ဒုတိယပင်လုံမှသည် အနာဂတ်ပြည်ထောင်စုဆီသို့ (၁) - ခိုင်လင်း(မေဃ၀တီ)


ဒုတိယအကြိမ်မြောက် ပင်လုံညီလာခံမျိုး နောက်တစ်ကြိမ်ကျင်းပဖို့ လိုအပ်တာကြောင့် ဒုတိယပင်လုံလို့ပဲ ညွန်းဆိုခြင်းဟာ လက်လွတ်စပယ်ခေါ်ဆိုခြင်းမျိုးတော့ မဖြစ်နိုင်ပါဘူး။ အမှန်တကယ် နှိုက်နှိုက်ချွတ်ချွတ် မညာတမ်းလေ့လာကြည့်ရင် ဒုတိယ ပင်လုံညီလာခံကို ဦးအောင်ဆန်းကျဆုံးပြီး နောက်တစ်ရက်မှာ ကျင်းပ ရမှာဖြစ်တယ်။ ဦးအောင်ဆန်းကျဆုံးခြင်းနှင့်အတူ ပင်လုံစာချုပ်ရော ပြည်ထောင်စုစိတ်ဓါတ်ရော ကျဆုံးခဲ့ရ တာဖြစ်တယ်။ ထို့အတူ တိုင်းင်းသားတွေဟာလည်း ပျော့ပျောင်းညင်သာစွာနဲ့ ကိုလိုနီဘ၀ကို ပြန်လည် ဆင်းသက်ခဲ့ရတယ်။

ဒီအခင်းအကျင်းတွေကြောင့်ပဲ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ကို မွေးဖွားစေခဲ့တာ ဒီနေ့အချိန်ထိပါပဲ။ လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာတဲ့ ပြည်တွင်းစစ်ဟာ ဦးအောင်ဆန်းကျဆုံးမှုနဲ့အတူ ပင်လုံစာချုပ်ပါ ကျဆုံး သွားရခြင်းရဲ့ အထင်ရှားဆုံး ပြယုဂ်တစ်ခုပါ။ ဒါကြောင့် ဒုတိယအကြိမ် ပင်လုံညီလာခံကဲ့သို့သော ညီလာခံ မျိုး ကျင်းပရန် လိုအပ်တာကို အခြေခံပြီး ဒုတိယပင်လုံလို့ ညွန်းဆိုခြင်းဟာ လက်လွတ်စပယ် ခေါ်ဆိုခြင်း မျိုးတော့ မဖြစ်နိုင်ဘူးလို့ ဆိုခြင်းဖြစ်ပါတယ်။

သမိုင်းလိုအပ်ချက်အရ ဒုတိယပင်လုံမှသည် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ကို မောင်းနှင်မှသာလျှင် ဒီတိုင်းပြည်ကြီးဟာ ငြိမ်းချမ်းတဲ့ နိုင်ငံတော်အဖြစ်သို့ တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၀ ခုနှစ်၊ အောက်တိုဘာ (၂၄) ကလေးမြို့ ကြေညာစာတမ်းဟာ တိုင်းပြည်အတွက် အမှန်တ ကယ်လိုအပ်ပါတယ်။ ထို့အတူ အဲဒီကြေညာစာတမ်းအတိုင်း ပင်လုံညီလာခံမျိုး ညီလာခံတစ်ခု ကျင်းပရေး ကို အားသွန်ခွန်စိုက် လုပ်ဆောင်ရေးဟာ အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေရော၊ အပစ်မရပ်သေးတဲ့ အဖွဲ့ အစည်းတွေရော၊ ၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေရော၊ လက်ရှိ ရွေးကောက်ပွဲဝင်ပြိုင် ဖို့ ပြင်ဆင်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရော ဒီမိုကရက်တစ် အင်အားစုတွေပါ တကယ့်ကို စစ်မှန် တဲ့ ပြည်ထောင်စုကို သွားချင်တယ်ဆိုရင် ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုတိုင်ကပင် ဒုတိယပင်လုံမျိုး လုပ်ရမယ်ဆိုတာ ပြောဖူးတာတွေ ရှိပါတယ်။ အမှန် တကယ်လည်း  သမိုင်းရဲ့လိုအပ်ချက်အရ ဒုတိယပင်လုံကို သွားသင့်ပါတယ်။ ၁၉၄၇ မှာ ကျင်းပခဲ့တဲ့ ပင်လုံ ညီလာခံမျိုး နောက်ညီလာခံတစ်ခုကျင်းပခြင်းရဲ့ အဖြေဟာ တိုင်းပြည်အတွက် မှန်ကန်တဲ့ အဖြေဖြစ်မှာပါ။ ဒီလို မဟုတ်ဘဲ ရွေးကောက်ပွဲဟာ ဒီနိုင်ငံရဲ့ အဖြေသာဖြစ်တယ်လို့ ယူဆရင်တော့ နောက်ထပ် နှစ်ပေါင်း (၆၀)ဟာလည်း ဒီအတိုင်းပဲရှိနေဦးမှာပါ။ မတူညီတဲ့ သမိုင်းနောက်ခံတွေဟာ ပြည်တွင်းစစ်ကို ဆက်လက် ရှိနေဦးမှာ သေချာနေပါတယ်။ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ငြင်းဆန်နေတဲ့ အပစ်ရပ်အဖွဲ့တွေရဲ့ ကနေ့အနေအထားဟာ အထင်ရှားဆုံး ပြယုဂ်တစ်ခုပါ။ ဒီအပစ်ရပ်အဖွဲ့ဟာလည်း သမိုင်းရဲ့ လိုအပ်ချက် အရ ရပ်တည်နေတာဖြစ်ပြီး သမိုင်းကတင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်တွေဖြစ်လို့ပါ။ တစ်နည်း အားဖြင့် ပြောရရင် ပင်လုံမူကို ကိုင်စွဲလို့ ဒုတိယပင်လုံကို သွားနေတဲ့သူတွေ ဖြစ်ပါတယ်။

