ဦးစောနုနဲ့ တွေ့ဆုံရန်အတွက် ရန်ကုန်မြို့၊ မြေနီကုန်း စမ်းချောင်းမြို့နယ်၊ ဂမုန်းပွင့်ကုန်တိုက်အနီး၊ ဓမ္မာရုံ လမ်းရှိ အမှတ်(၃၈)၊ အေ၊ ခြောက်လွှာသို့ သွားရောက်ခဲ့ရာ သင်တန်းဖွင့်ထားလို့ အသံတွေ ဆူညံနေတဲ့ အတွက် စမ်းချောင်းမှာပဲရှိတဲ့ အေးဆေးတဲ့နေရာမှာ ဆုံတွေ့ဖြစ်ခဲ့ပါတယ်။ အသက်ခြောက်ဆယ်ကျော်ပြီ ဆိုပေမယ့် ဦးစောနုရဲ့ ပုံစံက လူငယ်တစ်ယောက်လိုပါပဲ။ ဂျင်းဘောင်းဘီကွာတား၊ တီရှပ်နက်ပြာရောင်၊ လျှာထိုးဦးထုပ်နဲ့ မျက်မှန်ကို တပ်ဆင်ထားပါတယ်။ လေလေးတချွန်ချွန်နဲ့ ရယ်မောပွင့်လင်းစွာ စကားပြော တဲ့အတွက် ဂီတာကို ဘယ်လောက်အထိ ၀ါသနာကြီးတယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။
လက်ရှိ ဂီတလောကနဲ့ ပတ်သက်လို့ ဦးစောနုက ထင်မြင်ချက်ကို ပြောတဲ့အခါမှာ ဂီတလောကရဲ့ အခြေ အနေဟာ ကကြီးအဆင့်ရောက်ဖို့မဆိုထားနဲ့ ၀လုံးတောင် မကွဲသေးဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပြပါ တယ်။ ရှေ့ဆက် ဂီတလောက ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အရင်အရည်အချင်းရှိတဲ့ မျိုးဆက်သစ်တွေ အများ ကြီးမွေးထုတ်ဖို့ လုအပ်နေသလို ပြည်တွင်းနဲ့ ပြည်ပက လာရောက်ဖွင့်လှစ်တဲ့ သင်တန်းကျောင်းတွေ ဖွင့်လှစ်မယ်ဆိုရင်တော့ အနစ်နာခံ ဖွင့်လှစ်သင်ကြားပေးသင့်တယ်လို့ သုံးသပ်ပြောပြပါတယ်။ ဦးစောနု အနေဖြင့် ဂီတနဲ့ဘ၀ကို ဘယ်လိုဖြစ်သန်းဖြစ်ခဲ့သလဲလို့ မေးမြန်းဖြစ်တဲ့အခါမှာတော့...
"ဆရာ့ကို ဘယ်ဒေသမှာ မွေးဖွားခဲ့တာလဲ၊ ငယ်စဉ်က မိသားစုဘ၀ ဖြတ်သန်းခဲ့ရပုံကို ပြောပါဦး"
"မွေးရပ်ဇာတိကတော့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ခရိုင်၊ မဒေးကျွန်းမှာ မွေးဖွားခဲ့တာပါ။ မိဘတွေရဲ့ အမည်ကတော့ ဦးတိုးနဲ့ ဒေါ်ကျော့စိန်ဦး ဖြစ်ပါတယ်။ မွေးချင်းမောင်နှမ ငါးယောက်ရှိတဲ့အထဲမှာ အငယ်ဆုံး သားဖြစ်တယ်။ မိဘတွေကတော့ လယ်ယာလုပ်ငန်း လုပ်ကိုင်ကြတဲ့ တောင်သူလယ်သမားတွေပေါ့"
"ဂီတကို ဘယ်လိုအချိန်ကတည်းက ၀ါသနာပါခဲ့တာလဲ"
"ဂီတကို ငယ်ငယ် ကလေးဘ၀ ငါးနှစ်လောက်ကတည်းက ၀ါသနာပါခဲ့တာ၊ ရွာမှာက တစ်နှစ်ကို တစ်ခါ၊ နှစ် ခါလောက် ဇာတ်သွင်းပြီး ဇာတ်ပွဲတွေကျင်းပတယ်။ ဇာတ်ပွဲတွေ သွားကြည့်တဲ့အခါ အဲဒီမှာ တီးတဲ့ တီးလုံးတွေကို မှတ်သားလာခဲ့တယ်။ အဲဒီတီးလုံးကို တူရိယာတစ်ခုခုနဲ့ အရမ်းတီးချင်နေတယ်။ ကိုယ့်မှာက တီးစရာမရှိဘူး။ ရွာမှာရှိတဲ့ လူပျိုခေါင်းအိမ်မှာပဲ တီးဝိုင်းကထားတာ၊ အရမ်းတီးချင်နေတော့ ပွဲကပြန်လာပြီး တစ်ညလုံး အိပ်လို့တောင် မပျော်ဘူး။ အဲဒါနဲ့ မနက်အစောကြီးထပြီး လူပျိုခေါင်းအိမ်နဲ့ မနီးမဝေးမှာရှိတဲ့ ချုံပုတ်ထဲကနေ လူပျိုခေါင်းအိမ်က အထွက်ကို ချောင်းနေတာ"
"အဲဒီတော့ ဘာဆက်ဖြစ်လဲ"
"အဲဒီမှာ လူပျိုခေါင်းနဲ့ အဖွဲ့က အိမ်ကနေ ရွာထဲထွက်သွားတယ်။ အဲဒီမှာပဲ အနီးအနားမှာရှိတဲ့ တုတ်ချောင်းနှစ်ချောင်းကို ချိုးပြီးတော့ လူပျိုခေါင်းအိမ်ထဲ ၀မ်းသာအားရ ပြေးဝင်သွားပြီး ပတ္တလားကို တီးတော့တာပဲ။ ညက ဇာတ်ပွဲကြည့်တဲ့အချိန်က မှတ်ထားတဲ့ တီးလုံးတွေကို စမ်းတီးကြည့်တယ်။ တီးလို့ကောင်းလိုက်တာ။ အချိန်ဘယ်လောက်ကြသွားမှန်း မသိလိုက်ဘူး။ အဲဒီမှာ လူပျိုခေါင်းနဲ့ အဖွဲ့ ပြန်လာတာလည်းတွေ့ရော ကလေးဆိုတော့ ဆူမှာကြောက်လို့ ထွက်ပြေးတာ"
