ရခိုင်အမျိုးသားတို့၏ တယောတူရိယာ

"မယားကျွေးမှု၊ သားကျွေးမှုကေ၊ တစ်ခုပညာ၊ ကိုယ်စီပါကေ၊ ဓမ္မတာသတော၊ လောကတံထွာ၊ ကျွန်ုပ်မှာ ကား၊ ဥစ္စာရှာငြား၊ သူများဟန်လေ၊ အားအန်ထုတ်ကေ၊ ကျေးရုပ်ငှက်နှင့်၊ အသက်မွေးရန်၊ ဥာဏ်ဖြင့် ကြံ ကေ၊ အသံနှင့်ရင်း၊ အများတကာ၊ နားသောတာမှာ၊ နာပျော်ညှင်းအောင်၊ သာခြင်းကိုသင်၊ ဆရာရှင်မှာ၊ စုံ လင်ပြည့်ဝ၊ သင်ပြလေပြန်၊ စမကျန်ကို၊ အတန်ရက၊ ဓနကြေးငွေ၊ ရချင်ပေ၍၊ ပြည်ကို လှည့်ပတ်၊ ညှိုးမသုံ ကေ၊ ဂုဏ်သတင်းနှင့်၊ သာခြင်းတတ်ဟု" (တန်ခိုးဆရာထွန်း "တိုက်သာခြင်း"မှ-)

လူမျိုးတိုင်း သီဆိုမှုရှိကြသည့်နည်းတူ တီးမှုတ်မှု ဂီတတူရိယာသည် လူမျိုးတိုင်း၏ ဘ၀သာယာမှု ကို ဖြစ် စေနိုင်လေသည်။ ကြည်နူးရွှင်မြူးစရာလည်း ဖြစ်ပေသည်။ ထိုဂီတ တူရိယာသည် လူမျိုးတစ်မျိုး၊ နိုင်ငံ တစ်နိုင်ငံတွင် မရှိမဖြစ်သော အရာဖြစ်၏။ ထိန်းသိမ်းထားအပ်သော အမွေအနှစ်လည်း ဖြစ်၏။ အဘယ် ကြောင့် ဆိုသော် လောက၌ နည်းနာ အတတ်မျိုးသည် အဆက်ဆက် အမွေအနှစ်ဖြစ်သဖြင့် ယဉ်ကျေးမှု၏ အစိတ်အပိုင်းလည်း ဖြစ်၏။ လူမျိုးတစ်မျိုး၏ ဘ၀အသက် သွေးကြောသဖွယ်လည်း အရေးကြီးလှသည်။ ထို့ ကြောင့် ရောမပြည့်ရှင် နီဂရိုးတွေ့ရသည်ကား တစ်ယောက်ချင်း သီဆိုကာ ထိုးရ၍ ထိုင်လျက်ပင် တရောကို မြေကြီး၌ တည့်တည်းမတ်မတ် တည်ထောက်၍ ပခုံးတွင်မှီကာ လည်းကောင်း ထိုးကြလေသည်။

ဤရခိုင်တရောကို သီဆိုထိုးတတ်သူ မြောက်ဦးမြို့၌ ရှိနေသေး၏။ ၎င်းတို့သည် များသောအားဖြင့် ပိုးဝါဖွဲ့၊ စန္ဒရားဖွဲ့၊ ပထမရာဖွဲ့၊ သာချင်း၊ ယိုင်းချင်း၊ ကလေးချော့၊ ပုခက်လွှဲများကိုသာ ထိုးနေကြသော်လည်း ဤတ ရောနှင့် အသံချင်းလိုက်၍ ကိုက်ညီသော ရှိုးလိုက်၊ သာစွလေဧချင်း၊ ကြိုးဖွဲ့၊ ဇမ်း၊ သာချင်း၊ ဆန်းရတု စသည် များကိုလည်း ဥာဏ်ကွန့်မြူးသလို ထိုးနိုင်ပေရာသည်။ အထူးမှာ ရခိုင်တရောသည် ကျသံ၊ ငြိမ့်သံ၊ အေးသံ၊ အော်သံ၊ သီချင်းသံကိုလိုက်၍ လည်းကောင်း တီးထိုးနိုင်ပါသည်။

