ရခိုင်နှင့် ပတ်သက်သည့် စာအုပ်များတွင် စာတော်တော်များများကို တွေ့လာရသည်မှာ စကားဖြစ်မ လာသော စာအရေးအသားများပင်ဖြစ်ပါသည်။ စကားဟူသည် နေရာဒေသမျိုးရိုးစဉ်လာတို့မှ ဆင်းသက်ပြီး သုံးစွဲနေကြခြင်း ဖြစ်ပါသည်။ သာသာအမျိုးမျိုး၊ လူအမျိုးမျိုးတို့သည်လည်း ကိုယ့်ဓလေ့ ကိုယ့်စကားနှင့် နေ သားတကျ ပြောဆိုနေထိုင် ကြပါသည်။
ကျွန်တော်တို့နေထိုင်သည့် မြန်မာနိုင်ငံတွင်လည်း ထို့အတူပင်။ သို့သော်လည်း ဗမာစကားနှင့် ရခိုင်စ ကား မှာ အလွန်အနီးကပ်ဆုံး ပြောဆိုသုံးနှုန်း နေကြသူများဖြစ်ကြပါသည်။ ငယ်ကတည်းက ရင်းနှီးကျွမ်းဝင် လာသော မြန်မာစကား။ မြန်မာစာသည် အနီးကပ်ဆုံးဆိုရသော် ရခိုင်စကား၊ ရခိုင်အပြော၊ ရခိုင်အခေါ် အ၀ါ်ထဲသို့ အလွယ်တကူ စိမ့်ဝင် သုံးစွဲလာနေသည်မှာ မဆန်းတော့ပါ။ အလွယ်ကူဆုံးနှင့် ပြောရလျှင် အညှက်ဆိုးကို အမှိုက်၊ နာလာအင်းကို မြောင်း၊ လက်ကတိကို ဂျိုင်းရင်းမှ မြောက်များစွာ သုံးစွဲလာခဲ့ ကြ သဖြင့် တည့်မတ်နေသော ရခိုင်စကားများသည် ယိမ်းနွဲ့ လှုပ်ကာလှုပ်ကာဖြင့် ဆုံးရှုံးပျောက် ကွယ်နေခဲ့ သည်မှာ ကြာပင်ကြာလေပြီ ဖြစ်ပါသည်။
ရခိုင်အဆိုတော်များ၊ ရခိုင်စာရေးဆရာများက အစိုးရိမ်ကြီးစွာဖြင့် သီဆိုရေးသားနေကြသော်လည်း တာ ကျိုးခြင်းအား လက်ဝါးနှင့်ကာသကဲ့သို့ ထိရောက်သည်ဟု မမြင်မိပါ။ ရခိုင်ဝေါဟာရများက အရှိန်အ ဟုန်ဖြင့် ပျောက်ကွယ်နေကြပါလေပြီ။ ရခိုင်ပြည်နယ်၏ ပြင်ပမှ ပုဂ္ဂိုလ်များကလည်း အာဘောင် အာရင်း သန်သန်ဖြင့်ပြော၊ လက်သီးလက်မေင်းတန်းပြီး ရေးချင်ရာရေးကြသော်လည်း လှိုင်းဂယက်ထဲ မှ ရေပွက် ငယ်ပမာကဲ့သို့ မည်သည့်နည်းနှင့်မျှ တားဆီးနိုင်စွမ်းမရှိပါ။
ကျွန်တော့်အနေဖြင့်လည်း ရှေးကအသုံးပြုခဲ့သော စာစကားများကို အသုံးပြုရမည်ဟုလည်း မပြောလိုပါ။ စ ကားဆိုသည်မှာလည်း ဆေးအရောင်စပ်သကဲ့သို့ ဥပမာ- အနက်ရောင်နှင့် အဖြူရောင်ဆေးကို ဆတူစပ် လိုက်ပါကာ ခဲရောင်ဆိုသော ကြားအရောင်ထွက်လာသကဲ့သို့ ပြောင်းလဲသော သဘောရှိသည်ကို မှတ်ရပါ သည်။ ရန်ကုန်နှင့် စစ်တွေကြားတွင် ရမ်းဗြဲရှိနေပါသည်။ "ဆင်"ဆိုသော တိရစ္ဆာန်ကို စစ်တွေက "ဆင်"၊ ရမ်းဗြဲက "ဆန်"၊ ရန်ကုန်က "ဆိန်"၊ "လင်ယောက်ျား"ကို စစ်တွေက "လင်"၊ ရမ်းဗြဲက "လန်"၊ ရန်ကုန်က "လိန်"၊ "ထမင်း"ကို စစ်တွေက "ထမင်း"၊ ရမ်းဗြဲက "ထမန်း"၊ ရန်ကုန်က "ထမိန်း"ဟု အသံထွက် ကြသောကြောင့် စကားများတွင်လည်း ရွေ့လျားသော သံစဉ်ရှိနေကြောင်း သိရပါသည်။
ကျွန်တော် အဓိက ရေးသားလိုသည်က ယခုစာရေးလာကြသော စာရေးဆရာတို့သည် လက်ရှိအသုံးပြုနေ ကြသော စကားအသုံးအနှုန်းများကို စကားပြောနည်းဖြင့် ရေးသားလာကြရာတွင် စတန့်ထွင်ချင်၍လား၊ အသိတတ်လွန်၍လားတော့ မပြောတတ်။ တဖြည်းဖြည်းနှင့် အဖတ်ရခက်သည့် စာအသုံးအနှုန်းများ ထည့် သွင်းရေးလာနေသည်။ တွင်တွင်ကျယ်ကျယ် အသုံပြုလာသည်ကို တွေ့နေရပါသည်။ ဥပမာ- "ရွှေ"ဆိုသော စာလုံးကို "ရွှီ"ဟုရေးကြပါသည်။ အရပ်လေးမျက်နှာသော ရခိုင်စကားများထဲမှ တစ်ခုသော ဒေသ၏ သုံးနှုန်းမှုလည်း ဖြစ်ချင်ဖြစ်ပါမည်။ သို့သော်လည်း လက်ရှိပြောဆို သုံးစွဲနေသည်ကတော့ အားလုံးသူက "ရွှေ"ကို "ရွှေ"ဟုသာ အသံထွက်ပါသည်။ စာရေးသူများက ကံကောင်းစွာနှင့် "ရွှေ"ကို "သျွှေ"ဟု မရေး သည်မှာ ကျေးဇူးတင်ရပေအုံးမည်။ "ငွေ"ကိုကျပြန်တော့လည်း "ငွီ"ဟု ဆိုလာပြန်ပါသည်။ "လေ့လာ" ကို "လိလာ"၊ "အဖြေ"က "အဖြီ"ဖြစ်ရပြန်ပါသည်။ ဤကဲ့သို့ အဆီအငေါ်မတည့်သော အသံထ်ွများ အများအပြား ကို ဖြစ်သလို ရေးသားနေကြပါသည်။ ကိုယ်ကိုယ်တိုင်ရေးသားနေသော စာများအားလုံးကို ကိုယ် ကိုယ်တိုင် အသံထွက်၍ ဖတ်ကြည့်ပါ။ ပုံမှန်ပြောရိုး ပြောစဉ်အတိုင်း ထွက်ပါမည်လား။
ဖိုးဖီးစဉ်လာမှသည် ယနေ့ထက်ထိအောင် "မြေ"ကို "မြေ"ဟု အသံထွက်နေကြပါသည်။ "မြီ"ဟု မည်သူမျှ အသံမထွက်ကြပါ။ "မြီ"ဆိုသည်မှာ "ကြွေးမြီ" ကိုသာခေါ်ဆိုပါသည်။ ကျွန်တော့်မှာ ဆိုင်းဘိုး၊ မြန်မာတွင် ဆိုင်းဘုတ်ဟု ရေးပါသည်။ ၎င်းသည် အင်္ဂလိပ်စကား BOARD(ဘိုး) အသံထွက်သဖြင့် ထိုအသံအတိုင်း အသုံးပြုထားပါသည်။ အင်္ဂလိပ်၏ လက်ရှိအသံထွက်လည်း ဘုးဖြစ်နေ၍ သုံးစွဲထားပါသည်။
