ရခိုင်ဆေးဝါးများ

ကျွန်ုပ်တို့ငယ်စဉ်က မြင်တွေ့လိုက်ရသေးသည်။ ယခုထိလည်း မှတ်မိနေပါသေးသည်။ ကျွန်ုပ်တို့ မိဘဆွေမျိုး များအိမ်တွင် အိမ်တွင်း လက်သုံးဆေးများ ထားရှိကြသည်။ ထိုဆေးများမှာ ရိုးရာ အစဉ်အဆက် အသုံးပြု လာကြသော ဆေးပင်များ ဖြစ်သည်။ အမြစ်၊ အဥ၊ အသီး၊ အရွက်များကို ထောင်းထု အမှုန့်ပြုလျက် ရောစပ် ဖော်ပြုထားသည့် ဆေးများပင်တည်း။

ထိုအိမ်တွင်း လက်သုံးဆေးများမှာဆိုလျှင် အစာဖျက်ဆေး၊ အစားမှားဆေး၊ ဓါတ်လေးပါးဆေး၊ ဆေးမည်း သျှေ၊ ခြောက်ပါးဆေး၊ ခရမ်းစိတ်ကေဆေး၊ စတုပညာသဆေး၊ ဟိန်းရာဇာဆေး၊ ရွှေလရောင်ဆေး၊ ဆေးဝါ သျှေ၊ သက်တန်းဆေး၊ ၀ဲယားနာဆေး၊ ချောင်းဆိုးဆေး၊ ငန်းဆေး စသည့် လူကြီးလူငယ် အဖျားအနာ ရောဂါ ဝေဒနာများနှင့် လျော်ရာ စားသုံးရသော ဆေးများ အသင့်အတင့် စုံစွာပါဝင်ကြသည်။ ထိုဆေးများကို အသုံး ပြုရင်း သိမ်းဆည်းထားကာ အိမ်တွင်း ဆေးခန်းတစ်ခု ဖြစ်စေခဲ့လေသည်။ အိမ်တွင်း ကျန်းမာမှု အတွက် လည်းကောင်း၊ ရောဂါကြိုတင် ကာကွယ်မှု အထောက်အပံ့ အတွက် လည်းကောင်း အသုံးပြုခဲ့ ကြသည်။

ဤဆေးများမှာ ဆေးပေးမှား ရောဂါတိုးပွားနိုင်ခြင်း၊ ဆေးမှားခြင်းဖြင့် ဥပါဒ်ဖြစ်စေရန်လည်း စိုးရိမ်စရာ မရှိ ချေ။ အိမ်သူမတိုင်းပင် အစဉ်သုံးလာကြပြီးရာကား အနာနှင့်ဆေး တည့်အောင်ပေးနိုင်ရန် အားလုံး သိရှိထား ပြီးသားလည်း ဖြစ်သည်။ ထိုဆေးဝါးတို့ဖြင့် ကာကွယ်၊ ကြပ်မတ်ဆီးတားကုသ မပျောက် မငြိမ်းမှာသာ သို့မ ဟုတ် အလွန်အကျွံ ပြင်းထန်လှသော ဝေဒနာများကိုသာ တတ်သိနားလည် ကုသတတ်သော သမားများကို တင်ခေါ် ကုသကြည့်ရှု စေခဲ့ရလေသည်။ ဤမျှထိ ရခိုင်ရိုးရာ အိမ်တွင်း သုံးဆေးများသည် ကျွန်းကမ်းကျေး လက် တောရွာအနှံတို့၌ ရှေးဦးသူနာပြု အိမ်တွင်းသက်စောင့် အိမ်သူ့သမားတော်များအဖြစ် အားကိုးအား ထား ပြုခဲ့ရသည်။

အလားတူ တခုချင်း၊ မမြစ်ချင်းကောင်း ဆေးမြီးတိုများကလည်း ပချုပ်ဖာတစ်လုံး၊ နှစ်လုံးပြည့်ခန့်မျှ ရှိတတ် ကြသည်။ အိမ်ခေါင်မိုးကွပ်ကြား၊ ထရံကြား၊ မီးဖိုထက်၊ ကြပ်စင်ထက်များတွင်လည်း ဟိုဟိုဒီဒီ ပြည့်နှံ့ထားရှိ တတ်ကြသည်။ချုံ့ပြောရလျှင် အိမ်တစ်ဆောင်လုံးသည် ဆေးဗူး၊ ဆေးကျည်တောက်၊ ဆေးမြစ်များဖြင့် ပြည့် နှက်နေသည်။ တောင်သန်ကြီး၊ အပေါ်သကာ (ဥပသကာ)၊ ရွှေတလုံးဂုံဂါး၊ အစားမှားဆေးမြစ်၊ နံ့သာမျိုး ငါးပါးစုံ၊ သားရဲတိရိစ္ဆာန်များ၏ အရိုးအခွံများကပါ စုံစွာ၊ ဗူးဖရုံများပါ မကြွင်းစုရုံး ထားရှိကြသည်။ ထိုဆေးမြစ်၊ သစ်မြစ်၊ ၀ါးမြစ်များကို တူးဖေါ်ရောင်းချကြသူများလည်း မရှားခဲ့ချေ။ အင်္ဂလိပ်ပိုင်ပြီးနောက် မီးသင်္ဘော၊ မီးရထားတို့ ပေါ်ပေါက်လာသောအခါ အသုံးပြုရသော ကျောက်မီးသွေးလည်း ရခိုင်တို့အဘို့ ဆေးဝါး တစ်ခု အဖြစ် ပချုပ်ဖာတွင် အသင့်ပါဝင်လျက် ရှိနေကြောင်း တွေ့မြင်လိုက်ရသည်။ ထိုဆေးမှာ အနာတွင် အသုံးချ ရခြင်းဖြင့် ဆေးတစ်ပါးအဖြစ် အကျိုးပြုနေရာကား အိမ်သုံးဆေး အပါအ၀င်ဖြစ်ရသည်။

