ဤဆောင်းပါးပါအတိုင်းဆိုလျှင် ဓါတ်ပုံတွင်ပါရှိသည့် နေ့စွဲမှာ မှားနေမည်ဖြစ်ပါသည်။ (၂၀၊ ၃၊ ၁၉၄၀) |
မြရှင်သကျ၊ သမ္ဗုဒ္ဓ၏
ပုတ္တရင်းစစ်၊ ဖြစ်ကြီးဖြစ်၍
မဟစ္ဆရိ၊ အံ့လောက်ဘိသား
တြိသာသနာ၊ စက်ရောင်ဝါနှင့်
မြန်မာမျိုးညွန့်၊ ညှိုးမတွန့်အောင်
သက်စွန့်လျက်ပင်၊ ရှေ့လမ်းထွင်သား
အရှင်ဥတ္တမ၊ ထေရိန္ဒလျှင်
ဝံသပါလိတ်၊ ရဲတိဟိတ်သို့
စိတ်စေတနာ၊ စူးစိုက်စွာလျှင်
မဟာဝရဇိန်၊ မိုးကြိုးရှိန်သို့
ပစ်ချိန်ကျင်းကျင်း၊ ရန်မာန်ခွင်းသည်
ဘက်ကင်းတေဇာရှိန်ဘုရား။
လယ်တီပဏ္ဍိတ ဦးမောင်ကြီး
သူ့ကျွန်မခံ အမျိုးသားဇာတိမာန် ထက်သန်စွာဖြင့် မြန်မာ့လွတ်လပ်ရေး ကိုလိုနီဆန့်ကျင်ရေးအတွက် ဦးစွာပထမ မြန်မာပြည်သူများကို စတင်တပ်လှန့်နှိုးဆော်စည်းရုံးခဲ့သူမှာ ဆရာတော် ဦးဥတ္တမပင် ဖြစ်ပေ သည်။
ဆရာတော် ဦးဥတ္တမသည် ဒေးဒရဲမြို့အပိုင် ဆူးကလပ်ရွာတွင် နယ်ချဲ့ဆန့်ကျင်ရေးတရား ဟောပြောမှုဖြင့် မအူပင်ထောင်တွင် ၁၂ လမျှ အကျဉ်းကျခံခဲ့ရသည်။
၁၉၂၂ ခု၊ ဇွန်လ ၂၆ ရက်နေ့တွင် မအူပင်ထောင်မှ လွတ်မြောက်သည်။ ထိုသို့ ဆရာတော်ထောင်မှ လွတ်မြောက်လာသည့်အခါ ၁၉၂၂ ခု၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် ရဟန်းရှင်လူများက ရန်ကုန်မြို့ ဂျူဗလီဟောတွင် တစ်ခဲနက် ဂုဏ်ပြုပူဇော်ကြသည်။ ယင်းပူဇော်ပွဲတွင် လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး က အထက်ဖော်ပြပါ ဘဒ္ဒန္တ ဥတ္တမအရှင်သူမြတ် ဘုန်းတော်ဘွဲ့ မင်္ဂလာရတုဖြင့် ရေးသားပူဇော် ဂုဏ်ပြုခဲ့လေ သည်။
ဆရာတော် ဦးဥတ္တမသည် ဤသို့ ချီးကျူးပူဇော်ခံထိုက်အောင်ပင် ကျွန်ဘ၀မှ လွတ်မြောက်ရေး၊ အင်္ဂလိပ် အစိုးရ ဆန့်ကျင်ရေးတို့တွင အမျိုးသားများ တက်ကြွလာစေရန် ကိုယ်ကျိုးစွန့် အနစ်နာခံ ကြိုးပမ်း ခဲ့သည်။
ဆရာတော် ဦးဥတ္တမ၏ ဘ၀နိဒါန်းပိုင်းသည် တစ်နိုင်ငံလုံး အုတ်အုတ်ကျက်ကျက် တစ်ခဲ နက်ဖြစ်အောင် အောင်မြင်ကျော်ကြားခဲ့သော်လည်း ဆရာတော်၏ ဘ၀နိဂုံးမှာ ကြေကွဲ ၀မ်းနည်း ဖွယ် ကောင်းလှသည်။
