ရခိုင်သတ်ပုံ အရေးအသား

ယနေ့ ရခိုင်စာပေ လေ့လာသူများသည် သတ်ပုံကိစ္စကို စဉ်းစားခန်း ထုတ်ကြပေလိမ့်မည်။ သတ်ပုံ အဘိ ဓာန်၊ ဝေါဟာရအဘိဓာန်များထိ ပြုစုထုတ်ဝေရေးကို တိုက်တွန်းလိုလား ရှိနေကြပြီးလည်းဖြစ်၏။

ထိုသို့ စဉ်းစားခန်းဝယ် ဆွေးနွေးချက်၊ အကြံပြုချက် သည်လည်း မပါမဖြစ် ချေတကား။ ယနေ့ ရေးနေကျ "အစ်မ"အစား ရှေးသုံးရခိုင် စောနန်းမင်းဖြူ ကောင်းမှု ကျောက်စာအတိုင်း"အုဉ်မ"ဟူ၍လည်းကောင်း၊ လော ကဒေ၀ီ ကျောက်စာအတိုင်း "ဘုရားတေတော်မူ၏"၊ "တောင်ဘက်ချည်တွင်"၊ "သက်ပြယ်ကိုအစပြု၍ မြုံပြည်တိုင်အောင်ကို" ဟူ၍လည်းကောင်း ရေးထုံးပြုရမည်လား၊ ပြင်ယား ကျောက်စာ အတိုင်း "မျက်သုတ် ကတေ"၊ "လင်္ကာတဆဲငါးချပ်"ဟူသော အသုံးသို့ လိုက်၍ ရေးရိုးပြုသင့်အံ့လော။

"သတ်ပုံမမှန် ကျောက်စာနှင့်ညှိ"ဆိုသော ဥပဒေသလည်း ရှိသေး၏။ ကျောက်စာသည် စာအုပ်စာပေထက် ရှေးကျသည်မှာ အမှန်တည်း။ စာပေအက္ခရာ၏ သက်သေခံ ရှေ့ပြေးမိဘပင် ဖြစ်၏။

ကျောက်စာတို့တွင်လည်း ရေးသုံးပုံသည် ကိန်းသေပြီးကား မဟုတ်သေး။ ရွှေ့ပြောင်း ကွဲလွဲချက်လည်း ရှိသေးရာ တရားသေ ယူဆ၍လည်း မဖြစ်ချေ။ ကျောက်စာ၌ ရေးသုံးချက် မပါမရှိ မတွေ့သိရသည်များ အတွက်မူ ဘယ်သို့ အရေးအသား ပြုခဲ့လေမည် ဖြစ်ကြောင်း မည်သို့ စဉ်းစားသင့်မည်နည်း။ ထိုသို့ဆိုလျှင် အဘယ်ကို အခြေခံ၍ ရေးထုံးပြုသင့်သနည်း။ အခြေခံမဲ့ သတ်မှတ်ကြရန် သင့်မည်လော။

အခြေခံမဲ့ သတ်မှတ်ကြလျှင် အမိမဲ့သားအဖြစ်သို့ကား မရောက်တတ် နိုင်ပါသလား။

သည်အတိုင်း သုံးစေဟု အမိန့်ပြဌာန်းချက်ဖြင့် လည်းကောင်း၊ ဤသို့ သာဓက ထောက်ထားစရာတို့ဖြင့် ညှိ နှိုင်း အတည်ပြုထားသည်ဖြင့် လည်းကောင်း၊ သို့မဟုတ် ယာယီစံပြ အသုံး ပြုစေခြင်းဖြင့် လည်းကောင်း သတ်မှတ် သင့်ကြမည်လော။

စကားအသံမှ စာပေ၊ မှတ်စရာ ဝေါဟာရ ဖြစ်လာရသည်။ ထို့ကြောင့် စာပေသည် စကားဝေါဟာရ၏ ကိုယ် စားလှယ်သာ ဖြစ်သင့်ရာကား စကားသံကိုပင် သတ်ပုံသတ်ထုံး မှန်အဖြစ် သတ်မှတ်သင့်၊ မသင့် စဉ်းစားကြ ရအံ့လော။ ယနေ့တိုင် ရခိုင်တို့ ပြောနေကျစကားသံသည် ရခိုင်အသံမှန် ဟူ၍ကား မှတ်ရမည်လား။ ၀တီ လေးရပ်မှ ရခိုင်အသံ၊ ရခိုင်အသုံးကို အဘယ်သို့ မူသေထား၍ စံနှုန်းသတ်မှတ်သင့်ကြ မည်နည်း။