တရောထိုးပုံ၌ကား သီချင်းမဆိုမီ တရောသံကို ခပ်များများ တောပေးလျက် အသံညှင်းညှင်းထားကာ ပထမ သီချင်းဆိုလိုက်သောအသံ အဆုံးအထိ သီချင်းပေါ်အောင် အသံဖြင့် ပေါ်လွင်အောင် ဖော်၍ထိုးလေသည်။ တစ်ဖန် ဒုတိယအသံ ဆက်လေ၍သီချင်းကိုဆိုလေရာ ထိုးလာရင်း ပထမသီချင်းအသံကပင် ပြန်ဟပ်ဆက် စပ်၍ ထိုးရလေသည်။ ဤသို့ သီချင်းအသံဆက်မှာလည်း သီချင်းအသံအစမှပင် ဆက်ယူလျက် အသံကို ပြန်ဂဟေစပ်ထိုးသဖြင့် နားထောင်ရသူတိုင်း အသံမှာ ပြောင်းလွဲပြတ်သားမှုမရှိဘဲ အေးငြိမ့်လှသည့်အပြင် စိတ်နှလုံးလည်း အာရုံမပြတ် အရသာ ခံစားခွင့်ကို ပေးလေသည်။

အထူးခြားဆုံး ရခိုင်သီချင်းအဆုံးတွင် "ရေ-တေ-လေ"ဟူသော အသံဆုံးများကို အသံရှည် သီဆိုကြရသည်။ အလိုက် တရောသံကိုလည်း အစွမ်းကုန် တခြိမ့်ခြိမ့်မြှင့်လျက် ညှင်းညှင်း နွဲ့ကာ နောက်ဆုံးတွင် အေးနိုင်သမျှ အေးအေး ချလျက် အသံကိုဆွဲ၍ ထိုးပေးရလေသည်။ အခြားအိန္ဒိယ တီးကွက်သံကဲ့သို့ လည်းကောင်း၊ ဟာမိုနီယံသံကဲ့သို့ လည်းကောင်း လက်သံအမျိုးမျိုး တီးထိုးနိုင်သည်ကို နားဆင်ခဲ့ရသည်။ ခေတ်ဆန်းထွင် လျက် တီးကွက်များ ထုံမွှန်း နိုင်ရန်မှာလည်း ဥာဏ်မီသလောက် ကွန့်မြူးပေရာသည်ကို တွေ့မိ၏။

သို့သော် တရော၏ ကောင်းခြင်းမှာ ပုဂ္ဂိုလ်အားဖြင့် လည်းကောင်း၊ အစီအမံအားဖြင့် လည်းကောင်း၊ အပြု အမူသိပ်သည်းခြင်းဖြင့် လည်းကောင်း၊ ဖြစ်ပေရာ ဤသည်တို့ကို လိမ္မာ တတ်ကျွမ်းသူများမှာမူ အဘယ်မှာ ပြောစရာ ရှိမည်နည်း။ ဤနေရာ၌ သုတေသီတို့ သိနှင့်ထားစရာ တရောပြုလုပ်ပုံ အခြင်းအရာ၊ တရော၏ အစိတ်အပိုင်းများကို မှတ်မိတွေ့သိ ကြားဖူးရှိသလောက် တင်ပြလိုပါသည်။

ဤတရော၌ ဖလားခေါ် တရောခွက်၊ လက်ရုံး၊ ဘွဲ့ကြိုး၊လိပ်ခေါ် ခုတုံး၊ ကြိုးဘွဲ့ရာဒလက်၊ အသံပေါက်ခေါ် နတ်သမီးပေါက်၊ တရောအိုး၊ ညောင်ရွက်စသည့် အစိတ်အပိုင်းများ ရှိကြသည်။ ပထမတရောခွက်ကို အထူ အပါး ဖလားသဏ္ဍာန် ညှိထွင်းပြီးလျှင် သားရေကျက်ရသည်။ ၎င်းနောက် လက်ရုံးသစ်ချောင်းကို ထိုးထည့်ပြီး ဒလက်ပေါက်ဖောက်လျက် ဒလက်တပ်ခြင်း၊ ကြိုးဘွဲ့ခြင်း၊ ကြိုး၏အခံ၊ ခုတုံး "လိပ်" တပ်ခြင်း စသည်ဖြင့် အစီ အစဉ်ကျ ပြုလေသည်။