တစ်နည်းဆိုလျှင် နိုင်ငံရေးခေါင်းဆောင် ဗိသုကာ တစ်ဦး၏ဘ၀ကို နိုင်ငံရေးကပင် ဖျက်ဆီးခဲ့ခြင်း ဖြစ်ပေ သည်။
ဆရာတော်ဦးဥတ္တမသည် ၁၉၁၁ ခုနှစ်မှ အစပြု၍ ကလောင်ကိုကိုင်၍ တရားဟောစင်မြင့်ပေါ်တက်၍ မြို့ပြမှသည် ကျေးစွန်ရွာဖျားအထိ မြန်မာ့လွတ်လပ်ရေး၊ ကိုလိုနီဆန့်ကျင်ရေးအတွက် စည်းရုံးလှုံ့ဆော် ခဲ့သည်။
သူပြောသမျှ စကား၊ သူဟောသမျှ ရဲရဲတောက် တရားများသည် လွတ်လပ်ရေး မွတ်သိပ်နေသူ ပြည်သူ များအဖို့ အားဆေးတစ်ခွက်ဖြစ်ခဲ့သည်။ ဒူးထောက်ခေါင်းငုံ့နေကြရာမှ ရင်ကော့ခေါင်းမော့လာနိုင်ကြသည်။
"ဆာရယ်ဂျီနယ် ကရက်ဒေါက် ... သင် ဗမာပြည်က ထွက်သွားလိုက်ပါ"
ဆရာတော်က အုပ်စိုးသူ အင်္ဂလိပ်ဘုရင်ခံကို စာဖြင့် ကန့်ကွက် ရေးသားပေးပို့လိုက်သည့်အခါ အမျိုးချစ်သူများက ကြက်သီးမွေးညင်းထမျှ အားရကျေနပ်ခဲ့ကြသည်။
ဆရာတော်အား ဆူးကလပ်ရွာတွင် အင်္ဂလိပ် အစိုးရအား ဆန့်ကျင် ဟောပြောမှုဖြင့် မအူပင်တွင် ထောင် ဒဏ် အပြစ်ပေးလိုက်သည့်အခါ ပုသိမ်မှစ၍ တစ်နိုင်ငံလုံး သံဃသာမဂ္ဂီအသင်းများ၊ ကုမ္မာရီ အသင်းများမှာ အုံကြွပေါ်ပေါက်လာ၍ တစ်နိုင်ငံလုံး စည်းလုံးမိသွားကြသည်။
ဆရာတော် ဦးဥတ္တမသည် ပြည်သူများ၏ လေးစားကြည်ညို၍ ပြည်သူများနှင့် တစ်သွေးတည်း တစ်သား တည်း ဖြစ်သည်။ အစိုးရ အကြည်ညိုပျက်အောင် ဟောပြောမှုဖြင့် ၁၉၂၄ ခုနှစ်တွင် ဒုတိယအကြိမ် ရန်ကုန်မြို့တွင် ထောင်ဒဏ် ၅ နှစ် ရုံးတင် အပြစ်ပေးခံခဲ့ရသည့်အခါ ဖိုက်စကွဲယားပန်းခြံ (ဗန္ဓုလပန်းခြံ) တွင် သွေးမြေကျ လူထုဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပြီး ယင်းမှအစပြု၍ ကိုလိုနီ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓါတ်များ လွှမ်းမိုးပြန့်ပွား သွားကြပြန်သည်။
ဆရာတော်၏ ဘ၀နိဒါန်းပိုင်းသည် လွတ်လပ်ရေးနယ်ချဲ့ဆန့်ကျင်ရေး မီးရှူးတန်ဆောင်။
ဆရာတော်၏ ဘ၀နိဂုံးပိုင်းက ထိုသို့မဟုတ်ပြီ။
အင်္ဂလိပ်အစိုးရက အိမ်ကြက်ချင်း အိုးမည်းသုတ်ခွပ်စေသော ၉၁ ဌာန အုပ်ချုပ်ရေးကို ပေးအပ်လိုက် သဖြင့် မြန်မာပြည်ကို အိန္ဒိယပြည်က ခွဲထွက်ပြီးလျှင် ၁၉၃၆ ခု၊ နိုဝင်ဘာလတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် စီစဉ်သည်။
