မေရို့ပန်ရာ ကဗျာတိ

ရခိုင်သည် ပွင့်လန်းခဲ့စဉ်က ပန်ရာပန်းများလည်း ဝေဆာခဲ့သည်။ အလှပန်းဖြင့် ရခိုင်သူများတို့လည်း ကြက် သရေ တက်ထွန်းခဲ့သည်။ ပန်ရာပန်းတို့တွင် အလှပန်းကား အစဉ်တင့်ရွှန်းရန်လိုသည်။ တကြိုင်ကြိုင်သင်း၍ တလှိုင်လှိုင် ဖြန်းနေရမည် ဖြစ်သည်။ သံတွဲသူ စောရင်မိသည် သရဏာပန်း သုံးဆင့်ဖြင့် မင်းခရီ အလီခင် ကို မေနှင့်ဓိဌာန်ပန်ရစေကြောင်း ဆက်သွယ်ကမ်းခဲ့သည်တကား။

ပန်းတကာတွင် သရဏာပွင့် သရဏာပန်းကား အထွတ်မြတ်ဆုံးတည်း။ ကြည်ဖြူ နှလုံး အမြတ်ဆုံးဖြစ်သ တည်း။ထိုပန်းကို အချစ်ဆုံး မောင်တော်ကို ပန်ဆင်စေလိုသည်။ မောင်တော်နှင့်ချစ်ကြည်ဖြူစွာ ပန်သမှုပြုရ စေလိုသည်။

စောရင်မိ၏ သရဏာပွင့် ပန်းသုံးဆင့်ကို မေနှင့်ဓိဌာန် ပန်ချင်လိုသည်တကား။ နန်းတွင်းမိညိုလည်း ပန်း သုံးပွင့်ကို ဖူးပွင့်စေချင်သည်။ တစ်ပွင့်ပန်းကား နေ့ခင်းပွင့်လန်းသော နေရောက်လျှံတကား။ တစ်ပွင့်ပန်း ကား ညဥ့်ခင်းရောင်ဝါ လန်းသော ငွေလစန္ဒာတည်း။ တစ်ပွင့်ပန်းကား နေ့ရောညဥ့်ပါ တင့်တယ်လှသော သနင်းထွတ်ခေါင် ဘုန်းရောင်ရှင်တည်း။

ထို့ကြောင့် သူမသည် ဤသို့ တမ်းတခဲ့သည် မဟုတ်လော။

(၁) ပန်းသုံးပွင့် တစ်ပွင့်ပန်းကား၊ နိခင်းရောင်ဝါ နိကိုသာလျင်၊ ပွင့်ပါပေ၏ အို ချစ်မိ။
(၂) ပန်းသုံးပွင့် တစ်ပွင့်ပန်းကား၊ ညဥ့်ခင်းရောင်ဝါ ညဥ့်ကိုသလျင်၊ ပွင့်ပါပေ၏ အို ချစ်မိ။
(၃) ပန်းသုံးပွင့် တစ်ပွင့်ပန်းကား၊ နိခင်းတည်းပွင့် ညဥ့်လည်းတွင်၏။ သနင့်ထွဋ်ချာ၊ စောရာဇာကို၊ စာဆို အကျွန်၊ မြင်ပြန်လတ်၏၊ အို ချစ်မိ။