ဆေးကြိတ်ရန် ကျော်ပဉ်မှာလည်း မရှိမဖြစ်သော ပစ္စည်းဖြစ်ရာကား အသင့်ပင်ရှိကြရသည်။ ထို့ပြင် အိမ်ခြံ ၀င်း ပတ်လည်နီးနားတို့တွင်၊ နနွင်း၊ချင်း၊ မိဿလင်(ပုလဲ)၊ ဘုမ္မရာဇာ၊ ကန့်ချုပ်နက်၊ ကန့်ချုပ်နီစသည့် ဆေး ပင်ဆေးမြစ်များကလည်း စိုက်ချထားလေ့ ရှိကြသည်။ အယုတ်ဆုံး မီးဖိုနားတွင် အသင့်ပင် ဆေးပုန်းရည် အိုးကြီးတစ်လုံး တည်ရှိနေရသည်။ ချောင်းဆိုး၊ ပန်းဟဲ၊ ရင်ကြပ်လျှင် ဆားခပ်သောက်လိုက်က သက်သာရာ ရစေနိုင်သည့် ဆေးရည်ပင်ဖြစ်သည်။ ကင်းပွန်းချဉ် ရွက်ကြမ်း၊ မန်ကျည်းရွက်ကြမ်း၊ သကာ၊ စမုန်မျိုးငါးပါး၊ ဆေးပုလဲတို့ ထည့်၍ ကြိုချက်ကာ အရည်လုပ်ထားသော အစာကြေ၊ ရင်ကြေဆေးရည်များပင် မစားချင် မသောက်ချင် အားအင်ချိနဲ့ နေသူများအတွက် အသင့် သောက်သုံးစရာအဖြစ် တည်ရှိရသည်။ သို့မဟုတ် စပါးပုတ်၊ စပါးရိုင်တို့၌ အနွေးပေးလျက် ထားရှိရသည်။ အုန်းသီးပုတ်များကိုပင် နေလှမ်းလျက် ပုလင်းတွင် ထည့်ကာ အနာဆိုး အနာပျက်တို့၌ သုတ်လိမ်းရန် ပြုပြင်ထားတတ်ကြသည်။

ထိုဆေးဥ၊ ထိုဆေးမြစ်၊ ထိုဆေးရွက်၊ ထိုဆေးရည် တို့လည်း ပွတ်လိမ်း စားသုံးခြင်းဖြင့် အိမ်သုံးဆေးအဖြစ် ထားခဲ့ကြရလေသည်။ ယခုကဲ့သို့ နိုင်ငံခြားဖြစ် ခေတ်မီ ဆေးဝါးများ၊ ထိုးဆေး၊ပွတ်ဆေး၊ လိမ်းဆေးများနှင့် နှိုင်းယှသ် အထင်အမြင် သေးစရာလည်း မသင့်ချေ။ အဘယ်ကြောင့်ဆိုသော် နိုင်ငံခြားသားတို့သည်လည်း သိပ္ပံပညာ မတိုးတက်ခဲ့စဉ်ကဆိုလျှင် ကျွန်ုပ်တို့နှင့်မခြား အသုံးပြုခဲ့ရသည်ကို သမိုင်းက သက်သေခံလျက် ပင် ရှိသေးသည်။ ယခုတိုးတက်နေသော အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်စသော နိုင်ငံတို့၌ပင် ရှေးယခင်အ ခါက အဖုအဖြစ်အဥ အရွက်တို့ကို အမှုန့်ထောင်းထု ပြုလုပ်ခဲ့ရလေသည်။

ရောမ၊ ခေါမခေတ် ရှေးဟောင်းရာဇ၀င် ရုပ်ရှင်ဇာတ်ကားများတွင် နန်းတွင်းသမားတော်များ ဆေးဝါးတိုက် ကျွေးကုသရပုံအခြင်းအရာများကို မြင်တွေ့နိုင်ရာ ကျွန်ုပ်တို့၏ ရှေးကရိုးရာများနှင့် များစွာကွာခြားလှသည် မ ဟုတ်ပါ။ ဆေးဝါးထည့်စရာဆိုလည်း ဖန်ဗူး၊ဖန်ခွက်၊ ဖန်ပုလင်းပင် မပါရှိ။ သစ်သားကို ထွင်းထားကာ အဖုံးအ ပိတ်ဖြင့်ထည့်ထားသည့်ဆေးဗူး၊ ဆေးပုလင်းများသာဖြစ်သည်။ ၄င်းတို့ကို ဘမ်းကြီးထဲ အစီလိုက်ထည့် လည် ပင်းကြိုးသိုင်းဆွဲကာ လှည့်လည် ကုသနေပုံတို့ကိုသာ ပြသတွေ့မြင်ကြည့်ရှုရသည်။

ရခိုင်မြောက်ဦးမင်းများ နန်းတွင်းသုံး ဆေးဗူး ဆေးပုလင်းများလည်း ထို့အတူသာဖြစ်သည်။ သစ်သားကို ပါး လွှာအောင် အခေါင်းထွင်း၊ သစ်သားကိုပင် အဖုံးအပိတ် လုပ်ထားသော သစ်သားဗူး ပုလင်းဖင်ချွန်းများကို ယခုထိရှာဖွေ တွေ့ရှိရသေးသည်။ ထိုဆေးဝါးများကို ကြိတ်မှုန့်စေရန်အတွက် ကျောက်ပျဉ်များကို အလယ် ချိုင့်ဝှမ်းဒေသ ကျောက်ပျဉ်းကျွန်းကဲ့သို့ မို့မောက်သော ကျောက်ပျဉ်၊ အနားပတ်လည်တွင် စီးဆင်းနိုင်ရန် မြောင်းများပါပြီး နှုတ်သီးချွန်ကတော့ သဏ္ဍါန် သွန်ချရသော ကျောက်ပျဉ် အမျိုးအစားများဖြင့် တွေ့မြင်ရ သည်။ ကျောက်ပျဉ်တွင် အောက်ခြေတပ်ခြင်း၊ အလှအပအဖြစ် ကျောက်ဆစ်ပန်းပုလက်ရာ ထုထားခြင်း စသည်များ အနုပညာ မွန်းမံထားပေးသည်များကိုပါ တွေ့ရသေးရာ ကျောက်ပျဉ်ကပင် ယဉ်ကျေးမှု သရုပ် ဆောင် သလိုဖြစ်နေသည်။