"ထွက်ပြေးတော့ လူပျိုခေါင်းက ဘာပြောလဲ"
"ကြောက်ကြောက်နဲ့ ထွက်ပြေးတော့ လူပျိုခေါင်းက ကောင်လေး မပြေးနဲ့၊ မပြေးနဲ့ဆိုပြီး တားတယ်။ မင်းကို ဘာမှ မပြောပါဘူး။ ခုနက တီးလုံးတီးနေတာ မင်းလား၊ ပြန်တီးပြဦးကွာ၊ တီးပြီးရင် မုန့်ကျွေးမယ် လို့ ပြောတော့ ပြန်တီးပြလိုက်တယ်။ ပြီးတော့ လူပျိုခေါင်းက သူတို့ဝယ်လာတဲ့ မုန့်ဆီကြော်ကို ကျွေးတယ်။ ၀မ်းသာလိုက်တာ။ အဲဒီကတည်းက ဂီတကို အရမ်းဝါသနာပါခဲ့တာ"
ဒီလိုမျိုး အဖြစ်အပျက် တစ်ခုဖြစ်ပွားပြီးနောက် လူပျိုခေါင်းနဲ့ အခြားသူတွေရဲ့ ဆွေးနွေးမှုအရ နောက်ပိုင်းမှာ အခြားနယ်ဒေသက ဆိုင်းဆရာတစ်ယောက်ကို ခေါ်၍ ရွာမှာရှိတဲ့ ဂီတ၀ါသနာပါသူတွေကို စုစည်းကာ ဂီတ ပညာသင်ကြားစေတဲ့အခါမှာတော့ ဦးစောနုအပါအ၀င် ဂီတပညာသင်ယူခွင့်ရခဲ့တယ်လို့ အတိတ်ကိုစဉ်းစားဟန်ဖြင့် ပြောပြပြန်ပါတယ်။
"အဲဒီတုန်းက ဆိုင်းဆရာကြီး ဦးညိုမြဆိုတဲ့သူကို ရွာမှာဖိတ်ပြီး ဆိုင်းပညာ သင်ကြားစေခဲ့တယ်။ ဆရာ ဦးညိုမြကတော့ လက်ဦးဆရာဖြစ်ပါတယ်။ ရွာမှာရှိတဲ့ ဂီတ၀ါသနာပါသူ လေးငါးခြောက်ယောက် စုပြီး တစ်နေ့ နှစ်နာရီလောက် သင်ယူရတယ်။ ၀ါသနာ အရမ်းပြင်းထန်နေလို့လား မသိဘူး၊ တစ်နေ့ နှစ် နာရီလောက် သင်ယူတီးခတ်ရတာကို အားမရဘူးဖြစ်နေတယ်။ တစ်ခါတစ်ရံမှာ ဆရာဦးညိုမြက ငေးငေး ငိုင်ငိုင် ဖြစ်နေတတ်လို့ ဆရာ ဘာဖြစ်လို့လဲ၊ မိသားစုကို လွမ်းလို့လား၊ ဒါမှမဟုတ် ချစ်သူရည်းစားကို သတိရလို့လားလို့ မေးတဲ့အခါ ဆရာက မဟုတ်ပါဘူးလို့ ပြောတယ်။ အဲဒီအခါမှာ ကျွန်တော့်မှာ အစ်မ တစ်ယောက် ရှိတယ်။ ဆရာကြိုက်ရင် ပြောပေးမယ်ဆိုတော့ ဆရာက ရှက်ပြုံးပြုံးပြီး မလုပ်ပါနဲ့ကွာ လို့ ပြောတယ်။ ဒါနဲ့ ဆရာလိုက်ကြည့်ပါဦး။ ထမင်းဖတ်ကျွေးမယ်။ အဲဒီကျမှ ဆရာကြိုက်ရင် ကြိုက် တယ်ပြောလို့ ပြောလိုက်တယ်" (ရယ်လျက်ပြော)
"အဲဒီတော့ ဆရာဦးညိုမြက ထမင်းလိုက်စားဖြစ်လား"
"ဆရာ့ကို ထမင်းဖိတ်ကျွေးဖြစ်တာပေါ့။ အစ်မကို အိမ်မှာ ကြက်သားဟင်း ချက်ခိုင်းထားတယ်။ ပြီးတော့ ဆရာ့ကိုခေါ်ပြီး အိမ်ကိုသွားတယ်။ အိမ်ရောက်တော့ အစ်မကလည်း ထမင်းဟင်း ခူးခပ်ကျွေးမွေးတာပေါ့။ ထမင်းစားသောက်ပြီး ပြန်တဲ့အခါမှာ ဘယ်လိုလဲ အစ်မကို သဘောကျရဲ့လားလို့ ဆရာ့ကိုမေးတော့ ဆရာက ရှက်ပြုံးကြီး ပြုံးနေတယ်။ ပြောမထွက်ဘူး၊ ပွင့်ပွင့်လင်းလင်း ပြောပါဆိုတော့မှ ဆရာက ခေါင်းညိတ်ပြတယ်။ ဒါဆိုရင် ကျွန်တော် အစ်မကိုချစ်တယ်ဆိုတာ စာရေး၊ ကျွန်တော် ပေးပေးမယ်ဆိုပြီး အောင်သွယ်ပေးလိုက် တာ၊ အတိုချုံးပြောရရင် မေတ္တာမျှပြီး အိမ်ထောင်ပြုဖြစ်သွားတယ် ဆိုပါတော့"
ဆရာဖြစ်သူနဲ့ အစ်မဖြစ်သူကို အောင်သွယ်ပေးခဲ့လို့ အိမ်ထောင်ကျတဲ့အခါမှာ ဆရာဖြစ်သူက ဦးစောနုရဲ့ အိမ်မှာ လိုက်နေတဲ့အတွက် ဂီတပညာတွေကို အချိန်ရသရွေ့ မေးမြန်းလေ့လာလိုက်စားခဲ့လို့ ဆရာဖြစ်သူက မင်းအစ်မကို ယူမိတာ မှားပြီထင်တယ်ဆိုပြီး ခပ်နောက်နောက်နဲ့ ပြောတတ်တယ်လို့ ဦးစောနုက ရယ် ရယ်မောမော ပြောပြနေပါတယ်။
