ဗောင်းတော်လေးဆယ်

ရက္ခိုင်တို့၏ ဆင်ယင် ထုံးဖွဲ့မှုတွင် ကမ္ဘာပေါ်ရှိ လူမျိုးပေါင်းစုံတို့၏ ဆင်ယင် ထုံးဖွဲ့ဘိသကဲ့သို့ မျိုးရိုးနှင့်ညီစွာ ဒေသအလိုက်၊ ဌာနအလိုက်၊ ကာလအလိုက် အဆင့်ဆင့် ထုံးဖွဲ့လာကြသည်။ မိမိတို့ဌာန၊ ကာလဒေသနှင့် ညီစွာ ထုံးဖွဲ့ဆင်ယင်သည်လည်း ရှိ၏။ နီးစပ်ရာတိုင်းပြည်များနှင့် လည်းကောင်၊ ဆက်ဆံမိတ်ဖွဲ့ရာ တိုင်းပြည် များနှင့် လည်းကောင်း၊ ဆင်ယင်ထုံးဖွဲ့မှုများမှာ အနည်းငယ် တူညီနေသည်လည်း ရှိ၏။ မိမိတို့သြဇာ လွှမ်းမိုး ရာ ထီးဆောင်းနန်းနေတို့မှ ဘဏ္ဍာတော်ဆက်သ၍ ရရှိသော အထည်မျိုးအုပ်မျိုး ၀တ်စားမျိုးတို့ကို ဆင်ယင် ထုံးဖွဲ့ရသည်လည်း ရှိ၏။

အခါတစ်ပါးစီ တို့၌ အခွင့်အရေးညီစွာ ဘုရင်မင်းမြတ် နှင့်တကွ မိဖုရားခေါင်ကြီး၊ သားတော်၊ သမီးတော်၊ အိမ်ရှေ့ဥပရာ၊ မှူးတော် မတ်တော်၊ ကတ္တော်ဇုန္ဒတ် လောသကွက် စစ်တပ်စစ်ချီ၊ ဒိုင်းကျီဒိုင်းကျား အစရှိ သော ၀န်ကြီးများ၊ မြို့စားရွာစားများနှင့် တကွ အစေအပါးအပေါင်းတို့ကို ဌာနကာလနှင့် ညီအောင် ၀တ်စား ပေးသနားတော်မူသည်။

ထို့သို့ ဆောင်ရွက်ရာ၌ မှူးကြီးမတ်ကြီး သေနာပတိကြီးတို့သည် တိုက်ခိုက်ရာ၌ လည်းကောင်း၊ လျှောက် တင်ရာ၌ လည်းကောင်း၊ ဆုံးဖြတ်ရာ၌ လည်းကောင်း၊ လွန်ကဲ ထူးချွန်ခဲ့သည် ရှိသောအခါ ဗောင်းတော်စ လွယ်တော်တို့၌ အချွန်အတက် ပန်းခက်ပန်းရွက် အဆင့်အရစ်၊ ပုရစ်ဖူးတန်၊ တမာချွန်ကြာဖူး၊ ဆင်ကူးဆင် ပြောက်၊ တထောက်မကာရ်းကွက်၊ ညောင်ရွက် တောင့်တဲ့ဇာဗြဲ၊ ဒေါင်းဒလိပ်၊ တံဆိပ်၊ ပုဏ္ဍရိက ဒိပသဏ္ဍာန် ကြာမွန် ပဒုမ အစရှိသော တံဆိပ်နိမိတ်တို့ကို ဆင့်တိုး၍ မူလတွင် ဖြည့်စွတ်ရသည်။ စလွယ်တော်တို့မှာ လည်း ထိုနည်းတူပင် ဖြည့်စွတ်ရသည်။