ထိုသို့ အနောက်တိုင်း ရှေးရိုးဆေးဝါး အသုံးချခဲ့သည့် အလားပင် ကျွန်ုပ်တို့ ရခိုင်ရိုးရာဆေးဝါး အသုံးချခဲ့ ခြင်းများသည် လွန်စွာကွာခြားလှသည် မဟုတ်ချေ။ သို့သော် အနောက်တိုင်းဆေးပညာသည် ခေတ်မီတိုး တက်လာသလောက် ကျွန်ုပ်တို့၏ ရခိုင်ဆေးပညာသည် ခေတ်မီဘို့ နေနေသာသာ ယခုဆိုလျှင် ယဉ်ကျေးမှု ပြရန်ဟု ရိုးရာမျှပင် ကျန်သေး၏လောဟု ထင်မှတ်စရာထိ ဆုတ်ယုတ်လာခဲ့ရသည်။ အနောက်တိုင်း ဆေးဝါး များကိုအားကိုးပြီး မိမိတို့ရိုးရာ ဆေးဝါးများကို လုံးလုံးလက်လွှတ် လိုက်ကြရမည် ဆိုက မဟာအမှားကြီးပင် ဖြစ်သည်။ သူများ နှာခေါင်းနှင့် အသက်ရှူနေရသကဲ့သို့ နိုင်လှသည်။ အနောက်တိုင်း ဆေးဝါး အခက်အခဲ နှင့် ကြုံနေရသောအခါ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကာ ဘာမှလုပ်တတ်ဘဲ နောင်တရနေ ကြရချေမည် သာဖြစ်သည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဆေးပညာနှင့် ဆေးဝါးများကို ဖော်ထုတ်ရန် သင့်ကြပေပြီ။ လူတို့သည် မတိုး တက်သော ခေတ်တွင် ကျန်းမာရေး နည်းပါးခဲ့ရသည်။ အသက်သေဆုံးရခြင်းဖြင့် ကြုံခဲ့ကြရသည်။ ဆေးဝါး ဟုလည်း မည်မည်ရရ အသုံးပြုရခြင်း၊ အသုံးချရခြင်းကို သိတတ်ကြသည် မဟုတ်ချေ။ သို့သော် လူသား သည် ဘေးအန္တရာယ်ကို ကြောက်လန့်တတ်သူများ သာတည်း။ ထို့ကြောင့် အားကိုး အားထားမှုကို ရှာကြရ သည်။ ကိုးကွယ်မှု ဘာသာတရား ဟုလည်း အစစ်အမှန် မရှိစဉ် နတ်နဂါး၊ တောတောင် ရေမြေ စသည်များ ကို အသျှင် သခင်အဖြစ် ကိုးကွယ်လျက် အားထားခဲ့ကြသည်။ နတ်တင် နတ်ပူဇော်ခြင်းများ၊ ယဇ်ပူဇော်ခြင်း၊ ပသခြင်းများဖြင့် အစစ အရာရာကို ဖြေဆည်း ဖျောက်ဖျက်ရိုးသာ ပြုခဲ့ရသည်။

အဖျားအနာ ဖြစ်လာလျှင်လည်း ကာကွယ်မှု မတတ်နိုင်ချေက ထိုအားထားရာ နတ်များကိုပင် ပသ ကူမစေ ခဲ့ရသည်။ သို့သော် အားထားခံ အသျှင်နတ်များလည်း အမှန်မှာ တတ်နိုင်ရှာကြသည် မဟုတ်ချေ။ သို့သော် လည်း နတ်မနာလိုလို့၊ နတ်မစောင်မလို့၊ နတ်ကို မလေးမခံ့ပြုမိလို့ဟု ဆိုကာ ထိုအသျှင် နတ်များကိုပင် ဂုဏ် တင်လိုက်ရပြန်လေသည်။ ယနေ့ထိလည်း တောင်ချောင် တောင်ကြားကျရာ အရပ်တို့၌ နတ်ဆေးနတ်ဝါး များဖြင့် ကုသတုန်း၊ အားကိုးတုန်း ရှိနေကြသေးသည်။

လူသားသည် စုံစမ်းရှာဖွေတတ်ခြင်း၊ ဆင်ခြင်တုံတရားဖြင့် စဉ်းစားတတ်ခြင်းစသော အသိပညာများ ရှိကြ သူချည်းသာတည်း။ ထို့ကြောင့်ပင် ပူလာလျှင် အေးမြစေမှ ဟု လည်းကောင်း၊ အေးလာလျှင် ပူနွေးပေးမှဟု လည်းကောင်း ရုပ်ဝတ္ထုများကို ပြုပြင်မှုဆိုင်ရာ သဘာဝဘေးဒဏ်ကို တားဆီးခဲ့ခြင်းဆိုင်ရာကို တစတစ ကြံဆလာခဲ့ကြရသည်။ ထိုသို့ အပူအအေးသည် ဓါတ်သဘောကို ပြုပြင်မှု၊ ဆီးတားခုခံမှုဆိုင်ရာတို့ကား ဆေးပညာသဘောပင် ဖြစ်သည်။ ထို့ကြောင့် အေးသောဆေးမြစ်ဝါးမြစ်၊ ပူသော ဆေးမြစ် ၀ါးမြစ်များကို မြည်းစမ်း အသုံးပြုလာခြင်းဖြင့် တစတစ ဆေးဝါးဆိုင်ရာ အသိပညာများကို ရရှိလာကြရလေသည်။

ရခိုင်တို့တွင် ဆေးဝါးများဖြစ်ပေါ်လာပုံကို တီထွင်ပြောဆိုခဲ့ကြသော ရိုးရာပုံပြင်များကို တွေ့ရသည်။ တိရ စ္ဆာန်ငန်းမက သေဆုံးနေသော သားငယ်ငန်းကလေးများကို မိမိကိုက်ယူလာသော ဆေးမြစ်ဖြင့် တို့ထိလိုက် ဖြင်းဖြင့် အသက်ရှင်သွားပုံ၊ ထိုသို့ရှင်လာသော ဆေးမြစ်ကို ငန်းဆေးမြစ်ဟုခေါ်ပုံ၊ ထိုကိုအစွဲပြု၍ ယခုထိ ငါးဆေးဟု ခေါ်တွင်ပုံများဖြစ်သည်။ ဤပုံပြင်များမှာ လူသားက တည်ထွင်ပြောဆိုခြင်းသာဖြစ်ရကား ထိုငန်း ဆေးမြစ်ဆိုသည်မှာလည်း လူသားကပင် လေ့လာစူးစမ်းခြင်းဖြင့် စတင်အသုံးပြုခဲ့ရသော ဆေးမြစ်သာဖြစ် ရပေသည်။

