မြောက်ဦးမြို့တည်သူ မင်းစောမွန်သည် လက်ဖက်ရည်ကြိုက်သူတစ်ဦး ဖြစ်သည်။(လွတ်လပ်စွာ သဘော ကွဲလွဲခွင့်ရှိသည်) ကုလားမြေ၌ ခိုလှုံနေရစဉ် စွဲလမ်းလာခဲ့သောအရာ မဟုတ်ပါချေ။ လေးမြို့တော် ရခိုင် နန်းတွင်း၌ လက်ဖက်ရည်ကို မင်းစောမွန်ကြိုက်ခဲ့သည်။ သူသည် အတွေးသမားအနေနှင့် လက်ဖက်ရည်ကို တစိမ့်စိမ့်သောက်သည်။ အရက်သမားအနေနှင့် သေရည်ကို တရကြမ်းသောက်သည်။ သူအမှားကြီး မှားခဲ့သည်။ သူယုတ်၍ နန်းပျက်၊ ပြည်ပျက်၊ သူပြေးခဲ့ရသည်။ အတွေးကြီးပြီး အကောင်းဆုံး ပြုပြင် တည်ဆောက်ခဲ့သူ မဟုတ်လော။
"သည်အရပ်၌ နန်းမြို့တည်လျှင် မြို့သက်ရှည်လည်း မြတ်ရှင်ဘုန်းသက် တိုရပါအံ့။"
နှလုံးအိမ်မှ ရဲဝံ့သင်းမြ မိန့်တော်ဟသည်။
"တည်စေ"
မိမိ အမျိုးသားများ၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် မိမိဘ၀ကို စတေးရဲသူသည် သူ ရဲကောင်းဖြစ်သည်။ မင်းစောမွန်သည် သူရဲကောင်းမင်းမြတ်။ သူ့ဘ၀ ငယ်ရွယ်ကာလ လေးမြို့ခေတ်နှောင်း သည် ငြိမ်းချမ်းရေးမဲ့၏။ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု ထွန်းကားရန် ရေခံမြေခံမရှိ။ မြောက်ဦးခေတ် စည်ပင်ဖွံ့ဖြိုးလာသောအခါ မြောက်ဦး၌လက်ဖက်ရည်ဆိုင်များ ပေါ်လာတော့သည်။ နိုင်ငံခြားသားများ

နေထိုင် ရာ၊ သံကြီးတမန်ကြီးများ နေထိုင်ရာ သံတစ်ရာအရပ်၊ ဒိုင်းကျီအရပ်တို့၌ လက်ဖက်ရည်ဆိုင်များ ခမ်းနား၏။ လက်ဖက်ရည်ဆိုင်၌ စီးပွားရေး၊ ကိန်းဇယားများ ရှိသည်။ ပြည်ရေးပြည်ရာများ ရှိသည်။ လူထု ရင်ခုန်သံများ ရှိသည်။ လူ့လောက၏ ပြတင်းပေါက် တစ်ခုပင် ဖြစ်သည်။ ၁၇၈၄ ခုနှစ်မှ စသော နှစ်လေးဆယ်သည် ကြေကွဲဖွယ် အလွမ်းပြဇာတ်ဖြစ်သည်။ စစ်မက်မျက်ရည်နှင့် သေခြင်းတရား ဖုံးလွှမ်းနေသော ကာလဖြစ်သည်။ ဘ၀ရှင်သန်ရေး အလင်းရောင် ရှာဖွေနေရချိန်၌ လက်ဖက်ရည်သည် အဓိပ္ပါယ် မရှိနိုင်။
ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲပြီးသောအခါ ရခိုင်မြေသည် ဗြိတိသျှအင်ပါယာ၏ အစိတ်အပိုင်းဖြစ်လာတော့ သည်။ ရခိုင်ပြည်၏ ထီးဖြူဆောင်း အဓိပတိသည် ဝန်ရှင်တော်မင်းကြီး ရောဘတ်ဆင်ဖြစ်သည်။ သူသည် လက်ဖက်ရည်လွန်ကြိုက်သည်ဆို၏။ လက်ဖက်ရည်ကောင်းကောင်း တစ်ငုံမြုံသောက်ပြီး မြောက်ဦးနံနက် ခင်းကို သူ့ရုံးချုပ်တည်ရာ ရွှေဂူတောင်ပေါ်မှ ကြည့်မည်။ နေစောင်းလျှင် စကော့တလန် ဝီစကီကို ဒိန်ခဲနှင့် မြည်းရင်း မြောက်ဦးညနေခင်းများကို ခံစားသည်။ ဥရောပဘူဇွာယဉ်ကျေးမှုကို ခေတ်မီပဒေသ ရာဇ် နို့ရည်ပင်ဝအောင် စို့ခွင့်မရရှာသော ပြာမီးငွေ့ငွေ့နှင့် ရခိုင်ကျေးလက်တွင် မည်သို့ သွတ်သွင်းရမည် ကို တွေးမည်။ ကိုလိုနီယန္တရား လည်ပတ်ရေးအတွက် သေရည်အချိန်နှင့် ရောဘတ်ဆင် တက်ကြွနေခဲ့ပေ မည်။ စူးအက်တူးမြောင်းဖွင့်၍ စပါးဈေးကောင်းလာသည်။ စပါးသည် ရွှေသီးရွှေနှံ ဖြစ်လာသည်။ လယ်ယာစီးပွားရေးဘဝဖွံ့ဖြိုးလာသည်။ မြောက်ဦးသည် ရွှေရောင်သန်းလာသည်။ မြောက်ဦးနှင့် လေးမြို့မြစ် ကြား အရှေ့လွင်ပြင်သည် ကျဉ်း၏။ မြစ်အရှေ့ဆက်သွားသော် တောနှင့်တောင်နှင့် ကျန်သော အရပ် မျှက်နှာများ၌ လွင်ပြင်ပြန့်ပြူးသည်။ တောတောင်ပါးလွန်းသည်။ ဂစ္ဆပနဒီမြစ်သည် ရစ်ခွေပတ်ဝန်းစီးဆင်းနေ သည်။ ရမ်းမြစ်ငယ်(ရင်္ဂါနဒီ)နှင့် သရီမြစ်ငယ်(သီရီမာနဒီ) ကွေ့ကောက်ဝင်ရောက် စီးဖြာနေသော အရပ်ဖြစ်သည်။ စပါးဈေးကို မှီ၍ဖြစ်လာသော ဈေးငယ်သည် နန်းတော်ကုန်း၏ အနောက်ဖက်၌ ပေါ်လာခဲ့ သည်။ ထို့ပြင် ဈေးရပ်၌ ကိုလိုနီခေတ်မြောက်ဦး၏ ပထမဆုံး လက်ဖက်ရည်ဆိုင်များ မွေးဖွားခဲ့လေသည်။ ၁၉၆၀ ပတ်ဝန်းကျင် ကလေးသူငယ်ဘဝဖြင့် လျှပ်တပြက်ဖြတ်သန်းရသောအခါ ပြင်ဈေးရပ်၌ လက်ဖက် ရည်ဆိုင်များကို မှတ်မိခဲ့ပါသည်။ ပြင်ဈေးနှင့်ကပ်လျက်ရှိသော စပါးဆိပ်ရွာသားဖြစ်သော ပါပါနှင့် အတူ မြောက်ဦးလက်ဖက်ရည်ဆိုင်တစ်ခု၌ ပထမဆုံးထိုင်ဖူးခဲ့သည်။
၁၉၆၀-၇၀ လောကကို မျက်စိဖွင့် ကြည့်လာတတ်သောအခါ လက်ဖက်ရည်ဆိုင်ကို ချစ်မိပြီး စပါးဆိပ် ရွာသား ပါပါသည် ဘဝကို မြောက်ဦးတွင်တပ်ချပြီ။ သို့နှင့် မြောက်ဦးလက်ဖက်ရည်ဆိုင်များသည် ကျွန်တော်၏ မိတ်ဆွေများ ဖြစ်လာကြသည်။ ပြင်ဈေးမှ ဂန္ထ၀င်ဆိုင်ငယ်၊ ချောင်းနားရွာ၊ ကလကရွာတို့မှ လာသော နွားနို့ ကျွဲနို့ စစ်စစ်တို့ဖြင့် ကောင်းသည်။ လက်ဖက်ရည်ခြောက် ညံ့သည်။ အလွန်စည်ကား ခဲ့သည်ဆိုသော မြင်းပျံတရုတ် လက်ဖက်ရည်ဆိုင်မှာ အားလျော့လာပြီး ဈေးထဲမှာ ချောင်းတစ်ပိုင်းကုန်း တစ်ပိုင်း ပျံကျဆိုင်များရှိသည်။ မြို့ထဲတွင် ချင်းကြီးလက်ဖက်ရည်ဆိုင်၊ ၎င်းမှာ မြို့လူကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းကြီးများ စုရပ်ဖြစ်သည်။ ၎င်းနှင့် မနီးမဝေးတွင် တင်မဲလက်ဖက်ရည်ဆိုင်၊ ကုန်သည်တန်း တွင် မောင်ဖြူမိဆိုင်၊ ကံလှတွင် ထွန်းဝင်းအဘောင်မဆိုင်၊ ဆိုင်တိုင်းကား သူမိတ်နှင့်သူရှိကြသည်။ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး၊ ရပ်ရေး၊ ရွာရေး တူရာတူရာ အုပ်စုငယ်များရှိကြသည်။ ဆိုင်ဖွဲ့စည်းပုံမှာ အားလုံးဆင်တူနီးပါးဖြစ်သည်။ ဝါးထရံကာ ရှေ့ဖွင့်၊ မြေခင်း၊ ထင်းမီးဖိုသည် ရဲလျက်၊ ရေနွေးရည် တဗွမ်းဗွမ်းဆူလျက် မှိုင်းများ၊ ကြပ်ခိုးများ ဓနိမိုးတွင် ကပ်လျက်။ တရုတ်ကြွေလက်ဖက်ရည်ခွက်များ သည် ဖြူလွှနေသည်။ ရေနွေးကရားများမှာ နီညိုသန်းနေသည်။ ၎င်းတို့သည် အဓိကမဟုတ်ချေ။ ဤနေရာ တွင် လွတ်လပ်မှု ရှိသည်။ ကဗျာဂီတရှိသည်။ သတင်းရှိသည်။ ဤနေရာသည် စကြ၀ဠာ၏ ဗဟိုချက်မဖြစ် သည်။ ရေနွေးကြမ်းကို တစ်အိုးပြီးတစ်အိုး သောက်ရင်း ဖြစ်တည်မှု တရားကို ရှာဖွေနိုင်သော နေရာ တစ်ခုဖြစ်သည်။ မိတ်ဆွေများနှင့် တွေ့ဆုံနိုင်သည်။ အရောင်းအဝယ်ဖြစ်နိုင်သည်။ သတင်းစာကို ဖတ်၊ မြို့ကိုဖတ်၊ ကမ္ဘာကို ဖတ်နိုင်သောနေရာသည် လက်ဖက်ရည်ဆိုင် ဖြစ်သည်။ မြောက်ဦးမီးကြီးလောင်သော အခါ မောင်ဖြူမိဆိုင်သည် ရေပေါက်ဝရပ်ကွက်ရှိ တူမ၏ အိမ်အောက်ထပ်သို့ ရောက်သွား သည်။ ထိုအိမ်၌ ကျွန်တော်တို့ စာပေချစ်သည့် လူငယ်များ၏ စာဖတ်အသင်းငယ်တစ်ခုရှိသည်။ ဆိုင်ရှင်မ သားလတ် ကိုမောင်ဖြူပါဝင်သည်။ လက်ဖက်ရည်ဆိုင်နှင့် စာဖတ်အသင်းသည် ဘဝဆက်တိုင်း ပေါင်းသင်းသော ချစ်သူနှစ်ဦး ဖြစ်ပါသည်။ လက်ဖက်ရည်ကြိုက်သော ကျွန်တော်တို့ စာသမားတို့သည် ညဆို လျင် မြင်းစိုင်းပြင်ရပ်ရှိ တင်မဲဆိုင် သို့မဟုတ် ရုပ်ရှင်ရုံအနီးမှ ကံလှဆိုင်သို့ ရောက်တတ်သည်။ ကံလှဆိုင် မှာ အနည်းငယ်စည်သည်။ မြင်းစိုင်းပြင်ဆိုင်ကား တိတ်ဆိတ်၊ ဆီမီးခွက်မှိန်မှိန်၊ ခုံများက မည်းနက်၊ လက်ဖက်ရည်ခွက်ဖြူဖြူ၊ ဆိုင်ရှင်အဘိုးအိုး လင်မယားသည် စကားမရှိ။ ကျွန်တော်တို့ စိတ်ကြိုက်ဖြစ် သည်။ နို့ကောင်း၊ လက်ဖက်ခြောက် အသင့်အတင့်ကောင်း၊ ငွေတစ်ကျပ်တွင် ငါးခွက်၊ ရေနွေးကြမ်း အဝသောက်၊ ဝေသာလီကျောက်လှေကားမှ အစ၊ အိမ်ဖြူတော်အလယ်၊ ကရင်မလင်အဆုံး တစ်အိမ်ပင် မကျန်စေရ။ ရမလ၊ နလက၊ ဖဆပလ၊ ဗကပ၊ ဗျည်း ၃၃ လုံးသော အဖွဲ့အစည်းများ၊ လှဖြူသံ၊ ပညာသီဟ၊ ဦးကျော်မြ၊ ဆရာထွန်း၊ ဦးအောင်လှဇံမှ ဆက်ကာဆက်ကာ နတ်ကဆင်၊ မော်စီတုန်းထိ အားလုံး အားလုံးသည် ကျွန်တော်တို့နှင့် လက်ဖက်ရည်ဆိုင်ထဲတွင် နင်လားငါလားပင်ဖြစ်တော့သည်။
တစ်ချို့ဆိုင်များ မရှိကြတော့။ ဆိုင်သစ်များ ပေါ်လာသည်။ တော့ပ်၊ ဓညဝတီ၊ ဒီဇိုင်းသစ်နှင့် ဈေးသစ်နှင့် ကျွန်တော့်မျက်စိထဲတွင် ပို၍တိုးတက် ပို၍လှပြီး ပို၍ ချစ်စရာကောင်းနေသည်။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ သလို ခေတ်ပြိုင်လူငယ်များ ဖြတ်သန်းနေကြသည်။ ကျွန်တော်တို့ ဖြတ်သန်းနေရဆဲ၊ လက်ဖက်ရည်ဆိုင်ကို ထိုင်မိလျှင် ဝေဒနာတစ်ရပ်သည် နှလုံးအိမ်၌ တစ်ခါတစ်ရံ အပ်ဖျားနှင့် လာထောက်သည်။ တစ်ခါတစ်ရံ ဓားတုံးတုံးနှင့် လာထိုးသည်။
ကျွန်တော်တို့သည် လက်ဖက်ရည်ဆိုင်မှ နေ၍ လောကကြီးကို စိုးပိုင်ခဲ့ကြသည်။ ရယူခဲ့ကြသည်။ သို့သော် လောကကြီးက ဘာမှမပေးကြသေးပါလားဟူသော အတွေးဝင်လာခြင်းဖြစ်သည်။ ကျွန်တော် တို့ မြောက်ဦးလက်ဖက်ရည်များမှ ဘာများထွက်ခဲ့ပါပြီလဲ။ ကာလဒေသ၏ လူမှု စီးပွား ယဉ်ကျေးမှုအရ ကျွန်တော်တို့တွင် လက်ဖက်ရည်ဆိုင်၊ ဥရောပတွင် ကဖီးဆိုင်များဖြစ်ပါသည်။ အနုပညာသမိုင်းဆရာများ၏ အဆိုအရ အပ်ပရက်ရှင်းနှင့် ပန်းချီဝါဒသည် ကဖီးဆိုင်များထဲမှ ပေါ်ပေါက်ခဲ့သော ပထမဆုံး အနုပညာ လှုပ်ရှားမှု တစ်ရပ်ဖြစ်သည်။ ဟဲမင်းဝေးနှင့် ဂျီမ်းဂွိုက်တို့သည် ကဖီးဆိုင်များတွင် ဝတ္တုများရေးခဲ့ကြသည်။ ပါရီကဖီးများတွင် ဘော်လ်တဲယား စွဲစွဲမြဲမြဲထိုင်လေ့ရှိသည်။ နပိုလီယန်သည် ကဖီးဆိုင်များတွင် ဝင်ထွက် သွားလာနေထိုင်ခဲ့ပါသည်။ အဲဒီ ကဖီးဆိုင်လေးဟာ ကျွန်တော့်အဖို့ အိမ်နဲ့ အတူတူပါပဲ ဟု ယန်းပေါဆတ်ညွှန်းဖူးသော ဆိုင်ငယ်တစ်ခု ပါရီတွင် ရှိခဲ့ဖူးသည်။ ဖြစ်တည်မှု ပဓာနဝါဒ၏ ဌာနချုပ် အဖြစ် ကျော်ကြားခဲ့သော ပါရီမှ ဖလိုရေ ကဖီးဖြစ်သည်။ ဒုတိယ လိင်စာအုပ် တစ်ချို့တစ်ဝက်ကို ဆီမွန်ဒီဖူးဖွားသည် ဤကဖီး၌ ရေးသွားခဲ့သည်။ ပန်းချီကျော် မိုးနေးနှင့် ရေနွားတို့ ဆုံတွေ့လေ့ ရှိသော နေရာမှာ ကဖီးဆိုင်များပင်ဖြစ်သည်။ ရို့ပီယာနှင့် လီနင်တို့သည်လည်း ပါရီကဖီးဆိုင်များထဲတွင် အနာဂတ်အိမ်မက်ကို အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသည်။
လောကရဲ့ပြတင်းတံခါးတစ်ချပ်
လက်ဖက်ရည်ဆိုင်မှာ တပ်ထားတယ်။ (အောင်ချိမ့်)
ချစ်လှစွာသော နောင်တော်ကဗျာဆရာ အောင်ချိမ့် ခံစားသီဖွဲ့ဖူးသည်။
နောင်အေး၊ မြတ်သာထွန်း၊ မြတ်ခိုင်ကျော်တို့ မြောက်ဦး တော့ပ်ဆိုင်မှာ ထိုင်နေကြသည်။ စောမင်းနွယ်၊ တက်နီထွန်း၊ မောင်ဝေဒတို့ ဓညဝတီမှာ ထိုင်နေကြသည်။ ဆရာစောနှင့် အောင်ငြိမ်းတို့ မြရုံရှေ့ စိန်ကဖီး မှာ ရော့ကဗျာဖတ်နေကြသည်။ လက်ဖက်ရည်ဆိုင် စကားဝိုင်းသို့ လေးစားမြတ်နိုးရသော အဘိုးပဏ္ဏိတ် ဝင်ထိုင်သည်။ ယဉ်ကျေးမှုနန်းတော်သို့ မထေရ်တစ်ပါးဆွမ်းခံကြွလာသည်။ ၃၃ လမ်း လေထန်ကုန်းသို့ မဲဇာမှ မဟာကဗျာဆရာ ဝင်လာသည်။ လက်ဖက်ရည်ဆိုင်များသည် ယဉ်ကျေးမှုအောင်လံကို လက်ဆင့်ကမ်း သယ်ယူပြေးနေသည်။ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်များတွင် ထိုင်နေကြဆဲဖြစ်၏။

မိုးနေး၊ နပိုလီယန်၊ ဟဲမင်းဝေး၊ ဂျီမ်းဂွိုက်စ်၊ လီနင်၊ ယန်းပေါဆတ်၊ ဦးဦးသာထွန်းတို့ ထပြန်သွားကြသည်။ လက်ဖက်ရည်ချစ်သူသည် မြောက်ဦး လက်ဖက်ရည်ဆိုင်များကို ရင်မောစွာဖြင့် မျှော်ကြည့်နေသည်။
မောင်ခိုင်အောင်
ရခိုင်ညွန့်ဖူး အမှတ် (၃) - ၁၉၉၅
မောင်ခိုင်အောင်
ရခိုင်ညွန့်ဖူး အမှတ် (၃) - ၁၉၉၅
"သည်အရပ်၌ နန်းမြို့တည်လျှင် မြို့သက်ရှည်လည်း မြတ်ရှင်ဘုန်းသက် တိုရပါအံ့။"
ReplyDeleteနှလုံးအိမ်မှ ရဲဝံ့သင်းမြ မိန့်တော်ဟသည်။
"တည်စေ"
ကကောင်းလှပါရေ ဆရာ။