ရခိုင်သူတို့ကား ပန်းအလှဖြင့် တင်ခဲ့သည့်အတိုင်း ဗုဒ္ဓမြတ်စွာ၊ ထွဋ်ချာသနင်း၊ ပန်းများမင်းကိုယ် ဓည၀တီ ခတ်ကပင် ပန်ဆင်လာခဲ့ကြသော ပန်းဘုရင်များ ပေတကား။ ထို့ကြောင့် အထွဋ်ဆုံး လုပ်စရီပန်း၊ လိစ္ဆရီ၊ လိစ္ဆညို၊ ဂေါ်သဇင်၊ ပဒုမ္မာကြာ ပန်းတို့ဖြင့် သနင်းထွဋ်ချာ၊ ထိပ်တော်မှာ ပန်သခဲ့ကြပေ၏။ ထိုပန်းတို့ကား တခေတ်က လန်းခဲ့သလောက် ရခိုင်မှာပွင့်ဆန်းခဲ့သည် မဟုတ်ပါလော။ ရာသီအလိုက် ပန်းများဖြင့်ကို ဆွတ် ခူး၍ ဗုဒ္ဓသခင်မေ့ထွဋ်တင်ကို ပန်ဆင်ခဲ့၏။ ပန်အေင်ပွဲ၊ မာလာပြန်ပွဲ၊ ပြော့ဦးဘုရားစင်ပွဲ နွဲခဲ့သည်တကား။ ပန်းတကာတွင် သရဏာပန်း၊ (ကိုးကွယ်ရာပန်း) သရဏာပန်းခေါ် "ဘုရား၊ တရား၊ သံဃာ" ပန်းသုံးဆင့်သာ အမြတ်ဆုံးဖြစ်သည်ကို ရခိုင်သူမတို့ အသိဖြစ် ကြသည်။ တမ်းတဆွတ်ခူးခဲ့ကြသည်။ ရခိုင်မှာသာ ပွင့်ပါရန် ရည်မှန်းခဲ့ကြသည်။ ထိုပန်းကို မေရို့ပန်ရာ ပြုခဲ့သည်။

အလားတူ ရခိုင်တောင်ခွင် တောင်တန်းတို့မှ အလှပန်းများကိုလည်း မခြောက် လန်းစေလိုချေ။ ဖူးပွင့်သမျှ မေတို့ ပန်ရာသာ ဖြစ်စေချင်သည်။ မောင်တို့ချစ်စဖွယ် အလှဝေဖြိုး စေလိုသည်။ တခေတ်ကလို ရခိုင်ရိုးရာ ကိုယ်မွှေးဖြင့် ၀င်းလှကြှို်သင်းရနံ့ ချင်းစေလိုသည်။ ဆေးပန်းညို၊ ပစဲပဲနီ့သာစေ့တို့နှင့် အညီအမျှ အမှုန့်ပြု၍ ပွတ်လိမ်းလာခဲ့ကြသည်။ ရေမိုးချိုးစဉ်အခါ ပွတ်လိမ်းခြင်းဖြင့် ချေးညှော်ကင်း၍ အသားအရေ ၀င်းစေသည်။ အစဉ်လိမ်းသဖြင့် မွှေးကြိုင်သင်းပျံ့သော ရနံ့လှိုင်စေသည်။ ယင်းသို့တကိုယ်လုံး ၀င်းသင်းပျံ့ ကြိုင်လှိုင် တင့်နိုင်အောင် ဆင်ယင်ပန်သလျက် သျှင်သာ ရခိုင့်တန်ဆောင်လောဟု အသရေဖြန်းကြွ ရပေလိမ့်မည်။

ရခိုင်သူမ၏ တင့်ရာစဖွယ်၊ ပန်ရာ ပန်းထွေထွေတွင် ရခိုင်ဓလေ့စရိုက် ယဉ်မူဟန်တဝေေ၀တို့ကို မပစ် သင့် ပေ။ ထို့ကြောင့် ရခိုင်သူတို့၏ ပင်ကိုယ်အလှများကို ရွေးချယ်၍ ပန်းသချင်စဖွယ် ပန်ရာ ကဗျာပန်းတို့ကို လန်းဆန်းစေရန် အစဉ်ရေဖြန်း ဆွတ်ခူးကြရမည်။ ဓလေ့အလှကို ရွေး၍ စိုက်ပျိုးကာ အစဉ်ပန်ဆင်ကြရန် မေရို့ ပန်ရာ ပန်းခင်းကို လှတင့်လှကောင်း စင်တင်၍ ပြကြရမည်။ မိမိနှင့် လှတင့်ရာ လင်ငင်းရွေးချယ် ဖလှယ် ပန်ဆင်ကြစေလိုသတည်း။ (စောပြည့်ညို စာပီပိုင်းအတွက် ရည်ရွယ်လျက်)