သည်တွင် နိုင်ငံရေးပါတီများအဖို့ အနိုင်ရရှိရန် ကြိုးပန်းရာ၌ ဆရာတော်ဦးဥတ္တမကို ချဉ်းကပ်စည်းရုံးကြ သည်။
ထိုအချိန်က ဆရာတော်မှာ ဆီးချိုရောဂါနှင့် အသက်အရွယ် ကြီးရင့်လာ၍ စိတ်ပန်းကိုယ်နွမ်း ဖြစ်နေ သဖြင့် လည်းကောင်း၊ နိုင်ငံရေးခေါင်းဆောင်များ စည်းလုံးမှုမရှိဘဲ ရာထူးအာဏာရရှိရေးသာ ကြိုးပမ်းနေ ကြသဖြင့် လည်းကောင်း၊ နိုင်ငံရေးလုပ်ဆောင်မှု ရပ်ဆိုင်း၍ အိန္ဒိယနှင့် ဗမာပြည် အလျဉ်းသင့်သ လို နေထိုင်လျက်ရှိနေသည်။
ထိုစဉ် ငါးပွင့်ဆိုင်အဖွဲ့မှ ဆရာတော်အား လှည့်ဖြားစည်းရုံး၍ အိန္ဒိယမှ ရန်ကုန်သို့ ပင့်ဆောင်လာကြ သည်။ နိုင်ငံရေး စိတ်မကုန်သော ဆရာတော်မှာ ငါးပွင့်ဆိုင်အတွက် မဲဆွယ်ပေးရန် ရန်ကုန်သို့ ရောက် ရှိခဲ့ပြန်သည်။
နိုင်ငံရေးပါတီအချို့မှ မျိုးချစ်လူငယ်အချို့က ဆရာတော်ထံသွားရောက်၍ မေတ္တာရပ်ခံသော်လည်း အရှိန်အ၀ါကောင်းသော ငါးပွင့်ဆိုင်များ၏စကား နားဝင်သဖြင့် မည်သို့မျှ မတတ်နိုင်ကြတော့ချေ။
ဆရ်ာတော် ဦးဥတ္တမသည် ငါးပွင့်ဆိုင်အတွက် အနယ်နယ် တရားဟောရာတွင် လေယာဉ်ပျံနှင့်ပင် ခမ်းခမ်းနားနား ကြွရောက်ဟောပြောရသည်။ ဆရာတော်ကို မမြင်မတွေ့ရသည်မှာ ကာလအတန် ကြာပြီဖြစ်သဖြင့် ဆရာတော်၏ ငါးပွင့်ဆိုင်တရားပွဲမှာ ပရိသတ် တိုးမပေါက်အောင် စည်ကားသည်။
၉၁ ဌာန ရွေးကောက်ပွဲတွင် ဦးဘဖေခေါင်းဆောင်သော ငါးပွင့်ဆိုင်အဖွဲ့၊ ဒေါက်တာဘမော်အဖွဲ့၊ ဦးချစ်လှိုင်အဖွဲ့၊ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့၊ တို့ဗမာသခင်အဖွဲ့၊ ဖေဘီယန်အဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ကြသည်။
ဆရာတော်၏ အရှိန်အ၀ါဖြင့် အခြားနိုင်ငံရေးအဖွဲ့များထက် ငါးပွင့်ဆိုင်က အပြတ်အသတ် အမတ် (၄၆)နေရာဖြင့် အနိုင်ရရှိခဲ့သည်။
သို့သော်လည်း ၀န်ကြီးရာထူး အဝေမတည့်သောကြောင့် ငါးပွင့်ဆိုင်ခေါင်းဆောင် ဦးဘဖေမှာ အစိုးရ မဖွဲ့နိုင်တော့ချေ။ အမတ် (၁၆)နေရာသာရရှိသည့် ဒေါက်တာဘမော်က ညွန့်ပေါင်းအစိုးရဖွဲ့၍ နန်းရင်းဝန် ရာထူး ရယူသွားလေသည်။