"အစ်မနဲ့ ဆရာ အိမ်ထောင်ကျတော့ ဆရာက အိမ်မှာလာနေတယ်။ အဲဒီမှာ ကိုယ်သိချင်တဲ့ ဂီတ ပညာရပ်တွေကို အားရပါးရ မေးမြန်းသင်ယူတော့တာပဲ။ အဲဒီမှာ ဆရာကနောက်သလိုနဲ့ မင်းအစ်မကို ယူမိတာမှားပြီထင်တယ်ဆိုပြီး ပြောတယ်။ အဲဒီလိုနဲ့ လေးငါးခြောက်လလောက် ဂီတပညာတွေကို သင်ယူပြီးတဲ့အခါမှာ ရွာနီးချုပ်စပ်က အလှူပွဲတွေမှာ လိုက်တီးဖြစ်တယ်။ တစ်ခါကဆိုရင် အလှူပွဲကြီး တစ်ခုမှာ သွားတီးတာ ဆုငွေ ငါးရာ ချီးမြှင့်ခံရတယ်။ အဲဒီတုန်းက မုန့်ဝယ်စားရင် ငါးပြား၊ ဆယ်ပြားဆိုရင် ဗိုက်ဝတဲ့ခေတ်၊ ငယ်ငယ်လေးနဲ့ ပိုက်ဆံတွေ ဒီလောက်အများကြီးရတော့ ဘယ်လို သုံးရမှန်းတောင် မသိဘူး။ အဲဒါနဲ့ သုံးမတ်ပဲ ပေးရတဲ့ မြင်းခေါင်းစွပ်ကျယ်တစ်ထည်ဝယ်ပြီး ပိုတဲ့ငွေတွေ အမေ့ကိုပေးခဲ့တယ်။ ရွာပြန်ရောက်တော့လည်း တီးလိုက်မှုတ်လိုက် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေလိုက်နဲ့ ဘ၀ကိုဖြတ် သန်းခဲ့တာပဲ"
"ရွာမှာ သူငယ်ချင်းတွေနဲ့ မှတ်မှတ်ရရ ရှိခဲ့တာလေးတွေ ရှိရင် ပြောပြပါဦး"
"ရွာမှာကတော့ ရွာဓလေ့ထုံးစံအတိုင်း လူငယ်သဘာဝ ပျော်ပျော်ပါးပါး နေကြတယ်။ ခြံတွေထဲက အသီး အရွက်တွေခူး၊ ခရမ်းသီးတွေခူးတယ်။ ကြက်သားနဲ့ ခရမ်းသီးကို ငရုတ်သီးစပ်စပ်နဲ့ ချက်စားကြ တာတွေက မေ့လို့ မရပါဘူး။ အရမ်းပျော်စရာ ကောင်းပါတယ်။ သူငယ်ချင်းတွေအပေါ် သနားတတ်တဲ့ စိတ်ကရှိတယ်။ သူငယ်ချင်းတစ်ယောက် ကစားစရာမရှိဘူး၊ ၀တ်စရာမရှိဘူးလို့ ပြောတာနဲ့ ၀တ်ထားတဲ့ အင်္ကျီကို ချွတ်ပေးလို့ အိမ်ကသိတော့ အရိုက်ခံရတာ ခဏခဏပဲ"
ငယ်ငယ်ရွယ်ရွယ်နဲ့ ဂီတအလုပ်တွေကို လုပ်ကိုင်ဖြတ်သန်းနေတဲ့အချိန် ရွာမှာတော့ တစ်နှစ်ကိုတစ် ကြိမ်၊ နှစ်ကြိမ်လောက် ဇာတ်ပွဲတွေ သွင်းကာ ဖျော်ဖြေစေပါတယ်။ အဲဒီအခါမှာ ဂီတ၀ါသနာအရ ဇာတ်ပွဲကို သွားရောက်ကြည့်ရှုကာ တီးလုံးသံစဉ်တွေကို နားထောင်မှတ်သားထားတယ်လို့ ဦးစောနုက ပြောပြန် ပါတယ်။
"ဇာတ်အဖွဲ့တွေ လာရောက်ဖျော်ဖြေတဲ့အခါ သူတို့တီးလုံးတွေကို ပထမတစ်ညပဲ မှတ်ထားလိုက်တာ အကုန်မှတ်မိနေတယ်။ နောက်တစ်နေ့ဆိုရင် တီးဝိုင်းဆရာ လွတ်တဲ့နေရာမှာ ၀င်တီးတာ တီးလို့ရတယ်။ အဲဒီမှာ ပြဇာတ်မင်းသမီးတွေက မုန့်တွေလိုက်ကျွေးတယ်။ အဲဒါပြီးလို့ ဇာတ်အဖွဲ့ကြီး ပြန်သွားပြီဆိုရင်တော့ ရင်ထဲမှာ ဟာပြီး ကျန်နေခဲ့တယ်။ သစ်ရွက်ကြွေနေတဲ့ ပျင်းခြောက်ခြောက် ရာသီဥတုလိုနဲ့ ရည်းစားနဲ့ ကွဲနေသလိုမျိုး ရင်ထဲမှာ ဟာတာတာကြီး ဖြစ်နေတော့တယ်။ ကိုယ်က အမြဲတမ်း သီဆိုတီးမှုတ်ချင်တဲ့သူ ဆိုတော့ ရွာမှာဇာတ်ထောင်မယ်ဆိုပြီး ဇာတ်အဖွဲ့ထောင်ဖြစ်တယ်။ တီးဖို့အတွက် ဗုံတွေလုပ်တဲ့အခါမှာ ၀ါးပိုးဝါးတွေ အရွယ်မျိုးစုံခုတ်ပြီး လုပ်တယ်။ ဗုံကိုကျပ်စည်းဖို့အတွက် သူငယ်ချင်းတွေကို အိမ်ကနေ အ၀တ်တွေ လူကြီးမသိအောင် ယူလာခိုင်းတယ်။ အဲဒီကစပြီး တီးဝိုင်းနဲ့ ဇာတ်အဖွဲ့ ဖြစ်အောင်လုပ်ဖြစ် ခဲ့တယ်"