ထိုသို့ဆေးဝါးများကို စတင်အသုံးပြုတတ်လာသဖြင့် ကျန်းမာမှုဆိုင်ရာ အားထားရခြင်း၊ အသက်အန္တရာယ် ကို ကာကွယ် တားဆီးနိုင်ခြင်းများ အကျိုးကို သိလာရလေသည်။ ထိုအခါ မိမိတို့ အားထားခဲ့ရသော အသျှင် များမှာ ဆေးဝါးအဖြစ်မှ ယုတ်လျော့လာရသည်။ ဆေးဝါးများဖြင့်ပင်လျှင် ယင်းအသျှင် နတ်၊ တစ္ဆေ၊ သရဲများ ကို တန်ပြန်ခုခံကာကွယ် ခဲံကြလေသည်။ ထို့ကြောင့် ဆေးကြမ်းပင်များကို ရခိုင်အိမ်ဝင်း မြို့တိုင်းတွင် အကာ အကွယ်အဖြစ် အသုံးပြုထားလေ့ ရှိခဲ့ကြသည်။ ထို့ပြင် အိမ်ဝင်ဝ၊ အိမ်မိုးစွန်းဖျား၊ အိမ်မိုးဒေါင်တို့၌ ဂုံညင်း တောင့်(ဒိုင်းတောင့်) များကို ထိုသို့ အကာအကွယ်အဖြစ်၎င်း၊ ဘူးခါးသီး၊ ကျား၊ဆင်၊ သားရဲ တိရစ္ဆာန်ဦးချို အရိုးများကို အိမ်တွင်း၌ လည်းကောင်း ထားကာ အကာအကွယ်ပြုလာ ခဲ့ကြလေသည်။ ထိုသဘောကို ဆောင်သော ပုံပြင်များကိုလည်း ရခိုင်တို့က ထည့်ထွင်ပြောလာကြသည်။ မိမိတို့စိုက်ပျိုးထားသော ဆေးပင် ဆေးမြင်များဖြင့် စုန်း၊နတ်၊ တစ္ဆေများကို ကာကွယ်လိုက်နိုင်ပုံများကို ပုံပြင်လုပ် ပြောလာခဲ့ကြသည်များကို ရခိုင်ပုံပြင်တို့၌ တွေ့နေရသည်။

ရခိုင်ဆေးဝါးများသည် ရောဂါ လက္ခဏါနှင့် ကိုက်ညီအောင် ဖော်စပ်ထားခြင်းလည်း မနည်းချေ။ လိုသလို အကဲရေလှည့်ပေး အသုံးပြုခြင်းဖြင့်လည်း ဥာဏ်သက်ဝင်မှုများ ပါဝင်လေသည်။ တခုကောင်း၊ နှစ်ခုကောင်း စသော တစ်ခုခင်းဆေးမြီးတိုများလည်း ဒုနှင့်ဒေးရှိချေသည်။ ဆေးဝါးဖော်စပ်မှုမှာ အမှန်တကယ်အားဖြင့် အနာရောဂါ လက္ခဏာနှင့်လည်းကောင်း၊ ရာသီဥတု၊ ဓါတ်သဘာဝ ညီမျှခြင်းဖြင့်လည်းကောင်း ဆေးပညာ ဆိုင်ရာသဘောတရားများ ပါဝင်ရမည်သာဖြစ်သည်။ အချို့သော ဆေးသမားဆိုင်ရာ ကုထုံးအရလည်း ဆေး ပူကို အသုံးအစွဲ လက်ကိုင်များခြင်း စသည်လည်းရှိတတ်သည်။ မည်သို့ဆိုစေ ဖော်ပြပါဆေးပညာ မပါဝင်ဘဲ မည်သည့်ဆေးဝါးမျှ ဖော်စပ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဆေးပညာဆိုင်ရာကို နားလည်ရမည်ဖြစ်သည်။ ရခိုင်ဆေးပညာသည်လည်း ဓါတ်လေးပါးကို အဓိကထားပြီး ရုပ်လက္ခဏာသဘာဝကို စိတ်ဖြာသိရသော ပညာတစ်ရပ်သာဖြစ်ပေသည်။ ဤပညာကို အိန္ဒိယမှ မြစ်ဖျားခံကာ ရခိုင်သို့ နှစ်ပေါင်းများစွာကပင် ၀င်လာ ခဲ့ရသည်ကစပြီး ပြန့်နှံလာခဲ့ရလေသည်။

ရခိုင်ပြည်၌ ဆေးပင်များစွာ ပေါက်ရောက်နိုင်ရန် စိမ်းလန်းစိုပြေသော တောတောင်များစွာ ရှိလေသည်။ ဆေးဖု ဆေးမြစ်များ ပေါများခဲ့သည်သာဖြစ်၏။ တောတောင်တိုင်း၌ ပေါက်ရောက်လေ့မရှိဘဲ ခဲခဲယဉ်းယဉ်း ရှားရှားပါးပါးသာ တတောင်တလေ၌ ပေါက်ရောက်တတ်သော ဆေးများကို နတ်ဆေးနတ်ဝါးဟုပင် တင်စား ခေါ်ဝေါ်ခဲ့ကြသည်။ ရှေးက ထိုသို့ နတ်ဆေးဝါးအမည်ခံ ရှားပါးခဲ့မည်ဖြစ်သော ဆေးထူးများကို ဒေ၀ဂန္တာရီ တောင်တော် သမိုင်းတို့၌ တွေ့ရသည်။

ထို့ပြင် မြန်မာပုဂံမင်း လက်ထက်၌ လည်းကောင်း၊ မင်းတုန်းမင်းလက်ထက်၌ လည်းကောင်း ရခိုင်မှ ဆေး နည်းနှင့် ဆေးဝါးများရောက်ရှိသွားကြောင်း အထောက်အထားများ တွေ့ရသည်။ ရခိုင်မြောက်ဦးခေတ် ပေါ် တူဂီဘုန်းကြီး ဖာသာ မာန်နရိတ် ရောက်ရှိလာသည်။ ၄င်းသည် ပထမတွင် ရခိုင်ဆေးဝါးများကို အထင်အ မြင်သေးခဲ့လေသည်။ နောက်တွင် မိမိ၌ သေလုမျောပါး စွဲကပ်ခံစားနေရသော ငှက်ဖျားရောဂါ ဝေဒနာကို ရခိုင်နန်းတွင်း ဆေးသမားတော်ကြီးက ဆေးမြစ်တစ်ခုမျှဖြင့်ပင် ကုသပျောက်ကင်းစေနိုင်မှ အံ့အားကြီးသင့် လျက် ချီးကျူးလာခဲ့ရလေသည်။ ဤသို့ဖြင့် ရခိုင်ဆေးဝါးများသည်လည်း ရခိုင်လူနေမှုနှင့် ယဉ်ကျေးမှု စသည်များတွင် အကျိုးပြုလျက် တတပ်တအား ပါဝင်ဆောင်ရွက်လာခဲ့သည်မှာ ကြာမြင့်ခဲ့ပေပြီ။