ဘွဲ့တော်- မည်တော်တို့မှာလည်း ဂုဏ်ထူး ထပ်ဆင့်ရသည်။ ဤသို့ ရက္ခိုင်တို့တွင် ရဗ္ဗပူရ- သမုတ္တိဒေ၀မင်းမှ စ၍ မြောက်ဦးခေတ် မဟာသမ္မတမင်း တိုင်အောင် ဆင်ယင်ထုံးဖွဲ့ လာကြသည်။ ယင်းဗောင်းတော် စလွယ် တော်တို့နှင့် ညီမျှစွာသော ပုတီး၊ နာဋောင်း၊ လက်ကောက်၊ ခြေကျင်း၊ ခါးကြိုး၊ ဒွါဒရာ၊ ပါလည်ကွဲ့၊ မောင်း ကွက်၊ ခါးချပ်၊ မိန်ညို အစရှိသော အ၀တ်အစား တို့တွင်လည်း ရတနာမျိုးစုံ တို့ကိုလည်းကောင်း၊ ဖျင်ပုဆိုး၊ ပိုးပုဆိုး တို့ကိုလည်းကောင်း စီခြယ်ဝတ်ဆင်ရသည်။

ယခုနှစ်တွင် အကျွန်သည် ဆင်ယင် ထုံးဖွဲ့မှုများ အနက်၊ ရှေးခေတ် ရက္ခိုင်တို့၏ ဗောင်းတော် လေးဆယ်၊ စလွယ်တော်ကိုးပါးဟူသော ကဗျာပုဒ်ရင်းကြီးမှ ဗောင်းတော် လေးဆယ်တို့တွင် ရှစ်ပါးသော ဗောင်းတော်ကို ထို ပုံစံနှင့်တကွ တင်ပြပါသည်။ ယခုတင်ပြသော ဗောင်းတော်တို့မှာ ရက္ခိုင်ပြည် မြောက်ဦး နေပြည်တော် ကောင်းစားစဉ် အခါက ဘစောဖြူစောမွန် (ကာလီမသျှာသလ်) မင်းတရားကြီးသည် ရန်အောင်ဇေယျ ပုထိုး တော်ကြီး ၏ အရှေးမောက်ခပ်ယွန်းယွန်း တစ်ခေါ်မကသော ခရီး၌ ဟမီဝန်မည်သော နတ်တောင်ကြီး၏ တောင်စွယ် အပေါင်းတို့တွင် တတိယမြောက် တောင်စွယ်၌ မဟာဗောဓိစေတီတော်ကို တည်ထားခဲ့သည်။

ယင်းစေတီဂူတါင်း လက်ဝဲ-လက်ျာ နံရံတို့တွင် ထီးခဏ်း နန်းခဏ်း ထွက်တော်မူခဏ်း ရုပ်လုံးများကို ထုထား သည်။ ယင်းရုပ်လုံးမှ ထွက်တော်မူခဏ်း၌ ပါဝင်သော ဆင်ယင်ထုံးဖွဲ့မှုတွင် မြောက်မြားစွာ ပါဝင်နေသည်။ ဗဟုသုတပွားများစေရန် ရည်သန်သော စိတ်ထားဖြင့်လည်းကောင်း၊ တိမမြုပ်ပျောက်ကွယ်လုမတတ် ဖြစ်နေ သော ရက္ခိုင်ယဉ်ကျေးမှုကို တင်ပြခြင်းဖြင့်လည်းကောင်း၊ ရှစ်ခုသော ဗောင်းထုပ်တော်တို့ကို တင်ပြခြင်း ဖြစ်ပါသည်။

ဗောင်းထုတ်တော အမည်များကို ဤဆောင်းပါး ရှေ့ပိုင်း၌ အနည်းငယ်ဖော်ပြခဲ့ပြီ။ လက်တွေ့ဗောင်းထုပ်များ ကို ရှေးဟောင်းဘုရား ဂူတို့၌ တွေ့ရှိငြားသော်လည်း ရာဇ၀င် သမိုင်းစာပေ ကဗျာလင်္ကာတို့နှင့် အသေအချာ နှိုင်းညှိရသေးသည်။ ယင်းနောက် နန်းတွင်း၊ နန်းပြင် ဆင်ယင်ထုံးဖွဲ့မှု နိဒါန်းစဉ်လာတို့နှင့် ညှိနှိုင်းရသေး သည်။ ထိုသို့ပြီးမှ သေချာစွာ သက်သေ သာဓကပြု၍ တင်ပြရပါသည်။ ဤသို့ တင်ပြရာတွင် နှစ်စဉ်နှစ်တိုင်း ရက္ခိုင်ကျောင်းသူ ကျောင်းသားတို့၏ စာစောင်၌သာ များသောအားဖြင့် တင်ပြခဲ့ပါသည်။

