ဒေါင်းပြောက်ခုန်တမ်းကစားနည်း

ရခိုင်ကျေးလက် အမျိုးသမီးငယ်များ၏ ကစားနည်းတစ်မျိုးဖြစ်သည်။ လူ (၄)ယောက်မှ (၁၀)ယောက်အထိ ကစားနိုင်သည်။ ဤကစားနည်းမှာ တစ်ဦးချင်း ကျွမ်းကျင်မှုကို ပိုမို အလေးပေးသည်။ ပထမဦးစွာ "အပုပ်တိုင်"ချိုး၍ အပုပ်ကျသူ (ခံလှည့်ကျသူ) နှစ်ဦးအား မျက်နှာချင်းဆိုင် ခြေဆန့်ထိုင်ပြီး ခြေဖျားချင်း ထိထားရသည်။ ယင်းလူများက ယင်းကိုခုန်ကြရသည်။

ကန်တော်ကြီး။    ။ ခြေကို အကျယ်ဆုံးဆန့်၍ ထားရသည်။ ကစားသူက တစ်လွှားချင်း ခုန်ရသည်။

ကန်တော်ချေ။    ။ ထိထားသောခြေကို အနည်းငယ်ကျဉ်းလိုက်ပြီး ယခင်ကဲ့သို့ ခုန်ရသည်။
 
ခြေနှစ်ဆင့်။    ။ ထိုင်လှည့်ကျသူနှစ်ဦးသည် မိမိဆန့်ထားသော ခြေတစ်ချောင်း၏ ခြေထောက်များပေါ်တွင် ကျန်ခြေတစ်ချောင်း၏ ခြေဖနောင့်များကို တင်ထားရသည်။ ခုန်လှည့်ကျသူများက ယင်းကို ခုန်ကျော်ကြ သည်။

တပွင့်။    ။ ယင်းသို့ ခြေနှစ်ချောင်းဆင့်ထားသောအပေါ်၌ လက်ဖ၀ါးကိုဖြန့်၍ လက်မနှင့် ခြေဖျားများ ထိတွေ့ကာ ထောက်ထား၍ ခုန်စေသည်။

တပွင့်တငုံ။    ။ အထက်ပါအတိုင်း လက်ဖ၀ါးတစ်ဘက်ကိုဖြန့်၍ ထောင်ထားသောအပေါ် ကျန်တစ်ဘက်ကို လက်သီးဆုပ် ဆုပ်ပြီး တင်ထားသည်။ တစ်နည်းအားဖြင့် လက်ဝါးခြင်းမှာ တပွင့်ဟု ယူဆ၍၊ လက်သီးဆုပ် ကို ပန်းပွင့်တစ်ငုံဟု ယူဆကာ တပွင့်တငုံဟု ခေါ်ခြင်းဖြစ်သည်။

နှစ်ပွင့်။    ။ တပွင်တငုံပြီး နောက်လက်ဖ၀ါးနှစ်ဘက်ကို ဖြန့်လျက် တစ်ဘက်၏ လက်သန်းပေါ်တွင် ကျန်တစ်ဘက်၏ လက်မကို တင်ထားလျက် ခုန်ရသည်။

ဒေါက်ခုန်။        ။ ထိုင်နေသူနှစ်ဦး ခြေနှစ်ဘက်ကို ဆန့်ထားသည်ကို ခုန်သူများက ခြေတစ်ဘက်ကို မ,ကိုင်၍ ကျန်ခြေတစ်ဘက်တည်းဖြင့် ခုန်ရသည်။ ယင်းသို့ ခုန်ရာတွင် တစ်ဘက်မှ တစ်ဘက်ကို ကျော်ဖြတ် စည်းတားထားသော ခြေနှစ်ချောင်းအတွင်း၌ ခြေထောက်တစ်ခေါက်တည်းသာ ထောက်၍ ခုန်ရသည်။ အကယ်၍ ယင်းအတွင်း၌ ခြေထောက်ကို နှစ်ခေါက်ချ၍ ခုန်လျှင် "သေသည်"ဟု ခေါ်သည်။ ယင်းသို့ သေ သူသည် ထိုင်လှည့်သို့ရောက်၍ ကျန်သူများ ခုန်စေရန် ထိုင်ပေးရသည်။

ဒူးကိုင်။    ။ ထိုင်နေသည် နှစ်ဦးသည် အထက်ပါနည်းအတိုင်း ခြေကိုကားထားရ၍ ခုန်သူက ဒူးတစ်ဘက် ကို နောက်သို့ကွေး၍ လက်တစ်ဘက်ဖြင့် ဒူးကို မ,ကိုင်၍ ခြေတစ်ဘက်တည်းဖြင့် ဒေါက်ခုန် ခုန်ရသည်။

ကုလားထိုင်။    ။ ဘယ်ဘက်ခြေထောက်များကို ညာခြေထောက် ဒူးဆစ်နောက်သို့ကွေး၍ ဘယ်လက်ဖြင့် ထိန်းကာ ဒေါက်ခုန် ခုန်ရသည်။

ကုလားထိုင်နောက်ပြန်။    ။ ဘယ်ခြေထောက်များကို ညာခြေထောက် ဒူးဆစ်နောက်သို့ ကွေးတင်၍ ညာ လက်ဖြင့် ထိန်းကာ ဒေါက်ခုန် ခုန်ရသည်။


ဖယောင်းတိုင်။    ။ ဖယောင်းတိုင်ပုံထောင်ထားသော ညာလက်ကို ဘယ်လက်ဖြင့်ကိုင်၍ မတ်ရပ်စုံခုန် ကာ ကျော်ရသည်။

ဝမ်းကြီး၊ ၀မ်းလတ်၊ ၀မ်းချေ။    ။ လက်နှစ်ဘက်ရှေ့တွင်ဝိုင်း၍ ၀မ်းပုံသဏ္ဍာန်လုပ်ကာ စုံခုန်၍ ဖြတ်ကျော် ရသည်။

အချေရွက်။    ။ ရင်ဘတ်၌ လက်နှစ်ဘက်ယှဉ်လျက် ကလေးချီထားသည့် ပုံသဏ္ဍာန်ပြုလုပ်၍ စုံခုန် ကာ ကျော်ရသည်။

ရီချိုး၊ သနပ်ခါးလိမ်း၊ မှန်ကြည့်။    ။ ခြေဆန့်ထားသည်ကို ဒေါင်ခုန် ခုန်ရ၍ ကျော်ဖြတ်ရာ၌ ရေချိုးဟန်၊ သနပ်ခါးလိမ်းဟန်နှင့် မှန်ကြည့်ဟန်သဏ္ဍာန် လုပ်ရသည်။

ဦးရွှေဇံ

ရခိုင်သမိုင်းအလင်းပြကျမ်းမှ-

No comments:

Post a Comment