အဘယ်ကြောင့်ဆိုသော် ဆေးဝါးနှင့် ဆေးသမားတို့မှာ ပြည်၏အင်္ဂါရပ်အဖြစ် ပါဝင်ခဲ့ရသူများပင် ဖြစ်သည်။ "ဗေဒင်၊ ဟူးရား၊ သမားကောင်းသည် မျက်စိမည်၏"ဟု ဆိုသဖြင့် ပြည်၏အင်္ဂါတွင် ဆေးသမားသည် ပြည်၏ မျက်စိဖြစ်ချေသည်။ ထို့ပြင် ဆေးသမားသည် န၀ရတ်ကိုးပါး အပါအ၀င်ဖြစ် "မျက်စိမဖောက်၊ နားပေါက်မ ပယ်၊ ပြည်စွယ်မခွာ၊ မျက်နှာမလွှမ်း၊ ပြည်ဝမ်းမမွှေ၊ ပြည်ခြေမဖြတ်၊ ကျင့်နိုင်တတ်မှ၊ န၀ရတ်ကိုးဖြာ၊ ဆင်ရ ရာသည်၊ တန်းဆာမင်းတို့၊ ကျင့်ထုံးတည်း"ဟု ဆိုသဖြင့် ပြည်ရှင်မင်းတို့က အစ အလေးအမြတ် ထားခဲ့ကြ ရလေသည်။ ရခိုင်မင်းလက်ထက်၌ သမားတော်များကို ချီးမြောက်ထားခဲ့သည်။ တခွက်ဆရာ မောင်ပေါ်လာ ကို အစွဲပြု၍ ယခုထိ မြို့ဟောင်းမြို့၌ တခွက်ဆရာ မောင်ပေါ်လာတောင်ဟု ကျောက်ရစ်ကေရပ် အနီး တောင်ရှီမြောင်း အနောက်ဘက်တွင် အမည်တွင်ရှိနေသေးသည်။ ၄င်းပြင် ဆေးသမားတော်ကြီး ငကိုးနှင့် ငညိုတို့ကိုလည်း သိသာနိုင်ပေရာသည်။

ရခိုင်ရိုးရာ ဆေးကျမ်းများသည် ယနေ့တပိုင်းတစ ကျန်သေးသည်။ ဓါပကာနီဆေးကျမ်းအမည်ဖြင့် ဆေး ကျမ်းစာ အနည်းအပါးကို တွေ့နေရသေးသည်။ ထိုဆေးကျမ်းကို ရခိုင်ပြည်နယ် တောင်ပိုင်းဆေးသမားတို့ အသုံးပြုများပေသည်။ များစွာသော ဆေးပညာဆိုင်ရာ ဆေးကျမ်းများ ဆေးဝါးဖော်စပ်ပုံ ဆေးနည်းများမှာ တိမ်ကော ပျောက်ပျက်လျက်ရှိနေသည်။ သို့သော်လည်း အစဉ်အဆက် အသုံးပြုနေသေးသော ဆေးနည်း ကောင်းဝါးနည်းကောင်းများကား အတော်အသင့် ရှာဖွေရနိုင်သေးမည်ဖြစ်ရာ ရခိုင်ဆေးပညာရှင်များ သမား တော်များက အမြတ်တနိုး ရှာဖွေစုစည်းခြင်း၊ ဖော်ထုတ်ပေးခြင်း၊ ဖြန့်ချိခြင်းများ ပြုရန် လိုအပ်နေပေသေး သည်။ ဆေးဝါးအမည် အမျိုးမျိုးနှင့် အသုံးပြုပုံ ပြုနည်းဆိုင်ရာ ဆေးသဒ္ဒါများကိုလည်း စုရုံးရန် လိုအပ်သည်။ ဟိုတစဒီတစနှင့် ဖရိုဖရဲ ပြည့်ကြဲလျက် ပျောက်ဆုံးသွားရချေက ၀မ်းနည်းဘွယ်ရာသာ ဖြစ်ချေမည်။ တချို့ လည်း သ၀တ်တိုမှု၊ ပြန့်နှံ့သွားမည်ကို စိုးခဲ့မှု၊ လှို့ဝှက်ဖုံးကွယ်ထားမှုများကြောင့် နောက်ဆုံးတွင် သေရာ ပါသွားခဲ့ရခြင်းဖြင့် နိဂုံးချုပ်ခဲ့ရချေသည်။ မိမိ၏သား၊ မြေး၊ မြစ်၊ ဆွေမျိုးများပင် ခံစားဆက်ခံ လိုက်နိုင်ခွင့် မပြုခဲ့ကြရလိုက်ချေ။ ယင်းသို့ အမြင်ကျဉ်းမှု တကိုယ်ကောင်းဆန်မှုများကြောင့် ရခိုင်ဆေးပညာသည် ယခု ကဲ့သို့ ကွယ်ပျောက်ဆုံးရှုံးရခြင်း မတိုးတက် ခေတ်မမီခြင်း၊ လူသုံးလွယ်စွာ မပြန့်နှံ့သဖြင့် လူသိရှင်ကြား နည်းပါး မကျော်ကြားခြင်းစသော ဆုတ်ယုတ်မှုများစွာဖြင့် ခရီးလျှောက်ခဲ့ရလေသည်။ စဉ်းစားလျှင် အလွန် ၀မ်းနည်းစရာ ကောင်းသည်သာတည်း။