"ရွာမှာ ဇာတ်ထောင်ဖြစ်တဲ့ အတွေ့အကြုံတွေကို ပြောပါဦး"
"ဇာတ်စထောင်မယ်လို့ ဆုံးဖြတ်ပြီးတော့ ကိုယ့်ထက်ငယ်တဲ့သူလည်းပါတယ်၊ ကိုယ့်ထက်နည်းနည်း အသက်ကြီးတဲ့သူတွေလည်းပါတယ်။ အများအားဖြင့် ဆယ်ကျော်သက် ပတ်ဝန်းကျင် အရွယ်တွေ စုလုပ်ကြတာ။ ဇာတ်ထောင်တော့ တီးဖို့အတွက် သစ်သားဗုံမ၀ယ်နိုင်ဘူး။ အဲဒါကြောင့် ဗုံတွေ လုပ်ခဲ့ကြတယ်"
"ဗုံတွေ ဘယ်လိုလုပ်ကြတာလဲ"
"၀ါးပိုးဝါး အကြီးကြီးတွေကို ခုတ်ရတယ်။ အဲဒါတွေကို ရက်ပြီး ဗုံပုံစံအရွယ်အစားအမျိုးမျိုး လုပ်ရတယ်။ ရွံ့တွေနဲ့ ခံရတယ်။ ပြီးရင် အ၀တ်အဟောင်းတွေကို ပတ်ပြီး ကျပ်စည်းရတယ်။ ဇာတ်အဖွဲ့ထဲမှာ ပါတဲ့သူတွေ ကို အိမ်ကနေ အ၀တ်အစားဟောင်းတွေ ယူလာခိုင်းတယ်။ ဗုံလုပ်တာကတော့ ရွာထဲက ကိုယ်နဲ့ခင်တဲ့ လူကြီးတွေကို လုပ်ခိုင်းရတာပေါ့။ ကိုယ်တွေကတော့ ဘေးနားကနေ ၀ိုင်းကူလုပ်ပေးကြတယ်။ အရမ်းပျော်စ ရာကောင်းတာပဲ"
"ဇာတ်ထောင်ပြီးတော့ ဘယ်လိုတွေ ဖျော်ဖြေကြလဲ"
"ဇာတ်ထောင်ပြီးတော့ တီးနေခတ်နေရတာကို ပျော်နေတော့တာပဲ။ ထမင်းမေ့ ဟင်းမေ့နဲ့ပေါ့။ ထမင်းစား ချိန်ရောက်လို့ အိမ်ကလာခေါ်မှ ထမင်းစားဖို့ သတိရကာ ဇာတ်အဖွဲ့ကို အနီးအနားရွာကလာငှားရင် ညကြေးငွေ ၅၀ ယူတယ်။ အဝေးရွာက လာငှားရင် ၇၀ ကျပ်ယူတယ်။ ဆုကြေးနဲ့ ဘာနဲ့ဆိုရင် ၉၀၊ ၁၀၀ လောက်ရတယ်။ ဇာတ်အဖွဲ့ သူတွေကိုတော့ သူတို့နဲ့ ထိုက်သင့်တဲ့ ညကြေးပေးတယ်"
"အဲဒီအချိန်က ဇာတ်အဖွဲ့မှာ ပါတဲ့သူတစ်ယောက်ကို ညကြေးဘယ်လောက်ပေးရလဲ"
"ဇာတ်အဖွဲ့မှာပါတဲ့ သူတွေကိုတော့ သူတို့ရဲ့ အရည်အချင်းအလိုက် သင့်တော်သလို ညကြေးပေးရတယ်။ တစ်ညအတွက် ၅ ကျပ်၊ ၃ ကျပ်၊ ၁ ကျပ် အစားအစား ပေးရတယ်။ အဲဒီခေတ်က ရွှေတစ်ကျပ်သား ၁၀၀ ကျပ်ပဲ ရှိတဲ့ခေတ်။ မနု့်ဖိုးတောင်မှ ၅ ပြား၊ ၁၀ ပြား ရတဲ့အချိန်၊ တစ်ကျပ်ရတဲ့လူဆိုရင် သုံးလို့တောင် မကုန်ဘူး။ ဘုန်းကြီးပျံပွဲတို့၊ ပွဲကြီးပွဲကောင်းတို့က လာငှားတဲ့အခါမျိုးဆိုရင် ညကြေး ၅ ကျပ်ကနေ ၇ ကျပ်အထိ ပေးတယ်။ အဲဒီတော့ အဖွဲ့သားတွေက ကုတ်နဲ့ကော်ထုတ်တောင် ဇာတ်အဖွဲ့ကနေ မထွက် ကြတော့ဘူး။ အားလုံးက ပျော်နေကြတာ။ တစ်ညမှာတော့ ဇာတ်ကနေရင်း မီးလောင်ခဲ့သေးတယ်"
"ဘာဖြစ်လို့ မီးလောင်တာလဲ၊ ဘာတွေဖြစ်သွားသေးလဲ"
"ဇာတ်ကတဲ့အခါ ရွာမှာက လျှပ်စစ်မီးမရှိဘူးလေ၊ အဲဒီတော့ နို့မှုန့်ဗူးကြီးတွေကို မီးစာထွက်ပေါက်နဲ့ မီးခွက်ပုံစံလုပ်ထားတဲ့ မီးခွက်ကြီးတွေကို ဇာတ်စင်ထောင့်တွေမှာ ထွန်းပြီး ကကြရတာ။ မီးလောင်တဲ့ညက လူရွင်တော်က ပျက်လုံးထုတ်နေရင်း တစ်ယောက်နဲ့တစ်ယောက် တွန်းမိတဲ့အခါမှာ ရေနံဆီမီးခွက်ကို တိုက်မိပြီး ဇာတ်စင်တစ်ခုလုံး မီးလောင်သွားတယ်။ ဘာတစ်ခုမှ ပြန်မရဘူး။ အကုန်ပျက်စီးသွားတယ်။ ပြီးမှ မြို့တက်ပြီး အကုန်ပြန်ဝယ်ရတာ"
ပွဲလာငှားတဲ့အချိန် သွားရောက်ဖျော်ဖြေလိုက်၊ ပွဲမရှိတဲ့အချိန် လေ့ကျင့်တီးခတ်လိုက်ဖြင့် ဘ၀ကို နေ ထိုင်ဖြတ်သန်းရင်း အသက် ၁၅ နှစ်အရွယ်ကို ရောက်ရှိလာပါတယ်။ အဲဒီအချိန်မှာပဲ ရန်ကုန်မှာရှိတဲ့ အစ်ကိုဖြစ်သူ ရွာကို ရောက်လာပါတယ်။ အဲဒီမှာပဲ အစ်ကို ဦးပဉ္ဇင်းနဲ့အတူ ရန်ကုန်တက်ဖို့ အကြောင်းဖန်လာတယ်လို့ ဦးစောနုက ပြောပြပြန်ပါတယ်။