ခေတ်ကို ရှေ့ပြေးရှေကမီ လိုလားနေကြသူများအရ ခေတ်မီဆန်းသစ် တီထွင် အသုံးပြုသွားခြင်း သည်ပင် လျှင် ခရီးရောက် လျင်မြန်ရာ၏ဟု သတ်မှတ်သင့်မည်လား။

ရခိုင်သတ်ပုံ ကိစ္စနှင့် ပတ်သက်၍ ကျွန်ုပ်၏ မှတ်စုတစ်ခုကို တင်ပြလိုပါ၏။ ထိုမှတ်စုမှာ ကျွန်ုပ်၏ ဥပဇ္ဇျောယ် ရင်း ဆရာတော်ထံမှ ရရှိထားခြင်းပင် ဖြစ်၏။ ဆရာတော်နှင့်ကား သတ်ပုံကိစ္စကို နှစ်နှစ်ကာကာ ကျွန်ုပ်ဆွေး နွေးချက် မရှိလိုက်မိချေ။ ဆရာတော်နှင့် သာမဏေဘ၀က သုံးနှစ်ခန့်သာ အတူနေခဲ့ရပြီးနောက် ခွဲခွာမှု ဖြစ် ခဲ့ရသည်။ ထိုနောက် တဖန် သာမဏေဘ၀တွင်ပင် ထပ်၍ နှစ်ကြိမ်ဖူးမြင်ရန် အခွင့်ကြုံခဲ့ရလေသည်။ ထိုစဉ် လည်း ဤကိစ္စရိပ်ယောင် မသန်းခဲ့။ ရဟန်းတက်၍ တစ်နှစ်ထိ နေခဲ့ဖူးစဉ်လည်း ဆရာတော်ထံမှ ရာဇ၀င် မှတ်စု မှတ်ရာတို့ကို ရေးကူးယူခဲ့ရခြင်းထက် အခွင့်မသာခဲ့။

ထို့နောက် ရန်ကုန်သို့ ပြန်ရောက်၍ စာပေလိုက်စားရင်းက ရခိုင်သို့ စာစုဆောင်းရေး၊ ဗဟုသုတရရှိရေး၊ ဒေသန္တရ ပြုရေးအတွက် ကောဇာသက္ကရာဇ် ၁၃၂၁ ခုနှစ်တွင် ရောက်ခွင့် ကြုံခဲ့ရသည်။ ထိုစဉ်ကာလ တွင်ကား ဆရာတော်ထံ ခေတ္တဖူးမြော်ရင်း ရောက်ခဲ့ရခြင်းအတွက် သတ်ပုံမှတ်စုကို ရလာရပေသည်။ ဆရာ တော်နှင့် စိတ်နီးသလောက် လူမနီးနိုင်ခြင်းကား တစ်နိုင်ငံခြား တစ်ပြည်တိုင်းကာ ဖြစ်နေရခြင်း ကြောင့်ပင် တည်း။

ဆရာတော်နှင့် ထိုခေါက်ကာလ ကြုံစဉ်လည်း သတ်ပုံကိစ္စ ဆွေးနွေးခဲ့ရသည်ကား မဟုတ်ချေ။ ဆရာတော် ထံမှ မှတ်စုကိုရ၍ ထိုကိစ္စကိုမေးမြန်း လျှောက်ထားခဲ့ရခြင်းသာ ဖြစ်၏။ ဆရာတော်ကား မိမိ၌ ဖရိုဖရဲ ပြန့်ကျဲ နေပြီဖြစ်သော "ဓည၀တီ သတ်ပုံသံယုဂ်ကျမ်း" စာမူများကို လုံးစု၍ ဆွမ်းစား စားပွဲတွင် တင်ထားပေသည်။ ကျွန်ုပ်လည်း ၀မ်းသာအားရဖြစ်ကာ ရခိုင်လူမျိုး၊ ရခိုင်ပြည်နယ်၊ ရခိုင်စာပေ ဟူ၍ ပါရှိလျှင် ရခိုင်သတ်ပုံ တော့ ရှိရမည်ဟူသော သန္နိဌာန်ကို ခိုင်မြဲစေလေသည်။