မေရို့ပန်ရာ ကြာပဒုမ္မာ

အတွင်းကန်မှာ ကြာနီထောင်သောင်း
ကြာပေါင်းထောင်ရာ၊ ပွင့်သောခါလည်း
မေရို့ပန်ရာ ပဒုမ္မာကား မပါသိ။
အပြင်ကန်မှာ ကြာနီထောင်သောင်း
ကြာပေါင်းထောင်ရာ၊ ပွင့်သောခါလည်း
မေရို့ပန်ရာ ပဒုမ္မာကား မပါသိ။
ယင်းကြာပွင့်ကား သာတောင်းသာယာ
ရခိုင်မှာသာ ပွင့်စပါလိ၊
ပွင့်ပါလိမေ၊ ပွင့်လိမေ။
(အသျှင်စက္ကိန္ဒ၏ ရခိုင်သဘာဝတေးကဗျာများမှ)

ရွှီပြည်ရက္ခိုင် မဏ္ဍိုင်စိုက်ထူ

ရက္ခမယေမဏ္ဍိုင်၊ မျိုးရခိုင်လေ
ကြိုင်ကြိုင်လည်းသင်း၊ အပြည်ပြည်မှာ
ကျော်သတင်းနှင့်၊ ခပင်းရန်သူ
မဖြူကင်းဝီး၊ ပြည်ဗဟိုရ်မှာ
ပန်းတောင်းမွှီးလို့၊ ပူရီးဖူရာ
ငါရို့မှာလေ၊ ကြောင်းရာမဟိ
ချင်းအိအိနှင့်၊ ရက္ခ၀ံသာ
မျိုးဇာတာလေ၊ မှန်ကင်းဖူးသို့
ထူးထူးချွန်ချွန်၊ စစ်အောင်လံကို
တံခွန်လည်းထူ၊ ရွှီပြည်သူမှာ
အမှုမဟိ၊ ချမ်းအိအိနှင့်၊
ဝမ်းသိဝမ်းသာ၊ ပျော်ရာပျော်ပါး၊
ရခိုင်သားလေ၊ သာစွလေ။

ပင်လယ်ငါးသဘင်

ရန်ငံမြို့ရွာ၊ ထွက်သွားပါသည်၊ ယင်းခါတွင် ကမ်းမမြင်လတာမှာ၊ လိပ်ကျောက် ငမန်း၊ ပြွန်းပြွန်း ပေါ်လှာပြန် က၊ ငါးဆင်သာရောက်လတ်မှ၊ ငါးတောင်သူလည်း၊ ရီတွင်ဖြိုထိုးကြ၏။ လင်းသျှူပပေါ်လှာကာ၊ ရီမိကျောင်း လည်း တိုက်မည်ချည်းသာ ရှာလျက်၊ ပြင်သာမှာတရွ၊ ပတ်ကာဝန်းကာ၊ ရစ်ကြပါသည်။ ထိုမှ လိပ်ငန်းမကို၊ ဆောင်ရှား ကပြုရုပ်ဟန်၊ ငါးဓါးရှည် ရီတွင်ခုန်လွှား ပြန်လျက်၊ တခါးဟန့် သူ့ဘာသာ၊ ငါးသဘင်ကို ယင်းတွင် မြင်ရပါ၏။ (မြန်မာချီရတုမှ- အိမ်ရှင်မက လင်အောင် ဒေးဝန်းကြီး အောင်ကျော်ရှီ မြန်မာပြည်သို့ ရေလမ်း သွားစဉ် မြင်ရပုံကို မောင်ဖွဲ့ရတု စပ်ဆိုထားသည်။)

ပင်လယ်ငှက်သဘင်
(ငါးသဘင်မှ အဆက်)

