အမျိုးသားအမွေအနှစ် ထိန်းသိမ်းဖော်ထုတ်ရေး

လူမျိုးကြီးဝါဒ လွှမ်းမိုးချုပ်ချယ်မှု များလွန်းပါက လူမျိုးငယ်တို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံများမှာ အလျှင်အမြန် ပျောက်ကွယ်သွားနိုင်ပါသည်။ ရခိုင်သည် နှစ်ပေါင်းထောင်ချီပြီး ဤမြေ၊ ဤဒေ သ၌ နေထိုင်ဆင်းသက်လာကြသည့် တိုင်းရင်းသားများဖြစ်သည်။ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းအစဉ် အလာကြီးမားသည့် လူမျိုးဖြစ်သည်။ ၂၀၀၈-နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၃၄၅(က)အရ ရခိုင် လူမျိုးတိုင်းသည် တိုင်းရင်းသား မိဖနှစ်ပါးမှ မွေးဖွားလာသည့် မြန်မာနိုင်ငံသား စစ်စစ်များ ဖြစ်ကြပါသည်။

မြန်မာနိုင်ငံသားတိုင်းသည် ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၃၄၅(ဃ)အရ တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့် တစ်မျိုး (သို့မဟုတ်) တိုင်းရင်းသားလူမျိုး အချင်းချင်းကိုသော် လည်းကောင်း၊ အခြား ဘာသာ၊ သာသနာတော်ကို လည်းကောင်း ထိခိုက်နစ်နာမှု မရှိစေဘဲ  မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ၊ သာသနာနှင့် ဓလေ့ ထုံးစံများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့် ရှိပါ သည်။

နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့်တ ရား နှင့်ဆိုင်သည့် ပြဌာန်းဥပဒေများနှင့် မဆန့်ကျင်ရန်သာလိုပါသည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပုဒ်မ-၃၆၅၌လည်း "နိုင်ငံသားတိုင်းသည် မိမိတို့ အမြတ်တနိုး ထားသော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးစံတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင် ဆောင်ရွက် ပိုင်ခွင့်ရှိသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိပါးမှုမရှိစေရန် ရှောင် ကြဉ်ကြရမည်။ မိမိတို့၏ ဆောင်ရွက်မှုသည် အခြားတိုင်းရင်းသားလူမျိုးကိုဖြစ်စေ၊ လူမျိုးများကိုဖြစ်စေ ထိ ခိုက်နစ်နာစေနိုင်လျှင် သက်ဆိုင်သူများ အချင်းချင်း ညှိနှိုင်း၍ ပြေလည်မှုရရှိပြီးမှသာ ဆောင်ရွက်ခွင့်ရှိသည် "ဟု ပြဌာန်းထားပါသည်။

နိုင်ငံသားတိုင်း၏ တာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ-၃၉၀(က)အရ "အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် နိုင်ငံတော်အား ကူညီရန် အလို ရှိ ကြောင်း" သတ်မှတ်ပြဌာန်း ထားပါသည်။

မိမိတို့သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ သတ်မှတ်ဘောင်အတွင်းမှ ပေးအပ်ထားသော နိုင်ငံသား အခွင့်အရေးကို အပြည့်အ၀ ကျင့်သုံးဖော်ထုတ်ပိုင်ခွင့် ရှိပြီးဖြစ်ပါသည်။ ဖော်ထုတ်ရန်လည်း လိုအပ်ပါသည်။

သို့ဖြစ်ပါ၍ မိမိတို့ ချစ်ခင်မြတ်နိုးသည့် ရခိုင်စကား၊ ရခိုင်စာပေ၊ ရခိုင်ယဉ်ကျေးမှု၊ အသိပညာ၊ ဓလေ့ထုံးစံ၊ ဘာသာ သာသနာအကျိုးကို အခြေခံဥပဒေဘောင်အတွင်းမှ ပူးပေါင်းထိန်းသိမ်းဖော်ထုတ် မြှင့်တင်ဆောင် ရွက်သွားကြရန် အထူးအရေးကြီးကြောင်း တိုက်တွန်းတင်ပြအပ်ပါသည်။

ရိုးမဒေါင်းရန်

( တိုးတက်ရေး သတင်းလွှာ အတွဲ(၁)၊ အမှတ်(၁၄)မှ- )

No comments:

Post a Comment