အသံထွက်မှန်သော်လည်း အရေးအသားကို ကွဲလွဲအောင် တီထွင်ရေးသားထားကြသည်ကို လည်း တွေ့ရပါ သည်။ ဥပမာ-"ရှင်"ကို"သျှင်"၊ "ရှိ"ကို "သျှိ"၊ "ရှုပ်"ကို "သျှုပ်"ဆိုပြီး ရေးသားလာခဲ့ကြပြန်ပါသည်။ မြောက်ဦး မြို့မှ ရှစ်သောင်းဘုရားအား "သျှစ်"ဖြင့်ရေးသည်ဟု ဆရာ့ဆရာကြီးများ အတည်ပြု သုံးစွဲနေကြပါသည်။ အက္ခရာစာလုံးဝန်းမှာ "ရှစ်"ကို "သျှစ်"ရေးရေး၊ "ရှိုက်"ရေးရေး၊ "တစ်"ကို "တိုက်"ရေးရေး၊ "နှစ်"ကို "နှိုက် "ရေးရေး ရေးချင်သလိုရေးကြပါ။ မြန်မာစာနှင့် ကွဲလွဲလျှင် ပြီးပြီဆိုသည့် သဘောနှင့် ရေးသား သည်ဖြစ်စေ၊ စွန်ဦးထင်ပေါ်လို၍ပင်ဖြစ်စေ ရေးသားလိုသည့်လိုရင်းက ရခိုင်သားဖတ်ရန် ရခိုင်စကား ကိုရေးနေ ရသည့် အတွက် ရခိုင်စကားအသံမှ လွဲဖယ်မထွက်လျှင် ရပြီဆိုသည့်သဘော သက်ရောက်နေပါသည်။ ကျွန်တော် တို့ စာဖတ်သူများအနေနှင့်ကတော့ မည်သည့်နေရာကိုမှ တူးဆွမကြည့်နိုင်သဖြင့် လက်ခံရမည်သာဖြစ်ပါ သည်။
မပြောင်းလဲသင့်ဘဲ ပြောင်းလဲရတော့မည့်နေရာဒေသများလည်း ရှိနေသည်ကို အလျဉ်းသင့် သဖြင့် ရေး သားချင်ပါသည်။ ဗမာအရာရှိအုပ်ချုပ်သော ဒေသဖြစ်သည့် "ငပြီကျွန်း"အား ရရစ်မနိုင်သော အရာရှိက "ငပိ ကျွန်း"ဟု ပြောင်းခိုင်းပါသည်။ မင်းပြားမြို့နယ်မှ "ဖားပြို"ကျေးရွာတံတားအား "ဖားပျော်" တံတား ဟု ရေး ခိုင်းပါသည်။ ရရစ်ကို သူမနိုင်သဖြင့် ဒေသသုံးရှေးဟောင်းအမည် နာမများကို ပြောင်းလဲပစ်ရန်မသင့်ဟု ထင်ပါသည်။
မြန်မာစာအရေးအသားများနှင့် ကျွမ်းဝင် ရင်းနှီးလာသော စာရေးသူအပေါင်းတို့သည် စာရေးလာ လျှင် မြန် မာစာ ဥပမာများနှင့် မကင်းနိုင်ကြသည်ကို တွေ့ရပါသည်။ ပြန်ရေးရာတွင် မတော်မတည့်ြုဖစ်နေသည် ကို တွေ့နေရပါသည်။ ရခိုင်စကားပြန်ရခက်သော မြန်မာဝေါဟာရများကို အတင်းအဓမ္မ ရခိုင်စ ကားဖြစ်အောင် ကြံဖန်ထည့်သွင်းနေစရာမလိုဘဲ ပြေပြစ်သောစကားများကိုသာ ရေးသားကြစေလိုပါသည်။ အဖတ်ရလည်းထောက်၊ ရသလည်းမမြောက်သောစာများကို ဖယ်ရှားသုံးနှုန်းစေလိုပါသည်။ စာဖတ်နေ သူများအား မျက်စိလည်အောင် မလုပ်သင့်ပါ။