မိမိတို့ ရိုးရာသုံးဆေးဝါးများကိုပင် ဖော်စပ်ရောင်းချမည့်သူ၊ ကုသမည့်သူ တရပ်တွင်တစ်ယောက်၊ တစ်မြို့ တွင်တစ်ယောက် မရှိသလောက် နည်းပါးသွားခဲ့ခြင်းမှာ ရင်လေးစရာလည်း ကော်းလှသည်။ စဉ်းစားစရာ လည်း ကောင်းလှသည်။ ရခိုင်သားများက အသုံးမပြု အလေးမယူ ဂရုမမူ၍လော။ ရခိုင်သမားတော်များ ကပင် ညံ့ဖျင်းတိမ်မှေး၍လော။ ယင်းသို့ဆိုလျှင် နှစ်ဘက်စလုံးက အပြစ်တင်ချင်ကြပေလိမ့်မည်။ သို့သော် နှစ်ဦးနှစ်ဘက်စုံလည်း တာဝန်မကင်းချေ။ ထို့ပြင် သမားအင်္ဂါ လက္ခဏာမပြည့်မစုံ သမားယောင်ယောင်များ ဆေးဆရာအတုအပများကြောင့်လည်း ရခိုင်ဆေးဝါး အထင်သေး အမြင်သေးခံရမှု ရှိချေသည်။ အနောက် တိုင်း ဆေးဝါးများကို အသုံးပြုကြသူ ခေတ်မီသူ လူတန်းစားအမည်ခံတို့၏ အတွေးအခေါ် ရင့်သီးမှုများ၊ ယောက္ခမကို အမေခေါ်လိုသူ များကြောင့်လည်း တာဝန်မကင်းချေ။

မိမိတို့သည် အနောက်တိုင်း ဆေးဝါးကိုချည်း ထာဝစဉ်အားကိုးမှု ပြုနေရမည်လော။ မိမိတို့ ဆေးဝါးများ ကိုကား အားကိုးမဲ့ ပစ်ပယ်ကြရအံ့လော။ ယခု အခြေအနေတွင်ဖြစ်စေ၊ နောင်ကိုဖြစ်စေ၊ အနောက်တိုင်း ဆေးဝါးများနှင့် တန်းတူမဟုတ်စေကာမူ ခေတ်မီသော ဆေးဝါးအဆင့်သို့ လှမ်းမြင့်လာစေရန် ကြိုးစားခြင်း၊ တည်ထွင်ခြင်း၊ အနောက်တိုင်းဆေးဝါးများကို မလွှမ်းမိုးစေနိုင်ကာမူ တချို့တ၀က် အစားထိုးယှဉ်ပြိုင် နိုင်ခြင်း စသည် တတပ်တအား မိမိတို့ တိုင်းပြည်နှင့် လူမျိုးအပေါ်တွင် ပါဝင် အမှုထမ်းဆောင်ရမည်သာ အမှန်ဖြစ် သည်။

အနောက်တိုင်းဆေးပညာ ထွန်းကားသလောက် ကျွန်ုပ်တို့၏တိုင်းပြည် တိုးတက်မှုမရှိလျှင် ထိုဆေးဝါးများ လည်း အလကား ၀င်လာနိုင်စရာမရှိချေ။ ထိုဆေးဝါးများကို အသုံးပြုတတ်မှုဆိုင်ရာ ဒေါက်တာဆေးဘက် ပညာ၊ ၀ယ်ယူသုံးစွဲရေးဆိုင်ရာ ငွေကြေးစသည် အများကြီးလိုအပ်ပေမည်။ ထိုသို့ တခြားကယူရမည်။ မိမိ တို့က အကုန်အကျများရမည်ကို မိမိတို့က ပါဝင်ဖြည့်စွက်ခြင်း၊ မိမိတို့က အသုံးပြုလိုက်နိုင်ခြင်းဖြင့် အစားထိုး နိုင်ရန် ကြိုးစားကြရမည်သာတည်း။

ရခိုင်ဆေးပညာဆိုင်ရာ ဆေးကျမ်း ၀ါးကျမ်းများလည်း အလွန်ပင် ရှားပါးသွားခဲ့ရပေပြီ။ ရခိုင်ပြည်ကို ဘိုး တော်မင်း သိမ်းပိုင်အုပ်ချုပ်စဉ် ပိဋကတ်ကျမ်း၊ ဗေဒင်ဗာဟိရကျမ်း (၅၆)စောင်ကို အမရပူရသို့ ပေးဆက်ရ သည်ဟူ၏။ ထိုတွင် ဗာဟိရကျမ်းတို့၌ ရခိုင်ဆေးကျမ်းများစွာလည်း ပါဝင်ခဲ့ရ လေသည်သာတည်း။ ဆေး ကျမ်းများသာမက ဆေးသမားတော်များပါ ပို့ဆက်ခဲ့ရကြောင်းဖြင့် ရခိုင်ရာဇ၀င်၌ ဆိုထားသေးရာ ဆေးကု ထုံးများ ဆေးနည်းများပါ တိမ်ကောမှုဖြစ်ခဲ့ရလေသည်။

ထို့ပြင် အင်္ဂလိပ်သိမ်းပိုက်ခငြ်း ခံရစဉ်လည်း ရခိုင်ဆေးကျမ်းများကို နားပန်းဆံကို ရိတ်ဖြတ်သကဲ့သို့ ၀ိုင်းရံ ရိတ်ဖြတ် ကုန်စေခဲ့ရကြောင်းကို ရာဇ၀င်လက်ာ သမိုင်းဆရာတို့က နာကျည်းစရာ စပ်ဆိုမှတ်တမ်းတင် ထားခဲ့ကြသည်။ ရခိုင်ရာဇ၀င်လင်္ကာမှ ပိုဒ်ရေ(၁၃၆)တါင် အောက်ပါအတိုင်း ရှုစားနိုင်ကြပါ၏။ "ဂေါတမ၏၊ ဟောထကျမ်းဂန်၊ ဓမ္မက္ခန်နှင့်၊ လေးတန်ဗေဒင်၊ ကျမ်းများဖျင်က၊ လူတွင်စွဲမှတ်၊ ဓမ္မသတ်နှင့်၊ မပြတ်မှန်စွာ၊ ဗာဟိရာဖြင့်၊ မှတ်ကာရေးဖွဲ့၊ တွက်စစ်ခဲ့သော်၊ ကိုးဆယ့်ခြောက်ဖြာ၊ အာဗာမာနှင့်၊ ကမ္ဘာနာမက်၊ ကျော်ဝက် သက်နှင့်၊ လိုက်ဖက်သင့်စွာ၊ များလှပါသား၊ နာနာဂန္ထ၊ ကျမ်းသိပ အား၊ သီသကေသံ၊ နားပန်းဆံကို၊ ၀န်းရံ လျှင်၊ ရိတ်ပြီးကျင်မှ၊ ကုန်စင်ပြီးက" ဖော်ပြပါအတိုင်း ရခိုင်ကျောက်ဆေးထိုးခြင်း အတတ်သည်လည်း အင်္ဂ လိပ်တို့ ပိတ်ပင်ခြင်းကိုခံရ၍ တိမ်ကောခဲ့ရလေသည်။ ကျွန်ုပ်တို့ငယ်စဉ်က လျှို့ဝှက်ကာ ကျောက်ထိုးမှု ပြု လေ့ရှိကြသော ကျောက်ထိုးဆရာတစ်ဦး တစ်လေတို့ကို မြင်တွေ့လိုက်ရသည့်ပြင် ရခိုင် ကျောက်ဆေးကိုပင် အထိုးခံလိုက်ရဘူးသည်ကို ၀ိုး၀၀ါး မှတ်မိနေသေးသည်။