ဆရာတော်သည် မိမိသတ်ပုံ သံယုဂ်ကျမ်း ရေးခဲ့ပြီးသော စာမူကြမ်းကို ပြောပြ၍ "ရခိုင်သတ်ပုံဆိုလျှင် ရခိုင် အသံ သဒ္ဒါနှင့် လိုက်ဖက်နီးစပ်ရမည်။ သို့မှ ရခိုင်သတ်ပုံ မှန်ကန်သည်။"ဟူ၍ ဥပဒေသ စကားကို စဉ်းစား ဆွေးနွေး ထောက်လှမ်း စိစစ်ရေးငှာ မ၀ံ့ရဲခဲ့ရာကား နှုတ်ပိတ်၍သာ ရှိနေခဲ့ဖူး၏။

ကျွန်ုပ်၏ ငယ်ဆရာ ဥပဇ္ဈာယ်ရင်း ဆိုလျှင် ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ကပ္ပဂေါင်းရွာတွင် ကောဇာ ၁၂၄၂ခုနှစ်တွင် မွေးဖွားပြီး နတ်မြစ်အနောက်ဘက်ကမ်း (ယခု ဘင်္ဂလားဒေရှ့်)တွင် ကြီးပြင်းခဲ့လေသည်။ ထိုက သာသနာဘောင် ရောက်၍ စာပေတတ်မြောက်ကာ ထိုဒေသတွင် ကျောင်းထိုင်၍ ခြံချောင်း ရွာ ကျောင်း၌ (၂၀)၀ါ၊ နခေါင်းချောင်း ကျေးရွာကျောင်း၌ (၃၁)၀ါ ရှည်ကြာခဲ့ပေသည်။ အသက် ၈၃နှစ်၊ သိက္ခာ ၆၄၀ါတွင် ပျံလွန်ခဲ့လေသည်။ ၁၃၂၅ခုနှစ် ဆရာတော် ပျံလွန်တော်မူစဉ် ကျွန်ုပ်မှာ ရန်ကုန်မှ လိုက်လာ၍ သင်္ဂြိုဟ် ခဲ့ရပေသည်။

ဆရာတော်သည် လောကုတ္တရာ စာပေ၌ ထင်ရှားသလောက် လောကီဘက်တွင်လည်း လေ့လာမှု မကင်း ခဲ့ချေ။ ဆေးဝါး၊ နက္ခတ်၊ ဗေဒင်၊ အင်းအိုင်၊ ယတြာ စသော အတတ်ဆိုင်ရာ၌လည်း တတ်သိလေသည်။ ကဗျာ၊ ဗန္ဓ၊ တေးဂီတ၊ အနုသုခုမ အရာ၌လည်း တီးခေါက်နိုင်ပေသည်။

မိမိ တတ်သိသမျှဖြင့် ဆရာစားလုပ်မနေသေးဘဲ တပည့်များအတွက်လည်း သင်ကြား တတ်မြောက်စေရန် ၀ါသနာရှိပေ၏။ ထို့ကြောင့် ဂဏန်း သင်္ချာတွက်ပုံ စာမှအစ အရပ်ရပ် သင်ခန်းစာတို့ကို သံပေါက်ကဗျာ တို့ဖြင့် ဆောင်လွယ်ရန် ရေးစပ်မှုများ ပြုခဲ့လေသည်။ ဆရာတော် သင်ပြပေးခဲ့သော သင်္ဂြိုဟ်သံပေါက်၊ ဓါတု သံယုဂ်သံပေါက် စသည်တို့မှာ တပည့်များနှုတ်တွင်ပင် ကိန်းနေသေး၏။ သူငယ်များ ဖတ်စာများပင် မိမိသင် ပြချက်မူ ထားရှိပေ၏။