"အစ်ကိုဘုန်းကြီးက ရွာကို ကြွလာတယ်။ အဲဒီမှာပဲ ရန်ကုန်ရောညက်ဖို့ အကြောင်းဖန်လာတယ်။ ဦးပဉ္ဇင်းက ရွာမှာ တစ်နှစ်သီတင်းသုံးပြီးတဲ့အခါ ရန်ကုန်ကို ပြန်ကြွတယ်။ ကိုယ်လည်း သင်္ကန်းဝတ်ပြီး ဦးဇင်းနဲ့အတူ ရန်ကုန်ကို ကြွလာကြတယ်"
"ရန်ကုန်ရောက်တော့ ကျွန်းတောလမ်း၊ ဘီလင်းတိုက်မှာ ဦးလေးတော်စပ်သူ ဗာရာဏသီပြန် ဘုန်းကြီး တစ်ပါးရှိတယ်။ ဘုန်းဘုန်းက ရွှေပန်းထိမ်ပညာ သင်ခိုင်းတယ်။ ကိုယ်က မသင်ချင်ဘူး။ အဲဒီအလုပ်ကို ၀ါသနာမပါလို့လား မသိဘူး။ စိတ်မရှည်ဘူးဖြစ်နေတယ်။ အဲဒါနဲ့ တပည့်တော် ပန်တျာကျောင်းပဲ တက်ချင်တယ်လို့ပြောတော့ ဘုန်းဘုန်းက မင်းက ဖက်ခွက်စားအလုပ် လုပ်ချင်တာပဲလို့ မိန့်တယ်"
"အဲဒီတော့ ဘာဆက်ဖြစ်လဲ"
"ဖက်ခွက်စားမကလို့ ဘာခွက်နဲ့ပဲ စားရစားရ ပန်တျာကျောင်းပဲ တက်ချင်တယ်လို့ ပြောတာနဲ့ ပန်တျာကျောင်းတက်ဖို့ အင်တာဗျူးသွားဖြေခဲ့တယ်။ ကိုယ်ဝါသနာပါတာက စစ်တိုက်ဖို့နဲ့ အနုပညာပဲ။ စစ်တပ်ထဲတော့ အထက်တန်းမအောင်ဘဲ မ၀င်ချင်ဘူး။ ပန်တျာကျောင်းတက်ရင်း အတန်းစာမေးပွဲအောင် ရင် စစ်ထဲဝင်မယ်၊ ဗိုလ်သင်တန်းလျှောက်မယ်လို့ စိတ်ကူးထားတယ်။ အဲဒီလိုနဲ့ ပန်တျာကျောင်း တက်နေ ရင်း နိုင်ငံခြားက ပညာသင်ဆုခေါ်တာနဲ့ ကြုံရတယ်"
"ဘယ်နိုင်ငံက ခေါ်တာလဲ၊ ဘာအတွက်ခေါ်တာလဲ"
"ပန်တျာကျောင်းတက်နေရတဲ့အချိန်က အစ်ကိုဖြစ်သူ ဦးပဉ္ဇင်းက သတင်းစာမှာ ရုရှနိုင်ငံက ပညာတော် သင် ခေါ်တာတွေ့တယ်။ လျှောက်ပါလားလို့ မိန့်တယ်။ ကိုယ်က ဖြစ်ပါ့မလား။ ဒီမှာက ပလာစတာအကပ် မရှိရင် မလွယ်လူးလို့ပြောတော့ ဦးပဉ္ဇင်းက ကုသိုလ်ထဲမှာ ပလာစတာတွေ ဘာတွေမရှိဘူး၊ ကံပါလာ ရင် ဖြစ်မယ်လို့ မိန့်တာနဲ့ လျှောက်လွှာရေးပြီး လျှောက်ဖြစ်တယ်။ အင်တာဗျူးဖြေခွင့် ရခဲ့တယ်။ ရုရှားက ပရော်ဖက်ဆာကျောင်းအုပ်ကြီးကိုယ်တိုင် လာစစ်တာ အောင်သွားတယ်"
"ရုရှားက ပရော်ဖက်ဆာ ကျောင်းအုပ်ကြီးကိုယ်တိုင် လာစစ်တော့ စိတ်မလှုပ်ရှားမိဘူးလား၊ အောင်ပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်ရော မဖြစ်မိဘူးလား"
"အစကတည်းက ဒီလမ်းကြောင်းဟာ ကိုယ့်လမ်းကြောင်းပဲ၊ အင်တာဗျူးကို အောင်ရမယ်လို့ ယုံကြည်နေ တယ်။ ယုံကြည်မှုနဲ့ အင်တာဗျူးဝင်ခဲ့တာဆိုတော့ ဘာမှ စိတ်မလှုပ်ရှားမိဘူး။ မေးသမျှ အကုန်ဖြေနိုင် တယ်။ အောင်မယ်ဆိုတာ စိတ်ထဲက ယုံကြည်နေလို့ အထက်တန်းစာမေးပွဲဖြေဖို့ သုံးလလောက်ပဲ လိုတော့ပေမယ့် ညကျောင်းတောင် သွားမတက်တော့ဘူး။ ယုံကြည်ထားတဲ့အတိုင်းပဲ ရုရှက ပညာတော် သင်ခေါ်စာ ရောက်လာတယ်။ အဲဒါနဲ့ ရုရှနိုင်ငံကို သွားခဲ့ရတယ်"
"ရုရှကို ဘယ်အချိန်မှာ သွားဖြစ်တာလဲ"
"၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ရုရှနိုင်ငံကို သွားဖြစ်ခဲ့တယ်။ အဲဒီအချိန်က ဒီဇင်ဘာဆိုတော့ အရမ်းအေးတဲ့ အချိန်ကြီး၊ ရုရှနိုင်ငံရောက်တော့ အရမ်းအေးနေတာ ရေခဲမှတ်အောက် ၄၅ ဒီဂရီလောက် ဆင်းနေတယ်။ ဘယ်လိုတိုင်းပြည်ရောက်လာသလဲ မသိဘူး။ အရမ်းအေးတာပဲ၊ သေမလောက်အောင်အေးလို့ မှားများ မှားပြီလားလို့တောင် တွေးမိသေးတယ်။ လေယာဉ်ပေါ်က ဆင်းပြီးတော့ အအေးတောထဲဖြတ်ပြီး ဘတ်စ်ကားပေါ်တက်ရတယ်။ နေရမယ့် ဟိုတယ်ကို ပို့ပေးတယ်"