ယခု မြန်မာနိုင်ငံ နယ်နိမိတ်အကျယ်အ၀န်းဟာလည်း ၁၉၄၇ ပင်လုံညီလာခံရဲ့ အဖြေဖြစ်တယ်။ အဲဒီတုန်း က ပင်လုံညီလာခံရဲ့ အဖြေဟာ တိုင်းရင်းသားတွေကို ဗမာကိုလိုနီဘ၀သွတ်သွင်းဖို့ မဟုတ်ဘူးဆိုတာကို ဗိုလ်ချုပ်အောင်ဆန်းက ရဲရဲကြီးအာမခံခဲ့ဖူးတယ်။ ဒါပေမယ့်လို့ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးသည်မှ ယနေ့အချိန်ထိ ဗမာ (မြန်မာ)တွေထဲမှာ (စစ်တပ်အတွင်းရော၊ ဒီမိုကရက်တစ် အင်အားစုတွေမှာပါ) အချင်းချင်း ပဋိပက္ခ တစ်ခုရှိနေဆဲပါ။ အဲဒါကတော့ တိုင်းရင်းသားတွေကို ဗမာကိုလိုနီဘ၀ သွတ်သွင်းပြီး တစ်ပြည်ထောင်စနစ် တည်ဆောက်ရေး (ဗမာ အမျိုးသားအင်ပါယာ ထူထောင်ရေး)နဲ့ ပင်လုံမူအတိုင်း တန်းတူသော ပြည်ထောင်စု တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။

ဒီကိစ္စဟာ ၁၉၄၈ လွတ်လပ်ရေးရသည်မှ ယနေ့အချိန်ထိ စိန်ခေါ်မှုတစ်ရပ်အဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုဟာ ပုံစံအမျိုးမျိုးနဲ့ ဖုံးဖိခြင်းကို ခံနေရပါတယ်။ ဦးအောင်ဆန်းတို့လို ဗမာအပါအ၀င် တိုင်းရင်း သားပေါင်းစုံနဲ့ တန်းတူသောပြည်ထောင်စု (စစ်မှန်သော ပြည်ထောင်စု) တည်ဆောက်ရေးအုပ်စုဟာ ဗမာ (မြန်မာ)အမျိုးသားအင်ပါယာ ထူထောင်ရေးအုပ်စုဆီမှာ အမြဲတမ်း ဖိနှိပ်ခံရတာတွေ ရှိခဲ့ဖူးပါတယ်။ တစ် နည်းအားဖြင့် ပြောရရင် ဗမာ(မြန်မာ) အမျိုးသားအင်ပါယာ ထူထောင်ရေးအုပ်စုဟာ အဓိကကျ တဲ့ နေရာတွေမှာ လွှမ်းမိုးထားနိုင်ခြင်းဟာလည်း အားသာချက်တစ်ခု ဖြစ်ပါတယ်။ ဘယ်လိုပင်ဖြစ်ဖြစ် ဦးအောင်ဆန်းတို့လို ဗမာအမျိုးသားအင်ပါယာ ထူထောင်ရေးကို ငြင်းဆန်ထားပြီး စစ်မှန်သော ပြည်ထောင် စု တည်ဆောက်ရေး အုပ်စုတွေဘက်မှာတော့ ရှမ်း၊ ရခိုင်၊ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်း၊ မွန် စတဲ့ တိုင်းရင်းသားအင်အားစုတွေကတော့ အင်နဲ့အားနဲ့ ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အာဏာသိမ်းခေါင်းဆောင်များအနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ခြင်းရဲ့ အဓိကသော့ချက် ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဗမာ (မြန်မာ) အမျိုးသားအင်ပါယာ ထူထောင်ရေးကို ငြင်းပယ် ထားပြီး ပင်လုံမူကို အခြေခံ၍ စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေးမူကြောင့် ဖြစ်တယ်။ သို့ပေမဲ့ ဒီ"မူ"တွေကြောင့်ပါလို့ လူသိရှင်ကြားမပြောဘူး။ ဒီ"မူ"တွေကြောင့်လို့ လူသိရှင်ကြား မပြောခြင်းသည် ပင်လျှင် ပဉ္စမ မြန်မာနိုင်ငံတော် ထူထောင်ရေး အစီအစဉ်တွေ ဖြစ်တယ်။ ပဉ္စမ မြန်မာနိုင်ငံတော် ထူထောင်ရေး ယုံကြည်ချက်ဟာ ဗမာ(မြန်မာ) ပညာရင်အချို့နဲ့ စာပေသမား၊ နိုင်ငံရေးသမားအချို့ရဲ့ အန္တိမ ရည်မှန်းချက် ဖြစ်တယ်။ ဒီနေရာမှာ သိသိကြီးနဲ့ ယုံကြည်သူများကိုသာ ညွန်းလိုပါတယ်။ အချို့က တကယ် မသိသဖြင့် သူများ ပဉ္စမမြန်မာနိုင်ငံဆိုလျှင် ကိုယ်လည်း ရောယောင်ပြီး ပဉ္စမမြန်မာနိုင်ငံတော်ဟု ပြော ဆိုရေးသား လုပ်ဆောင်ခြင်းကို နားလည်နိုင်ပါတယ်။

