နှစ်သစ်ကူးသင်္ကြန်ပွဲတော်

ရခိုင်တို့သည် ဆယ့်နှစ်ရာသီပွဲတော်များအနက် နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို အနှစ်သာရရှိရှိ တမူထူးခြား စွာ ကျင်းပကြသည်။ သင်္ကြန်မကျမီ ရက်အနည်းငယ်ခန့်ကပင် သက်ဆိုင်ရာ ရပ်ကွက်အသီးသီးမှ ရပ်ကွက် လူကြီးများသည် သင်္ကြန်ပွဲတော် စည်ကားစွာဖြစ်မြောက်ရေးအတွက် တိုင်ပင်ဆွေးနွေးခြင်း၊ ဘုရားရေ သပ္ပါယ်ရန် အလှူငွေများ ကောက်ခံခြင်း ပြုလုပ်ကြသည်။ သင်္ကြန်အကြိုနေ့တွင် ရပ်ကွက်တိုင်း ရပ်ကွက် တိုင်း၌ မဏ္ဍာပ်ကြီးငယ်များ တည်ဆောက်ပြီး ကရမက်၊ နံသာဖြူ၊ နံသာနီ အစရှိသော အမွှေးတုံးတို့ကို ကလေးငယ်များ၊ အမျိုးသား၊ အမျိုးသမီးတို့ စုပေါင်းလျက် နံသာသွေးကြသည်။ အချို့ကလည်း ဗုံမောင်းများ တီးခတ်၍ သင်္ကြန်သံချပ်များကို သီဆိုကာ ကခုန်မြူးတူးကြသည်။ သင်္ကြန်အကြိုနေ့ကို "နံသာသွီးနိန့်" ဟု ခေါ်သည်။ သင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် ရပ်ကွက်လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီး အပျိုအ ရွယ်များသည် တစ်အိမ်လျှင် ဆွမ်းတစ်အုပ်စီ ချက်ပြုတ်၍ သွေထားပြီးသော နံသာရည်များကို ဆောင် ယူကာ၊ မိမိတို့ရပ်ကွက် ကိုးကွယ်သည့် ဘုန်းတော်ကြီးကျောင်းတိုက်သို့ တစ်စုတစ်ဝေး တပျော်တပါး သွားကြသည်။ ဘုန်းတော်ကြီးကျောင်းရှိ ဗုဒ္ဓဆင်းတုတော်များကို ရေသပ္ပါယ်ခြင်း၊ အမွှေးနံသာ ပျက်ဖြန်းခြင်း၊ သာသနိက အဆောက်အအုံများအား သန့်ရှင်းခြင်း စသည့် ကုသိုလ်ကောင်းမှုများ ကို ပြုလုပ်ကြသည်။ ဤနေ့ကို "ဘုရားရီချိုးနိန့်"ဟု ခေါ်ကြသည်။

ဘုရားရေသပ္ပါယ်ပြီးမှသာလျှင် ရေကစားပွဲကို ဆင်နွှဲကြရပါသည်။ သင်္ကြန်အကျနေ့တွင် ကလေးသူငယ်များ က ရေပက်ကစားကြသော်လည်း အပျိုလူပျိုများမှာ မဏ္ဍာပ်အတွင်း၌ ရေမကစားကြသေးချေ။ သင်္ကြန် အကြတ်နေ့၊ အတာတက်နေ့နှင့် နှစ်ဆန်းတစ်ရက်နေ့တို့တွင် အပျိုလူပျိုများ မဏ္ဍာပ်အတွင်း ရေကစား ကြလေသည်။ ရခိုင်တို့၏ မဏ္ဍာပ်အတွင်း ရေကစားကြပုံမှာ အလွန်ယဉ်ကျေး၍ စည်းကမ်းစနစ် ကျနလှပေ သည်။ ရပ်ကွက်တိုင်းလိုလို ရေကစားမဏ္ဍာပ်များ ဖွင့်လှစ်ထားရာ၊ လူပျိုကာလသားများသည် အုပ်စုအ လိုက် ပတ်သာဗုံမောင်းများတီးကာ သင်္ကြန်သံချပ်များ ဆိုင်ဆိုင်သီဆို ကခုန်မြူးတူးလျက်၊ ရေပက်ရန် မဏ္ဍာပ်များသို့ လာရောက်ကြသည်။ မဏ္ဍာပ်များအတွင်းရှိ လောင်းလှေများတွင် ရေအပြည့်ဖြည့်ထား ကြသည်။ တူညီဝတ်စုံ ၀တ်ဆင်ထားကြသော အမျိုးသမီးပျိုများသည် လှည့်လည်ရေပက်ခြင်း အလေ့ အထမရှိဘဲ၊ မိမိတို့ ရပ်ကွက်အလိုက် ဆောက်လုပ်ထားသည့် မဏ္ဍာပ်များအတွင်း၌သာ ရေကစားလေ့ ရှိကြသည်။ မဏ္ဍာပ်အတွင်းမှ ရေပက်ခံ အမျိုးသမီးများနှင့် ပြင်ဘက်မှ ရေလာပက်သော အမျိုးသားများ မရောထွေးမိစေရန် ကာရံထားရသည်။ ရေပက်လာသော အမျိုးသားလူငယ်များသည် မဏ္ဍာပ်အတွင်းပိုင်း သို့ ၀င်လာခွင့် လုံးဝမရှိချေ။ ရပ်ကွက်အတွင်း သြဇာတိက္ကမရှိသည့် အမျိုးသမီးကြီးများက ရေလောင်း မဏ္ဍာပ်ကို အစအဆုံးကြပ်မတ်ကွပ်ကဲ ပေးကြရသည်။