တရောခွက်ကို ပိန္နဲအနှစ်သားဖြင့် အသုံးပြုသည်။ သို့ရာတွင် ကြေးဖလားခွက်ဟူ၍လည်း ခေါ်ဟန်ရှိသည်။ ချရားရွာမှ တရောဆရာကြီးသည် ၎င်း၏တရောကို ကြေးဖလားခွက် တပ်ဆင်လျက် ထိုးသွားကြောင်း မီ လိုက်သည့် ဘိုးဘွားများက ပြောပြ၍ သိခဲ့ရသည်။ သစ်သားခါက်ထက်ပင် အသံပိုကောင်းသည်ဟုလည်း ၎င်းတို့က နားခံခဲ့ဖူးကြောင်းနှင့် ပြောပြသည်။ အချို့က အပျင်းထူ၊ အသာတကူပင် အုန်းမှုတ်ခွက်ကို အသုံး ပြုကြသဖြင့် ကလေးကစားသလို ရယ်စရာကြီး ဖြစ်နေသည်။ မျက်ကန်းတရောထက်ပင် အဆင့်အတန်း ညံ့ သေးသည်ကား အဘယ်မှာ ချီးမွှမ်းစရာရှိပါတော့မည်နည်း။ ထို့ကြောင့် "အုန်းသီးခွံ၊ ကြောင်ရီကြက်၊ တရော သံနှင့် နှက်"ဟု ရခိုင်တွင် စကားဆိုရိုး ရှိလာခဲ့ကြပေသည်။

လက်ရုံးကို ရှားသားဖြင့်ဖြစ်စေ၊ ကျွန်ေးသား၊ ပျဉ်းကတိုးသားတို့ဖြင့်ဖြစ်စေ ပြုနိုင်သည်။ တရောခွက်အပေါ် တွင် ကျက်ရာ၌ကား သမင်ရေ၊ ဆိတ်ရေ၊ ဂျီရေတို့ကို အသုံးပြုသည်။ ဘွဲ့ကြိုးကိုမူ ချည်အကောင်းစားကို သုံး လွန်းတင်ကျစ်၍ လက်ရုံးအရင်းဖျားစွန်းကို ညောင်ရွက်ဟုခေါ်၍ ထိုမှအောက်နီးနီးတွင် လက်ရုံးကို ဘွဲ့ကြိုးအ လိုက် ဖောက်သည်။ ထိုအပေါ်ကို ဒလက်တပ်ရ၍ ဒလက်ပေါက်ဟု ခေါ်သည်။ ဒလက်မှာ လက်ရုံးတစ်ဘက် တစ်ချက် ရင်းဖျားပြန်တပ်ရသည်။ ဘွဲ့ကြိုးစွန်းကို ဒလက်ဖျားစွန်းတွင် ရစ်ချည်၍ ဘွဲ့ကြိုးကို အသံညှိပေးရန် ဖြစ်သည်။ ဘွဲ့ကြိုး၏ လက်ရုံးနှင့် ထိတွေ့မနေရန် ခုတုံးခေါ် လိပ်ကို ခုပေးသဖြင့် ကွာ၍ရှိနေသည်။ ဒလက် ဖျားတွင် ချည်ထားသော ဘွဲ့ကြိုးများ တစ်ပူးတည်းရှိစေရန် လက်ရုံးကို သိုင်း၍ ချည်ကြိုးဖြင့် ထိန်းပေးထား ရသည်။

ယခုထိုးနေကြသော ရခိုင်တရောများတွင် ကြိုးနှစ်ပင်တပ်ကာ မူသေနည်း မှန်နေသည်။ ထိုသို့ နှစ်ပင်ဖြင့် အသုံးပြုခြင်း၊ ထို့ထက်ပို၍ မသုံးကြခြင်းများ၏ အကြောင်းကို ထိုဆရာကြီး တရောပညာရှင်များအား မေး ကြည့်မိပါသည်။ ၄င်းတို့က ကြိုးနှစ်ပင်မှာ အသံကို လိုသလိုရရှိနိုင်သည့်အပြင် အသံလည်း ချိုအေးသာယာ လှကြောင်း၊ ချည်ကြိုးထက် သံကြိုးမှာ အသံခြာ၍ မသာယာကြောင်းဖြင့် ပြောပြသည်။ ၎င်းဆရာကြီးများ ကား တရောကို အမျိုးမျိုး လက်တွေ့စမ်းသပ်ကြပြီးသူများ ဖြစ်သဖြင့် နည်းဟောင်းထက် နည်းသစ်အစီအမံ ကို မပြုနိုင်ဘဲ မူမှန်ပင်ထိုးနေ၍ ကောင်းကြောင်း လက်တွေ့ သိကြပေပြီ။