"ရုရှားနိုင်ငံရောက်တဲ့အခါ ဟိုတယ်မှာထားတယ်ဆိုတော့ အဲဒီမှာ နေရတာ ဘယ်လိုအခြေအနေရှိလဲ"
"သူတို့က ပထမဆုံး ဟိုတယ်မှာပို့ထားတယ်။ နေရတာကတော့ အခက်အခဲမရှိပါဘူး။ သူတို့ဘာသာ စကားမတတ်လို့ ပြောဆိုဆက်ဆံရေးအတွက် နည်းနည်းအခက်အခဲ ဖြစ်တယ်။ ဟိုတယ်အပြင်ဘက် သွားလို့ မရဘူး။ ဗိုက်ဆာတဲ့အခါ ဗိုက်ကိုလက်နဲ့ ပုတ်ပြပြီး အမူအယာနဲ့ စားစရာမှာရတယ်။ ဟိုတယ်မှာ ၃ လလောက်နေပြီးမှ ကိုယ်တက်ရမယ့် ကျောင်းဆောင်ကို ပြောင်းရတယ်"
"အဲဒီမှာ အနုပညာကျောင်းတက်တော့ ဘယ်လိုပုံစံမျိုးနဲ့ တက်ရတာလဲ"
"ကျောင်းနဲ့ အနီးအနားမျာရှိတဲ့ ကျောင်းဆောင်မှာ ပြောင်းပြီး နေရတယ်။ ပရီသဘောမျိုးနဲ့ အကြို ၂ နှစ်နေရ တယ်။ ပြီးတော့ စာမေးပွဲဖြေရတယ်။ စာမေးပွဲဖြေတဲ့အခါ အမှတ် အပြည့်ရတဲ့သူက အဲဒီနိုင်ငံက အနုပညာ တက္ကသိုလ်မှာ ဆက်တက်ခွင့်ရမယ်။ အမှတ်အပြည့် မရတဲ့သူက အနုပညာကောလိပ် သွားရတယ်"
"ဒါဆိုရင် ဆရာဦးစောနုအနေနဲ့ စာမေးပွဲဖြေတဲ့အခါ ဘယ်လို အခြေအနေရှိလဲ"
"အကြို ၂ နှစ်တက်ပြီး စာမေးပွဲဖြေတော့ အမှတ်အများဆုံးနဲ့ အောင်မြင်တယ်။ ကိုယ်နဲ့အတူ တက်တဲ့ သူတွေက အမှတ်အပြည့်မရလို့ ကောလိပ်သွားရတယ်။ ကိုယ်က တက္ကသိုလ်ဆက်တက်ခွင့်ရမယ်။ ဒါပေမယ့်လည်း အရင်ရောက်နေတဲ့သူတစ်ယောက်က ၀င်နှောင့်လို့ အမှတ်အပြည့်ရရဲ့သားနဲ့ တက္ကသိုလ် မတက်လိုက်ရဘူး"
"ဘယ်လို ၀င်နှောင့်လို့လဲ ခင်ဗျာ"
"ကိုယ်က စာမေးပွဲမှာ အမှတ်အပြည့်ရလို့ တက္ကသိုလ်တက်ရမယ့်အချိန်မှာ အဲဒီမှာ အရင်ရောက်နေတဲ့ ရုရှားစကားတတ်တဲ့သူက အမှတ်အပြည့်ရတဲ့ကောင်လေးက သူတစ်ယောက်ထဲ တက္ကသိုလ်သွားတက်ရင် အဆင်ပြေမှာ မဟုတ်ဘူး။ သူနဲ့အတူတူနေတဲ့ သူငယ်ချင်းတွေနဲ့ ကောလိပ်သွားတက်ခိုင်းရင် အဆင်ပြေ မယ်လို့ပြောတာနဲ့ ကျောင်းအုပ်ကြီးက နားယောင်ပြီး ကိုယ့်ကို ကောလိပ်ပို့လိုက်တယ်။ စိတ်ထဲ မှာ တော်တော်လေး ခံစားသွားရတယ်။ ကိုယ့်ဘ၀တစ်ခုလုံးကို ဘ၀တစ်ဆစ်ချိုး ပြောင်းလဲလိုက်တာပေါ့။ အဲဒီလူကို ဒီနေ့အထိ စိတ်ထဲမှာ မေ့လို့ မရဘူး။ အရမ်းနာကြည်းတယ်"
အနုပညာတက္ကသိုလ် တက်ရောက်ရန် အခွင့်အရေး ရရှိပေမယ့် တက်ရောက်ခွင့် မရှိခဲ့တဲ့အတွက် မာစတာအော့ဖ်မြူဇစ်ဘွဲ့ မရခဲ့ဘဲ ဘက်ချလာအော့ဖ်မြူးဇစ်ရဖို့အတွက် လေးနှစ်ကျောင်းတက် ကာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ ဦးစောနုက ပြောပြပြန်ပါတယ်။
"မြန်မာနိုင်ငံကို ရောက်တော့ အနုပညာနဲ့ ပတ်သက်လို့ ဘာတွေ စလှုပ်ရှားလဲ"
"ဘာတွေ စလှုပ်ရှားလဲမေးတာထက်စာရင် ဘာတွေစခံရလဲလို့မေးရင် ပိုကောင်းမယ်"
"ဘာဖြစ်လို့လဲ၊ ဘယ်လို ကြုံတွေ့ရလို့လဲ"
"မြန်မာနိုင်ငံရောက်တော့ အရင်ဂျူဗလီဟေနေရာ အခုစစ်သမိုင်းပြတိုက်မှူး နေ့စားအလုပ်ဆင်းရတယ်။ ရုရှားပြန်လာတဲ့သူတွေ စုပေါင်းလေ့ကျင့်တဲ့နေရာပေါ့။ သံစုံတီးဝိုင်းတွေ လုပ်ကြတယ်။ ရုရှားပြန်တွေ ဆိုပြီး နှိမ်ထားတာတွေ ရှိခဲ့တယ်။ ဟယ်လပင်လမ်းက ပြည်ထောင်စုရိပ်သာထဲမှာ နေရတယ်။ ရုရှားပြန်တွေကို ဘယ်လိုနှိမ်ရမလဲ၊ ဒါပဲကြည့်နေကြတာ"
"ဘယ်လိုနှိမ်လို့လဲ ခင်ဗျာ"
"ရုရှားက ပြန်ရောက်ရောက်ချင်း ပွဲတွေဘာတွေ လုပ်သေးတယ်။ လူရွေးပြီးခေါ်တာမှာ အနောက်တိုင်း ဂီတဆရာ ခေါ်တယ်ပေါ့။ အဲဒီမှာ ပွဲလုပ်လို့ တီးကြ၊ မှုတ်ကြပြီဆိုရင် တီးဝိုင်းခေါင်းဆောင် လုပ်တဲ့ လူကြီး အော်ဂင်တစ်လုံးနဲ့ ရက်သမ်ဘောက်ဖွင့်ပြီး သီချင်းဆိုတယ်။ သူသီချင်းဆိုလို့ ရပ်သွားတဲ့အခါမှာ ပီတုန်းလေးပျံတဲ့ သရုပ်ဖော်တီးလုံးဖြစ်တဲ့ ရယ်ဒီ... ရယ်ဒီ... ရယ်ဒီနဲ့ တစ်လုံးနှစ်လုံးပဲ တီးမှုတ်ကြရတယ်။ ပြီးတဲ့အခါ ကိုယ့်တူရိယာပစ္စည်း ကိုယ်ပိုက်ပြီး နေကြရတယ်။ အဲဒီအခါမှ ပရိသတ်က ရုရှားပြန်တွေလုပ်ပြီး ဘာမှလည်း မတတ်ဘူး၊ အလကားပါကွာ ထင်သွားတယ်။ ပညာရပ်နဲ့ ပတ်သက်ပြီး အဲဒီလို အနှိမ်ခံခဲ့ကြ ရတာ"
"နောက်ပိုင်း ဘာတွေ ဆက်ဖြစ်သေးလဲ"
"နောက်ပိုင်းမှာတော့ ဟယ်လပင်လမ်းမှာရှိတဲ့ ပြည်ထောင်စုရိပ်သာမှာ နေရတယ်။ ဂိုထောင်ထဲမှာ နေရ တယ်။ ပူတာမှ အရမ်းပဲ။ အင်္ကျီချွတ်နေကြရတယ်။ အဲဒီမှာလည်း အလုပ်က မယ်မယ်ရရ မရှိဘူး။ ယောင် ချာချာပဲ နေရတယ်။ အဲဒီမှာနေတုန်းက လုပ်ငန်းအခြေအနေနဲ့ ပတ်သက်ပြီး တီးဝိုင်းဖွဲ့ပေးဖို့ တာဝန်ရှိသူ တစ်ယောက်ကို အကြံပေးဖူးတယ်။ နိုင်ငံခြား ဧည့်သည်တော်တွေလာရင် တီးမယ်ပေါ့။ ပြီးရင် ရုပ်ရှင်နောက်ခံတီးလုံးတွေတီးရင် အဖွဲ့လည်း ၀င်ငွေရမယ်လို့ တင်ပြတာကို တာဝန်ရှိသူက လက်မခံခဲ့ဘူး"
ဂိုထောင်ထဲမှာ အိပ်လိုက် စားလိုက်နဲ့ နေရသလို အလုပ်ကလည်း ယောင်ချာချာ အခြေအနေဖြင့်သာ ကိုးနှစ်ခန့် လုပ်ကိုင်ပြီးတဲ့အခါမှာတော့ စိတ်ဓါတ်ကျဆင်းလာခဲ့တယ်လို့ ပြောပြပြန်ပါတယ်။
"အဲဒီလိုမျိုးတွေ စိတ်ဓါတ်ကျဆင်းလာတော့ စိတ်ထဲမှာ ဘယ်လိုခံစားရလဲ"
"သြော် ငါတို့ရဲ့ ဆရာတွေက အဲဒီလိုမျိုး အညွန့်ချိုးလိုက်တဲ့ ပညာကို မသင်ပေးလိုက်ပါလားလို့ တွေးမိတယ်။ အဲဒီတုန်းက ခံစားချက်နဲ့ ဆောင်းပါးတွေရေးပြီး မဂ္ဂဇင်းတိုက်ကို သွားပို့တယ်။ ဦးစောနုဆိုတဲ့ နာမည်မရ ခင်က ဆောင်းပါးတွေရေးတာ မယူသေးပါဘူးနဲ့ ငြင်းကြတာမျိုးတွေရှိတယ်။ ဟင်းရွက်ကန်စွန်းရောင်းနေ တာများ မှတ်နေလားမသိဘူး။ အဲဒီတုန်းက ဂီတနဲ့ ပတ်သက်ပြီး ဝေဖန်ရေးဆောင်းပါးတွေ ရေးတာ၊ အမှန်တရားကို ပြောရင်း၊ ရေးရင်း၊ လူတွေက လက်မခံချင်ကြသလို အချို့အယ်ဒီတာတွေလည်း အမှန်တရားကို ပြောတာမျိုးဆိုရင် လက်မခံချင်ကြဘူး။ အဲဒီတော့ ကျဆုံးဖို့ပဲရှိတယ်။ အောင်မြင်ဖို့ ဆိုတာ ဝေလာဝေးပဲ။ နားလည်တဲ့ မဂ္ဂဇင်းတိုက်တွေကတော့ လက်ခံပါတယ်။ ၀လုံးအဆင့်ပဲ ရှိသေးတဲ့ ဂီတလောကကို ကကြီးအဆင့်ရောက်အောင် အများကြီး လုပ်ရဦးမယ်။ ဒီလိုနေလာရင်းနဲ့ နောက်ပိုင်း မှာ ပြည်လှဖေကြီးက မင်းတို့တွေ ဒီလိုနေလို့ မဖြစ်တော့ဘူး၊ မြန်မာ့အသံပြောင်းမလား၊ ယဉ်ကျေးမှုက ဇာတ်ဌာနကို ပြောင်းမလားလို့ ပြောတယ်"
"အဲဒီတော့ ဘယ်ပြောင်းဖြစ်ခဲ့လဲ"