ပဉ္စမ မြန်မာနိုင်ငံတော် အယူအဆဟာ တကယ်တမ်းကျတော့ သိပ်ကြောက်စရာကောင်းတဲ့ အယူ အဆတစ်ခု ဖြစ်ပါတယ်။ ဒီအယူအဆဟာ ကိုယ့်ကိကို မညာကြေးပြောရရင် ဗမာ(မြန်မာ) လူမျိုးကြီးဝါဒ (သို့မဟုတ်) တိုင်းရင်းသားများအား ကိုလိုနီသွတ်သွင်းရေးဝါဒ (သို့မဟုတ်) ဗမာ(မြန်မာ) အမျိုးသား အင်ပါယာ ထူထောင်ရေးဝါဒလို့ ယုံကြည်တယ်။ ဒီအယူအဆကို စစ်အာဏာသိမ်း ခေါင်းဆောင်များ ယုံကြည်သလို အချို့ဗမာ(မြန်မာ) များကလည်း သက်ဝင်ယုံကြည်ကြတာ ဖြစ်တယ်။ ဒီ "ပဉ္စမမြန်မာနိုင် ငံတော်"အယူအဆဟာ ၁၉၄၇မှာ ကျင်းပခဲ့တဲ့ ပင်လုံညီလာခံရဲ့ ဆုံးဖြတ်ချက်တွေ၊ သဘောတူညီ ချက်တွေနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်တယ်။ ခေတ်ဟောင်း မြန်မာရာဇ၀င် နိဒါန်းမှာတော့ သမိုင်းပညာ ရှင် ဒေါက်တာ သန်းထွန်းက "အနော်ရထာနှင့် ဥတည်ဘွားအကြောင်းမှာလည်း မုချဧကန် ဖြစ်ရသော အကြောင်းထက် ပိုကဲ၍ ရေးမိခြင်း ဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် အနော်ရထာသည် မြောက်ဘက်သို့ နယ်ချဲ့သည်ကား မှန်၏။ သို့သော် ဧရာဝတီနှင့် ရွှေလီ ဆုံစည်းရာအရပ်ထက် မြောက်ကျသော ရောကို မရောက်ဟု ထင်မိပါသည်။ စင်စစ် ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်ကုန်အောင်မျှ ထိုအခါက မြန်မာ လက်အောက်တွင် မရှိချေ"ဟု ရေးသားခဲ့ခြင်းဟာ ပင်လုံမှ မွေးဖွားပေးလိုက်သော ယနေ့မြန်မာနိုင်ငံတော်နဲ့ ပဉ္စမ မြန်မာနိုင်ငံတော်အတွက် ဆင်ခြင်စရာတစ်ခုပါ။

ခိုင်လင်း (မေဃ၀တီ)
Arakan Review
၁၁၊ ၄၊ ၁၀၊ ၂း ၂၃ နံနက်

ခိုင်လင်း (မေဃ၀တီ)ရေးသားသည့် မဟာလူမျိုးကြီးဝါဒ၏ မဟာအောင်ပွဲလား နှင့် ဒုတိယပင်လုံမှသည် အနာဂတ်ပြည်ထောင်စုဆီသို့မှ-

No comments:

Post a Comment