(ငါးသဘင်ကို ယင်းတွင်မြင်ရပါ၏။) ဝေဘူမှာ စဉ်ကာပျော၊ တင်းကျိပ်ငယ်လည်း၊ ရီတွင်ငတ်ကာစားလျက်၊ ကြိုးကြာမှာက ဌာန၊ အခြိုစင်းစင်း လိုင်ကြင်းကြင်း၊ (ကျင်း ကျင်းဆင်၏)နှင့်၊ ခုန်ဆင်းခုန်ဆင်းကြ၏။ ရီရှက် ပဟင်္သာမှာ၊ မောင်နှံနှစ်ပါး၊ တူစုံသွား၍၊ တောင်ဖျားယှက်ချုံကာနှင့်၊ အစာလာခွံကြလျက်၊ လိုင်ချင်းယှက် တင်၊ ပြူးပျော်ရွှင်သည်၊ ရီတွင်သဘင်ငှက်တို့၊ မေချစ်သက်ပြန်သောခါ၊ သားဦးမိခင်၊ ငယ်ကျွမ်းဝင်သည်၊ ယင်းတွင် ပြန်လှာတည်း။ (မြန်မာချီရတု)

လင်ဗိန်တုံး

ပဒုံးပယောင်ယောင်၊ ရမောင်လေ၊
ဗိန်းသမတို့၊ မယားမစစ်၊ သားမစစ်၊
ဗိန်းယစ်လို့ပင်၊ မီးပြင်ပြင်၊ လက်တွင်ဆီးလိပ်
ဘယ်ကညှပ်လို့၊ မအိပ်ယောင်ယောင်၊ အိပ်ယောင်ယောင်
သပေါက်ဆိုးမှာ၊ ကားရီကားရား၊ လူတကာပိုင်
အားခွန်ထုတ်၊ လုပ်မစားလေ၊ မယားရို့မှာ
ခါးမှာဖွီသာ၊ တအာနာ ခါးမှာမဟိ၊ အိမ်ရောက်ခါ
ရွာပြတ်မိ၊ နင်ရို့ဣနြေ္ဒရတတ်ကေ၊
မျက်ရည်ကိုသုတ်၊ တရှုပ်ရှုပ်နှင့်၊
လူလိုပိတ္တာ၊ မေတ္တာနှလုံး၊ စိတ်ပူပင်
လင်ဗိန်းကုံးလေ။ (နန်းတွင်းမိညို ဆို-အထောက်)

ပေးပါဆေးလိပ် (ဇမ်းလင်္ကာ)

ခကိုသဝေ၊ ၀ကိုတွယ်၍
ဝစ်ကိုလည်းစီး၊ လမှာဝတင်
ဂကို ပက်လှန်၊ တန်ခွန်လည်းလွှား
ပုစ္ဆာများကို၊ ပြောလိုက်ပါလေ
ပေးလိုက်လေ၊ (ရခိုင်သူစာဆို နန်းတွင်း မိညိုဖွဲ့)
ဝစ်=(၀စ္စ) ၀စ္စပေါက်။

မေရို့လှီ

(လရဲးပြ၊ တက်ရဲးပြ)
ရွှီနန်းတော်က လှီပြိုင်ချ
သစ်ခက်သစ်ပင်ဦးမှာတင်- ဦးမှာတင်။
ပဲ့စင်ကလှော် ဦးကလှော်
လှီလှော်ကောင်း၏၊ မေရို့လှီဟေ့။
လှီကောင်းရေနန့်၊ လားရေနန့်ဟေ့။
တဆဲ့ငါးလန်၊ သင်္ဘောပျံ
လိုက်မည်ဆို၊ လိုက်မည်ဆိုကေ၊
လောင်းအိုကြံဆစ်၊ နောက်ကလိုက်။
ကြံဆစ်လောင်းမှာ၊ ထီးမပါကေ့။
မေရို့ထပိန်၊ တင်းထိန်းခါးကြိုး
ထီးလုပ်လို့မိုး။ (ရမ္မာဝတီကုန်ဗွီကျောင်း ဆရာတော်မှ)

အိပ်ပါ ပုလဲညှာ (ပုခွက်ရွဲသားချော့)