သည်တွင် ဆရာတော် ဦးဥတ္တမအဖို့ နိုင်ငံရေး သံဝေဂရစရာ ကြုံရတော့သည်။
နိုင်ငံရေးသမားအချို့မှာ ဆရာတော်၏ အရှိန်အ၀ါဖြင့် ၀န်ကြီး၊ အတွင်းဝန်နှင့် မင်းတိုင်ပင်အမတ် စသည် တို့ ဖြစ်ကုန်ကြသော်လည်း ဆရာတော်ဦးဥတ္တမမှာ ဆီးချိုရောဂါ လူမမာသည် ဘ၀ဖြင့် ပြုစုသူကင်းကာ ရပ်တည်ရာမရ စိတ်ထင်ရာ ရန်ကုန်လမ်းမများပေါ်တွင် လျှောက်သွားလျက်ရှိသည်။
ဆရာတော်သည် ဟောင်းနွမ်းစုတ်ပြတ်နေသော သင်္ကန်းကြီးကို ဖိုသီဖတ်သီ ၀တ်ရုံ၍ လွတ်အိတ်ကြီး တစ်လုံးလွယ်ကာ ထီးဖိနပ်မပါ သတင်းစာတိုက်များသို့ လျှောက်သွားပြီး အင်္ဂလိပ်၊မြန်မာ သတင်းစာများ ကို တောင်းယူလေ့ရှိသည်။ ရရှိသော သတင်းစာများကို လမ်းဘေး တိုက်ရိပ်၊ သစ်ပင်ရိပ်များအောက်တွင် ထိုင်ဖတ်လေ့ရှိသည်။
အသက်အရါယ်ကြီး၍ အိုမင်းနေသည့်အပြင် ဆီးချိုရောဂါ၊ ခြေထောက်အနာကြောင့် ပိန်ချုံးကာ ခပ်ယဲ့ယဲ့ မျှပင် သွားလာနေရသည်။ လမ်းတွင် သတိမေ့ လဲပြိုနေသည့်အခါ ဆရာတော်ကို ကြည်ညိုလေးစားသူများ က တည်းခိုရာသို့ ပို့ဆောင်ပေးကြသည်။
ဆရာတော်ဦးဥတ္တမသည် ကိုယ်စိတ်နှစ်ပါး ဝေဒနာနှစ်ရပ်စလုံး ခံစားနေရလေသည်။
ဆရာတော်အား ပြုစုသူကင်း၍ ဤမျှအခြေအနေဆိုးလာသည့်အခါ ၁၉၃၉ ခု၊ သြဂုတ်လ (၇)ရက်နေ့တွင် ရန်ကုန်မြို့ ရခိုင်ရဟန်းတော်များ သမဂ္ဂအသင်း၏ (၄)ကြိမ်မြောက် အစည်းအဝေးမှ ဆရာတော် ဦးဥတ္တမ အား စောင့်ရှောက်ရန် ဆုံးဖြတ်ကြသည်။ ငါးပွင့်ဆိုင်အဖွဲ့ကိုလည်း ပြစ်တင်ဝေဖန်ကြလေသည်။
ရခိုင်ရဟန်းတော်များ သမဂ္ဂမှ ရဟန်းတော်များသည် ဆရာတော်နေထိုင်ရာ အာစရိယ သမဂ္ဂ အသင်းတိုက်သို့ သွားရောက်တွေ့ဆုံသည့်အခါ သွားရောက်တွေ့ဆုံသူများကို အတွေ့မခံ၊ ငြင်းဆန်လျက် သတိမကောင်းတော့ဘဲ လုပ်ချင်ရာ လုပ်နေလေပြီ။
သည်တွင် သူရိယတိုက်အုပ် ဦးဘကလေး၏ အကူအညီဖြင့် ရခိုင်သံဃာတော်များက ဆရာတော် ဦးဥတ္တမအား ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ကြသည်။ အထူးခန်း မရရှိသေးသဖြင့် ရန်ကုန်ဆေးရုံကြီး အခန်းနံပါတ်(၈)၊ ခုတင်နံပါတ်(၁၇) ကုသိုလ်ဖြစ်အခန်းတွင် တင်ပို့ ကုသကြရသည်။