"ယဉ်ကျေးမှုမှာက မြန်မာမှုတွေပဲများတယ်ဆိုတော့ မြန်မာ့အသံပြောင်းမယ်ဆိုပြီး မြန်မာ့အသံရောက်သွားတယ်။ အဲဒီမှာလည်း ကိုယ်တတ်ထားတာနဲ့ လုပ်ရာတွေ အပ်စပ်မှုမရှိတော့ ကြာလေ ဖြစ်လာတယ်၊ ကုန်ဈေးနှုန်းတော့မဟုတ်ဘူး။ စိတ်ဓါတ်ကိုပြောတာ ဟား... ဟား... ဟား... ဟား"ဟု အားရပါးရ ရယ်မောပြီး ပြောပြန်ပါတယ်။
စိတ်မပါတဲ့အလုပ်ကို လုပ်နေရတဲ့အတွက်ကြောင့်မို့လို့ အဲဒီတုန်းက အလုပ်သွားရမှာကို ထောင်ထဲဝင်ဖို့ ထက် ကြောက်ခဲ့မိတယ်လို့ ဦးစောနုက ပြောပြန်ပါတယ်။
တစ်နေ့ ဟိုဟာဖြစ်လာနိုး၊ ဒီနေ့ ဟိုဟာဖြစ်လာနိုးနဲ့ စောင့်ရင်း လုပ်သာလုပ်နေရတာ ဘာမှ ဖြစ်မလာဘူး။ အဲဒါကြောင့် ၈၈ အရေးအခင်း မတိုင်ခင် အလုပ်ကထွက်ခဲ့တယ်။ အမှန်မှာ အဲဒီတုန်းက နိုင်ငံခြားထွက်ဖို့ အလုပ်ကထွက်တာ။ အရေးအခင်းဖြစ်တော့ တင်ထားတဲ့ ပက်စ်ပို့က မကျတော့ဘူး။ အရေးအခင်းပြီးလို့ ပတ်စ်ပို့ကျလာတဲ့အခါ သွားဖို့ပိုက်ဆံက မရှိတော့ဘူး။ အဲဒီအချိန်မှာ မိသားစုကလည်း ရှိနေပြီး ဟိုဟာလုပ်၊ ဒီဟာလုပ်နဲ့နေရင်း ၁၉၉၀ လောက်မှာ ဂီတနဲ့ပတ်သက်တဲ့ သင်တန်းဖွင့်ဖြစ်တယ်"
"သင်တန်းစဖွင့်တော့ သင်တန်းသား ဘယ်နှစ်ယောက်နဲ့ စဖွင့်ခဲ့တာလဲ"
"သင်တန်းစဖွင့်တော့ သင်တန်းသား လေးယောက်ပဲရှိတယ်။ အဲဒီတုန်းက ထည့်ပြောလို့မရတဲ့ အရာတွေကို သင်တန်းပေးတဲ့အခါ အမှန်အတိုင်းပြောတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်း လူများလာတယ်။ ၁၉၉၂ သင်တန်းကသူတွေကို ၁၉၉၃ ခုနှစ်မှာ ပြိုင်ပွဲလုပ်ခဲ့တယ်။ အဲဒီတုန်းက သက်ဆိုင်ရာက ခွင့်မပြုဘူး ဆိုတဲ့ အကြောင်းလာပြောသေးတယ်။ ဒါပေမယ့် ပြိုင်ပွဲက လုပ်ပြီးသွားပြီ။ အဲဒီမှာ ဦးစောနုကို လူတွေ ပိုသိသွားတယ်။ ဂီတနဲ့ပတ်သက်လို့ ဝေဖန်ရေးဆောင်းပါးတွေ ဆက်ရေးတယ်။ မြန်မာနိုင်ငံရဲ့ ဂီတလောက အခြေအနေက အများကြီး မြှင့်တင်ရဦးမယ်။ ဘယ်လောက်ပဲရေးရေး ဒီအတိုင်းပဲဖြစ်နေလို့ ဘာမှကို မရေးချင်တော့ဘူး"
ဦးစောနု DIP.IN.MUSIC (U.S.S.R)ကို ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မဒေးကျွန်းမှာ မွေးဖွားခဲ့တာပါ။ သာမာန်ကျေးတောသားဘေးဘ၀ကနေ ဂီတကို နှစ်သက်မြတ်နိုးစွာ လေ့လာလိုက်စားခဲ့တဲ့အတွက် ဂီတနဲ့ပတ်သက်လို့ ရုရှားနိုင်ငံမှ ပြန်လာပြီးတဲ့နောက် အနှိမ်ခံဘ၀တွေကို အနှစ်မြို့တာကြောင့် လွတ်လပ်တဲ့ ကိုယ်ပိုင်သင်တန်းကျောင်းကို ယနေ့အချိန်အထိ ဖွင့်လှစ်သင်ကြားနေဆဲပါ။
ယခုအခါမှာတော့ ဦးစောနုရဲ့ ဂီတသင်တန်းကို ရန်ကုန်မြို့ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ဂမနုးပွင့်ကုန်တိုက်အနီး၊ ဓမ္မာရုံလမ်းရှိ အမှတ် ၃၈ (အေ)၊ ခြောက်လွှာမှာ အဆို၊ အော်ဂင်နဲ့ ဂီတသင်တန်းတွေ ဖွင့်လှစ် သင်ကြားပေးနေပါတယ်။ ဂီတပညာနဲ့ ပတ်သက်လို့ ၀လုံးအဆင့် ကွဲချင်တယ်ဆိုရင်တော့ လာရောက်လေ့လာ သင်ယူရင် သိနိုင်ပါတယ်လို့ ဦစောနုက ပြောပါတယ်။ တယ်လီဖုန်းဖြင့် ဆက်သွယ်လိုပါက ဖုန်းနံပါတ် ၀၉ ၇၃၀ ၄၅၂ ၈၆ သို့ ဆက်သွယ်နိုင်ပါတယ်။
The Messenger News Journal Vol.3, No.23, No.24, No.25 တို့မှ-
ဆရာ့ဆီမှာ သင်ဖူးပါတယ်။အရမ်းသဘောကျပါတယ်။
ReplyDelete