အိပ်ပါအိပ်ပါ၊ ပုလဲညှာကေ၊ သည်းချာတဦး
မြအေးယဉ်လေ့၊ တင်ကာကျူးကေ၊
သားဦးမောင်လှ
မက္ကလာလည်းတထည်၊ လျှော်လည်းတထုံး၊
နောက်ကဖုံးတေ၊ ပြုံးသိပုံသွင်
ကျွဲကျောင်းဝင်လေ၊ ပပြင်လိုက်ရ၊
ချစ်တေသူလေ၊ အသံပီးကေ
အ၀ီးကလေ၊ အ၀ီးက။

ချစ်ရောက်မဖို့ သတင်း

အ၀ရာလည်း ရီငန်၊
အဖျားရာလည်း ရီကောင်း၊
ကုန်သည်ပျော်ကေ၊ ရီသာချောင်းမှာ
ဝါးရောင်းလားခါ၊ တင်းဝါးပါရေ
ဝယ်ပါခလိုက်၊
ကောက်ညှင်းဆန်ကို ဖြူယောင်ဖွတ်ကေ၊
ဖုတ်စားကတ်ပေ၊
ချစ်ရောက်မကို မှာလိုက်ကေလေ။

ရက်ကန်းတတ်စောင်

တွင်းပူးတွင်းခိုင်၊ အပြိုင်လက်ယှက်
လေးတိုင်စင်ကေ၊ ယဉ်စင်ထက်မှာ
တန်းပြက်စီ၊ ကြိုးခြီ ၊ မပါစီဘဲ
သနားညီယောင်၊ နှုတ်ရွှီသံမြ၊
သမီးပျိုကို ပြောဆိုပြရေ။ (တန်းခိုးဆရာထွန်း)

သဇင်ပန်ရာ

သဇင်စပေါ် လနတ်တော်မှာ
ဗိုင်းပိုင်နှင်းဖြန်း၊ သဇင်ပန်းမှာ
ဆက်ဆက်လန်းရေ
ပွဲရောင်ယင်းပန်း၊ ဆွတ်ခူးပြီးကေ
နန်းဗရဝေ၊ ဆောင်လို့ယူကေ၊
ဦးစပြတ်စွာ၊ ပူဇော်ပြီးမှ
ထိပ်ခေါင်လျင်ပန်း ပြီးကေမိဿံ
ကျွန်မကုမ္မာ၊ နောက်မှပန်ရ။

ပေါ်ဦးသဇင်

ပေါ်ဦးသဇင်၊ အထွတ်တင်
တကန်ရပသားဖို့
တကန်ရ ခယ်မဖို့
ပြော့ထက်ဦး အိပ်ဦးဘုရားစင်၊
ညောင်ရီအိုး၊ မိခယာလား-အိုမတ်သျှေ။
ဇောင်ပင်မိုက်လား အိုမတ်သျှေ။
ထုံးတမ်းစဉ်လာ၊ ဘိုးစဉ်ဘောင်ဆက်
မိရိုးဖလာ၊ ဟိရေစွာကို
မင်ခယာလား- အိုမတ်သျှေ။
ဇောင်ပင်မိုက်လား အိုမတ်သျှေ
ကောက်ဦးသဇင်၊ ဘုရားတင်
အိမ်ဦးအရ တတန်ပန်၊
အိပ်သျှင်ရာသျှင်၊ ပူဇော်ပသ၊
အယ်ဆိတ်ထရံ နတ်ပြွန်အိုး။
ထိုးပြီးကေမှ၊ ပန်ရစွာကို
မိခယာထား အိုမတ်သျှေ
ဇောင်ပင်ပိုက်လား၊ အိုမတ်သျှေ။ (သုတေသီ မောင်သာအောင်(ကွယ်လွန်)ထံမှ)

ငယ်ကကျွမ်းကို လွမ်းဖို့ဆို

က၀ိကဏ္ဍ ကျမ်း၌ပြထား
အယင်ကခါ၊ ပြည်ဓညာဝယ်၊
ဝေသာနန်းမ၊ ရာဇတနှိုက်
ဝဏ္ဏပဘာ၊ ကလျာမေလျ၊
အလှသဇင်၊ တသလျှင်သည်
မြင်ရအာရုံ၊ စွဲထုံတတ
ဂိုဏ်းရှစ်ဝဖြင့်၊ ဖော်ပြပြီးခါ
ပဘာမည်ရ၊ သုဝဏ္ဏသည်
ငယ်ကကျွမ်းကို၊ လွမ်းဘွဲ့ဆို၍
တသတည်း။ (ဆရာဦးဦးသာထွန်း ထံမှ)