ရခိုင်ဆေးဝါးများသည် မည်၍ မည်မျှ ပျောက်ပျက်ခြင်း၊ ပြန့်ကြဲသွားခြင်း၊ တိမ်မြုပ်သွားခြင်း၊ သိုဝှက် ရှိနေ ခြင်းကို မသိနိုင်ချေ။ ကျေးလက် တောရွာများတွင် ရိုးရာ ဆေးဝါးများ အသုံးပြု နေကြသူများလည်း ရှိကြ သေးမည် ပင်တည်း။ ရခိုင်သမားတော် အချို့လည်း ကုသခြင်း၊ ဖော်စပ် ရောင်းချမှုရှိနေခြင်း ပြုကြသေးသည်။ ထိုထို လက်ကန် ဆေးကောင်း ၀ါးကောင်းများ ကိုလည်း စုဆောင်းရှာဖွေ ထိန်းသိမ်းခြင်း များ ပြုသင့်ကြသည်။ သို့မဟုတ်လျှင် တဖြည်းဖြည်းနှင့် ကုန်ဆုံးစရာ ဖြစ်သွးပေက လက်ကိုင်ပြုတ်ရန်သာ ရှိ တော့မည်။ ထို့ပြင် မြန်မာ ပြည် အရပ်ရပ်တို့တွင်လည်း ရခိုင်ဆေးနည်းကောင်းများ ပြန့်နှံရောက်ရှိ သွားခဲ့ သည်ကို တွေ့ရှိရသည်။ အချို့ ဆေးကျမ်းများတွင်ပင် အထင်အရှား တွေ့ရသည်။ ဆေးပညာဆိုင်ရာ၊ ဆေးသု တေသနဆိုင်ရာ ဆေးသမိုင်း မှတ်တမ်းတင်ရန် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ကျွန်ုပ်တို့ အောက်မေ့မိ သည်။ ထို့ကြောင့် လက်လှမ်းမီရာ မြန်မာ့ ဆေးကျမ်းများ၊ သမားတော် စာစောင်များကို လေ့လာကြည့်ရာ ပရိယတ္တိ သောမန ဆေးတော်ကြီး အမည်ပေးထားသော  ရခိုင်ဆေးနည်း တစ်ခုကို လည်းကောင်း၊ မျက်စဉ်း ဆေးနည်း တစ်ခုကို လည်းကောင်း တွေ့ရှိရသည်။ ထို့ထက် အမှတ်မထားသော ရခိုင် ဆေးနည်းများလည်း မြန်မာဆေးကျမ်းများတွင် လည်းကောင်း၊ ဆေးနည်းကျော်များတွင်လည်းကောင်း၊ ဆေးမြီးတိုများတွင် လည်း ကောင်း ပါရှိနိုင်သေးမည် ပင် ဖြစ်သည်။

ပရိယတ္တိသောမနဿ ဆေးတော်ကြီး

ဤဆေးကို (၁၂၆၀)ပြည့် နယုတ်လဆုတ် (၁၀)ရက်နေ့ စီရင်သည်ဆိုသော ဘေသဇ္ဇမ္ဇူရုသြာ ဆေးကျမ်း တွင် ဖော်ပြတွေ့ရှိရသည်။ ပုံနှိပ်စာမျက်နှာ (၁၇၃)မျက်နှာ ရှိသည်။ ၄င်းစာအုပ်နှင့် ပူးတွဲလျက် နေ့စွဲတြိသတ် ဓာတ်ကျမ်းကိုလည်း တွဲဖက်ရိုက်နှိပ်ထားသည်။ ထိုဓာတ်ကျမ်းမှာ စာရွက်စုတ်ပျက်သွားရကား အဆုံးထိ မတွေ့ရ၊ (၉၄)မျက်နှာ ထိသာ ပါသည်။ ၄င်းဆေးကျမ်းနှင့် ဓာတ်ကျမ်းနှစ်တွဲစလုံးမှာ အစက (၄)မျက်နှာ မပါဘဲ စာမျက်နှာ (၅ မှ ၉၄)ထိသာ အကောင်းပကတိ တွေ့ရသည်။ အစအဆုံးပါရှိသော စာအုပ်လည်း ရှိကြပေလိမ့်မည်။ ထိုဆေးကျမ်းမှာ ပါရှိသော ရခိုင်ဆေးတော်ကြီးသည် ဓည၀တီရခိုင်ပြည်က ပေါက်ကံပြည် ကျစွာမင်းကို ဆက်သသော ဆေးဖြစ်သည်ဟု ဆို၏။ ထိုဆေးညွှန်းအတိုင်းဆိုလျှင် ပုဂံခေတ်ကပင် မြန်မာ ပြည်သို့ ရောက်သွားသော ဆေးနည်းဖြစ်၍ ကျော်ကားသော ဆေးတော်ဖြစ်ခဲ့သဖြင့်သာ ဤမျှ သက်ရှည် လာခဲ့ရကြောင်း ထင်ရှားသည်။ ရဟန်း သံဃာတော်များ၏ မှီဝဲရာ ဆေးတောင်ဖြစ်၍လည်း သာသနာတော် အကျိုးကို အများကြီးထမ်းပိုးပေးနိုင်ခဲ့သည် ဖြစ်ရာ၏။ ဆေးနည်းဖော်စပ်ပုံနှင့်တကွ ဆွေးညွှန်းပါမူအတိုင်း ဖော်ပြလိုက်ပါ၏။