ဆရာတော်၏ ဗဟုသူတစွယ်စုံချက်တို့ကား ၄င်း၏မှတ်စု မှတ်ရာ သင်ခန်းစာတို့က သက်သေခံအဖြစ် မှတ် တမ်းတင် ကျန်ရစ်နေပေ၏။ ဖော်ပြပါ ဓည၀တီ သတ်ပုံသံယုဂ်စာမူချောမှာ ခြံချောင်းကျောင်းတွင် စီစဉ် သင်ပြခဲ့ကြောင်း အမိန့်ရှိခဲ့ဖူး၏။ တပည့်ကျောင်းသားများ နှုတ်တက်လက်စွဲ ဆောင်လွယ်ရန် ရည်ရွယ် ချက် ဖြင့် စီကုံးခဲ့ခြင်းဖြစ်သည်။

သို့သော် ဆရာတော်မှာ နခေါင်းချောင်း ကျောင်းသို့ ရွှေ့ပြောင်း သီတင်းသုံးရန် ကြုံလာရခြင်း၊ စစ်ကာလ အတွင်း စာအုပ်စာတမ်းများကိုဂရုမထားနိုင်ခြင်း၊ ဘေးလွတ်ရာ ရှောင်ရှားနေရခြင်းတို့ကြောင့်လည်းကောင်း၊ ရပ်ရွာ စာပြစာသင် တပည့်များ ငှားရမ်းသင်ပြ ခဲ့ရခြင်းတို့ကြောင့် လည်းကောင်း၊ ထိုသတ်ပုံစာအုပ် လက် ရေးမူသန့်မှာ မည်သို့ ပျောက်ရှသွားသည် မသိချေ။ ကျွန်ုပ်နှင့်တွေ့စဉ် တပည့်များထံလည်း မေးမြန်း စုံစမ်း ရှာဖွေ စေခဲ့ပါသေး၏။ လုံးဝတိမ်မြုပ်ခြင်းသာ တိုင်ခဲ့ရာကား လက်ကျန်ဖာသား၊ ချုပ်ကြောင်း၊ ဖျက်ရာ ပြင် ဆင်၊ ဖြည့်စွက်စာမူကြမ်း အနည်းငယ်ခန့်ကိုသာ သိမ်းစုမိတော့၏။

ထို့ကြောင့် ဆရာတော်က "ပဉ္စင်းပြင်၍ ရမည်မဟုတ်၊ ထားခဲ့၊ ငါအားစဉ် ပြင်ကြည့်မည်"ဟုဆိုကာ ထိုစာမူ ကြမ်းကိုပင် ဆရာတော် လက်ရသိမ်းတော့၏။ ထိုအခါကျွန်ုပ်မှာ မိမိတီးခေါက်မိသင့်ရာ သဘောဖြင့် ဆွဲယူ ကြည့်ရှုမှတ်သား ထားသည်ကား ယခုသက်သေခံသဖွယ် ဖြစ်ချေ၏။ ဆရာတော် ပျံလွန်ပြီး ဈာပနပွဲတွင် သာ နောက်ဆုံးပူဇော်မှု ပြုရလေတော့၏။ ထိုစာမူကြမ်းကို ပြင်ဆင်ကြည့်မည်ဟု မိန့်ဆိုခဲ့ ဖူးသော် လည်း ထိုနှစ်က စ၍ ဆရာတော်ကား ကျန်းမာမှု မရှိတော့ပြီ။ မကြာခဏ သတိမေ့လိုက်၊ ငယ်မူပြန်လိုက်နှင့် ချည်း သာဖြစ်ခဲ့ရပြီး နောက်ဆုံးမှာမျက်စိကွယ်သည့် အဖြစ်သို့ ရောက်သွားခဲ့ရပေရကား စာနှင့်ဝေးသွားလေတော့ ၏။ မျက်မှန်လွတ် မျက်စိကြည့်၍ အသက်ရှစ်ဆယ်ထိ စာကြည့်မပြတ်ခဲ့သော ဆရာတော်ကား ဓည၀တီ သတ်ပုံ သံယုင်္ဂ စာမူကြမ်းကိုပါ ပြင်ရန်အချိန်တွင် အားမာန်မတင်း စိတ်အား မပြင်းနိုင်ခဲ့ ရှာလေပြီ။