အပျိုဓမ္မတာ ဆိုပြောကြရာ

ဇမ်းလင်္ကာဖြင့်၊ မေသာတလှည့်
မြကြာညောင်မှာ၊ မောင်တလှည့်နှင့်
ဖွဲ့နွဲ့ပြောဆဆို၊ ညဥ့်ဗဟိုရ်လေ
သုံးဗိုရ်ကူးပြောက်၊ နာရီဆော်တေ
ခါတော်ရောက်လို့၊ မိုးသောက်ချိန်တန်
ကြက်ဦးတွန်သော်၊ ဘုန်းလျှံမင်းသား၊
နန်းဝေယံက ပြန်လေငြားရေ။ (တန်ခိုးဆရာထွန်း)

မ၀ါစီချင်

ခပြုံးလည်းရယ်၊ ကညာပျိုလေ၊ ဆိုပြာချောမှာ၊ ပြောလတ်တေလေ၊ ၀ါခြည်ရက်သန်း၊ ဆေးထန်းရွှေဝါ၊ နနွင်း ၀ါသို့၊ ခ၀ါတန်းက ၀ါဂွမ်းလိုလို၊ ၀ါချင်လိုကေ၊ ၀ါဆိုကုန်ထ၊ ၀ါခေါင်လမှာ၊ ၀ါမရှီတွင်၊ မွီးမိခင်လျှင်၊ ဖွားမြင်၍ ပေ၊ သင်္ကန်းဝါကို၊ ခ၀ါဖွတ်သို့၊ ၀ါလတ်တေလား၊ ၀ှက်ကွယ်ပထား၊ မေ၏ထံမှာ၊ မှန်ရာပြောကေ၊ များပြား ရတနာ၊ ငွေသပြာလေ၊ ဆုတော်ချမည်။ (တန်ခိုးဆရာထွန်း)

မောင်ကိုတမ်း (လက်ရွီးလင်္ကာ)

တောကျောင်းဝိဟာ၊ တိုက်တော်သာက
ပလာမောင်ကြောင့်၊ စိုးနှောင့်ဗျာပါ
သလွန်သာဝယ်၊ မေသာခေါ်ထူး၊
မကြားဘူး၍၊ ညဥ့်ဦးသန်းခေါင်
လရောင်ပေါ်ထွန်း၊ မောင်ကိုလွမ်းသည်
ရွှန်းရွှန်းမျက်ရည် ယို၏တည်း။
မူကွဲ-မကြားဘူးသည်

တွက်စားမကျွီ၊ ၀မ်းမကြွီ

ဖြောက်စိတ်ကေရာ လဆိုင်းထမ်း
ကောင်းကင်ပြည်မှာ ကြယ်ကနန်းကို
ဦးစွန်းတော်က ကြယ်ကြည့်မေလိုင်
ပိုးနှင့်န္ဓီ၊ ရာသီရှာလေ၊ အပြောင်း
ပြတ်ရာ ၀င်ကေ သျှင်ပင်ကျောင်းက
သစ်မောင်းစည်သံ တီးလတ်တေလေ။
အခါကျလို့၊ ပေလှနှစ်တွင်
စိတ်မရွှင်လေ၊ နိုးလျင်ဗျာပါ၊
အဖြာဖြာကို၊ ၀မ်းမှာထွက်လို့၊
တသက်မကန့်နိုင်တကားလေ။ (ရခိုင်သူစာဆို စောလုံမ ဖွဲ့)

တပ်အပ်မင်္ဂလာ၊ မြင့်မြတ်ရာ
(မြတ်ရာဝင်ရှင်အဖြစ်)