ဆေးနည်း
ဇာတိပ္ပိုလ် ၂ ရွှေး၊ လေးညှင်း ၂ ရွေး၊ ၂ပါးအလေး ရှိန်းခို၊ ၃ပါးအလေး ကျောက်စက်၊ ၄ပါး အလေး ပညာလင်္ကာ၊ ၅ပါး အလေး ဆေးပုလဲ၊ ၆ပါးအလေး ဘုမ္မရာဇာ၊ ရပါးအလေး တိလင်္ဂသာ၊ ၈ပါးအလေး လက်ထုပ်ကြီး၊ ၉ပါးအလေး မုတ်၊ ၁၀ပါးအလေး ဆူးခေါက်နက်။

ဆေးအားလုံးကို ပေါင်း၊ လေးစုစု၊ တစ်စုအလေးဆား။ တစ်စုအလေး စမုံမျိုးငါးပါး၊ တစ်စုအလေး ဂျင်း၊ တစ်စု အလေး ငြုတ်ကောင်း။

၎င်းဆေးအားလုံးကို ပေါင်း။ ရှစ်စု စုပြန်-
၁-တစ်စုအလေး နှပ်ချို။
၂-တစ်စုအလေး ကြံဟင်း။
၃-တစ်စုအလေး သက်ရင်း။
၎-တစ်စုအလေး ကြောင်ပန်းမြစ်။
၅-တစ်စုအလေး ကြောင်ပန်းရွက်။
၆-တစ်စုအလေး ကြောင်ပန်းသီး။
၇-တစ်စုအလေး ငဖုံးဆေး။
၈-တစ်စုအလေး လင်းလေ။
ပေါင်း ၂၆ပါး၊ အမှုန့်ပြုထား။

ဆေးအကျိုးကား။         ။ ပေါက်ကံပြည်တွင် ရဟန်းဆရာတော်တို့ ပိဋကတ်ကို အသီးသီးချပို့သင်ကြား ပြုစုတော်မူကြစဉ်အတွင်း ညောင်းညာခြင်းကိုစွဲ၍ ထုံနာ၊ကျင်နာ၊ ခြေနာ၊ တက်နာ၊ တွန့်နာ၊ အသားသွေးစု သည့် အနာ၊ သည်းခြေကို ပူစေတတ်သောလေ၊ မျက်ရိုးကို ကိုက်စေတတ်သောလေ၊ ရင်ကိုပြည့်စေတတ် သောလေ၊ ရင်ကိုဆို့စေတတ်သော လေ၊ အမ္မ၀ါတလေ၊ ပက္ချာပါတလေ၊ စူလလေ၊နိလလေ၊ နိလတ်လေ၊ လေကျောက်ဆူး၊ လေကျောက်သွား၊ လေဆွဲလွဲ၊ လေခေါင်းလောင်း၊ လေတကူ၊ လေတံကျင်၊ ကြောလက် ပြင် ၂ဘက် တင်းကြပ်သောလေ စွဲကပ်လာသော်၊ မျက်စိမှုန်သော်၊ နားအူသော်၊ အရွယ်မရောက် ဆံဖြူ သော်၊ မိန်းမတိုပ မီးယပ်ပိန်၊ မီးယပ်ခြောက်လိုက် စားမ၀င်အိပ်မပျော်ရှိသော်၊ ရာသီဥတု မမှန်သော်၊ ဘ၀ါးနှိုက် အခြားဝတ္ထုကပ်သကဲ့သို့ ထင်သော်၊ ပွေးညင်း တင်းတိပ်၊ သမင်ဖြူ သမင်နီ၊ သမင်ယက် ရှိသော်၊ ကနစိုလိုက်သော်၊ သွားကိုက်သော်၊ သွားနာသော်၊ သွားပိုးထသော်၊ ညနံနက်သုံးဆောင်လေ။

ဤဆေးမြတ်ကို ဓည၀တီ ရခိုင်ပြည်မှ မင်းတုန်းမင်းထံ ဆက်သွင်း ခဲ့ဘူးသည်ဟု သိရသည်။ သမားတော် ဦးကျော်ရင်တို့ ကြီးမှူးထုတ်ဝေခဲ့ဘူးသော ဘေသဇ္ဇ၀ိဇ္ဇာ ဆေးမဂ္ဂဇင်းမှ တွေ့ရှိရသည်။ ဆေးဖော်နည်းကို ကဗျာရှည်ဖြင့် ရေးပ်ထားရာ မူအတိုင်းဖော်ပြပါအံ့-

သီသခွံ ယောက်သွားနှင့်၊ ကျောက်သားတဲ့ မြင်းသီလာ၊ ကြက်ဥသိန်၊ ဆင့်ခါလောင်း၊ ခမောင်းရေကြည်စေ့၊ နွှေး၍ထည့်ပါ၊ ပင်လယ်ရှာ၊ ရေသာအမြှုပ်၊ ခြောက်ပါးအညီနှင့်၊ အလီလီညက်စွာကြိတ်၊ အရိပ်တွင် သွေ့စွာ လှန်း၊ စန်းမမြင်သူတို့လင်းအောင်၊ ကွင်းခပ်အဟုတ်၊ ယိုမျက်ရည် မဓူရ၊ ယားပြန်က နှမ်းတေလာ၊ တိမ်ထူ ရင် နာနာခပ်ပါတော့၊ ထောပတ်နှင့်သာ၊ ဖြူနီပြာသီတာ ရေအေး၊ ကြက်မျက်ပုန်းရည်ပ၊ ရခိုင်ပြည် ဟိုဒေသ ဆီက၊ ကျောက်ဖျာ လှန်ခါရသောကြောင့်၊ ဘုရင်ကို ပဏ္ဏာ ဆက်သလိုက်တယ်၊ သတ္တ၀ါ ဝေနေယျတို့ကို၊ ကင်းပတဲ့ဆေး။   ။

အသျှင်စက္ကိန္ဒ

(အသျှင်စက္ကိန္ဒ/ ရခိုင်ယဉ်ကျေးမှုများ(၉) မှ- )

No comments:

Post a Comment