သြဂုတ်လ (၂၅)ရက်နေ့တွင် သူရိယဦးဘကလေး၊ မြို့တော်ဝန် ဦးဘ၀င်း၊ ကပ္ပတိန်ဘဖူးတို့ ဆေးရုံသို့ သွားရောက်၍ ဆရာတော်အား အားပေးစကားပြောကြားရာ ဆရာတော်မှာ စကားပီသအောင် ပြောနိုင်၍ သတိလစ်ခြင်း မရှိတော့ပေ။
သြဂုတ်လ (၂၇)ရက်နေ့တွင် ဦးဘကလေး အကူအညီဖြင့်ပင် ကုသိုလ်ခန်းမှ အထူးခန်း(၁၅)၊ ခုတင်နံပါတ် (၁၁)သို့ ပြောင်းရွှေ့ ကုသသည်။ ဆရာဝန်ကြီးများက အထူးဂရုစိုက် ကုသကြသည့်အတွက် ဆရာတော် ၏ ဝေဒနာမှာ သက်သာစပြုလာသည်။
သို့သော် မအူပင်ထောင်ကျစဉ် အခါကပင် နှစ်ရှည်လများ စွဲကပ်လာသော ခြေထောက်ကင်ဆာရောဂါမှာ ရိုးရိုးကုသ၍ မဖြစ်နိုင်တော့။ ခြေထောက်ဖြတ်ကုမှသာ အသက်ရှင်နိုင်တော့မည်။
ဆရာဝန်ကြီးများက ဦးဘကလေးအား အကြံပေးသဖြင့် ဆရာတော်အား လျှောက်ထားရာ ဆေးရုံပေါ်မှာ ဇွတ်ဆင်း၍ (၄၆)လမ်း ကုလားအသင်းတိုက်ပေါ်တွင် သွားရောက် သီတင်းသုံးနေလေသည်။
ဆေးရုံမှ ဆင်းလာကတည်းက ဆရာတော်၏ ဆီးချိုရောဂါမှာ တစ်နေ့တစ်ခြား ပြင်းထန်ဆိုးဝါးလျက် သတိမရတစ်ချက်၊ ရတစ်ချက်ဖြင့် ဝေဒနာကို အလူးအလဲ ခံစားနေရလေသည်။
သို့ဖြင့် သူရိယ ဦးဘကလေးနှင့် သံဃာတော်များက ဆရာတော် ဦးဥတ္တမအား (၄၆)လမ်း၊ ကုလား အသင်းတိုက်မှ ပုဇွန်တောင် ညောင်တုန်းကျောင်းတိုက် မင်္ဂလာစံကျောင်းသို့ ပင့်ဆောင်ကြသည်။ ဆရာတော်အားပြုစုရန် ကပ္ပိယများ ငှားရမ်း၍ မြန်မာအနာပေါက် သမားတော်ကြီး ဦးဘိုးရွှေနှင့် ကုသကြပြန်သည်။
သို့သော်လည်း ဆရာတော်၏ ရောဂါဝေဒနာမှာ ကုသ၍ ရတော့မည့် အခြေအနေတွင် မရှိတော့ပေ။
ဤသို့ဖြင့် ဦးဥတ္တမ ဆရာတော်ကြီးသည် ရောဂါဝေဒနာများကို ပြင်းထန်စွာခံစားရင်း ၁၉၃၉ ခု၊ စက်တင်ဘာလ (၉)ရက်၊ စနေနေ့သို့အ၀င် ညဥ့်သန်းခေါင်ကျော် (၁)နာရီ (၅၅)မိနစ်အချိန်၊ သက်တော် (၆၀)ကျော်တွင် ပျံလွန်တော်မူရှာသည်။
ဆရာတော်ဦးဥတ္တမသည် ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံတွေ့လျက် ပျံလွန်တော်မူခဲ့ရသော်လည်း ဆရာတော်၏ ဈာပနမှာ စည်ကားသိုက်မြိုက်စွာဖြင့် ပြည်သူများက နောက်ဆုံးဂါဝရပြု သင်္ဂြိဟ်ခဲ့ကြသည်။