ဆရာတော်၏ သတ်ပုံ သံယုင်္ဂ မူကြမ်းကို ကျွန်ုပ်မျက်စိ တမ်းကြည့်မိသလောက် ဆိုလျှင် "အယ်"ကာရန်နှင့် "အဲ"ကာရန် နှစ်ခန်းသာ တွေ့ရှိပေတော့သည်။ ထိုတွင် ရခိုင်အသံထွက် သံတူသတ်ပုံကို ဤသို့ ဖော်ပြစပ်ဆို ထားခဲ့ပေသည်။

၁။ ယ ညသတ်ရိုး၊ သဝေထိုး၊ သုံးမျိုးအသံတူ။ (စယ်၊ စည်၊ စေ)

၂။ သဝေထိုး ရှေ့ပေါက်၊ ညသတ်ပေါက်၊ ထို့နောက် နောက်ပစ်တူ။ (စေး၊ စည်း၊ စဲ)

၃။ နောက်ပစ် အောက်မြစ်၊ ညသတ်မြစ်၊ အောက်မြစ်၊ သဝေတူ။ (စဲ့၊ စည့်၊ စေ့)

၎။ ညငယ်သတ် မြင်၊ လုံးလည်းတင်၊ ချောင်းငင် ငသတ်တူ။ (စဉ်၊ စိုင်)

၅။ စလုံးသတ် မြင်၊ လုံးလည်းတင်၊ ချောင်းငင်ကသတ်တူ။ (စစ်၊ စိုက်)

၆။ သဝေထိုး ရေးချ၊ ရှေ့ထိုးက ၊ ရေးချဝဆွဲ တူ။ (ခေါ်၊ ခွာ)

၇။ ၀ဆွဲ ရေးချ၊ ရှေးပေါက်က၊ ရေးချ သဝေတူ။ (ခွား၊ ခေါ)

၈။ သဝေထိုး ရေးချ၊ အောက်မြစ်က၊ အရ၀ဆွဲ တူ။ (ခေါ့၊ ခွ)

၉။ ဓအောက်ချိုင့် ဓ၊ ဃကြီး ဃ၊ ယူထ ဠကြီးကြီး။ (ဓ၊ ဃ၊ ဠ)

၁၀။ ဋသလင်းအစ၊ ဏကြီးကျ၊ ပဉ္စွှတသီး။ (ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ)

၁၁။ ရေးသမျှဝယ်၊ ဤရှစ်သွယ်၊ စွန့်ပယ်ရန်အပြီး။

၁၂။ ကျန် နှစ်ဆယ့်ငါး၊ ရေးရန်ထား၊ မှတ်သား အသီးသီး။

ဤသို့ သတ်ရိုးကိုပြပြီးနောက် "ယ၊ည" သတ်ရိုးနှင့် သဝေထိုး ဤသုံးမျိုးအသံတူပုံကို သတ်ပုံ ဥဒါ ဟရုဏ် နှင့်တကွ အကျယ်ပြလေသည်။ ထိုတွင် ယ-သတ်ကို ဦးစွာပြပြီး၊ ထို့နောက် ည-သတ်ကို ပြလျက် သဝေထိုး ကို အစဉ်ဆက်ပြကာ - "အယ် ကာရန်သုံး၊ သတ်ပုံထုံး၊ ပြီးဆုံးနိဋ္ဌိတံ"ဖြင့် ပထမ တစ်ခန်း ကဏ္ဍ တစ်ရပ် အပြီး သတ်လေသည်။

ဤသို့အားဖြင့် နိဒါန်းချီခဲ့သည့်အတိုင်း အခန်းစုံစွာဖွဲ့လျက် ရေးစပ်ထားခဲ့သော "သတ်ပုံအကျဉ်း"ခေါ် "သတ် ပုံသံယုဂ်ကျမ်း"သည် အစုံအလင်သာ ဖြစ်မည်ဆိုက ကျမ်းတစ်အုပ် ပေတစ်ထုံး ရှိခဲ့မည်မှာ အမှန်တည်း။