အမျိုးသားအဖွဲ့များတွင် ခေါင်းဆောင်တစ်ဦးထားရှိကာ ခိုက်ရန်မဖြစ်ပွားစေရန် ထိန်းသိမ်းပေးသည်။ အဖွဲ့ဝင် များကလည်း ထိုသူ၏စကားကို လိုက်နာကြရသည်။ မဏ္ဍာပ်အတွင်း ပထမရောက်ရှိနေသော အဖွဲ့ရောက်နေလျှင်၊ နောက်ရောက်လာသောအဖွဲ့က မဏ္ဍာပ်အပြင်ဘက်တွင် သံချပ်ထိုးကာ ကခုန်မြူးတူးလျက် မိမိရေလောင်းရမည့် အလှည့်ကို စောင့်ဆိုင်းကြရသည်။

"အခါတော် တန်ခူးလ၊ ဥသြက ကျူးသံသာ၊ သင်္ကြန်ကျဖို့ခေါ်ရေလာ၊ ဥသြကျူးသံ ကြားလတ်ပြန်လတ်ကေ၊ ပျိုအိုမကျန် သင်္ကြန်မွတ်တေ၊ ရီဖလားတကိုင်ကိုင် တန်းစီထိုင်ဗျာ စောင့်ပါလို့၊ ပြုံးချိုချို မျက်နှာထားနန့် ၊ ဒေမရီးကလှရေ" စသည်ဖြင့် အမျိုးသမီးများကို စောင်းမြောင်းသံချပ်ထိုးကြသည်မှာလည်း ချစ်စ ရာကောင်းသည့် ရိုးရာဓလေ့တစ်ခုပင် ဖြစ်ပေသည်။ အထူးသဖြင့် အပျိုနှင့် လူပျိုများ တွေ့ဆုံခွင့်ရကြသည့် အခါကာလလည်း ဖြစ်လေသည်။ မောင်နှမချင်း၊ သားအမိချင်း၊ တူဝရီးချင်း၊ ခဲအိုနှင့် ခယ်မ စသည် အချင်းချင်း ရေလောင်းလေ့ မရှိကြပေ။ ယင်းအစဉ်အလာများကို ထိန်းသိမ်းကြဆဲဖြစ်သည်။

သင်္ကြန်ရက်အတွင်း သက်ကြီးရွယ်အိုများမှာ ဥပုသ်သီလ ဆောက်တည်ခြင်း၊ အလှူဒါနပြုလုပ်ခြင်းများ ကို ပြုလုပ်ကြသည်။ သင်္ကြန်အတက်နေ့တွင် သင်္ကြန်စာတွင်ပါသည့်အတိုင်း အတာမုန့်များ ပြုလုပ်၍ အတက်တက်ကြရသည်။ ရခိုင်တို့က "အစာတက်သည်"ဟု ခေါ်သည်။ နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးရွယ်အိုများအား ကန်တော့ပူဇော်ပွဲ ကျင်းပကန်တော့ကြသည်။ တစ်ချို့ ရခိုင်ဒေသများတွင် အခါကြီး ရက်ကြီးလွန်မှ ရေလောင်းကြပြီး၊ ၀ါဝင်သည်အထိ ရေလောင်းကြသည်ကိုလည်း တွေ့ရသည်။ အတာမုန့်ကို ဘုန်းတော်ကြီးကျောင်းသို့ အဦးဆုံး ကပ်လှူကြပြီးလျှင် ဆွေမျိုး မိတ်သင်္ဂဟများနှင့် အိမ်နီးဝန်းကျင်တို့ကို အပြန်အလှန် ပေးကမ်းစားသောက်ကြသည်။ အိမ်တိုင်းတွင် မုန့်လှိုင်သော နေ့ တစ်နေ့ဖြစ်သည်။ အတာတက်သူများသည် နေ့နံသင့်ရာအရပ်သို့ လှည့်၍ အမွှေးနံသာရည်တို့ဖြင့် ဦးခေါင်းလျှောက်ကြသည်။ သပြေ၊ သျှရား၊ အုန်းစသည့် နေ့နံသင့် အညွှန့်များဖြင့် အတာအိုးများ ပြုလုပ်ကာ ဘုရားတွင် သွားရောက်ကပ်လှူပြီး လာမည့်နှစ်သစ်အတွက် မင်္ဂလာလာဘ်လာဘ ကောင်းမွန်စေရန် ဆုတောင်းကြရသည်။

ဦးရွှေဇံ

ရခိုင်သမိုင်းအလင်းပြကျမ်းမှ -

No comments:

Post a Comment