သားငယ်သားကြီး၊ ငါမိခင်လေ၊ ရွှေရင်သွီးရို့
ကြီးခဲ့တုံမြောက်၊ မျက်ရှုသဖွယ်၊ သက်နုနယ်က
အရွယ်ရောက်လျင်၊ နှစ်ယောက်ညီနောင်၊ ရှေ့နောက်မြင်၍
မိခင်ဖွားကေ၊ သားလှမောင်တို့၊ ပြောင်ပြောင်ဝါရွှန်း
စီဝရံလေ၊ ဖန်ရည်စွန်းသည်၊ သင်္ကန်းသပိတ်၊
ဆံကေသာကို၊ ပယ်ကာရိတ်ကေ၊ ပရိက္ခရာ၊
ဝတ်ပန်းဆင်လို့ ရှင်အဖြစ်ကို၊ အင်ရှစ်ဖြာနှင့်
သာသနာတွင်း၊ တင့်အပ်မင်္ဂလာ၊ မြင့်မြတ်ရာသို့
သွတ်ကာသွင်း၍၊ ဆောက်နှင်းအောင်မြိုက်
အရဟမ္မတွင်၊ ပြတ်ရာဝင်လေ၊ ရှင်အဖြစ်၌
သားချစ်နှစ်ယောက်၊ အစမ်းဝင်လေ၊
တ၀င်သောက်တို့၊ ချီးမြှောက်ပြီးရေ။ (တန်းခိုးဆရာထွန်း)

ရွှီပန်းတူ ကစားစဉ်ဆိုသံ

(ကျားမအတင်အချဆိုဟန်)
ကျား(အတင်) - ရွှီပန်းတူ၊ မောင်ပင်၊ ညွန့်ရှင်လုံးတတ်၊ ထိုမှာဆက်က ကျွဲခတ်တေလေ၊ ကျွဲပွဲကြည့်စောင်၊ နင့်သမီးကို၊ ခေါ်လာဖို့လေး။ မေမထားရို့။
မ(အဖြေ) - အခေါ်ပါလီ- ခေါ်ပါလီ၊ သမီးဖြူက မကြီးသိ၊
ကျား(အတင်) - နွားသရီ၊ ဆီရိပြင်လို့၊ နှင်းလာဖို့လေ၊ မေများရို့၊
မ(အဖြေ) - မနှင်းပါလီ၊ နှင်းပါလီ၊ ကျွန်မချစ်သူ၊ သမီးဖြူက မကြီးသိ။
ကျား(အတင်) - ကျွဲပွဲကြည့်စောင်၊ ခေါ်လာဖို့ဆိုရေ- ဇာခါကလဲ။
မ(အဖြေ) - အကျွန်တခါ၊ မပြောပါဘူး၊ ရွှီပန်းတူ၊ ရွှီပန်းပြောက်၊ (ကပြက် နှစ်ပြက်၊ ပေလက်ပြက်၊ ဖြူ ကန္နား၊ နွားက ပုတီး၊ မင်းသမီး၊ ညီးညီးပြောင်ပြောင်၊ မင်းရွှီးတောင် ရွှီတောင်တက်ပေ၊ ငွီဖြူပြာ၊ လူလာထွက်)

ပန်းသုံးပင် ပွင့်ငုံဆင် (အဲးခြင်း)

တီတီလီရေ၊ တီတလီဝန်းကျင်
သစ်သားသုံးပင်၊ မေအိမ်ရှိမှာ၊ ပွင့်ပုံဆင်လေ။
တပင်ထက်လျင် တပင်မမြင့်၊ ပန်းသစ်သားမှာ၊ အဆင့်ဆင့်လေ။
တပင်နှင့်လျင်၊ တပင်တိတိ၊
တတန်ပုံဟန်၊ နှစ်တန်ကြိုင်အီး၊
ပန်းသစ်သားမှာ၊ ရွာလုံးမွှီးလေ။
သုံးတန်ပုံဟန်၊ လေးဟန်ကြိုင်အီး၊
ပန်းသစ်သားမှာ၊ ပြန်လုံးမွှီးလေ။

အသျှင်စက္ကိန္ဒ

(ရခိုင်ယဉ်ကျေးမှုများ အမှတ်(၈) မှ -)

No comments:

Post a Comment