစုံကို ပြန်၍ပြောပြရာ မိခင်မှာ သားတော်မောင် ငပျင်းထွေပြောသော စကားကို မယုံပေ။ ထိုအခါ ငပျင်းထွေက “မွိန့်လီကျာလီ ဇောက်ထိုးလီ” ဟု ဆိုပြီး ပုလွီကို အီးအီးမှုတ်ရာ မိခင်မှာ ဖြည်းဖြည်းဖြည်းဖြည်းနှင့် တစ်ပတ်ပြီးတစ်ပတ် ဂျွမ်းထိုးနီပြီး ငပျင်းထွေတန့်မှ ဂျွမ်းအထိုးတန့်လား လီသည်။ ယင်းအခါမှ မိခင်က ယုံလားလီသည်။ ငပျင်းထွေမှာ ပုလွီ၏ အစွမ်းကို သိသည့်အလျောက် စိတ်ကြီးဝင်လာကာ အကြံတစ်ခု ဖြစ်လာလီသည်။
ထိုအချိန်၌ ငပျင်းထွေရို့တိုင်းပြည်၏ သျှင်ဘုရင်တွင် အလွန်တရာ လှပသောသမီးတော်တစ်ပါး ဟိလီ၏။ တစ်ဦးတည်းသော သမီးတော်ဖြစ်၍လည်း ဘုရင်မှာ အလွန်ချစ်ခင်မြတ်နိုးလီသည်။ ယင်းကြောင့် သမီးတော်အား တပင်တိုင်နန်းတော်၌ အခြံအရံများစွာနှင့် “အဘိုဆို၍ ယင်ဘိုမှ မနားစီရန် အစောင့် အယှောက် ချလျက် စံစားစီလီသည်” မင်းသမီး၏ လှပခြင်းကိုကြားသော အခြား တိုင်းပြည်ရို့မှ မင်းသားများသည် လက်ဆောင်ပဏ္ဍာအမျိုးမျိုးဖြင့် လာ၍ တောင်းကြသော်လည်း မအောင်မြင်ကြပေ။ စစ်တိုက်ပြီး အဓမ္မသိမ်းယူရန်မှာလည်း ငပျင်းထွေရို့ ဘုရင်မာ စစ်သည်အင်အားများ၍ မည်သို့မျှ မတတ်နိုင်ဟိကြလီသည်။
ငပျင်းထွေမာ ပုလွီ၏အစွမ်းကြောင့် စိတ်ကြီးဝင်လာသည့် အလျောက် မိခင်အား သျှင်ဘုရင်သမီးကို ဆိုပီးရန် ပြောလီသည်။ မိခင်မာ ကြောက်အားလန့်အားနှင့် သားတော်မောင် ငပျင်းထွေအား ထိုသို့မပြောရန် ဟန့်လီသည်။ ငပျင်းထွေက မည်သူ့ကိုမှ ကြောက်ရန်မလိုကြောင်း၊ အမင်---သျှင်ဘုရင်ပါးကို မလားဝံ့လျှင် ရွာသူကြီးပါးသို့လား၍ အဆိုခိုင်းပါဟု အလီလီအခါခါပြောသဖြင့် နောက်ဆုံး၌ ရွာသူကြီးပါးသို့လား၍ အကြောင်းစုံကို ပြောရလီ၏။ ထိုစကားကို ကြားသောအခါ ရွာသူကြီးမာ အလွန်မာန်ထွက်၍ ကြိမ်လုံးကိုဆွဲယူကာ ငပျင်းထွေကို ဖားကပ်သတ်ရန် ထွက်လာလီ၏။ ထိုအချိန်တိုင်အောင် ငပျင်းထွင်၏ အစွမ်းကို မိခင်မှတစ်ပါး မည်သူမျှ မသိကြသိပေ။
