"နှုတ်ဆက်ကဗျာ"

စိတ်ဓါတ်ကြံ့ခိုင်၊ ရုပ်ကြံ့ခိုင်နန့်
ရခိုင်ပီသ၊ လူ့ဘ၀ကို
ရက္ခမဏ္ဍိုင်၊ သတ္တိပြဗျာယ်
အစအဆုံး၊ ဘ၀တုံးအောင်
သိမ်းကျုံးပီးဆပ်၊ ယောက်ျားမြတ်။

ကျောင်းသားဘ၀၊ ငယ်စဉ်ကပင်
စတင်လျှောက်လှမ်း၊ ခရီးကြမ်းမှာ
ထောင်နန်းစံချိန်၊ အကြိမ်ကြိမ်ကျ
အိမ်ဦးကြမ်းပြင်၊ ထောင်ကိုဝင်လဲ
ငြိုငြင်နောက်တွန့်၊ မကြောက်ရွံ့ဘဲ
ရဲဝံ့စွန့်စား ခိုင်စိတ်ထားနန့်
ရခိုင်သားပီပီ၊ တာဝန်ကျီခ
သီအောင်ထက်ထိ၊ ရဲရဲတောက်။    ။

ရပ်ရွာအရေး၊ လူမှုရေးနန့်
အမျိုးသားရေး၊ နိုင်ငံရေးမှာ
လေးနက်ခိုင်မာ၊ သူဝင်ပါပြီး
စိုင်လာဆင်နွှဲ၊ ရထားပွဲနန့်
အားခဲတဖန်၊ ရခိုင်သင်္ကြန်ကို
ပြန်လည်ဖော်ထုတ်၊ ၀ိုင်းဝန်းလုပ်ရာ
လှုပ်ရှားတက်ကြွ၊ နှိုးဆော်ခဗျာယ်
အဓိကနီရာ၊ စွမ်းဆောင်ပါခ
တာဝန်ကျီရေ၊ ရခိုင်သား။

ပန်းရေကြွီမျိုး၊ လူသီမျိုးလို့
ဆိုရိုင်းစိုင်လာ၊ ဓမ္မတာကြောင့်
သီရွာမြန်းခ၊ လမ်းခွဲရလည်း
ကာလချိန်ခါ၊ ရောက်ရှိလာလို့
ရိုးရာဆင်နွှဲ၊ ရထားပွဲတိုင်း
ထူးကဲပေါ်လွင်၊ သူ့ရုပ်သွင်နန့်
အောင်မြင်ဟိန်းညံ၊ သူ့အသံကို
ပြန်လည်ကြားမြင်၊ အားလုံးရင်မှာ
ရှင်သန်နီဖို့၊ မျက်ရည်စို့ဗျာယ်
လွမ်းလို့ဖန်ခါ၊ ရင်နာနာနန့်
မေတ္တာထပ်လောင်း၊ ဆုမွန်တောင်းသည်
ကောင်းရာသုဂတိလားပါစီ။    ။

ဦးစံရွှေဦး(ခ) ခွီးဘီလူး သို့...

စစ်တွေညိုသန့် (၂၃ နိုဝင်ဘာ ၂၀၁၂)

"မျိုးချစ်ပုဂ္ဂိုလ်သီကေ 'ငရဲ'ကို မလားပါ။ 'ကောင်းရာသုဂတိ'ကို လားပါရေ။"

No comments:

Post a Comment