ပြိုင်လောင်းပြိုင်ပွဲ

ရခိုင်လူမျိုးများ၏ ပြိုင်လောင်းပြိုင်ပွဲ (လှေပြိုင်ပွဲ) ကျင်းပရခြင်းမှာ ရှေးရခိုင်ဘုရင်များလက်ထက်က ကာကွယ်ရေးအတွက် ရေတပ်သားကောင်းများ ပေါ်ထွက်လာရေးကို ရည်ရွယ်လေ့ကျင့် ရွေးချယ်သော ပြိုင်ပွဲတစ်ရပ်ဖြစ်သည်။ ယင်းမှ အစပြုလျက် ရိုးရာပွဲတော်တစ်ခုဖြစ်လာခဲ့ပြီး စုပေါင်းဆောင်ရွက်ရသည့် ကျန်းမာရေးဆိုင်ရာ အားကစားပျော်ပွဲရွှင်ပွဲတစ်ရပ်လည်း ဖြစ်လာသည်။ ပြိုင်လောင်းပြိုင်ပွဲကို တန်ကူး (တန်ခူး)နှင့် ကဆုန်လများတွင် ကျင်းပလေ့ရှိသည်။ ပြိုင်ပွဲကျင်းပရာ ချောင်းရိုးတစ်လျှောက်တွင် မဏ္ဍပ် များ ဆောက်လုပ်ကာ ပွဲကြည့်ပရိသတ်များက အတီးအမှုတ် အကအခုန်များဖြင့် အားပေးလေ့ရှိသည်။

ပြိုင်လောင်းပြိုင်ပွဲကို ဒီရေတက်သောရက်များကို ရွေးချယ်ကျင်းပရသည်။ ရပ်ရွာအလိုက် ပြိုင်ပွဲဝင်ရန် ဖိတ်ခေါ်ကြရပြီး စားသောက်နေထိုင်ရေးကို ရွာခံရွာသားများက တာဝန်ယူရသည်။ ပြိုင်ပွဲမစတင်မီတွင် ပြိုင်ပွဲဝင်မည့် ပြိုင်လောင်းအသင်းများက ဟန်ရေးပြကြရသည်။ ယင်းကို "ပြိုင်လောင်း စိုင်းသည်" ဟုခေါ်သည်။ လှေပြိုင်ရာတွင် ပြိုင်လှေ၏ အရွယ်အစားကိုလိုက်၍ ၁၂-လံတန်း၊ ၁၀-လံတန်း၊ ၈-လံတန်း၊ ၆-လံတန်း စသည်ဖြင့် အဆင့်ဆင့်သတ်မှတ်ထားသည်။ ပြိုင်လောင်း၏ အရွယ်အစားအလိုက်သာ ယှဉ်ပြိုင်ရပြီး အရှည်ပို၍ လည်းကောင်း၊ လျော့၍လည်းကောင်း ယှဉ်ပြိုင်ခွင့် မရှိချေ။

ပြိုင်လောင်းတွင် လောင်းဦးကို မီးကျောင်းရုပ်၊ မြွေရုပ်၊ ဆင်ရုပ်၊ နဂါးရုပ်၊ ကိန္နရာရုပ်၊ နယားရုပ်၊ ဟင်္သာ ရုပ်၊ ခြူးပန်းစသည်တို့ဖြင့် ပန်းထုလုပ်ကာ ဆေးရေးမွမ်းမံထားတတ်ကြသည်။ ပဲ့ပိုင်းတွင် "မာဒင်ခုံ"ခေါ် တက်မခုံကို ကျားရုပ်၊ ငှက်ရုပ်၊ ကြာပန်းတို့ဖြင့် မွမ်းမံထားသည်။ လောင်းလှေဝမ်းပိုင်းတွင် လှေလှော်သား များထိုင်ရန် "ပင်းကန်"တို့ကို တပ်ဆင်ထားသည်။ လှေလှော် သားများမှာ အ၀တ်ဆင် တူ၊ ရင်စီးစလွယ် သိုင်း၊ ရင်သိုင်း၊ ခေါင်းပေါင်းစွန်တောင်များကို ၀တ်ဆင်ကြလေ့ရှိသည်။ တာထွက်ပန်းဝင် ကို ဒိုင်လူကြီး များက ကြီးကြပ်ဆောင်ရွက်ပေးရသည်။ ပန်းခူးအ၀င်တွင်လည်း အနိုင်အရှုံးကို ကြိုးတန်း ထားပြီး "စက်ပန်းဖြတ်ဆွဲနည်း"ဖြင့် ဆုံးဖြတ်လေ့ရှိသည်။ စက်ပန်းဖြတ်ဆွဲနည်းမှာ လောင်းဦးတွင် ဓါးကိုစိုက်ထားပြီး စက်တိုင်တွင် အလံနှစ်ခုကို ဖြတ်စေသည်။ ဦးစွာဖြတ်သော လောင်းလှေဘက်မှ ကြိုးပြတ်သွား၍ စက်အကူ အညီဖြင့် တစ်ဘက်အလံကို လှဲပစ်သည်။ နိုင်သောအလံမှာ လဲခြင်းမရှိချေ။ အနိုင်အရှုံးကို ဆုံးဖြတ်ခြင်းဖြစ် သည်။

ပြိုင်ပွဲကို သုံးရက်ခန့် ကျင်းပလေ့ရှိသည်။ နောက်ဆုံးနေ့တွင် အနိုင်ရရှိသော လောင်းလှေကို ရွှေမောင်း ၊ ငွေမောင်း၊ အောင်ဆုအောင်လံတို့ကို ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆု စသည်ဖြင့် ချီးမြှင့်သည်။ အနိုင်ရသော လောင်းလှေက ချောင်းရိုးတလျောက် လက်တန်းသံချပ်ထိုးကာ အောင်ပွဲခံသည်။ ပြိုင်ဘက်လောင်းလှေကို သရော်စောင်းမြောင်း၍ လည်းကောင်း၊ မိမိလှေကို အမွမ်းတင်၍ လည်းကောင်း၊ အမျိုးသမီးပရိသတ်များကို စောင်းမြောင်း၍ လည်းကောင်း၊ အာဝိဇ္ဖမ်းရွှင်ရွှင် ကဗျာဥာဏ်ရှိ သလောက် လောင်းလှေထက်တွင် ကခုန်ကာ လက်ဟန်ကိုယ်ဟန်ပြုလျက် သံချပ်ထိုးကြသည်။

မက္ကလာကို ဂေါင်းမှာဆောင်းလို့
ကမ်းထောင့်ထက်က အရီးလေ
သမက်လောင်းချေ နိုင်စီကြောင်းကို
ဆုမွန်တောင်းဘို့ ကောင်းပါရေ

အနိုင်ရထားသော လောင်းလှေဦးစီးသည် ဆုရရှိသော ရွှေမောင်းကို လည်တွင်ဆွဲလျက် လောင်းလှော်သား များက အောင်လံများကို ကိုင်ဆောင်ကာ ချောင်းရိုးတစ်လျောက် အစုန်အဆန် လှော်ခတ် ဟန်ရေးပြပြီး ပရိသတ်များကို နှုတ်ဆက်လေ့ရှိကြလေသည်။

ဦးရွှေဇံ

ရခိုင်သမိုင်းအလင်းပြကျမ်းမှ-

No comments:

Post a Comment