တစ်နှစ်လျှင် တစ်မျိုးကျစီ တင်ပြနေပါသည်။ သတိမူသော စာဖတ်ပရိသတ်တို့ မှတ်မိကြပေလိမ့်မည်။ ကမန် တော်တို့ တင်ပြခဲ့သည်မှာ ဘာသာရေး ယဉ်ကျေးမှု၊ စာပေ ယဉ်ကျေးမှု၊ ထီးခဏ်းနန်းခဏ်း ယဉ်ကျေးမှု၊ ဆင်ယင်ထုံးဖွဲ့မှု ယဉ်ကျေးမှု တို့ကို တင်ပြခဲ့ပါသည်။

ယင်းသို့တင်ပြရာ၌ သက်သေ သာဓက ခိုင်လုံစွာဖြင့် လည်းကောင်း၊ သက္ကရာဇ် ရာစုနှစ် အစဉ်အလာဖြင့် လည်းကောင်း၊ ကျမ်းဂန်စာပေ၊ ကျောက်စာပုရပိုက်တို့နှင့် တင်ပြနှိုင်းညှိသည်တို့ကို နှိုင်းညှိတင်ပြ၍ ကဲ့ရဲ့ ခြင်းကိုလည်းကောင်း၊ ပြစ်တင် ရှုံ့ချခြင်းကိုလည်းကောင်း ခံခဲ့ရသည်။ ချီးမွှမ်းခြင်း အားပေးခြင်းတို့ကိုလည်း ခံခဲ့ရသည်။

မည်သို့ပင်ဖြစ်လင့်ကစား ကောင်းသော အာသီသတို့ဖြင့်သာ တင်ပြရခြင်းကြောင့် နှစ်စဉ်နှစ်တိုင်းပင် တင်ပြ ပါဦးမည်။ ကျွန်တော်၏ ဆောင်းပါး ရေးသားရာတို့တွင် မည်သည့် ပုဂ္ဂိုလ်ထံမှ အရေးအသား၊ ဆောင်းပါး၊ ကဗျာတို့ကို ခိုးယူခြင်း၊ အမည်ခံခြင်း၊ ပုံတူကူးယူခြင်း မပြုလုပ်ခဲ့ပါ။ နောင်ကိုလည်း ပြုလုပ်လိမ့်မည် မဟုတ် ပါ။ လွန်ခဲ့သော နှစ်တစ်နှစ်အတွင်းက ဆောင်းပါး တစ်ပုဒ်သည် အကျွန်မရေးဘဲနှင့် အကျွန့်အမည်ကို တပ် ထားပါသည်။ ယင်းဆောင်းပါးမှာ အကျွန်လည်းမရေးပါ။ အမည်တူခြင်းသာဖြစ်ပါသည်။ အကျွန်မဟုတ်ပါ။ ဆောင်းပါးပိုင်ရှင်နှင့် တကွ၊ သားမြေးတို့ စိတ်ဆိုး မာန်ပါသည်ဟု ကြားသိရပါသည်။ အကျွန်မဟုတ်ကြောင်း ပြန်ကြားပါသည်။ စိတ်ဆိုးမာန်ပါခြင်းကို ခွင့်ပြုကြပါ။

ရက္ခိုင်ဆင်ယင်ထုံးဖွဲ့မှု အမျိုးမျိုးတွင် တစ်ပါးအပါအ၀င်ဖြစ်သော (ဗောင်းတော်လေးဆယ်) အမည်များကို နောင်ရေးလတ္တံ့သော ဆောင်းပါးများတွင် ဆက်လက်ရေးသားပါဦးမည်။