အသံဖော်ရန် လက်နှိပ်ဖိရာကို လက်ရုံးတွင် မကွာမဝေး အညီအမျှ သတ်မှတ်လျက် အမှတ်အသား အရေး အကြောင်း၊ အစက်စသည် ထားပေးရလေသည်။ တရောအိုးတွင် သားရေကို ထိပ်ပြင်၏ သုံးပုံနှစ်ပုံ အနီး တွင် "နတ်သမီးပေါက်" ခေါ်သော အပေါက်ကလေး မကြီးမငယ် ဖောက်ပေးကြရပေသည်။ တရောအိုး၏ လုံ ပိတ်ဖင်ဘက် (၀ါ) တရောခွက်ဖလားကိုလည်း နတ်သမီးပေါက်ထက် ခပ်ကြီးကြီး အလယ်တည့် တည့်ကျ ဖောက်ပေး ရလေသည်။ ဤသို့ ထက်အောက်ပေးမှ အသံဆူညံစွာ မြည်ဟည်း လာနိုင်ပေရာသည်။ တရော ထိုးတံခေါ် တရော လက်ကိုင်ကိုင်းတွင် တောင်လျှော်ခေါ်သော လျှော်တစ်မျိုးကို ကြိုးအဖြစ် တပ်ဆင်ရ၍ တ ရော၏ ဘွဲ့ကြိုးနှင့် ထိုးကြိုး နှစ်ရပ်လုံးကိုပင် ချောမွေ့ ညက်ညောစေရန် မထိုးမီ ပျားဖယောင်းဖြူ ကောင်း ကောင်းဖြင့် ပွတ်တိုက်ပေးရလေသည်။ ဤသို့ တရောလုပ်ပုံ အစီအမံ အမည်အခေါ်များကို ကျွန်ုပ်သိသမျှ လိုရင်း အချက်ကို ဖော်ပြသိစေလိုက်သည်။

ဤသို့ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု အနုပညာ ဂီတတူရိယာများသည် အမွေအနှစ်တမျှ ယဉ်ကျေးမှု ရရှိလာ ခဲ့သည်ကို တင်ပြခြင်းဖြင့် ခန့်မှန်းနိုင်လောက်သည်။ ယဉ်ကျေးမှုစံချိန်ခေါ် အနုပညာတွင် ချိန်ထိုး၍ လူမျိုး တစ်မျိုး အလေးအပေါ့ကို ချိန်ဆနိုင်သဖြင့် သာလျှင်သာသလို အလေးတက်လာမည်ကား မုချ ဖြစ်ပေ သည် ဟု အောက်မေ့အပ်ပေသတည်း။

ဂီတတူရိယာသံသည် လူ့လောက ဘ၀အလျောက်တွင် သဘာဝရသာကို ဖြစ်စေပါလော့။ ဤတူရိယာ သံဖြင့် လောကလူသားတို့အား သာယာပျော်ရွှင်မှု၊ ကျေနပ်နှစ်သိမ့်မှုကို ပေးပါလော့။ ချမ်းသာဆင်းရဲမရွေး လူသား တိုင်း၏ နှလုံးကို ပြုံးစေနိုင်မည့် ဖြေဖျော်ရှင် သခင်အဖြစ် သင့်အား လူတိုင်းက လိုလားကြပါ၏။ သင် ၏သာ ယာမှု ထံတျာသံကလေးဖြင့် ကျွန်ုပ်တို့၏ စိတ်ကို နှစ်သိမ့်နိုင်ပါစေသတည်း။

နတ်မြစ်စန်းအောင်

အသျှင်စက္ကိန္ဒ (ရခိုင်ပြည်နယ်)ရေးသားသော ရခိုင်ယဉ်ကျေးမှုများ အမှတ်(၂) မှ-

No comments:

Post a Comment