"ပညာလိုလား တပည့်များတို့၊ အရေးကြုံလျှင် အကုန်ရစေရန်"ဟူသော ဆရာတော်၏ စေတနာ ရည်ရွယ် ချက်ကို ဖြည့်စွမ်းနိုင်စေမည့် သတ်ပုံစာအုပ် ဖြစ်ကြောင်းကိုကား ကျွန်ုပ်လေ့လာ သိရှိခဲ့ရပါသည်။ ထို့ပြင်၎င်း သတ်ပုံ သံပေါက်တို့၌ ၀ါဒကွဲ၊ သတ်ပုံကွဲများကိုလည်း "ဖယ်တွင် ယ-ည၊ ဤနှစ်ဝ၊ သတ်ကြမှန် မချွတ်"ဟု ဖော်ပြထားခဲ့သည်မှာ ခရေစေ့တွင်းကျ ပြည့်စုံလှပေ၏။ ထိုသတ်ပုံ သံယုဂ်ကျမ်း၏ ရည်ရွယ် ချက်နှင့် စေတ နာကိုလည်း ဆရာတော် ကိုယ်တိုင်ပင်လျှင် ထိုကျမ်းနိဒါန်း၌ ဤသို့ သျှိုးလိုက်ရတုဖြင့် ဖွဲ့ဆိုထားသည်ကို တင်ပြလိုက်ရပေ၏။

လောကဓါတ်လုံး၊ ညွတ်ရုံး ကော်ရော်၊ ပူဇော်ရာဖြစ်၊ မြတ်ရှင်ချစ်ကို၊ တွက်စစ် လက်ဆယ်ဖြာ၊ ညွှတ်ခရိုကျိုး၊ ဦးတင်မိုးသည်၊ ရှိခိုးဝန္ဒနာ၏။ ရတနာမြတ်ဆယ်ပါး၊ တရားအမွန်၊ ဓမ္မက္ခန်ပေါင်း၊ ရှစ်သောင်းလေးထောင်၊ ကျမ်းစောင်စောင်ကို၊ ကုန်အောင် သီးညွှတ်တွား၏။ ဘုရားမြတ် စိန္တေယော်၊ သားတော်အစစ်၊ ရိယာရှစ်ကို၊ စင်စစ်ရှိ ပူဇော်၏။ သို့ပြီးသော် တစ်ခန်း၊ သတ်ညွန်းသတ်ပုံ၊ အရေးကြုံလျှင်၊ အကုန်ရစေမှန်း၍၊ လက်တန်း လုပ် သံပေါက်စာ၊ ပညာလိုလား၊ တပည့်များသည်၊ ကြိုးစား မှတ်လေပါလော့။ နီလာမြ ပုံပမာ၊ အကာပယ် ပစ်၊ သံပေါက် သစ်သည်၊ အနှစ်သာရပါတည်း။

နံသညာ ရေးသူမှတ်၊ ခြံချောင်းရပ် ဌာနီ၊ မှီအောင်းစံသည်၊ သီလံ အကျင့်ဝတ်နှင့်၊ ပဋိပတ်သာသနာ၊ ပြည့်စုံ လုံလောက်၊ မထေရ်မြောက်သည်၊ တစ်ယောက် ငါဆရာဟု၊ ရတု စာကဗျာပိုက်၊ နှစ်ခြိုက်စရာ၊ ပျို့လင်္ကာကို၊ ဤစာစီကုံး လိုက်၏။ သဘော၌ ပိုက်ကြပါ။ သတ်ပုံဝန်လေး၊ ဥာဏ်ဖြင့်တွေးသော်၊ အရေးခက်လှ စွာ၏။ ဖန် ခါခါ လွန်လေ့ကျက်၊ ဆောင်ရွက်သူမှာ၊ သတ်ပုံရာတွင်၊ သူပင် ရေးမခက်ဘူး၊ သို့အထူးမှတ်ပြီးခါ၊ ကဗျာ ပျို့ ဆန်း၊ သံပေါက်ခန်းသည်၊ လက်တန်းဤပညာဖြင့်၊ မှန်စွာ ဤသဘော၊ မနောစိတ်ကြံ၊အဓိဋ္ဌာန်သည်၊ နိဗ္ဗာန် ရောက်စေသောဟု၊ တောင်းဆုပန် မမှား၊ သုံးပါးဘုံသူ၊ နတ်နှင့်လူသည်။ မျှတူ ရစေသားတည့်လေ။

အသျှင်စက္ကိန္ဒ (ရခိုင်ပြည်နယ်)
(၁-၁၀-၇၉)

No comments:

Post a Comment