ယခုနှစ်တွင် -
(က) ပုရောဟိတ် ဗောင်းထုပ်။
(ခ) အတွင်းဝန် ဗောင်းထုပ်။
(ဂ) လွှတ်တော်ဝန် ဗောင်းထုပ်။
(ဃ) ဟူးရားသူကြီး ဗောင်းထုပ်။
(င) ဇုန္ဒတ်လက်ျာပျံချီ ဗောင်းထုပ်(ရေတပ်)။
(စ) ဇုန္ဒတ်လက်ျာပျံချီ ဗောင်းထုပ်(ကြည်းတပ်)။
(ဆ) ဓားပိုင်ကြီး ဗောင်းထုပ်(ရေတပ်)။
(ဇ) ဟူးရားသွေားကြီး ဗောင်းထုပ် တို့ကို တင်ပြပါသည်။ ဗောင်းထုပ်တော်တို့ကို ကြည့်ခြင်းအားဖြင့် မင်းခဏ်းမင်းနားတို့တွင် မည်သို့ဆင်ယင်ပုံ၊ တစ်ခေတ်နှင့်တစ်ခေတ် အပြောင်းအလွဲရှိပုံတို့ကို ဝေဖန်နှိုင်းညှိ နိုင်သည်။

အဆောင်အယောင် အနေအထားတို့ကိုလည်း သိနိုင်သည်။ ဆင်ယင်ထုံးဖွဲ့မှုကို မြင်ရခြင်းအားဖြင့် ရှေး ဟောင်းနိပါတ်တော်နှင့် ပြဇာတ်တို့ကို ကပြရာတွင် အသုံးပြုနိုင်သည်။ သို့မှသာလျှင် ရက္ခိုင်တို့သည် ကမ္ဘာ ပေါ်ရှိ လူမျိုးအသိးသီးတို့ကဲ့သို့ ယဉ်ကျေးမှုကို ဖော်ထုတ်နိုင်ပေလိမ့်မည်။ "ဗောင်းတော်လေးဆယ်၊ စလွယ် တော်ကိုးပါး၊ ခါးကြိုးငါးရပ်၊ လက်စွပ် ရှစ်ဆယ့်တစ်၊ လည်ရစ် ကိုးသွယ်၊ နဗေကိုးဆင့်၊ ကြည်ပါင့် ဆယ့် ခြောက်၊ လက်ကောက် နှစ်ဆယ်၊ ပန်းသွယ်ငါးမျိုး၊ ဆံထိုးရှစ်ခု၊ ပန်းစံရှစ်ချပ်၊ ခြေစွပ်ခုနစ်ပါး၊ ကိုယ်လွှားငါး မျိုး၊ အဘိုးအနဂ္ဃ၊ ထိုက်တန်လှသည့်၊ ဇရာမစ္စာ၊ ဒလိုဒါဥပ္ပ၊ သေဠိယနှင့်၊ ဗြဟ္မဏပုရောဟိတ်၊ နိမိတ်ဖြတ် ဟူရားသွေး၊ ရှေ့ပြေးသံတော်ဆင့်၊ မျိုးမြင့်၊ မျိုးမြတ်၊ ပရိသတ်တို့၊ တင့်အပ်ဆင့်ရာ၊ အဖြာဖြာကို၊ လင်္ကာဤ သို့ ကုံးသတည်း"ဟူသော ရက္ခိုင်နိဒါန်းကျမ်း ပထမတွဲ၌လာသော မင်းခဏ်းမင်းနား ဆင်ယင်မှုမှ အနည်း ငယ်ဖော်ထုတ်ပြီး လက်တွေ့အားဖြင့် ရှေးဟောင်း ရုပ်လုံးများ ရှာဖွေတိုက်ဆိုင်လျက် တင်ပြပါသည်။ အမည် နာမ အတွန့်အတက်တို့ကို ဖော်ပြပါက စာအုပ်ကြီးတစ်အုပ် ဖြစ်သွားပေလိမ့်မည်။ ဤမျှနှင့် နိဂုံးချုပ်လိုက်ပါ သည်။

ဦးသာထွန်း
ရခိုင်တန်ဆောင်
ရခိုင်တန်ဆောင်မဂ္ဂဇင်း (၁၉၆၀-၆၁)

ဦးဦးသာထွန်း (ရခိုင်၊မြန်မာ ပဏ္ဍိတ်) ရေးသားသော ရခိုင်တန်ဆောင် ဆောင်းပါးများမှ -

No comments:

Post a Comment