အိမ်သို့ရောက်သောအခါ ရွာသူကြီးက မိမိအား သျှင်ဘုရင်သမီးကို လားဆိုရန် မိခင်အား ခိုင်းလိုက်သည်မာ အမှန်လားဟု မိန်း၍မဆုံးခင်ပင် ငပျင်းထွေက “မွိန့်လီကျာလီ၊ ဇောက်ထိုးလီ” ပီ---ပီ----ပီ---ဟု အဆက်မပြတ် ပုလွီကို မှုတ်လိုက်ရာ ငပျင်းထွေအမိမှလွဲ၍ ရွာသူကြီးနှင့်တကွ နောက်ပါရွာသားများမာ ပတ်ပတ်ချာချာ ဂျွမ်းထိုးသူထိုး၊ မှောက်သူမှောက်၊ ဂုတ်စိုက်သူစိုက်နှင့် တမွိန့်ချင်း မွိန့်နီရလီ၏။ ငပျင်းထွေ အမှုတ်ရပ်လိုက်မှ တန့်လားကြလီ၏။ရွာသားတစ်ယောက်မာ ဂုတ်ကျိုး၍ သတိမရပေ။ အခြား နှစ်ယောက် မာ လက်ကျိုးပြီး ရွာသူကြီးနှင့် ကျန်လူများမာ အနည်းအများပွန်းပဲ့ ဒဏ်ရာရကြလီသည်။
ထို့နောက် ငပျင်းထွေက ရွာသူကြီးအား မိမိအတွက် သျှင်ဘုရင်သမီးကို ခုနစ်ရက်အတွင်း လား၍ဆိုရမည်။ မဆိုက ရွာသူကြီးနှင့်တကွ ရွာသားအားလုံးကို အခုကဲ့သို့ လုပ်မည်ဟု ပြောဆို ခြိမ်းခြောက်ရာ ရွာသူကြီးမာ ကတိခံလိုက်ရလီ၏။
ငပျင်းထွေ၏ သတင်းမာလည်း တစ်ရွာလုံးသို့ အောင့်ချင်း ပြန့်လာလီ၏။ ရွာသူကြီးမာ ငပျင်းထွေကို အခဲမကျီဘဲ နောက်တစ်ရွာက မိမိတပည့်များနှင့် ရွာသားအချို့ကို ဖမ်းရန်လွှတ်လိုက်လီ၏။ ယင်းအကြိမ် တွင်မူ ရွာသားနှစ်ယောက်က သီပြီး၊ လက်ကျိုး၊ ခြီကျိုးနှင့် ဒဏ်ရာပြင်းစွာရကြလီသည်။ ရွာသူကြီးမာ ကြံစရာမရ ဖြစ်လျက် ငပျင်းထွေကို အားလျှော့ပီးလိုက်ရပြီး ငပျင်းထွေစကားအတိုင်း ခုနစ်ရက်မစိခင် ဘုရင့်သမီးတော်ကိုဆိုရန်အတွက် မြို့တော်အရောက် ဘုရင့်ရှေ့မှောက် ရွာသားများနှင့် သွားကြလီ၏။ ထိုနောက် သျှင်ဘုရင်အား ငပျင်းထွေနှင့် ဖြစ်ခပုံအကြောင်းစုံကို ကြာမုံရှိခိုး လက်စုံမိုး၍ တင်လျှောက်လီ၏။
ထိုစကားကိုကြားသောအခါ သျှင်ဘုရင်မာ ပြင်းစွာဒေါသထွက်၍ မြင်းစီးသူရဲတစ်ရာကို အပြင်းလွှတ်ပြီး ငပျင်းထွေကို အခုပင် ဖမ်းလှာရမည်ဟု အမိန့်ချလီ၏။ သို့သော် ငပျင်းထွေကို ဖမ်းရန်လာခသော မြင်းစီး သူရဲကောင်းတစ်ရာတွင် အနည်းသာ လက်အကျိုး၊ ခြီအကျိုးနှင့် ပြန်လာရလီ၏။ ဘုရင်မှာ ဇောင်သို့မျှ မယုံနိုင်သဖြင့် နောက်ထပ်စစ်သည်တော် တစ်ထောင်ကိုလွှတ်ကာ ငပျင်းထွေအား ဖမ်းဆီးလီ၏။ သို့သော်လည်း ဘုရင်မာ စစ်သည်များ သီဆုံးလားခြင်းမှလွဲ၍ ငပျင်းထွေအား ဖမ်း၍မရဘဲ ဖြစ်နီလီ ၏။ နောက်ဆုံး၌ မှူးမတ်ပညာဟိရို့ လျှောက်ထားလီသဖြင့် ငပျင်းထွေအား လက်လျှော့အယှုံးပီးရပြီး သမီးတော်နှင့် ငပျင်းထွေကို ခမ်းနားကြီးကျယ်စွာ လက်ထပ်လိုက်ရလီ၏။ ထို့ပြင် သျှင်ဘုရင်၌ ထီးနန်းဆက်ခံရန် သားမထွန်းကားသဖြင့် သမက်တော် သူရဲကောင်း ငပျင်းထွေကိုပင် အိမ်ရှိအရာ အပ်လိုက်လီ၏။
ယင်းအကြောင်းကို အယင်က သမီးတော်အား ဆိုခဖူးသော တိုင်းပြည်မှ မင်းသားရို့ ကြားလီရာ မိမိရို့ကိုယ်ကို ရှက်လည်းရှက်၊ ဒေါသလည်းထွက်ပြီး တညီတညွတ်တိုင်ပင်ကာ ငပျင်းထွေ ယောက်ခမ ဘုရင်အား လက်စားချေရန် ချီလာကြလီ၏။ ထိုနောက် တိုင်းပြည်ကို လေးဘက်လေးစိပိုင်းကာ ရာဇသံဆင့်ဆိုလိုက်သည်မှာကား- ““တိုင်းပြည်ကိုရာလျှင် အပ်မည်လော့၊ စစ်ရာလျှင် ယှဉ်မည်လော့”” ဟူ၍ ဖြစ်၏။
သျှင်ဘုရင်လည်း အကြောက်ကြီးကြောက်ပြီး သမက်တော် အိမ်ရှိစံ ငပျင်းထွေအား ခေါ်ယူတိုင်ပင်လီရာ အိမ်ရှိမင်းက “ယောက်ခမတော် တစ်ခုမှ မပူပါကေ့၊ နဂိုအတိုင်း အီးအီးရာနီပါ၊ ဤရန်ကို အကျွန်ကြည့် ယှင်းပါမည်”” ဟု တင်လျှောက်လိုက်လီ၏။
ထိုနောက် မြို့တံတိုင်းထက်မှရပ်ကာ ““မွိန့်လီကျာလီ၊ ဇောက်ထိုးလီ”” ပီ--ပီ--ပီ---ပီ ဟုဆိုပြီး ပုလွီကို အဆက်မပြတ်မှုတ်လိုက်ရာ ၀ိုင်းနီကြသော ရန်သူစစ်သည်ရို့မာ တ၀ီဝီနှင့် တမွိန့်ချင်း မွန့်ကြပြီး မရှုမလှ သီကြီပျက်စီး အယှုံးကြီးယှုံးလားရလီ၏။ ယင်းခါမှသာလျှင် ငပျင်းထွေ၏ အစွမ်းသတ္တိကို သိလာကြပြီး လက်အောက်ခံတိုင်းပြည်များအဖြစ် အခွန်ဘဏ္ဍာဆက်သ ကျွန်ခံလှာကြလီ၏။ ငပျင်းထွေ လည်း ယောက်ခမဘုရင် နတ်ရွာလားပြီးနောက် တိုင်းပြည်ကိုအသက်ထက်ဆုံး ဆက်၍ အုပ်စိုးလေသတည်း။
မောင်ဗသိန်း
ခေတ်ရှေ့ခေတ်စာစောင်၊ စစ်တွေ၊ အမှတ်(၁)၊ ၁၉၆၁။
No comments:
Post a Comment