လက်ရှိမှာလည်း မြန်မာစာဖြင့် ရခိုင်စကားသံထွက်အောင် ရေးသားနေကြဆဲဖြစ်ပါသည်။ လူတိုင်းလည်း ဖတ်လို့ရနေပါသည့် ကျောက်စာမှာရှိသော ရခိုင်စာဖြင့် ရေးသားနေခြင်း၊ ရိုက်နှိပ်နေခြင်းလည်း မဟုတ်ပါ။ ရခိုင်စကားဖြင့် စာရေးသားရာတွင်လည်း ရခိုင်အခေါ်အဝေါ် ရခိုင်အသုံးအနှုန်းဖြင့် တည့်မတ်ပေးစေလို ပါသည်။ ကိုယ့်ပြည်ကိုယ့်ဒေသမှ ထွက်လာသောစာပေများကို ကိုယ့်လူမျိုးများ အဓိကထား၍ ဖတ်ရှုကြ ပါမည်။ အခြေအမြစ်ခိုင်မာသော စာရေးဆရာကြီးများ၏ စာပေများကို နောင်လာနောင်သားများ ကိုးကား ကြပေတော့မည်။ မည်သို့သော စာစောင်မှ မည်သို့သောစာမျက်နှာတွင် မည်ကဲ့သို့ရေးသားထားသည် ဟု ထောက်ပြကြပေမည်။ ဝေဖန်ကြပေမည်။ ငြင်းခုန်ကြပေမည်။ ယခုကတည်းက ကမောက်ကမရေးသား ခဲ့လျှင် နောင်တွင်လည်း ကမောက်ကမ ဖြစ်ကြရပေတော့မည်။
ဤစာကို ရေးရသည့်အတွက် ကျွန်တော့်အား ပေစာများကိုလည်း ကိုးကားနေစရာမလို ပါ။ ကျောက်စာများ ကိုလည်း ထောက်ပြနေစရာမလိုပါ။
ကျွန်တော်က စာကြီးပေကြီးအား ရေးသားသော ဆရာကြီးလည်းမဟုတ်ပါ။ ပညာရှင်လည်း မဟုတ်ပါ။ သို့သော်လည်း ကိုယ့်စိတ်ထဲတွင် အမြင်မတော်၊ အခုမရှင်းဖြင့် ဝေဖန်ရေးသားလိုက်ခြင်းသာ ဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ညွှန်းပြီး ပြစ်တင်ပုတ်ခတ်ခြင်းလည်း မဟုတ်ပါ။ တချို့လည်း သဘောပေါက်ကြမည်။ တချို့လည်း အပြစ်တင်ကြစရာ ရှိပါသည်။ သို့သော်လည်း ယခုလက်ရှိ စာများ စွာတွင် ကျွန်တော်ကိုယ်တိုင် ဝေဖန်ချင်စရာများ တွေ့ရှိလာ၍ ရေးသားခြင်းသာဖြစ်ပါသည်။ မကြိုက်လျှင် လည်း ကျွန်တော့်ဝေဖန်ချက် ချို့ယွင်းခြင်းသာဖြစ်ပါသည်။ မရင့်ကျက်သော ကျွန်တော့်တာဝန် သာဖြစ်ကြောင်း တောင်းပန်ရင်း ရေးသားလိုက်ရပါသည်။
ပန်းချီထွန်းဝေ(စစ်တွေ)
မှတ်ချက်။ ။"မြေပြင်"ကို "မြီ"ဟုပြောဆိုသော ကျေးရွာများရှိသကဲ့သို့ "မြီအိုး၊ မြီခွက်၊ မြီဆွ"ဟူ၍ သုံးနှုန်းသော ကျေးရွာများလည်း တော်တော်များများ ရှိပါသေးသည်။(အယ်ဒီတာ)
အောင်တံခွန် ၀ံသရက္ခိတမဂ္ဂဇင်း အတွဲ(၅)၊ အမှတ်(၂)မှ-
အောင်တံခွန် ၀ံသရက္ခိတမဂ္ဂဇင်း အတွဲ(၅)၊ အမှတ်(၂)မှ-
No comments:
Post a Comment