၁၉၄၀ ပြည့် မတ်လ ၂၀ ရက်နေ့ ညနေ (၅)နာရီတွင် ဆရာတော် ရုပ်ကလာပ်ကို သင်္ဂြိဟ်ရန် ပုဇွန်တောင် ညောင်ကုန်းကျောင်းတိုက်မှ ရွှေတိဂုံခြေရင်းသို့ ပင့်ဆောင်ကြသည်။
အလောင်းတော်ပင့်ဆောင်ရာ လမ်းတစ်လျှောက်တွင် ဆရာတော်အား နောက်ဆုံးဖူးမြော်ရန် စောင့် ဆိုင်းနေကြသူများမှာ တိုးမပေါက်အောင် စည်ကားလျက်ရှိသည်။
ဆရာတော်ဦးဥတ္တမ၏ အလောင်းတော်ပင့်ရာတွင် ရှေ့ဆုံးမှ သံဃာတော်များ၊ အောင်ဇေယျတု ဦးဘိုးဘကိုယ်တိုင် ရေးဆွဲသော ဦးဥတ္တမပုံတော်ကို လှပစွာပြင်ဆင်ထားသည့် မော်တော်ယာဉ်၊ ဆရာတော်၏ အလောင်းတော်တင် ကရ၀ိတ်ဖောင်တော်တွင် ယိမ်းအကများ လိုက်ပါလျက် ရန်ကုန်မြို့ အမျိုးသမီးလွတ်လပ်ရေးအဖွဲ့ အမျိုးသမီးများစွာတို့က ကြိုးဖြင့်ဆွဲ၍ သယ်ဆောင်လာကြသည်။
အလောင်းတော်ပင့်ဆောင်ရာတွင်...
၁။ ရခိုင်သံဃာတော်များအဖွဲ့
၂။ သာသနာ့ဝေပုလ္လရဟန်းပျိုအဖွဲ့
၃။ သက်ပန်းကဠုန်ဂျီစီဘီအေ
၎။ မြန်မာ-တရုတ် ဗုဒ္ဓဘာသာ အစည်းအရုံး
၅။ တရုတ်-မြန်မာ သမဂ္ဂအသင်း
၆။ တရုတ်လူငယ်များ သမဂ္ဂအသင်း
၇။ တရုတ်-မြန်မာ ပေါင်းသင်း ဆက်ဆံရေးအသင်း
၈။ ရန်ကုန်လွတ်လပ်ရေး အမျိုးသမီးများအသင်း
၉။ ကြည့်မြင်တိုင် အခွန်ထမ်းအသင်း
၁၀။ ရန်ကုန်လွတ်လပ်ရေး အမျိုးသားအသင်း
၁၁။ ရခိုင်လူငယ်များ
၁၂။ ရန်ကုန်မြင်းလှည်းအသင်း
၁၃။ ဗိုလ်တထောင် ဘတ်စကားအသင်း
၁၄။ ပုညကုသလ အသင်း
၁၅။ ဗဟိုအခွန်ထမ်းအဖွဲ့
၁၆။ တာမွေလုံးဆိုင်ရာ အခွန်အဖွဲ့
၁၇။ ဟိန္ဒူဘော်လန်တီယာအသင်း
၁၈။ ကျောက်မြောင်း တို့ဗမာအစည်းအရုံး
၁၉။ ကျောက်မြောင်း လက်ရုံးတပ်
၂၀။ ရန်ကုန်မြို့လုံးဆိုင်ရာ သခင်ကိုယ်တော်မှိုင်းကြီးမှူးသည့် တို့ဗမာအစည်းအရုံးကြီး
၂၁။ သူရိယ သတင်းစာတိုက်သားများ၊ မျိုးချစ်ပုဂ္ဂိုလ်များ စသည်ဖြင့် ပါဝင်ပို့ဆောင်ကြသည်။
ဆရာတော်၏ နောက်ဆုံးခရီး အန္တိမ ဈာပနကို ၁၉၄၀ ပြည့် မတ်လ ၂၂ ရက် တပေါင်းလပြည့်နေ့ တွင် ရွှေတိဂုံခြေတော်ရင်း၌ စည်ကားသိုက်မြိုက်စွာဖြင့်ပင် သင်္ဂြိုဟ်ခဲ့ကြလေသည်။
ကျော်မြင့်လွင်
No comments:
Post a Comment